နေ့စဉ်ဘဝတွင် လက်တွေ့ကျင့်ဝတ်သီလ စည်းမျဉ်းများ

နေ့စဉ်ဘဝတွင် ကျင့်ဝတ်သီလနှင့် တန်ဖိုးများ အသုံးချခြင်းကို “လက်တွေ့အသုံးချ ကျင့်ဝတ်သီလ” ဟုခေါ်ပါသည်။ ဤအတွက် ခေတ်သစ်ဝေါဟာရမှာ “ဘဝတွက်တာ ပညာရေး” ဟု ဆိုနိုင်ပါမည်။ ယင်းသည်တစ်ဦးချင်း စိတ်အနှောင့်အယှက် ဖြစ်မှုနှင့် လူမှုရေး မတည်ငြိမ်မှု နှစ်ခုစလုံး၏ ဒွန်တွဲစိန်ခေါ်မှုကို အဖြေရှာပေးနိုင်ပါသည်။ တစ်ဦးချင်း အဆင့်တွင် မိမိဘဝကို နားလည်အောင် ကူညီသလို လူမှုအဖွဲ့အစည်း အဆင့်တွင် တိုးတက်ဖွံ့ဖြိုးမှုအတွက် အရေးကြီးသည့် အခြားသူများနှင့် အပြုသဘော ဆက်ဆံရေး တည်ဆောက်ပုံကို သင်ယူနိုင်စေပါသည်။ အားလုံးနှင့်ဆိုင်သော ကျင့်ဝတ်သီလသည် အဓိကကျသော အခန်းကဏ္ဍမှ ပါဝင်ပါသည်။

ဤကျင့်ဝတ်သီလများကို ဘယ်မှာရနိုင်မည်နည်း။ လောကီဆိုင်ရာ ရင်းမြစ်များမှ ရနိုင်ပါသည်။ ဥပမာအားဖြင့် အရစ္စတိုတယ် သို့မဟုတ် ဂျွန်အက်ဖ်ကနေဒီကဲ့သို့သော ခေါင်းဆောင်များ ဖြစ်သည်။ ဂျွန်အက်ဖ်ကနေဒီက “သင့်နိုင်ငံက သင့်အတွက် ဘာလုပ်ပေးမလဲလို့ မမေးပါနဲ့။ သင်က သင့်နိုင်ငံအတွက် ဘာလုပ်ပေးနိုင်မလဲလို့မေးပါ” ဟု ပြောခဲ့ပါသည်။ ကျင့်ဝတ်သီလကို ဘာသာတရားများမှလည်း ရရှိနိုင်ပါသည်။ ဘာသာရေးသည် လူတို့ကို သွေးကွဲစေရုံသာဖြစ်သည်ဟု အချို့ကပြောသော်လည်း ဘာသာရေးတွင် နှစ်ပိုင်းရှိသည်ကို သတိပြုသင့်ပါသည်။ ဘာသာရေးဆိုင်ရာ အပိုင်းတွင် ဘာသာတစ်ခုနှင့်တစ်ခု မတူညီပါ။ ကျင့်ဝတ်ဆိုင်ရာ စနစ်များမှာ ဘာသာအားလုံး တူညီပါသည်။ ကျွန်ုပ်တို့သည် ဘဝ၏စည်းမျဉ်းများကို ယင်းတို့အားလုံးမှ ရရှိသည့်အတွက် ဘာသာတရားများသည်လည်း အားလုံးနှင့်ဆိုင်သော လက်တွေ့အသုံးချ ကျင့်ဝတ်သီလများ ဖော်ထုတ်ပေးရာတွင် ပါဝင်ပတ်သက်နေသည်ဟု ဆိုရပါမည်။

မော်လာနာ ဝါဟီဒူဒင်ခန်း တည်ထောင်သည့် ငြိမ်းချမ်းရေးနှင့် ဘာသာရေးဆိုင်ရာစင်တာတွင် ကျွန်ုပ်တို့သည် လက်တွေ့ အသုံးချ ကျင့်ဝတ်သီလအတွက် လက်တွေ့နမူနာတစ်ခု ဖန်တီးထားပြီး မော်လာနာက ပြီးခဲ့သော ဆယ့်ခုနစ်နှစ်လုံး စနေ၊ တနင်္ဂနွေနေ့များတွင် သင်တန်းပို့ချနေပါသည်။ ဘဝအသိပညာ သင်ကြားသူများစွာကို ကျွန်ုပ်တို့ ပြင်ဆင်ပေးခဲ့ပါသည်။ စည်းမျဉ်းများကို သူတို့ဘာသာ အရင်ဆုံး အသုံးချပြီးနောက် ယင်းတို့အကြောင်းကို အခြားသူများအား လှည့်လည်ပြောပြ ရပါသည်။ ဤသည်မှာ ဆရာသမားတို့ လုပ်ရသည့်အလုပ် ဖြစ်ပါသည်။ သူတို့သည် စည်းမျဉ်းများကို သူတို့ဘာသာ အရင်အသုံးချရန်နှင့် ဆက်လက် ဆောင်ရွက်ကာ တစ်ဘဝလုံး လုပ်ဆောင်သွားရန် လိုပါသည်။ ကျွန်ုပ်တို့က စတင်ပေးပြီး အတူလိုက်ပါကာ ကျောင်းသားများကိုလည်း ထိုစည်းမျဉ်းများ လက်တွေ့အသုံးချရာတွင် ကူညီပါသည်။
ကျွန်ုပ်တို့သည် အဖြေတစ်ခု ရှာပေးခြင်း ဖြစ်ပါသည်။ ခေတ်သစ်ကမ္ဘာတွင် ငြိမ်းချမ်းရေး ဘယ်လိုတည်ဆောက်မလဲဆိုသည့် သုတေသနကို ကျွန်ုပ်ဆောင်ရွက်ရာတွင် ငြိမ်းချမ်းရေး ယဉ်ကျေးမှုအဖြစ်သို့ တစ်ဦးချင်း အသွင်ပြောင်းရန် လိုအပ်သည်ကို သဘောပေါက်မိ ပါသည်။ ထိုသို့ဖြစ်လာသောအခါ သူတို့သည် အသိဉာဏ် ဖွံ့ဖြိုးလာသည်။ မိမိကိုယ်တိုင် ငြိမ်းချမ်းလာသည်။ လူမှုအဖွဲ့ အစည်းတွင် ငြိမ်းချမ်းမှု၊ တိုးတက်ဖွံ့ဖြိုးမှုတို့အတွက် ပါဝင်ဆောင်ရွက်လာပါသည်။ ထိုအခါ နိုင်ငံများကို နိုင်ငံတကာတွင် ဖွံ့ဖြိုးလာစေပါသည်။

ယခုအထိ ကျွန်ုပ်တို့သည် ကိုယ်ရည်ကိုယ်သွေး ဖွံ့ဖြိုးရေး အစီအစဉ်တစ်ခု ရေးဆွဲထားပြီး ယင်းမှနေ၍ အဓိက စည်းမျဉ်းသုံးရပ်ကို မျှဝေပြောပြလိုပါသည်။ ဤစည်းမျဉ်းများကို လောကီကျင့်ဝတ်ရော ဘာသာရေးကျင့်ဝတ်များမှပါ ရယူထားပါသည်-

၁။ အပြုသဘောထား

ပထမအချက်မှာ အပြုသဘောထား သို့မဟုတ် အကောင်းမြင်စိတ်ထား ဖြစ်ပါသည်။ ပုံပြင်တစ်ခုတွင် လူနှစ်ဦးသည် ပြတင်းပေါက် သံတိုင်များအကြားမှ အပြင်ကို ကြည့်နေရာ တစ်ဦးက ရွှံ့ဗွက်များသာမြင်ပြီး တစ်ဦးက ကြယ်များကို မြင်ပါသည်။ ဆိုလိုသည်မှာ အခြေအနေတစ်ခုတည်းမှာပင် လူအမျိုးမျိုး ရှိနေကြရာတွင် အပျက်သဘောကို ရွေးချယ်ပြီး ရွှံ့ဗွက်ကို သာမြင်နိုင်သလို ထိုအခြေအနေမှ ဖော်ပြသည့် အခွင့်အလမ်းကိုလည်း မြင်နိုင်ပါသည်။ အခွင့်အလမ်းများကို မြင်နိုင်စေမည့် ရှုမြင်မှုများ ပိုမိုရရှိရန်လိုပါသည်။

၂။ အပြုသဘော အပြုအမူ

ဒုတိယအချက်မှာ အပြုသဘော အပြုအမူဖြစ်သည်။ ဘာသာအားလုံးတွင် ကျင့်ဝတ်သီလ ရွှေစည်းမျဉ်း ရှိပါသည်။ ခရစ်ယာန် ဘာသာတွင် “အခြားသူများက သင့်အားပြုမူစေလိုသည့်အတိုင်း သင်က အခြားသူများကို ပြုမူပါ” ဟု ဆိုပါသည်။ ထိုအချက်က ကျွန်ုပ်တို့သည် အခြားသူများထံမှ မည်သည့်အပြုအမူမျိုး မျှော်လင့်သည်ကို သိရှိသည်ဟု ဆိုလိုပါသည်။ ကျင့်ဝတ်သီလ စည်းကမ်းချက် အများကြီး သင်နေစရာ မလိုဘဲ အခြားသူများက မိမိအား ပြုမူစေလိုသည့် နည်းအတိုင်း ပြုမူလိုက်ရန်သာ ဖြစ်ပါသည်။ ကျွန်ုပ်တို့သည် အခြားသူများကို စတင်ပေးကမ်းသောအခါ ပေးကမ်းမှုသည် ပြန်လည်ရရှိမှုလည်း ဖြစ်သည်ကို သိထားပါသည်။ ကျွန်ုပ်တို့၏ အခွင့်အရေး၊ ကျွန်ုပ်တို့၏ လူသားထု စသည့် အရာရာကို ရရှိပါသည်။

၃။ ငြိမ်းချမ်းရေးနှင့် အကြမ်းမဖက်ရေး


ကျွန်ုပ်၏ သုတေသနအရ ကျင့်ဝတ်သီလအားလုံး၏ အနှစ်သာရသည် ငြိမ်းချမ်းရေးထဲတွင် ပါဝင်နိုင်ပါသည်။ ဤသည်မှာ စေတနာကောင်း ထားရှိခြင်း၊ လေးစားခြင်း၊ ခွင့်လွှတ်ခြင်း စသည့် အပြုသဘော ဘဝစည်းမျဉ်း အားလုံးကို ခြုံငုံမိပါသည်။ ဤနည်းဖြင့် ယင်းတို့အားလုံးသည် ငြိမ်းချမ်းရေးနှင့် အကြမ်းမဖက်ရေး ခေါင်းစဉ်အောက်တွင် ပါလာပါသည်။ ဤစည်းမျဉ်းများကို နေ့စဉ်ဘဝတွင် အသုံးချသောအခါ မိမိကိုယ်တိုင် တိုးတက်ဖွံ့ဖြိုးလာသည်သာမက အခြားသူများကိုလည်း လူမှုအဖွဲ့အစည်းတွင် ဖြည့်ဆည်းအောင်လည်း ကူညီပေးပါသည်။

ဆရာများနှင့်တကွ တပည့်များက ဤအစီအစဉ်များ သင်ကြားပါက အကျိုးရှိမည်ဟု ထင်ပါသည်။ ရာမာနူဂျန် ကောလိပ်သည် ကျွန်ုပ်တို့အား သူတို့၏ ဆရာများနှင့် ကျောင်းသားများကို ဤဘာသာရပ်များ သင်ကြားခွင့် ပေးထားပြီး ဖြစ်သလို အလွန်ပင် အောင်မြင်ပါသည်။ ဆက်လက်တိုးတက်စေရန်အတွက် ငြိမ်းချမ်းရေးနှင့် ဘာသာရေးဆိုင်ရာစင်တာသည် ကျောင်းများအတွက် ဘာသာရပ်များ ရေးဆွဲထားပါသည်။ ဥပမာအားဖြင့် “ရှင်သန်နေသော ကျွန်ုပ်တို့” ဘာသာရပ် ဖြစ်ပြီး သင်ရိုးစာအုပ်များ၊ သုတေသနပစ္စည်းများနှင့် အတန်း ၁-၁၂ အတွက် ဆရာကိုင်စာအုပ်များ ရှိပါသည်။ ကောလိပ်နှင့် ကျောင်းဝင်းများအတွက် ကျွန်ုပ်တို့သည် “ငြိမ်းချမ်းရေး ယဉ်ကျေးမှု” ဘာသာရပ်ကို ရေးဆွဲထားပြီး ရာမာနူဂျန် ကောလိပ်ထံ မိတ်ဆက်ရန် မျှော်မှန်းထားပါသည်။ ကျောင်းပြင်ပမှ တစ်ဦးချင်းနှင့် ကုမ္ပဏီများအတွက် ကျွန်ုပ်တို့သည် “ကောင်းမွန်သော ဘဝအစီအစဉ်” ကို ရေးဆွဲနေပါသည်။ ဤအစီအစဉ်များမှနေ၍ ကျွန်ုပ်တို့သည် ယင်းတို့ကို ကမ္ဘာသို့ ဖြန့်လိုပါသည်။ ကျွန်ုပ်တို့သည် အိန္ဒိယနိုင်ငံတစ်ဝန်းတွင် စင်တာများ တည်ထောင်ထားပါသည်။ နိုင်ငံတကာတွင် ယင်းတို့ကို အွန်လိုင်းတွင် တင်ထားသောကြောင့် ကျွန်ုပ်တို့၏ စင်တာများနှင့် ဘဝတွက်တာ သင်ကြားသူများက ယင်းတို့ကို ဆက်လက်သင်ယူနိုင် ပါသည်။ ဤသည်မှာ ဘဝတွက်တာ သင်ကြားသူများ သို့မဟုတ် ကျင့်ဝတ်ပညာရှင်များ မွေးထုတ်ရန် သေးငယ်သောအဆင့် တစ်ခုဟု မျှော်လင့်မိပါသည်။ ဤနည်းဖြင့် ကျွန်ုပ်တို့သည် မိမိကိုယ်ကို အသိဉာဏ်အရ ဖွံ့ဖြိုးတိုးတက်စေနိုင်သလို တိုးတက်ဖွံ့ဖြိုးမှု ဖြည့်ဆည်းပေးသူများလည်း ဖြစ်လာနိုင်ပါသည်။

Top