သုံးသပ်ချက်
ဒလိုင်းလားမား ဆရာတော်ကြီး၏ ဤတရားတစ်ပိုဒ်ကို ကျွန်ုပ်တို့ ဆက်လက်ဆွေးနွေးနေပါသည်။ ဤတရားတွင် သစ္စာနှစ်ချက်ကို နားလည်မှုမှသည် သစ္စာလေးပါးကို နားလည်မှု၊ ရတနာသုံးပါးတွင် ယုံကြည်မှုသို့ တက်လှမ်းပုံကို ရှင်းပြထားပါသည်။ သစ္စာနှစ်ချက်သည် အရာရာ အမှန်တကယ် တည်ရှိနေပုံကို ဆွေးနွေးထားကြောင်း အောက်ပါအတိုင်း ကျွန်ုပ်တို့ လေ့လာခဲ့ပြီး ဖြစ်ပါသည်-
- နှိုင်းရ သို့မဟုတ် အစဉ်အလာ သစ္စာ။ ကျွန်ုပ်တို့ အမှန်တကယ် ထင်မြင်သောအရာသည် အကြောင်းတရားနှင့် အခြေအနေများအပေါ် မူတည်ပြီး ပေါ်ထွက်လာပါသည်။ ဤလောက၌ အရာရာ အမှန်တကယ် ဆောင်ရွက်ပုံကို မြင်လာပါက ဤအတိုင်း မြင်လာပါမည်။ သို့သော် အရာရာကို ဤနည်းအတိုင်း ပုံမှန်အားဖြင့် မမြင်ကြပါ။
- အနက်ရှိုင်းဆုံး သစ္စာ အဆင့်တွင် အရာရာသည် ကျွန်ုပ်တို့က ယင်းတို့ကို ရှုပ်ထွေးမှန်းဆသည့် မဖြစ်နိုင်သော နည်းလမ်းများအတိုင်း မတည်ရှိပါ။ ဥပမာ၊ အရာရာသည် အကြောင်းတရား၊ အခြေအနေများပေါ်တွင် တည်မှီခြင်းမရှိဘဲ ၎င်းတို့ကို မြင်တွေ့ရပုံအတိုင်း ၎င်းတို့၏ ကိုယ်ပိုင်စွမ်းအားဖြင့် ပေါ်ထွက်လာသည်ဟု ထင်ပါသည်။ တစ်စိတ်တစ်ပိုင်းဖြစ်စေ၊ တစ်ခုခုဖြစ်စေ ထိုသို့ထင်သော်လည်း ယင်းမှာ မှားယွင်းပါသည်။
ထို့ကြောင့် ဤသည်မှာ အခြေခံဖြစ်ပါသည်။
သစ္စာလေးပါးသည် အမှန်တရားကို မှန်ကန်စွာ မမြင်နိုင်အောင် ရှုပ်ထွေးမှုအကြောင်း ပြောထားပါသည်။ အမှန်တရားနှင့် ပတ်သက်၍ ရှုပ်ထွေးသောအခါ ဆင်းရဲဒုက္ခ၏ အကြောင်းရင်းကဲ့သို့ ဖြစ်လာပါသည်။ အကြောင်းရင်းမှာ ဒုတိယ သစ္စာဖြစ်ပြီး ဆင်းရဲဒုက္ခ ကိုယ်တိုင်က ပထမ သစ္စာ ဖြစ်ပါသည်။ တစ်ဖက်တွင်မူ အမှန်တရားကို မှန်ကန်စွာ မြင်လာပြီး အမြဲတမ်း အာရုံစိုက်ထားနိုင်ပါက တတိယသစ္စာဆိုသည့် ဆင်းရဲဒုက္ခကို စစ်မှန်သော ရပ်တန့်မှု ရှိလာပါသည်။ နားလည်သဘောပေါက်မှုက စစ်မှန်သော လမ်းကြောင်းဆိုသည့် စတုတ္ထသစ္စာ ဖြစ်ပြီး စစ်မှန်သော ရပ်တန့်မှု ဖြစ်စေပါသည်။
အမှန်တရားနှင့် ပတ်သက်ပြီး မရှင်းလင်းသောအခါ မသိမှုနှင့် ရှုပ်ထွေးမှု အခြေခံဖြင့် ဆောင်ရွက်ကာ ထိန်းချုပ်မရစွာ ပြန်လည်မွေးဖွားမှုကို ဆက်ဖြစ်စေပါသည်။ ဤမသိမှုကို ဖယ်ရှားသောအခါ သံသရာ၌ ပြန်လည်မွေးဖွားမှုမှ ရုန်းထွက်နိုင်ပါသည်။
ရတနာသုံးပါး
ယခု ဆုတောင်းစာပိုဒ်၏ တတိယစာကြောင်းကို လေ့လာပါမည်-
မှန်ကန်သော သိရှိမှုမှတစ်ဆင့် ကိုးကွယ်ရာသုံးပါးသည် မှန်ကန်ကြောင်း ကျွန်ုပ်တို့၏ ယုံကြည်ချက်က ခိုင်မာလာပါသည်။
လေ့လာခဲ့သည့် အတိုင်းပင် ကိုးကွယ်အားထားရာ သုံးပါးသည် ဘုရား၊ တရား၊ သံဃာဖြစ်ပါသည်။ ဤသည်မှာ သက္ကတဘာသာ စကားလုံးများ ဖြစ်သည်။ စကြမုနိဗုဒ္ဓမြတ်စွာနှင့် အခြားသော ဘုရားရှင်များအားလုံးသည် သဗ္ဗညုတဉာဏ်အလင်း ရရှိတော်မူပြီးသူများ ဖြစ်ပြီး ထိုသို့ဆောင်ရွက်နည်းကို ကျွန်ုပ်တို့အား ဟောကြားခဲ့ပါသည်။ ဓမ္မသည် ဘုရားရှင်တို့၏ တရားတော်များဖြစ်သည်။ သံဃာဆိုသည်မှာ အဆင့်မြင့် သိမြင်သဘောပေါက်သူများ အသိုင်းအဝိုင်း ဖြစ်ပါသည်။ ဤသည်မှာ နားလည်သဘောပေါက်မှု အဆင့်တစ်ခု ဖြစ်ပြီး ပိုမိုနက်နဲသော အဓိပ္ပာယ်များလည်း ရှိပါသည်။
ပိုမိုလေးနက်သော အဓိပ္ပာယ်အနေနှင့် ဓမ္မဆိုသည်မှာ တတိယနှင့် စတုတ္ထ သစ္စာတို့ကို အမှန်တကယ် အောင်မြင်မှုများကို ဆိုလိုပါသည်။ တတိယအချက်မှာ ဆင်းရဲဒုက္ခနှင့် ယင်း၏ အကြောင်းရင်းများကို စစ်မှန်သော ရပ်တန့်မှုဖြစ်ပြီး အဆင့်အလိုက် ဖြစ်ပေါ်ကြောင်း မှတ်မိမည် ထင်ပါသည်။ ယင်းသို့ အပြည့်အဝ ရရှိအောင်မြင်သောအခါ ထိန်းချုပ်မရစွာ ပြန်လည်မွေးဖွားမှု (သံသရာ) မှ လွတ်မြောက်မှု ရရှိလာပါသည်။ အကြောင်းနှင့်အကျိုး အသေးစိတ်အားလုံးကို မသိအောင် ကာကွယ်ထားသည့် အကြောင်းတရားများကို ဆက်လက် ဖယ်ရှားနိုင်သောအခါ၊ အားလုံးကို လွတ်မြောက်အောင် အကောင်းဆုံး ဆောင်ရွက်ပေးနည်းကို သိရှိလာပြီး ဉာဏ်အလင်းရရှိသောဘုရား ဖြစ်လာပါသည်။ စတုတ္ထသစ္စာမှာ ဤစစ်မှန်သော ရပ်တန့်မှုများ ပေါ်ထွက်စေပြီး၊ ထိုစစ်မှန်သော ရပ်တန့်မှုများမှ ပေါ်ထွက်လာသည့် နားလည်သဘောပေါက်မှု ဖြစ်ပါသည်။
ကိုးကွယ်အားထားရာတွင် ထိုနှစ်ချက် ပါဝင်နေပါသည်။ ကိုးကွယ်အားထားရာ ဆိုသည်မှာ ကျွန်ုပ်တို့ကို ကာကွယ်သောအရာ ဖြစ်သည်။ ဤနေရာတွင် ဆင်းရဲဒုက္ခနှင့် အခြားသူများကို မကူညီနိုင်အောင် ချို့တဲ့မှုများမှ ကာကွယ်ပါသည်။ စစ်မှန်သော ရပ်တန့်မှု၊ စစ်မှန်သော စိတ်၏လမ်းကြောင်းများ ရရှိအောင်မြင်ပါက ဆင်းရဲဒုက္ခနှင့် အခြားသူများကို အကောင်းဆုံး ကူညီနိုင်ပုံကို မသိနိုင်စွမ်းတို့မှ ကာကွယ်လိုက်ပါသည်။ ဤသည်မှာ တစ်စုံတစ်ယောက်က ယင်းသို့ရရှိပြီး သူတို့ကို ကျွန်ုပ်တို့က ယုံကြည်အပ်နှံခြင်းဖြင့် တစ်နည်းနည်းဖြင့် မှော်ဆန်စွာ ကယ်တင်လိုက်ခြင်း မဟုတ်ပါ။
‘‘အီဗရာဟင်နှင့်ဆိုင်သော ဘာသာများ’’ ဆိုသည့် ဂျူးဘာသာ၊ ခရစ်ယာန်ဘာသာနှင့် အစ္စလာမ်ဘာသာတို့ကို သမိုင်းကြောင်းဘက် ဦးတည်သော ဘာသာတရားများဟု သိကြပါသည်။ ထိုဘာသာတိုင်းတွင် သမိုင်းထဲမှ အထင်ကရပုဂ္ဂိုလ်တစ်ဦး ပါဝင်ပြီး သမိုင်းကြောင်း အဖြစ်အပျက်တွင် ဘုရားသခင်ထံမှ ထင်ရှားပြမှုအချို့ ရှိပါသည်။ ထို့နောက် သူတို့က ဤအမှန်တရားကို ဖော်ပြလိုက်သည်နှင့် ပြီးဆုံးသွားပါသည်။ မောရှေ သို့မဟုတ် ယေရှု သို့မဟုတ် မိုဟာမက်တို့ကဲ့သို့ ကျွန်ုပ်တို့ မဆောင်ရွက်နိုင်ပါ။ သူတို့ကို ယုံကြည်ရန်သာ လိုပါသည်။ ထိုမှသည် ကျွန်ုပ်တို့၏ ဆင်းရဲဒုက္ခမှ ကယ်တင်ခံရပါလိမ့်မည်။ ဤနေရာတွင် ယုံကြည်မှုဆိုသည်မှာ ထိုပုဂ္ဂိုလ်များအပေါ် ကိုယ်တိုင် ယုံကြည်မှု ဖြစ်စေ၊ သူတို့ဟောကြားပြသသောအရာတွင် ယုံကြည်မှုဖြစ်စေ ဆိုလိုပါသည်။ ဥပမာ၊ ဘုရားသခင်က မောရှေအား ပညတ်တော်ဆယ်ပါး ပေးအပ်ခြင်း သို့မဟုတ် ယေရှုက ဓမ္မသစ်ကျမ်းကို ဖော်ပြခြင်း သို့မဟုတ် မိုဟာမက်က ကိုရမ်ကျမ်းကို ဖော်ပြခြင်း ဆိုသည့် သမိုင်းအဖြစ်အပျက် ဖြစ်ပါသည်။ ဤသို့ ထင်ရှားသော သမိုင်းအဖြစ်အပျက်များမှာ ဤဘာသာတရားတို့၏ ဗဟိုချက် ဖြစ်ပါသည်။
ဟိန္ဒူဘာသာ၊ ဗုဒ္ဓဘာသာနှင့် ဂျိန်းဘာသာကဲ့သို့ အိန္ဒိယနိုင်ငံမှ ဘာသာတရားများကို ‘‘ဓမ္မဆိုင်ရာ ဘာသာတရားများ’’ ဟု ဆိုနိုင်ပြီး လုံးဝခြားနားပါသည်။ ဗုဒ္ဓမြတ်စွာ သို့မဟုတ် ခရစ်ရှနာ သို့မဟုတ် မဟာဝီရ (ဂျိန်းဘာသာတည်ထောင်သူ) တို့၏ သမိုင်းအချက်အလက်မှာ ဗဟိုချက် အဖြစ်အပျက် မဟုတ်ပါ။ ကျွန်ုပ်တို့နှင့် အားလုံး ကိုယ်တိုင်က ထိုသူတို့ကဲ့သို့ ထိုအခြေအနေမျိုး ရရှိနိုင်ပါသည်။ ဗုဒ္ဓဘာသာ အဆက်အစပ်အရ ကျွန်ုပ်တို့အားလုံးသည် လွတ်မြောက်မှုနှင့် ဉာဏ်အလင်း ရရှိမှုတို့ ရနိုင်ပါသည်။ အခြား ဓမ္မဆိုင်ရာ ဘာသာတရားများကလည်း ၎င်းတို့ကိုယ်ပိုင် လွတ်မြောက်မှု အဓိပ္ပာယ်များ ဖွင့်ဆိုထားသည်။ ဤသည်မှာ ကျွန်ုပ်တို့ အနောက်တိုင်း၊ အီဗရာဟင်နှင့်ဆိုင်သော ဘာသာတရားများနှင့် အိန္ဒိယ ဘာသာတရားတို့အကြား အခြေခံ ကွာခြားချက်တစ်ချက် ဖြစ်ပါသည်။
ကိုးကွယ်အားထားရာ သုံးပါးကို ကြည့်လျှင် ကျွန်ုပ်တို့၏ ငယ်စဉ်ကတည်းက သိရှိလာသည့် အီဗရာဟင်နှင့်ဆိုင်သော ဘာသာတရားများ၏ မှန်းဆချက်ဖြင့် မကြည့်ရန် အရေးကြီးပါသည်။ ဗုဒ္ဓမြတ်စွာ တစ်ပါးတည်းကသာ ဉာဏ်အလင်း ရရှိခြင်း မဟုတ်သလို သူ့ကိုယုံကြည်ပါက ကျွန်ုပ်တို့ ကယ်တင်ခံရခြင်းမျိုးလည်း မဟုတ်ပါ။ ထို့ကြောင့် ‘‘ကိုးကွယ်အားထားရာ’’ ဆိုသည့် ဝေါဟာရကို ကျွန်ုပ်ရှောင်လေ့ရှိပါသည်။ အဘယ်ကြောင့်ဆိုသော် ‘‘ဘုရားရှင်၊ ကယ်တော်မူပါ’’ ဟုရေရွတ်ကာ ကယ်တင်ခံရသည့်အလား ကိုယ်တိုင်အားထုတ်မှု မပါသည့်သဘောမျိုး ဖြစ်နေသောကြောင့် ဖြစ်ပါသည်။ ဗုဒ္ဓဘာသာက ထိုကဲ့သို့မဟုတ်ပါ။ ‘‘စိတ်ချရသော ဦးတည်ရာ’’ ဆိုသည့်ဝေါဟာရကို ပိုနှစ်သက်ပါသည်။ ဘုရား၊ တရား၊ သံဃာသည် ကျွန်ုပ်တို့သွားရမည့် စိတ်ချရသော လမ်းကြောင်းကို ဖော်ပြခြင်း ဖြစ်သည်။ ဘုရားရှင်က ကျွန်ုပ်တို့အတွက် ရရှိအောင်မြင်သောအရာကို ကျွန်ုပ်တို့လည်း ရရှိနိုင်သည့်လမ်းကြောင်း ဖြစ်ပါသည်။ မိမိကိုယ်ကို ကာကွယ်ရန် နည်းလမ်းကို ဘုရားရှင်က ဟောကြားထားသော်လည်း ယင်းကိုကျွန်ုပ်တို့က ကျင့်သုံးရပါမည်။ ဆင်းရဲဒုက္ခမှကာကွယ်ပေးမည့် ကိုယ်တိုင်ရရှိအောင်မြင်မှုအတွက် ကိုယ်တိုင်ကြိုးစားအားထုတ်ရ ပါသည်။
ဓမ္မရတနာ
အနက်ရှိုင်းဆုံး ဓမ္မရတနာအကြောင်း ပြောသောအခါ မည်သို့အမည်နာမ တပ်သည်ဖြစ်စေ ဤသည်မှာ ရှားပါးပြီးတန်ဖိုးရှိသော အရာ ဖြစ်ပါသည်။ ဤနေရာတွင် တိဘက်ဘာသာစကားဖြင့် ရတနာ ဆိုသည့်အဓိပ္ပာယ်ကို အသံနှစ်သံဖြင့် ထွက်ပါသည်။ စစ်မှန်သော ရပ်တန့်မှုအကြောင်း၊ ယင်တို့ကို ဖြစ်ပေါ်စေပြီး ယင်းတို့မှ ပေါ်ထွက်လာသော စိတ်၏ စစ်မှန်သော လမ်းကြောင်းများ ရရှိမှုအကြောင်း ပြောနေခြင်း ဖြစ်ပါသည်။ ဤသည်တို့ကို ကျွန်ုပ်တို့ကိုယ်တိုင် ရရှိရန် လိုပါသည်။ ထို့ကြောင့် ယင်းတို့ကို ရရှိအောင်မြင်နိုင်ကြောင်း အခိုင်အမာ ယုံကြည်ရပါမည်။ သစ္စာနှစ်ချက်နှင့် သစ္စာလေးပါးအကြောင်း ကျွန်ုပ်တို့၏ ဆွေးနွေးမှုက လွတ်မြောက်မှုနှင့် ဉာဏ်အလင်း ရရှိမှုတို့ ရှိကြောင်း၊ ယင်းတို့ကို ကိုယ်တိုင် ရရှိနိုင်ကြောင်း ကျွန်ုပ်တို့ကို နားလည်စေပါသည်။
ဘုရားရတနာ
ဘုရားရှင်တို့သည် လွတ်မြောက်မှုနှင့် ဉာဏ်အလင်းရရှိမှုတို့ ပြည့်စုံစွာ အောင်မြင်တော် မူပြီးကြပါသည်။ စကြမုနိ ဗုဒ္ဓမြတ်စွာသာမက အခြားဘုရားရှင်တို့လည်း ပါဝင်ပါသည်။ သူတို့သည် ကျွန်ုပ်တို့အား ထိုအခြေအနေကို ရရှိမည့် နည်းလမ်း ဟောကြားညွှန်ပြထားပါသည်။ ထိုသို့ညွှန်ကြားရာတွင် နည်းလမ်းနှစ်သွယ် ရှိပါသည်။ သူတို့၏ နားလည်သဘောပေါက်မှုနှင့် သိမြင်မှုများတွင် အခြေခံကာ သူတို့၏ တရားများနှင့် သူတို့၏ ဥပမာဖြင့် ဖြစ်သည်။ အခြားသူများကို နှုတ်ဖြင့်ဟောကြားမှုများဖြင့်သာ ကူညီနိုင်သည်မဟုတ်ဘဲ မိမိဟောကြားနေသောအရာ၏ လက်တွေ့နမူနာလည်း ဖြစ်သောကြောင့် ဤအချက်က အရေးကြီးပါသည်။ ဓမ္မဆိုသည်မှာ မမြင်ရသော တရား မဟုတ်ဘဲ ကျွန်ုပ်တို့နှင့် လူသားများ အမှန်တကယ် ကိန်းအောင်းဖော်ပြနိုင်သောအရာ ဖြစ်ပါသည်။
သံဃာရတနာ
အရိယာသံဃာဆိုသည့် ဤတတိယရတနာကို ဘာကြောင့်လိုသလဲဟု အချို့က တွေးနိုင်ပါသည်။ ဘုရားနှင့် တရားဆိုလျှင် ပြည့်စုံနေပြီ မဟုတ်ပါလား။ သံဃာတော်နှင့် သီလရှင်များက သံဃာကို ကိုယ်စားပြုသော်လည်း ယင်းမှာတကယ့် သံဃာရတနာ မဟုတ်ပါ။ ရုပ်တုနှင့် ပန်းချီကားများက ဘုရားရှင်ကိုလည်းကောင်း၊ စာအုပ်များက ဓမ္မကိုလည်းကောင်း ကိုယ်စားပြုသလိုပင် သူတို့သည် ကိုယ်စားပြုမှုများသာ ဖြစ်ပါသည်။ ဘုရား၊ တရားနှင့် သံဃာအား ကိုယ်စားပြုသောအရာအဖြစ် ဤရုပ်တု၊ စာအုပ်နှင့် သံဃာတော်၊ သီလရှင်များက ကျွန်ုပ်တို့ကို လေးစားမှုပြသရန် အာရုံစိုက်စေပါသည်။ အဘယ်ကြောင့်ဆိုသော် မမြင်ရသော အရာများအား လေးစားမှုပြသရန် မလွယ်ကူသောကြောင့် ဖြစ်ပါသည်။ ယင်းတို့အားလုံးတွင် ပိုမိုလေးနက်သော အဓိပ္ပာယ် ရှိနေပါသည်။
သံဃာရတနာသည် အလွန်အရေးကြီးပါသည်။ သံဃာဆိုသည်မှာ အရိယာ သို့မဟုတ် သစ္စာနှစ်ချက်တွင် အခြေခံသည့် သစ္စာလေးပါးကို အယူအဆအရမဟုတ်ဘဲ သိမြင်ပြီးသူများကို ဆိုလိုပါသည်။ သူတို့သည် အယူအဆမပါဘဲ သိရှိသောကြောင့် စစ်မှန်သော ရပ်တန့်မှု၊ စစ်မှန်သော စိတ်၏လမ်းကြောင်းများ အပြည့်အစုံမဟုတ်သည့်တိုင် အတိုင်းအတာတစ်ခုအထိ ရရှိအောင်မြင်ထားပါသည်။ ပိုပြီး အဆင့်မြင့်သော အရိယာများက တစ်ဆင့်ထက်တစ်ဆင့် ထိုနှစ်ခုကို ရရှိအောင်မြင်ကာ နောက်ဆုံးတွင် လွတ်မြောက်မှုနှင့် ဉာဏ်အလင်း ရရှိမှုတို့ အောင်မြင်သွားပါသည်။ သစ္စာတရားများမှာ အရိယာသစ္စာဟု သတ်မှတ်ထားပြီး အမှန်တရားကို အယူအဆမပါဘဲ သိရှိထားသူ အရိယာများက မှန်ကန်သည်ဟု မြင်ထားသည့်အရာ ဖြစ်ပါသည်။ ယင်းသည် အောက်ပါတို့ကို ဖော်ပြပါသည်-
- ဤအရာအားလုံးကို သိရှိပြီး စစ်မှန်သော ရပ်တန့်မှုနှင့် စစ်မှန်သော စိတ်၏လမ်းကြောင်းများ ရရှိထားသည်မှာ ဘုရားရှင်တို့သာလျှင် မဟုတ်ပါ။ ဤသည်မှာ တဖြည်းဖြည်းချင်း တိုးတက်လာသည့် လုပ်ငန်းစဉ်တစ်ခု ဖြစ်ပါသည်။
- လွတ်မြောက်မှုနှင့် ဉာဏ်အလင်းရရှိမှုတို့ မတိုင်မီကပင် ကျွန်ုပ်တို့သည် စစ်မှန်သော ဆင်းရဲဒုက္ခ၏ အစိတ်အပိုင်းအမျိုးမျိုးကို စတင် ဖြတ်တောက် ဖယ်ရှားလာပါသည်။ အကြောင်းမှာ ယင်းတို့၏ စစ်မှန်သော အကြောင်းရင်း အဆင့်ဆင့်ကို ဖယ်ရှားနိုင်သောကြောင့် ဖြစ်ပါသည်။
လွတ်မြောက်မှုနှင့် ဉာဏ်အလင်းရရှိမှုတို့သည် တဖြည်းဖြည်းချင်း တိုးတက်လာသည့် လုပ်ငန်းစဉ်များ ဖြစ်ပါသည်။ ဘုရားမဖြစ်မီ သို့မဟုတ် လွတ်မြောက်သူ မဖြစ်မီကပင် စတင်ပါသည်။ အရိယာတို့သည် ဘုရားရှင်တို့ထက် တစ်ခါတစ်ရံ ဆက်စပ်ရ ပိုမိုလွယ်ကူပါသည်။ အကြောင်းမှာ သူတို့တွင် ပြဿနာစသည်တို့ ကျန်ရှိနေသေးပြီး အချို့မှာ ထိန်းချုပ်မရစွာ ပြန်လည်မွေးဖွားမှုမှ အပြီးတိုင် မလွတ်မြောက်သေးပါ။ သို့သော် တစ်စိတ်တစ်ပိုင်း လွတ်မြောက်ထားပါသည်။ ဤနည်းဖြင့် သူတို့နှင့် ဆက်စပ်ရသည်မှာ အနည်းငယ် ပိုမိုလွယ်ကူပါသည်။
အရိယာသံဃာတို့သည် သူတို့လိုပင် ကျွန်ုပ်တို့က စိတ်ချရသောလမ်းကြောင်းဖြင့် အဆင့်ဆင့် သွားပါက ကျွန်ုပ်တို့လည်း လွတ်မြောက်မှုနှင့် ဉာဏ်အလင်း ရရှိမှုဆိုသည့် ထိုအဆုံးစွန် ရည်မှန်းချက်များသို့ ရောက်ရှိနိုင်ကြောင်း အားပေးမှုနှင့် စိတ်ဓာတ်တွန်းအားတို့ ပေးပါသည်။ ထိုသို့မသွားနိုင်ပါကလည်း ယခုအချိန်တွင် ဆင်းရဲဒုက္ခ အတိုင်းအတာတစ်ခုအထိ လွတ်ကင်းလာနိုင်ပါမည်။ အကြောင်းမှာ ဆင်းရဲဒုက္ခ ဖြစ်စေသော မသိမှု အတိုင်းအတာတစ်ခုအထိ လွတ်ကင်းလာ သောကြောင့် ဖြစ်ပါသည်။ အမှန်တရားအပေါ်တွင် မည်မျှ အပြည့်အဝ အာရုံစိုက်နိုင်သည် ဆိုသောအချက်ပေါ်တွင် မူတည်ပါသည်။ အရိယာ ဖြစ်နေလျှင်လည်း အချိန်တိုင်း အာရုံစိုက်နိုင်ဦးမည် မဟုတ်ပါ။ သို့သော် ဘုရားဖြစ်လျှင်တော့ ထိုသို့အာရုံစိုက်နိုင်ပါသည်။
လွတ်မြောက်မှုနှင့် ဉာဏ်အလင်း ရရှိမှုတို့သည် မတူညီပါ။ လွတ်မြောက်မှုဆိုသည်မှာ ထိန်းချုပ်မရစွာ ပြန်လည် မွေးဖွားမှုမှ လွတ်မြောက်ခြင်း ဖြစ်ပြီး ရဟန္တာဖြစ်သောအခါ လွတ်မြောက်သူ ဖြစ်လာပါသည်။ ဉာဏ်အလင်း ရရှိမှုမှာ အနှောင့်အယှက်ပေးသော စိတ်ခံစားချက်များနှင့် မိမိတို့တည်ရှိပုံကို မသိနားမလည်မှုဆိုသည့် စိတ်ခံစားချက် ပိတ်ဆို့မှုများ ကင်းလွတ်ရုံသာမက မသိနားမလည်မှု အမြဲအလေ့အထ ဖြစ်နေမှုဆိုသည့် သိမှုဆိုင်ရာ ပိတ်ဆို့မှု များမှလည်း ကင်းလွတ်ပါသည်။
တစ်နည်းဆိုရလျှင် မဖြစ်နိုင်သောအရာကို မှန်းဆ ယုံကြည်သော ကျွန်ုပ်တို့၏ အလေ့အထများကြောင့် ကျွန်ုပ်တို့၏ စိတ်ဆောင်ရွက်ချက်က ဆက်လက်မှန်းဆမှုများ ပြုလုပ်ကာ ယင်းတို့သည် အမှန်တရားဖြစ်မည်ဟု ဆက်လက် ယုံကြည်မိပါသည်။ ထိုမှသည် အနှောင့်အယှက်ပေးသော စိတ်ခံစားချက်များ ရရှိလာပါသည်။ ယင်းလှည့်ဖြားသည့် အသွင်များသည် အမှန်တရား ဖြစ်သည်ဟု မယုံကြည်တော့လျှင် လွတ်မြောက်မှု ရရှိပါသည်။ ယင်းမှာ အဓိပ္ပာယ် မရှိကြောင်း နားလည်လာပါသည်။ ဤသို့ ဖြစ်နေဟန် ထင်ရသော်လည်း အမှန်တကယ်တော့ ထိုနည်းအတိုင်း မဟုတ်ပါ။ ကျွန်ုပ်တို့၏ သိမှုသည် အကန့်အသတ် ရှိနေသေးသည့်အတွက် အရာရာကို ယင်းတို့ဘာသာ ရှိနေသည်ဟု အကွက်ထဲထည့်ပြီး မြင်နေတတ်ပါသည်။ သို့သော် ထိုသို့အမှန်တကယ် မဟုတ်ကြောင်း သိရှိလာပါမည်။
အက်တမ်ရူပဗေဒ၏ အရိုးရှင်းဆုံး အဆင့်မှာပင် အက်တမ်နှင့် အားသက်ရောက်မှု စသည်တို့ ရှိနေသော်လည်း အရာဝတ္ထုတစ်ခုခု ဝန်းကျင်၌ ‘‘ဒီစည်းရဲ့ ဒီဘက်မှာ ဒီအရာဝတ္ထု။ ဟိုဘက်ခြမ်းမှာတော့ ဒါမရှိဘူး’’ ဆိုပြီး ခိုင်မာသောစည်း ခြားထားမှု မရှိပါ။ အရာရာသည် ထင်နေရသလို အခိုင်အမာ မဟုတ်ကြပါ။ ဤလှည့်ဖြားမှု အသွင်များ ဖြစ်စေသည့် သိမှုအပိတ်အဆို့များကို ဖယ်ရှားနိုင်ပါက စိတ်သည် ယင်းတို့ကို မှန်းဆမှု မရှိတော့ဘဲ ဉာဏ်အလင်းရရှိမှု ပေါ်ပေါက်လာပါသည်။ ဉာဏ်အလင်းရရှိသောအခါ အရာအားလုံး၏ အလုံးစုံ အပြန်အလှန် ဆက်စပ်မှုကို တစ်ပြိုင်နက် သိမြင်လာပါသည်။ ထိုအခါ အခြားသူများကို သူတို့၏ လွတ်မြောက်မှုနှင့် ဉာဏ်အလင်း ရရှိမှု ဖြစ်စေမည့် အကျွမ်းကျင်ဆုံးနည်းလမ်းကို မြင်ခွင့်ရလာပါလိမ့်မည်။
အရိယာများအကြောင်း ပြောသောအခါ ဉာဏ်အလင်းရရှိရန် ရည်မှန်းထားသည့် ဗောဓိသတ္တအရိယာများအကြောင်းသာ ပြောခြင်းမဟုတ်ပါ။ လွတ်မြောက်မှုရရှိရန် ရည်မှန်းထားသည့် အရိယာများအကြောင်းလည်း ပါဝင်ပါသည်။ စိတ်ချရသော လမ်းကြောင်းအဖြစ် ရတနာသုံးပါးအကြောင်း ပြောသောအခါ လွတ်မြောက်မှုရရှိရန် ရည်မှန်းထားသူများရော၊ လွတ်မြောက်မှုနှင့် ဉာဏ်အလင်းရရှိမှု နှစ်ခုစလုံးအတွက် ရည်မှန်းထားသူများကိုပါ ပြောခြင်းဖြစ်ပါသည်။ ဉာဏ်အလင်းရရှိရန် ရည်မှန်းသော ဗောဓိသတ္တများကိုသာ ပြောခြင်းမဟုတ်ပါ။
ရတနာသုံးပါးတွင် အခိုင်အမာ ယုံကြည်ချက် ထားရှိခြင်း
ကျွန်ုပ်တို့သည် သံသရာလည်နေပုံအကြောင်း၊ သံသရာမှ ထွက်နိုင်ပုံအကြောင်း သစ္စာနှစ်ချက်နှင့် သစ္စာလေးပါးကို နားလည်ပါက အနက်ရှိုင်းဆုံး ဓမ္မရတနာသည် အစစ်အမှန်အနေနှင့် အမှန်တကယ် တည်ရှိကြောင်း ကျွန်ုပ်တို့ အခိုင်အမာ ယုံကြည်လာပါသည်။ မဖြစ်နိုင်သောအရာကို လှည့်ဖြားထင်မြင်မှု ဖြစ်ပေါ်စေသော ရှုပ်ထွေးမှုသည် ကျွန်ုပ်တို့စိတ်ဆောင်ရွက်ချက်၏ ပင်ကိုသဘောသဘာဝ မဟုတ်ကြောင်း အလွန်ရှင်းလင်းစွာ နားလည်လာပါသည်။ ဘာကြောင့်ပါလဲ။ အကြောင်းမှာ မသိမှု၏ ဆန့်ကျင်ဘက်ကို အတိအကျ အာရုံစိုက်သောအခါ ယင်းကို ကျွန်ုပ်တို့ ဖယ်ရှားပစ်နိုင်သောကြောင့် ဖြစ်ပါသည်။
တစ်နည်းဆိုရလျှင် အရာရာတည်ရှိပုံအကြောင်း သစ္စာနှစ်ချက်ကို နှလုံးသွင်းအာရုံစိုက်သောအခါ လှည့်ဖြားသော အသွင်များ မရှိတော့ပါ။ ယင်းတို့ကို အသေအချာ မယုံကြည်တော့ပါ။ စစ်မှန်သော လမ်းကြောင်း ဖြစ်သည့် ဤသိရှိမှုကို အပြည့်အဝ အာရုံစိုက်ထားနိုင်ပါက စစ်မှန်သော ရပ်တန့်မှုကို ရရှိပါမည်။ ဒါကို ယုတ္တိဖြင့် ထောက်ခံထားပါသည်။ ဤအချက်သည် အမှန်တရားနှင့် ကိုက်ညီကြောင်း သက်သေပြနိုင်ပါသည်။ ၎င်းသည် အကျိုးကို ဖြစ်ပေါ်စေပါသည်။ သာမန်ပျော်ရွှင်မှု၊ မပျော်ရွှင်မှုတို့၏ ဆင်းရဲဒုက္ခ အတက်၊ အကျ သင့်မှာ မရှိတော့ပါ။ ထိန်းချုပ်မရစွာ ပြန်လည်မွေးဖွားမှုလည်း မရှိတော့ပါ။
သင်က သဘောမတူဘဲ ‘‘မသိမှုကို အချိန်တိုင်း အာရုံစိုက်နေရင် သိမြင်မှုကို နားလည်မှာ မဟုတ်နိုင်တော့ပါဘူး’’ ဟု ပြောနိုင်ပါသည်။ အမှန်တရားနှင့် မကိုက်ညီသည့် မသိမှုကို အာရုံစိုက်နေခြင်း သို့မဟုတ် အမှန်တရားနှင့် ကိုက်ညီသည့် သိမှုကို အာရုံစိုက်နေခြင်းတွင် ဘယ်အရာက ပိုအားကောင်းပါသနည်း။
ဤအချက်ကို ဆန်းစစ်ပါက မသိမှုကို အခိုင်အမာ ပံ့ပိုးသောအရာ မရှိသော်လည်း မှန်ကန်သော နားလည်မှုကို ပံ့ပိုးသည့် ယုတ္တိ ရှိကြောင်း မြင်တွေ့ရပါသည်။ အရာရာသည် အကြောင်းတရားနှင့် အခြေအနေများကြောင့် ပေါ်ပေါက်လာပြီး ကိုယ်ပိုင်အစွမ်းဖြင့် တည်ရှိလာခြင်း မဟုတ်ပါ။ ထို့ပြင် မှန်ကန်သော နားလည်မှုကို အချိန်တိုင်း အာရုံစိုက်ထားပါက အကျိုးသက်ရောက်မှု ရှိလာပါသည်။ ဆင်းရဲဒုက္ခ သို့မဟုတ် သံသရာတွင် ပြန်လည်မွေးဖွားခြင်းကို လုံးဝ မကြုံတွေ့ရတော့ပါ။
ထိုအခါ သစ္စာလေးပါးဆီ ပြန်ရောက်သွားပါသည်။ ကျွန်ုပ်တို့ ဘာကို ရည်မှန်းပါသလဲ။ အမြဲတမ်း ထာဝရ ဆင်းရဲဒုက္ခ ရောက်လိုပါသလား။ သို့ဆိုလျှင် မသိမှုကို အာရုံစိုက်ထားနိုင်သည်။ ဆင်းရဲကြုံလိမ့်မည်။ ထိုမျှ ရိုးရှင်းပါသည်။ စမ်းကြည့်ရန် ဖိတ်ခေါ်ပါသည်။ သို့သော် ဗုဒ္ဓဘာသာ၏ လမ်းကြောင်းတွင် ရည်မှန်းချက်ဖြစ်သည့် ဒါကို လုံးဝလွတ်မြောက်လိုပါက အမှန်တရားတွင် အခြေတည်သော သိမှုကို အာရုံစိုက်ထားရမည်မှာ ရှင်းနေပါသည်။
ကိုးကွယ်အားထားရာဆိုသည့် ခေါင်းစဉ်ကို ဤနည်းဖြင့် ချဉ်းကပ်မှုသည် မှန်ကန်သော သိမှုဖြင့် ပေါ်ပေါက်လာပါသည်။ ထို့နောက် ကိုးကွယ်အားထားရာ သုံးပါးသည် စစ်မှန်ကြောင်း ကျွန်ုပ်တို့၏ အခိုင်အမာ ယုံကြည်မှု တည်မြဲလာပါသည်။ ‘‘ဆရာက ဒီလိုပြောထားလို့ပါ’’ ဆိုပြီး ယုံကြည်မှု ထားရှိသည့်အတွက် ဤလမ်းကြောင်းဖြင့် သွားပါက ဆင်းရဲဒုက္ခ ကင်းဝေးမည်ကို မယူဆ၊ မမျှော်လင့်တော့ပါ။ ၎င်းသည် ကောက်ချက်ချပြီး နားလည်မှု၊ ယုတ္တိတို့တွင် အခြေတည်သည့် မှန်ကန်သော သိမှုတွင် အခြေခံရပါမည်။
မှန်ကန်သော သိမှုရှိရန် နည်းလမ်းနှစ်မျိုး ရှိပါသည်။ ယုတ္တိဖြင့် ကောက်ချက်ချမှုနှင့် ကိုယ်တိုင် အယူအဆမပါဘဲ မြင်ခြင်း၊ ကြားခြင်း၊ ထိတွေ့ခြင်းကဲ့သို့ ရိုးရိုးသိရှိမှု ဖြစ်ပါသည်။ ဤဒုတိယတစ်ခုတွင် ပြဿနာမှာ သင်ကိုယ်တိုင် ကြုံတွေ့ရန် အလွန်ပင် အဆင့်မြင့်မှ ရပါမည်။ ထို့ကြောင့် သင်၏မှန်ကန်သော သိမှုအတွက် အခြေခံအဖြစ် ကောက်ချက်ချမှုဖြင့် စတင်ရပါမည်။
ဘာသာရေးလမ်းကြောင်း တိုးတက်မှုရရှိခြင်း
ယခုအခါ စတုတ္ထ စာကြောင်းသို့ ရောက်လာပါသည်-
လွတ်မြောက်မှုဆီသို့ ဦးတည်သော စိတ်၏လမ်းကြောင်း၏ ဇစ်မြစ်ကို စိုက်ထူနိုင်အောင် စိတ်ဓာတ်ခွန်အား ပေးသနားပါ။
လွတ်မြောက်မှုသို့ စိတ်၏လမ်းကြောင်းကို ပြောသောအခါ နည်းလမ်းမျိုးစုံ တင်ဆက်နိုင်ပါသည်။ တစ်နည်းမှာ တိဘက်ဘာသာဖြင့် ‘‘လမ်-ရင်း’’ (အဆင့်လိုက်) နည်းလမ်းဟု ခေါ်လေ့ရှိသည့် စိတ်ဓာတ်တွန်းအား နယ်ပယ်သုံးရပ် ဖြစ်သည်။ ဤသို့ အဆင့်လိုက် ဆိုရာတွင် တိုးတက်လာသည့် ရည်မှန်းချက်သုံးရပ် ဖြစ်ပါသည်-
- ပထမနယ်ပယ်မှာ ပိုဆိုးသည့် ပြန်လည်မွေးဖွားမှုများ ရှောင်ရှားရန်နှင့် ပိုကောင်းသည့် ပြန်လည်မွေးဖွားမှုများ ရရှိရန် ဖြစ်သည်။ ဆင်းရဲဒုက္ခ ပိုနည်းသည့် ပြန်လည်မွေးဖွားမှုများကို ရရှိလိုပါသည်။ အကြောင်းမှာ ဘာသာရေးလမ်းကြောင်းတွင် ဆက်သွားနိုင်အောင် အကောင်းဆုံး အခြေအနေများ ရရှိရန်အတွက် ဖြစ်ပါသည်။ ပိုးဟပ်တစ်ကောင်အနေနှင့် ပြန်လည်မွေးဖွား လာပါက ဘာသာရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် ဘာမှ သိပ်မလုပ်နိုင်တော့ပါ။ ပိုဆိုးသည့် ပြန်လည်မွေးဖွားမှုများကို ရှောင်ရှားနိုင်အောင် အကြောင်းအကျိုးဆိုသည့် နှိုင်းရသစ္စာကို ရှုပ်ထွေးမှု မရှိအောင် ဖယ်ရှားရန် လိုပါသည်။ ပိုဆိုးသည့် ပြန်လည်မွေးဖွားမှုများ၏ အဓိကအကြောင်းရင်းမှာ အပျက်သဘော အပြုအမူ ဖြစ်သည်။ မိမိအပြုအမူ၏ အကျိုးဆက်များကို မသိ၍ဖြစ်စေ၊ ထိုသို့ပြုပါက ပျော်ရွှင်မည်ဟု ထင်၍ဖြစ်စေ အပျက်သဘော ပြုမူဆောင်ရွက်ကြပါသည်။
- အလယ်အလတ် နယ်ပယ်မှာ ဆင်းရဲဒုက္ခ သုံးမျိုးစလုံးမှ လွတ်မြောက်ရန် ရည်မှန်းရေးဖြစ်သည်။ ယင်းတို့မှာ မပျော်ရွှင်မှု၊ ကျွန်ုပ်တို့၏ သာမန် ပျော်ရွှင်မှု၊ ထိုနှစ်ခုအတွက် အခြေခံသည် ကျွန်ုပ်တို့၏ ထိန်းချုပ်မရစွာ ပြန်လည်မွေးဖွားမှု ဖြစ်ပါသည်။ ထိုသို့ဆောင်ရွက်ရန် ဘာမှမရှိခြင်းကို နားလည်ခြင်းဆိုသည့် အနက်ရှိုင်းဆုံး သစ္စာကို ရှုပ်ထွေးမှု မရှိအောင် ဖယ်ရှားရန် လိုပါသည်။ တကယ်တော့ သစ္စာလေးပါးကို အမြဲတမ်း နားလည်သဘောပေါက်ရန် လိုပါသည်။ ယင်းတို့အားလုံးကို အမြဲတမ်း အာရုံစိုက်နေရန်မှာ အလွန်ခက်ပါသည်။ ထို့ကြောင့် နောက်တစ်ဆင့် တက်ဖို့လိုပါသည်။
- အဆင့်မြင့် နယ်ပယ်သည် အားလုံးကို အကောင်းဆုံး ကူညီနိုင်စေမည့် ဉာဏ်အလင်းရရှိသော ဘုရားအဖြစ်သို့ ရောက်ရှိရေး ဖြစ်ပါသည်။ အနက်ရှိုင်းဆုံး သစ္စာကို အာရုံစိုက်နေစဉ် နှိုင်းရသစ္စာကို အပြည့်အဝ နားလည်လာသည်။ ဘုရားရှင်သာလျှင် သစ္စာနှစ်ချက်ကို အမြဲတမ်း တစ်ပြိုင်နက် အာရုံစိုက်ထားနိုင်ပါသည်။
‘‘သစ္စာနှစ်ချက်မှသည် သစ္စာလေးပါ။ သစ္စာလေးပါးမှသည် ရတနာသုံးပါး’’ ဤစာကြောင်းကို ပိုမိုလေးနက်စွာ ကြည့်လျှင် အထက်ပါ နယ်ပယ်သုံးရပ်၏ ဇစ်မြစ် ဖြစ်ပါသည်။ ထိုရည်မှန်းချက်များသို့ သွားသော ကျင့်ကြံမှုများ ဖြစ်ပါသည်။ ၎င်းသည် ဇစ်မြစ်ဖြစ်သည်ဟု ဆိုပါသည်။ ဇစ်မြစ်သည် မျိုးစေ့ မဟုတ်ပါ။ ဇစ်မြစ်သည် အပင်အတွက် ခိုင်မာမှုနှင့် ခွန်အားပေးသောအရာ ဖြစ်ပါသည်။ ရည်မှန်းချက်သုံးရပ်ကို ရရှိနိုင်ကြောင်း၊ ယင်းတို့သည် တည်ရှိကြောင်း၊ ယင်းတို့ကို မိမိကိုယ်တိုင် ရရှိနိုင်လောက်အောင် လက်တွေ့ကျကြောင်း၊ ယုတ္တိ အခြေခံဖြင့် အခိုင်အမာ ယုံကြည်ပါက ထိုရည်မှန်းချက်ဆီသို့ သွားနေသည့် ဘာသာရေးလမ်းကြောင်း တစ်ခုလုံးကို ပံ့ပိုးမည့် တည်ငြိမ်မှုကို ပေးစွမ်းပါလိမ့်မည်။
အခြား တင်ဆက်မှုများအရ နယ်ပယ်သုံးရပ်၏ ဇစ်မြစ်သည် ဘာသာရေး ဆရာတော်နှင့် ကောင်းမွန်သော ဆက်စပ်မှု ရှိသည်ဟု ဆိုပါသည်။ ဤအချက်ကို လမ်-ရင်း ကျမ်းစာ အားလုံး၌ အခြေခံအားဖြင့် တွေ့ရပါသည်။ ဤသို့ ကောင်းမွန်သော ဆက်စပ်မှုသည် ဘာသာရေးလမ်းကြောင်း တစ်ခုလုံး၏ ဇစ်မြစ်ဆိုရာ၌ ဆရာထံမှ စိတ်ဓာတ်တွန်းအား ရရှိခြင်း၊ ဤစိတ်ဓာတ်တွန်းအားက ရည်မှန်းချက်ဆီသို့ ဆက်သွားရန် ခွန်အားနှင့် စွမ်းအင်ကို ပေးအပ်ခြင်း ဆိုသည့်အဓိပ္ပာယ် ဖြစ်ပါသည်။
ဘာသာရေးလမ်းကြောင်းတွင် တည်တည်ငြိမ်ငြိမ်ဖြင့် ဆက်သွားနိုင်ပုံ နှစ်မျိုးတွေ့ရှိရသည်ကို ထပ်ပြောလိုပါသည်-
- တစ်နည်းမှာ မိမိ၏ဘာသာရေးဆရာများနှင့် ဆက်စပ်မှုမှနေ၍ ခွန်အားနှင့် စိတ်ဓာတ်တွန်းအားကို အသုံးပြုရန် ဖြစ်သည်။ ထိုအခြေခံဖြင့် ဤကဲ့သို့ ကျိုးကြောင်းဆက်စပ်သော စာကြောင်းကို အသုံးပြုပါသည်။ ‘‘ငါ၏ဆရာသည် ခိုင်မာသော သတင်းအချက်အလက်ရင်းမြစ် ဖြစ်သည်။ ထို့ကြောင့် ဉာဏ်အလင်း ရရှိရန် ဖြစ်နိုင်ကြောင်း ဆရာပြောသမျှသည် မှန်ကန်သည်။ ထိုအချက်ကို ဆရာက လုပ်ကြံပြောစရာအကြောင်း မရှိပါ။’’ ထို့ကြောင့် ဤနေရာတွင် ယုတ္တိအမျိုးအစားအချို့ ပါဝင်နေပါသည်။ သို့သော် လူအများစုသည် ဆရာက မိမိအား စိတ်ခံစားချက်များစွာဖြင့် စိတ်ဓာတ် တွန်းအားပေးသည့်အတွက် ဤလမ်းကြောင်းကို ဆက်သွားရန် မယုံနိုင်လောက်အောင် ခွန်အား ပေးစွမ်းသည်ဆိုပြီး စိတ်ခံစားချက်အဆင့်တွင် ပိုမိုကြုံတွေ့ပါသည်။ ဤသည်မှာ ဗောဓိစိတ္တ ရရှိရေး နည်းနှစ်သွယ်အနက် ပထမနည်းနှင့် ဆင်တူပါသည်။ ဤနည်းဖြင့် အခြားသူများကို ကူညီရန် စိတ်ပါလာသော နှိုင်းရဗောဓိစိတ္တကို စတင်ရရှိကာ ထိုမှသည် ဉာဏ်အလင်း ရရှိအောင် ဖြစ်နိုင်ခြေ ရှိသည် ဟူသော အခြေခံဖြင့် စိတ်ပါလာပါသည်။ နောက်ပိုင်းမှသာ ယင်းကို ရရှိအောင်မြင်နိုင်ကြောင်း ယုတ္တိဖြင့် အခိုင်အမာ ယုံကြည်လာပါသည်။
- တစ်ဖက်တွင်မူ အနက်ရှိုင်းဆုံး ဗောဓိစိတ္တကို အရင်ဆုံး ရရှိသည့် ကျင့်ကြံမှုနည်းလမ်းကို ပြန်ကြည့်သောအခါ ဆုတောင်းစာပိုဒ်တွင် ဖော်ပြထားသည့် ဘာမှမရှိခြင်းကို အခိုင်အမာ ယုံကြည်မှု ထားရှိပါသည်။ ပထမဦးစွာ ယင်းကို ရရှိနိုင်ကြောင်း အခိုင်အမာ ယုံကြည်သည်။ ထို့နောက် ဉာဏ်အလင်းရရှိမှု၊ မိမိတို့၏ နှလုံးသားများ ဖွင့်ထားမှု စသည်ဖြင့် အမှန်တကယ် ကြိုးစားသည့် စိတ်ခံစားချက်ဖြင့် ကြိုးစားအားထုတ်ပါသည်။
နှစ်ခုစလုံးသည် ဘာသာရေးလမ်းကြောင်းကို ချဉ်းကပ်ရန် မှန်ကန်သော နည်းလမ်းများ ဖြစ်ပါသည်။ မိမိ၏နယ်ပယ် သို့မဟုတ် စွမ်းရည်ပေါ်တွင်သာ မူတည်ပါသည်။ ထက်မြက်သောဉာဏ်ရည် ရှိသူများက ယုတ္တိကျသော တင်ဆက်မှုများတွင် အားထားရန် သူတို့၏ ကိုယ်ရည်ကိုယ်သွေးနှင့် ပို၍သင့်တော်ကြောင်း တွေ့ရလိမ့်မည်ဟူ၍ လည်းကောင်း၊ သိပ်မထက်မြက်သူများက စိတ်ခံစားချက်အဆင့်တွင် ပို၍အားထားမည်ဟူ၍ လည်းကောင်း ကျမ်းစာများတွင် ဖော်ပြထားပါသည်။ ဤဒုတိယအုပ်စုအတွက် အကောင်းဆုံး အလုပ်ဖြစ်သည်မှာ ဆရာထံမှ စိတ်ဓာတ်တွန်းအားနှင့် မေတ္တာ၊ ကရုဏာ အခြေခံဖြင့် ရရှိသည့် စိတ်ခံစားချက်ကို အားထားခြင်း ဖြစ်ပါသည်။
နည်းလမ်း နှစ်ခုစလုံးကို မျှတသင့်သည်ဟု အကြောင်းအမျိုးမျိုးကြောင့် ထင်မိပါသည်။ ထို့ပြင် ယင်းတို့ထဲတွင် တတိယတစ်ခု အနေနှင့် ကိုးကွယ်မှု အပိုင်းကိုလည်း ပေါင်းထည့်နိုင်ပါသည်။ အချို့လူများက ကျင့်ကြံသူများက ထောင်စုနှစ်နှင့်ချီပြီး ဆောင်ရွက်ခဲ့သော ဘာသာရေး အစဉ်အလာများ တက်ရောက်ဆောင်ရွက်ခြင်းဖြင့် ဉာဏ်အလင်း ရရှိရေး လမ်းကြောင်းကို လိုက်နာရန် စိတ်ဓာတ်တွန်းအား ရရှိပါသည်။ ကျွန်ုပ်တို့သည် ဗုဒ္ဓဘာသာ လမ်းကြောင်းကို ချဉ်းကပ်သည့် အခြားနည်းလမ်းများကို မပယ်ရှားပါ။ အကြောင်းမှာ ပုံစံတစ်မျိုးဖြင့် ချဉ်းကပ်ရသည်မှာ ပိုပြီး သက်သောင့်သက်သာ ရှိသောကြောင့် ဖြစ်ပါသည်။ မိမိကိုယ်တိုင်ရော မိမိအစွမ်းအစများကိုပါ အပြည့်အဝ ဖော်ထုတ်လိုပါက ချဉ်းကပ်မှုသုံးခုစလုံးကို မျှတရန်လိုပါသည်။
ဤသည်မှာ ဒလိုင်းလားမား ဆရာတော်ကြီး၏ ထူးခြားသော ဆုတောင်းစာမှ ထူးခြားသော စာပိုဒ်ကို အခြေခံ တင်ဆက်ခြင်း ဖြစ်ပါသည်။ ကျွန်ုပ်၏ဆရာက အမြဲပြောလေ့ရှိသလိုပင် နွားနို့ညှစ်သကဲ့သို့ ဤတိုတောင်းသော စာပိုဒ်များမှနေ၍ အဓိပ္ပာယ်များစွာ ညှစ်ယူနိုင်ပါသည်။
အမေးအဖြေများ
သစ္စာလေးပါးကို လက်တွေ့အသုံးချခြင်း
သူငယ်ချင်း တစ်ယောက်က အမြဲတမ်း စိုးရိမ်ပူပန်နေပါသည်။ သူ့ကို သက်သက်သာသာနေရန်နှင့် အရာရာ အရမ်းအလေးအနက် မထားရန် ပြောရပါသည်။ ဒါက မိမိကိုယ်တိုင်ရော၊ အခြားသူများကိုပါ ဆောင်ရွက်ပေးနိုင်သည်ဟု အမှတ်ရစေပါသည်။ သို့သော် ကျွန်ုပ်သည် တစ်ကိုယ်ကောင်းဆန်ပါက ဘာဖြစ်မည်နည်း။ အခြားသူများနှင့် ဆက်ဆံသောအခါ အတ္တဗဟိုပြုစိတ်ဖြင့် မှန်းဆမှုနှင့် အမှန်တရားကို ဆန်းစစ်နိုင်အောင် မမေ့ရမည့် မန္တရား သို့မဟုတ် သတိပေးချက် တစ်ခုခု ရှိပါသလား။
တိဘက်ဆရာတော်ကြီး ဆုန်ခပ က ပြောသည်မှာ ဘာမှမရှိခြင်းအပေါ် အယူအဆမပါဘဲ အာရုံစိုက်နေချိန်မှအပ ကျွန်ုပ်တို့၏ စိတ်ဆောင်ရွက်ချက်သည် မဖြစ်နိုင်သော တည်ရှိမှုများကို မှန်းဆပါသည်။ အမြဲတမ်း ဖြစ်နေပါသည်။ ထိုသို့ငြင်းပယ်မှုသည် နက်နဲသော တရားရှုမှတ်ချိန်တွင် မဟုတ်ဘဲ အခိုက်အတန့်တိုင်းတွင် ကြုံတွေ့ရမှု ဖြစ်ပါသည်။
ကျွန်ုပ်တို့ သိရှိသော လှည့်ဖြားမှုသွင်ပြင်များကို ဖြိုဖျက်နိုင်အောင် ကူညီနိုင်သော အသေးအဖွဲ ကိစ္စများစွာ ရှိပါသည်။ အထောက်အကူပြုသော နမူနာတစ်ခုမှာ စိတ်ကူးယဉ်မှု ‘‘ပူဖောင်းကို ဖောက်ရန်’’ ဖြစ်သည်။ သို့သော် နှစ်ခွ မဖြစ်သောနည်းဖြင့် ထိုသို့ပြုလုပ်ရန် လိုပါသည်။ ဥပမာ၊ ဤနေရာတွင် အပ်ချောင်းနှင့်အတူ ‘‘ငါ’’ ဆိုပြီးရှိသည်။ ထိုနေရာတွင် ပူဖောင်းကြီးရှိသည်။ ‘‘ငါ’’ က သွားပြီး ပူဖောင်းကို ဖောက်သည် ဆိုခြင်းမျိုး ဖြစ်သည်။ အရာရာတည်ရှိပုံကို ချဲ့ကားထားသည့် ပူးဖောင်းဆိုသောအရာ ပေါက်သွားခြင်းသာ ဖြစ်ပါသည်။ လှည့်ဖြားသော အသွင်အပြင်က ‘‘သင်သည် အလွန်ဆိုးရွားသည်’’ သို့မဟုတ် ‘‘ငါရောက်နေသည့် ဒီအခြေအနေက အလွန်ဆိုးရွားသည်’’ ဟု ဖြစ်နိုင်ပြီး ယင်းကို အကြောင်းတရားနှင့် အခြေအနေများ၏ အဆက်အစပ်ဖြင့် လူတိုင်းသည် အလားတူကြုံတွေ့ရသည်ဟု မမြင်တော့ပါ။ ထိုအခါ ‘‘သနားစရာ ကောင်းလိုက်တာ’’ ဟုတွေးမိလာသည်။ ဤအရာအားလုံး ပေါက်သွားသည်ဟု စိတ်ကူးခြင်းသာ ဖြစ်ပါသည်။
နောက်ထပ်ဥပမာ တစ်ခုမှာ စာအုပ်တစ်အုပ်ကို ဖွင့်ထားပြီး စာတစ်မျက်နှာက ‘‘ဒါကိုခံစားနေရသော သနားစရာ ငါ’’ ဖြစ်ကာ အခြားတစ်မျက်နှာက မိမိမထိန်းချုပ်နိုင်သည့် ဆိုးရွားသော အခြေအနေ ဖြစ်သည်။ ဤသည်မှာ ဆိုးရွားသော အိပ်ရာဝင်ပုံပြင်လို ဖြစ်သည်။ စာအုပ်ပိတ်ထားသည်ဟု စိတ်တွင်မြင်ယောင်ပါက ပုံပြင်နိဂုံးချုပ်ပါသည်။ ပညာရပ်စကား သုံးရလျှင် နှစ်ခွဖြစ်သည့် စာအုပ်ကို ပိတ်လိုက်သလို မြင်ကြည့်ပါသည်။
မန္တရား အလိုရှိပါက ကျွန်ုပ်တို့ တွေ့မြင်သောအရာက အခြေခံအားဖြင့် အဓိပ္ပာယ်မဲ့ကြောင်း သတိရစေရန် ‘‘အမှိုက်’’ သို့မဟုတ် ‘‘အသုံးမဝင်တဲ့အရာ’’ ဟု ဆိုနိုင်ပါသည်။ အဓိကပြဿနာက သတိရရန်လိုအပ်ခြင်း ဖြစ်ပါသည်။ ယင်းသို့အလိုအပ်ဆုံး အချိန်မှာ အနှောင့်အယှက် ပေးသော စိတ်ခံစားချက် အပြင်းအထန် ကြုံတွေ့နေချိန် ဖြစ်ပါသည်။ တိဘက်လူမျိုးများ၏ နမူနာတစ်ခုက တစ်ခုခု ဆောင်ရွက်သည်ဟု မှားယွင်းစွာ စွပ်စွဲသောအခါ ခံစားချက်နှင့် ‘‘ဒါကို မလုပ်ဘူး။ ငါသည် သူခိုး၊ လူလိမ် မဟုတ်ဘူး’’ ဆိုသည့် အလွန်ပြင်းထန်သောစိတ် ဖြစ်ပေါ်ချိန်ဖြစ်သည်။ ခိုင်မာသောငါ၏ ပြင်းထန်သောစိတ် ပေါ်ထွက်လာပါသည်။
ဗုဒ္ဓဘာသာနှင့် အခြားသော ဓမ္မဆိုင်ရာ ဘာသာများအကြား ခြားနားချက်
အခြားဓမ္မဆိုင်ရာ ဘာသာတရားများ ရှိတယ်လို့ ပြောသွားပါသည်။ ပြဿနာများ ရှိသလို ပြဿနာမှ လွတ်မြောက်မှုလည်း ရှိသည်ဟု ထိုဘာသာများက ပြောသည်ဟု ဆိုပါသည်။ ဘာသာတိုင်းက သူတို့နည်းက အကောင်းဆုံးဟု ပြောပါသည်။ ထို့ကြောင့် ထိုရှုထောင့်မှနေ၍ ဗုဒ္ဓဘာသာ၏ ထူးခြားချက်ကို ရှင်းပြပေးနိုင်မလား။
မှန်ပါသည်။ ဟိန္ဒူဘာသာ၊ ဗုဒ္ဓဘာသာနှင့် ဂျိန်းဘာသာ အားလုံးက ထိန်းချုပ်မရသော ပြန်လည်မွေးဖွားမှုမှ လွတ်မြောက်ရေး အကြောင်းပြောထားပြီး လွတ်မြောက်မှု အခြေအနေကိုလည်း ဖော်ပြထားပါသည်။ ထိုဘာသာတိုင်းက လွတ်မြောက်မှု ရရှိနည်းမှာ အမှန်တရားကို နားလည်မှု၊ အမှန်တရားကို သူတို့က ဖော်ပြပုံ မှတစ်ဆင့် ဖြစ်သည်ဟု ပြောပါသည်။ ဤနည်းဖြင့် ဗုဒ္ဓဘာသာသည် အိန္ဒိယ ဘာသာတရား အဆက်အစပ်နှင့် ကွက်တိ ဖြစ်နေပါသည်။ ဗုဒ္ဓဘာသာအတွက် တကယ့် ထူးခြားချက်မှာ သစ္စာလေးပါး ဖြစ်ပါသည်။ ဗုဒ္ဓဘာသာက အောက်ပါတို့ကို ဟောကြားပါသည်-
- အခြားဘာသာများက ဆင်းရဲဒုက္ခကို ဖော်ပြသော်လည်း ဗုဒ္ဓမြတ်စွာက စစ်မှန်သော ဆင်းရဲဒုက္ခကို ပြောပါသည်။
- အခြားဘာသာများက ဆင်းရဲခြင်း၏ အကြောင်းရင်းမှာ အချို့သော မသိမှုအမျိုးအစား ဖြစ်သည်ဟုပြောသည်။ ဗုဒ္ဓမြတ်စွာက စစ်မှန်သော အကြောင်းရင်း ဖြစ်သည့် အနက်ရှိုင်းဆုံး မသိမှုကို ပြောပါသည်။
- အခြားဓမ္မဆိုင်ရာ ဘာသာတရားများက စစ်မှန်သော ရပ်တန့်မှုကို ထည့်သွင်းစဉ်းစားသော်လည်း ထာဝရ မတည်တံ့ပါ သို့မဟုတ် လုံးဝမလွတ်မြောက်ပါ။
- အခြားဘာသာများက ပြောသည့် နားလည် သဘောပေါက်မှုသည် သင့်ကို အခြေအနေတစ်ခုအထိ ပို့ပေးနိုင်သော်လည်း လွတ်မြောက်မှုသို့ ရောက်ရှိစေနိုင်သည့် စစ်မှန်သော စိတ်၏လမ်းကြောင်း မဟုတ်ပါ။
ပုံမှန်အားဖြင့် အခြားသူတို့ပြောသည်မှာ ဗုဒ္ဓဘာသာနှင့် တစ်ပုံစံတည်း ဖြစ်သောကြောင့် အမှန်တရားက ဘာလဲ ဆိုသည်ကို သေချာစုံစမ်းရပါသည်။ ဆုတောင်းစာပိုဒ်တွင် တွေ့ခဲ့သည့်အတိုင်း ဘာသာရေးလမ်းကြောင်း၏ အခြေခံတစ်ခုလုံးမှာ အမှန်တရားကို ရှုမြင်မှု ဖြစ်ပါသည်။ ဗုဒ္ဓဘာသာ တွင်သာမက ဟိန္ဒူဘာသာနှင့် ဂျိန်းဘာသာ တို့တွင်လည်း ထိုအတိုင်း ဖြစ်ပါသည်။ ဤအချက်ကို ယုတ္တိ၊ အတွေ့အကြုံနှင့် နားလည်မှုတို့ဖြင့် စမ်းသပ်ရပါမည်။
ယခုဘဝတွင် ပိုပြီးကြင်နာသော၊ ပိုပြီးကရုဏာရှိသောသူ ဖြစ်အောင် ဘာသာရေးလမ်းကြောင်းကို လိုက်ခြင်းနှင့် လွတ်မြောက်မှု ရလိုခြင်းတို့မှာ များစွာကွဲပြားပါသည်။ ဉာဏ်အလင်းရရှိမှု အကြောင်း ပြောပါက မည်သည့် ရှင်းပြချက်က အမှန်ကန်ဆုံးလဲ ဆိုသည်ကို ယုတ္တိနှင့် ဆွေးနွေးငြင်းခုံမှု အခြေခံဖြင့် စုံစမ်းစစ်ဆေးနိုင်ပါသည်။ သို့သော် ဘာသာရေးလမ်းကြောင်း ကျင့်ကြံနေသူအများစုက လွတ်မြောက်မှုကို တကယ်မရည်မှန်းကြပါ။ ထိုသို့ရည်မှန်းသည်ဟု ပြောချင်ပြောနေသော်လည်း ဘာကို ဆိုလိုမှန်း မသိဘဲ ယခုဘဝ တိုးတက်ရေးကိုသာ ကြိုးစားကြပါသည်။ ထိုအချက်ကလည်း မှားနေသည်တော့ မဟုတ်ပါ။
ထို့ကြောင့် ဘယ်ဘာသာက အကောင်းဆုံးလဲဟု ဒလိုင်းလားမား ဆရာတော်ကြီးကို မေးသောအခါ လူတိုင်းကို ပိုကြင်နာပြီး ပိုကရုဏာရှိအောင် ကူညီသော ဘာသာတရားက အကောင်းဆုံးဟု ဖြေပါသည်။ လူတိုင်းသည် ခြားနားသည့်အတွက် မေတ္တာ၊ ကရုဏာ၊ သည်းခံခြင်း၊ ခွင့်လွှတ်ခြင်း စသည်တို့ ရရှိအောင် ပိုပြီးမှန်ကန်သော လမ်းကြောင်း ရှိသည်ဟု တကယ်မပြောနိုင်ပါ။ မတူညီသော ဘာသာများ၏ အဆိုအရ အားလုံးအညီအမျှ ထားရှိနိုင်ပါသည်။ ဤသည်မှာ ဘာသာတရားများ ညီညွတ်ရေး၏ အခြေခံ ဖြစ်ပါသည်။
ဘာသာရေးလမ်းကြောင်းမှာ တိုးတက်မှုရရှိပုံ
ဤလမ်းကြောင်းတွင် တိုးတက်အောင် ကြိုးစားမှုအကြောင်း မေးလိုပါသည်။ ဆိုဗီယက် ယူနီယံတွင် စီးပွားရေး ဖွံ့ဖြိုးမှုအတွက် ၅ နှစ်စီမံကိန်း ရှိခဲ့ပါသည်။ ဗုဒ္ဓဘာသာကို စတင်ကျင့်ကြံသူများအတွက် စိတ်မလေရအောင် လာမည့် သုံးနှစ် သို့မဟုတ် ငါးနှစ်အတွက် ဘာလုပ်နိုင်မလဲ အကြံဉာဏ် ပေးနိုင်မည် ထင်ပါသည်။
အနည်းဆုံးတော့ ကျွန်ုပ်သင်ကြားခဲ့သော အစဉ်အလာများတွင် အတွေ့အများဆုံးနှင့် စိတ်အချရဆုံးနည်းမှာ အဆင့်ဆင့် တက်လှမ်းသည့်လမ်းကြောင်းဖြစ်သော လမ်-ရင်း တရားအတိုင်း ကြိုးစားရန်ဖြစ်ပါသည်။ ၎င်းသည် နားလည်ရန်၊ ကျေညက်ရန်လိုသော အရာကို အဆင့်ဆင့် ပြသပြီး ဘာသာရေးလမ်းကြောင်းတွင် တိုးတက်မှု ရရှိလာပါသည်။
လမ်-ရင်း တရားအတိုင်း အစဉ်အလာအရ လိုက်နာခြင်းမှာ သင်က အဆင့်တစ်ဆင့်သို့ ရောက်သောအခါ နောက်ဘာဖြစ်မည်ကို မသိဘဲ ကြိုးစားပါသည်။ အပိုင်းတစ်ပိုင်းကို နားလည်သည်နှင့် နောက်တစ်ခုကို သွားပါသည်။ ယခုအခါ လမ်းကြောင်းတစ်ခုလုံးကို စာအုပ်တွေထဲမှာ ဖော်ပြထားသည့်အတွက် အားလုံးတစ်ပြိုင်နက် ဖတ်နိုင်ပါသည်။ သို့သော် တစ်ချက်ချင်းကို အချိန်အများကြီး ပေးရန် လိုနေပါသေးသည်။ တစ်ခုလုံး ဖတ်ပြီးလျှင်လည်း ပြန်လည်ဖတ်ရှုကာ ဘယ်အချက်က အခြားအချက်များနှင့် အပြန်အလှန် ဆက်စပ်နေသလဲ လေ့လာရပါမည်။
တိုးတက်မှုသည် အမြဲတစ်သမတ်တည်း မဟုတ်ကြောင်း၊ အမြဲ အတက်အကျရှိကြောင်း အမှတ်ရဖို့ လိုပါသည်။ ထို့ကြောင့် တစ်နေ့အဆင်ပြေသော်လည်း နောက်တစ်နေ့ အဆင်မပြေပါ။ ထိုသို့ဖြစ်သည်မှာ မထူးခြားပါ။ ဆက်ကြိုးစားနေရပါသည်။ ပြန်ဝင်စားသော ကျွန်ုပ်ဆရာတော် အနှစ်သက်ဆုံး စာပိုဒ်မှာ- ‘‘ထူးခြားမှု မရှိပါ’’ ဟူ၏။ သင်ကြုံတွေ့သောအရာက ဘာမှမထူးခြားပါ။ အဆင်ပြေခြင်း၊ အဆင်မပြေခြင်း ရှိပါသည်။ သည်တော့ ဘာဖြစ်သလဲ။
၅ နှစ်စီမံကိန်း ချမှတ်ခြင်းက လက်တွေ့မကျပါ။ အကြောင်းမှာ တစ်ဦးနှင့်တစ်ဦး တိုးတက်မှု ကွဲပြားပါသည်။ သို့သော် ဒလိုင်းလားမား ဆရာတော်ကြီးအဆိုအရ သင်တိုးတက်မှုရှိ၊ မရှိ သိနိုင်မည့်နည်းမှာ တစ်နေ့ချင်း၊ တစ်လချင်း ကြည့်ရန် မဟုတ်ဘဲ ၅ နှစ်တာ အပိုင်းအခြားများအဖြစ် ကြည့်ပါ။ ယခင်က အခက်အခဲများကို ဖြေရှင်းပုံနှင့် ယခု ဖြေရှင်းပုံကို နှိုင်းယှဉ်နိုင်ပါသည်။ ပိုပြီး တည်ငြိမ်လာသလား။ ထိုအခါ တိုးတက်မှုကို မြင်နိုင်ပါသည်။
အခြားပုံစံများလည်း ရှိပါသည်။ ဥပမာ၊ အခြေခံ ကျင့်ကြံမှုဖြစ်သည့် ငွန်ဒရို ကျင့်ကြံမှု ဖြစ်ပြီး ဝပ်စင်းမှုပေါင်း ၁၀၀၀၀၀ ဆောင်ရွက်ခြင်း၊ ကိုးကွယ်အားထားရာ ပုံသေနည်းများ ပြုလုပ်ခြင်း စသည်တို့ ပါဝင်သည်။ ထိုနည်းဖြင့် အချို့က စတင်ပါသည်။ ထိုချဉ်းကပ်မှု နှစ်မျိုးက ဓမ္မတရားတော်များ ချဉ်းကပ်သည့် နည်းနှစ်သွယ်ကို ထင်ဟပ်သည်ဟု ထင်ပါသည်။ ငွန်ဒရို ကျင့်ကြံမှု စတင်သောအခါ ဆရာ၏ စိတ်ဓာတ်တွန်းအားကို အခြေခံရလေ့ ရှိပါသည်။ သင်က သိပ်မသိသော်လည်း ဆရာကို အလွန်အမင်း အားကျပြီး သူရှင်းပြသောအချက်က အကျိုးရှိမည်ဟု ယုံကြည်ကာ ငွန်ဒရို ကျင့်ကြံမှုပေါင်း ၁၀၀၀၀၀ ကို ဆောင်ရွက်ပါသည်။
ကျွန်ုပ်လေ့ကျင့်ခဲ့သော နည်းလမ်းက ဤဆုတောင်းစာပိုဒ်တွင် ရှင်းပြထားသည့်အတိုင်းဖြစ်ပြီး ဒလိုင်းလားမား ဆရာတော်ကြီး ဟောကြားလေ့ ရှိသောတရားလည်း ဖြစ်ပါသည်။ ပထမဦးစွာ ဤလမ်းကြောင်းကို ဖြစ်နိုင်ကြောင်း၊ ရည်မှန်းချက် ထားရှိကြောင်း စသည်ဖြင့် အခိုင်အမာ ယုံကြည်မှုနှင့် နားလည်သဘောပေါက်မှု ရှိကာ ထို့နောက်မှ ငွန်ဒရို ကျင့်ကြံမှုပြုပါသည်။
ဤနှစ်မျိုးအကြားတွင် အလယ်အလတ်လမ်းစဉ်ကို ကျင့်ကြံနိုင်သည်မှာ ရှင်းနေပါသည်။ ငွန်ဒရို စတင် ကျင့်ကြံမှုပြုရင်း ရည်မှန်းချက်ကို ရရှိနိုင်ကြောင်း အခိုင်အမာ ယုံကြည်အောင် စတင် ကြိုးစားပါသည်။ သို့မဟုတ် ဤလေ့လာကျင့်ကြံမှု ပြုလုပ်နေရင်း ငွန်ဒရို စတင်ကျင့်ကြံနိုင်ပါသည်။ ထို့ကြောင့် ယင်းတို့ကို ပေါင်းစပ်နည်း အမျိုးမျိုး ရှိပါသည်။ တိဘက်ဆရာတော်များစွာက ဓမ္မကို ဟောကြားပုံကို ကျွန်ုပ်ရှင်းပြထားသော မူဘောင်အတွင်း အမှန်တကယ် စတင် တွေးတောပါက ကွက်တိဖြစ်မည်ဟု ထင်ပါသည်။ နာဂဇုန ခေတ်ကတည်းက ထိုသို့ဖြစ်ပါသည်။ ပထမတွင် နှိုင်းရဗောဓိစိတ္တ၊ ပြီးမှ အနက်ရှိုင်းဆုံး ဗောဓိစိတ္တ ထားရှိသည့် နည်းနှင့် ပထမတွင် အနက်ရှိုင်းဆုံး၊ ပြီးမှ နှိုင်းရ ဆိုသည့် နည်းနှစ်နည်း ရှိပါသည်။ မိမိအတွက် အသင့်တော်ဆုံးအရာကို မိမိဘာသာ ဆုံးဖြတ်ရပါမည်။
အကျဉ်းချုပ်
သစ္စာလေးပါက သစ္စာနှစ်ချက်၏ အမှန်တရားနှင့် ပတ်သက်၍ ဆက်စပ်ပုံ၊ ထို့နောက် ရတနာသုံးပါးနှင့် ဆက်စပ်ပုံအကြောင်း ဖော်ပြသည့် ဗုဒ္ဓဘာသာ တရားတော်များသည် အလွန်အဆင့်မြင့်သော ဆန်းစစ်လေ့လာမှု ဖြစ်ပါသည်။ သစ္စာတရားများနှင့် ရတနာများအားလုံးကို ရှင်းပြရုံသာမက ဗုဒ္ဓဘာသာ ဒဿနနှင့် ကျင့်ကြံမှုတွင် ရှင်းလင်းသော မူဘောင်လည်း ရရှိစေပါသည်။ ဒလိုင်းလားမား ဆရာတော်ကြီး၏ ထက်မြက်သော ဆုတောင်းစာပိုဒ်တိုလေး တစ်ခုကို ထိုသိမြင်မှုများ ဆက်လက်လေ့လာရန် အခြေခံအဖြစ် အသုံးပြုခဲ့ပါသည်။ ထင်ရှားသောရလဒ်မှာ မိမိ၏ နားလည်မှု တိုးတက်စေရန် ယုတ္တိကျသော အစီအစဉ် ပြသရုံသာမက၊ အရေးကြီးသော ဗုဒ္ဓဘာသာဆိုင်ရာ သိမြင်မှုများက တစ်ခုနှင့်တစ်ခု ပံ့ပိုးပုံကိုလည်း ဖော်ပြပါသည်။ ဤသို့ဖြင့် သိမ်မွေ့ပြီး တစ်သားတည်းဖြစ်သော ဘာသာရေး လမ်းကြောင်းမှာ ပေါ်လွင်လာပါတော့သည်။