ယနေ့ခေတ်တွင် စိတ်ကျန်းမာရေး ပြဿနာများ ရင်ဆိုင်ကျော်ဖြတ်နေရသော ငယ်ရွယ်သူများစွာ အရှိန်အဟုန်ဖြင့် တိုးလာနေပါသည်။ ယနေ့ကမ္ဘာကြီး၏ အဓိက အကျပ်အတည်းတစ်ခုလည်း ဖြစ်ပါသည်။ ထိုပြဿနာကို မည်သို့မည်ပုံ ဖြေရှင်းရမည်မှာ မေးစရာမေးခွန်းတစ်ခု ဖြစ်လာပါသည်။
ကျွန်ုပ်တို့သည် ဘာသာရေး အမည်ခံသည်ဟု ယူဆရသော စစ်ပွဲများ၊ ပဋိပက္ခများနှင့် အကြမ်းဖက် တိုက်ခိုက်မှုများစွာကို မြင်နေရပါသည်။ ဒလိုင်းလားမား ဆရာတော်ကြီး ခရီးသွားသည့် နေရာတိုင်းတွင် လူများ၊ ပညာသင်ကြားသူများ၊ လူမှုရေး လုပ်သားများနှင့် ကျန်းမာရေး ပညာရှင်များက မေးကြသည့် မေးခွန်းတစ်ခုမှာ ကမ္ဘာကြီးတွင် ဘာပြဿနာ ရှိနေပါသနည်း ဆိုသည့်မေးခွန်း ဖြစ်ပါသည်။ ကမ္ဘာကြီးသည် အကြမ်းဖက်မှု၊ အဂတိ လိုက်စားမှု၊ ကျား၊ မ ခွဲခြားမှု၊ ဆင်းရဲချမ်းသာ ကွာဟမှု၊ လူငယ်များ စိတ်ကျန်းမာရေးပြဿနာ စသည်တို့နှင့် အကျပ်ရိုက်နေပါသည်။ ယခုအခါ လူငယ် စိတ်ကျန်းမာရေး ပြဿနာများရှိသည့် ငယ်ရွယ်သူများစွာ အဓိက အကျပ်အတည်းတစ်ခု ဖြစ်လောက်အောင် အရှိန်အဟုန်ဖြင့် တိုးလာနေပါသည်။ ထို့ကြောင့် ဤပြဿနာများကို မည်ကဲ့သို့ ဖြေရှင်းနိုင်ပါမည်နည်း။
စိတ်ကျန်းမာရေး ပြဿနာများနှင့် ပတ်သက်လျှင် ခေတ်သစ် ပညာရေးသည် ဤပြဿနာများကို ဖြေရှင်းပေးရမည့် အချိန်မျိုး၌ ဤပြဿနာများ ဘာကြောင့် ဤမျှအထိ တိုးပွားလာနေသည်ကို မေးရန်လိုပါသည်။ တကယ့် ပြဿနာသည် အဘယ်နည်း။ ဘယ်လို ပေါ်ထွက်လာပါသနည်း။ ဤသည်မှာ ဆရာတော်ကြီး အမေးခံရလေ့ရှိသည့် မေးခွန်းဖြစ်သည်။ ဤသည်မှာ ခေတ်သစ် ပညာရေး စနစ်တွင် ဟာကွက်ရှိနေသောကြောင့် ဖြစ်သည်ဟု ဆရာတော်ကြီးက မဆိုင်းမတွ ပြောပါသည်။ ထိုဟာကွက်မှာ ကျွန်ုပ်တို့၏ ပညာရေးစနစ်သည် ဉာဏ်ရည်မြင့်အောင် အဓိကထား ရေးဆွဲထားသည့် အချက် ဖြစ်ပါသည်။ အတန်းထဲတွင် နှစ်နှင့်နှစ်ပေါင်း၍ လေးရသည်ဟု ပြောပါက စာမေးပွဲအောင်ပါသည်။ အလွန်ပင် မွန်မြတ်သော နှလုံးသား၊ ပရဟိတစိတ်နှင့် ကိုယ်ရည်ကိုယ်သွေးဖြင့် နှစ်နှင့်နှစ်ပေါင်း၍ လေးရသည်ဟု ပြောပါက ကျရှုံးပါသည်။ မည်သူမျှ နှလုံးသားကို ထည့်မတွက်ပါ။ ဦးနှောက်သာလျှင် အမှတ်ရပါသည်။
ဤအချက်တွင် တာဝန်ရှိပါသည်။ ဦးနှောက်ကိုသာ ဖွံ့ဖြိုးစေခြင်းသည် ကမ္ဘာကြီး၏ ပျော်ရွှင်မှုကို အာမခံချက် မပေးပါ။ လူသားထုအကြားတွင် ယုံကြည်မှု၊ မေတ္တာနှင့် ကရုဏာ ရှိမည်ဟုလည်း အာမ မခံပါ။ လက်တွေ့အဆင့်တွင် တွန်းအားဖြစ်နိုင်သော အချက်မှာ လူသားထုကို ပိုပြီးငြိမ်းချမ်းကာ သဟဇာတဖြစ်အောင် တွန်းပို့လိုစိတ် ဖြစ်ပါသည်။ ယင်းမှာ လူသားတို့၏ နှလုံးသားဖြစ်သည့် ကျွန်ုပ်တို့၏နှလုံးသား ဖြစ်ပါသည်။
ဤနှလုံးသားကို မဖယ်ရှားဘဲ ကမ္ဘာကြီး ဖွံ့ဖြိုးနိုင်စေရန်အတွက် ဉာဏ်ပညာလည်း လိုအပ်ပါသည်။ ဉာဏ်ပညာနှင့် နှလုံးသားသည် အတူလက်တွဲသွားရပါမည်။ ဤအချက်ကို စွဲမှတ်ကာ ကျင့်ဝတ်နှင့် ကိုယ်ကျင့်တရားကို အလေးပေးပါက အားလုံးနှင့် ဆိုင်သည့်အချက်မှာ ကရုဏာရှိသော နှလုံးသား ဖြစ်ပါသည်။ ဤအချက်ကို မည်သူမျှ မငြင်းပယ်ပါ။ အယူဝါဒ မယုံကြည်သူ သို့မဟုတ် ဘာသာရေး ကိုင်းရှိုင်းသူ၊ ပညာတတ်သူ သို့မဟုတ် စာမတတ်သူ မည်သို့ဖြစ်စေကာမူ အရေးမကြီးပါ။ အားလုံးသည် ချစ်ခင်မှုနှင့် အလေးထားမှု ရရှိသည်ကို ပျော်ရွှင်၊ နှစ်သက်ပါသည်။ ကျင့်ဝတ်၏ ဇစ်မြစ်သည် အခြားသူများအပေါ် မေတ္တာနှင့် ကရုဏာထားသည့် ကရုဏာဖြစ်သည်ကို မှတ်သားထားစေလိုပါသည်။
နောက်ထပ် မေးစရာရှိသည်မှာ ကျွန်ုပ်တို့ ဘာလုပ်နိုင်မည်နည်း။ ဤအချက်ကို လူသိများအောင် မည်သို့ပြုမည်နည်း။ ပထမဦးစွာ ကမ္ဘာတစ်ဝန်းမှ စင်တာများက ကူညီနိုင်ပါသည်။ ဥပမာအားဖြင့် ယခုနယူးဒေလီရှိ ရာမနူဂျန် ကောလိပ်ရှိ ကျင့်ဝတ်နှင့် တန်ဖိုးများ စင်တာတွင် စီမံကိန်းကြီး တစ်ခုကို ဒလိုင်းလားမား ဆရာတော်ကြီး၏ ဦးဆောင်မှုဖြင့် အားလုံးနှင့်ဆိုင်သော ကျင့်ဝတ်ကို လူသိများအောင် ဆောင်ရွက်နေပါသည်။
ထို့နောက် အခြားသူများကို ပိုပြီး ကရုဏာ ထားတတ်လာအောင် စိတ်အားထက်သန်လာအောင် ပြုလုပ်နိုင်မည့် နည်းများကို ကျွန်ုပ်တို့ တွေးရန် လိုပါသည်။ ဤသည်မှာ အမျိုးဇာတ် ပုံစံနှင့် မဟုတ်ဘဲ ပွင့်လင်းမှု၊ ထည့်သွင်းစဉ်းစားမှုနှင့် နွေးထွေးမှုတို့ ပုံစံဖြင့် ဖြစ်သင့်ပါသည်။ ကျွန်ုပ်တို့သည် ကမ္ဘာတွင် တဖြည်းဖြည်း ပြောင်းလဲမှုကို ဖြစ်စေနိုင်မည် မဟုတ်သော်လည်း အနည်းဆုံးတော့ မိမိအနီးအနားတွင် ပိုပြီးကရုဏာရှိစွာ ဆောင်ရွက်နိုင်သည်မှာ သေချာသော်လည်း မည်သို့ ပြုလုပ်ရမည်ကို မသိကြသူများအပေါ် လွှမ်းမိုးကြည့်နိုင်ပါသည်။ အခြားသူများကို မည်သို့ လွှမ်းမိုးမည်နည်း။ ကမ္ဘာကြီးကို လွှမ်းမိုးနိုင်သူများနှင့် တွေ့ဆုံခွင့် မရှိနိုင်ပါက ကျွန်ုပ်တို့သည် တစ်ဖက်လူက မည်သူပင်ဖြစ်စေ၊ အထူးသဖြင့် လူငယ်များအကြားတွင် ကရုဏာ၏ အရေးကြီးပုံကို အနည်းဆုံး တစ်ဆင့်စကား ဖြန့်ဝေနိုင်မည့် နည်းလမ်းကို လေ့လာရန် လိုပါသည်။ တကယ်တော့ အနာဂတ် မျှော်လင့်ချက်သည် ယနေ့ခေတ် လူငယ်များလက်ထဲတွင် ရှိနေပါသည်။