သစ္စာနှစ်ချက်မှသည် သစ္စာလေးပါးသို့

ဘာသာရေး ရည်မှန်းချက်အတွက် ကြိုးစားခြင်း

ဘာသာရေး ရည်မှန်းချက်အတွက် ကျွန်ုပ်တို့ ကြိုးစားနိုင်သော နည်းလမ်းနှစ်သွယ် ရှိပါသည်။ ယင်းတို့မှာ-

  • ယုံကြည်မှု ကို အခြေခံခြင်း - ထိုရည်မှန်းချက် အောင်မြင်စေနိုင်သော ယုံကြည်ချက် ရှိရပါသည်။ ဤယုံကြည်ချက်တွင် အခြေခံပြီး ရည်မှန်းချက်သို့ရောက်အောင် ကြိုးစားပါသည်။ လေ့ကျင့်မှုတွင် ခရီးရောက်လာသည်နှင့်အမျှ ထိုရည်မှန်းချက် အောင်မြင်နိုင်စွမ်း ရှိသည်ကို အဆုံးတွင် အခိုင်အမာ ယုံကြည်လာပါသည်။ ဥပမာ၊ သင့်ရည်မှန်းချက်သည် ဆင်းရဲဒုက္ခမှ ထာဝရ ကျော်လွှားဖယ်ရှားရေး ဖြစ်ပြီး ထိုအတွက် ကြိုးစားနေစဉ် ထိုသို့ဖြစ်နိုင်ကြောင်း သင်ယုံကြည်ထားပါက ဆင်းရဲဒုက္ခများ လျော့ပါးသွားသည်နှင့် သင့်ရည်မှန်းချက် အောင်မြင်နိုင်ခြေ ရှိသည်ကို အခိုင်အမာ ယုံကြည်လာပါသည်။ သင့်တိုးတက်မှု တစ်စိတ်တစ်ပိုင်းအဖြစ် ပိုမိုလေ့လာပြီး တရားရှုမှတ်သည်။ ဤနည်းဖြင့်လည်း ဤရည်မှန်းချက်ကို အောင်မြင်နိုင်ကြောင်း ယုတ္တိကျစွာ သင်အခိုင်အမာ ယုံကြည်လာပါသည်။
  • အခိုင်အမာ ယုံကြည်မှု ကို အခြေခံခြင်း - ရည်မှန်းချက် အောင်မြင်နိုင်သည်ဟု ကျိုးကြောင်းဆီလျော်မှုနှင့် ယုတ္တိတို့ဖြင့် အရင်ဆုံး အခိုင်အမာ ယုံကြည်လာပြီးနောက် ထိုအတွက် ကြိုးစားအားထုတ်ပါသည်။

ဤသည်မှာ ရှေးရိုးစဉ်လာ ဗုဒ္ဓဘာသာနည်းအတိုင်း မှတ်သားမည်ဆိုပါက ဗောဓိစိတ္တရရှိစေမည့် နည်းလမ်းနှစ်ခုအနေနှင့် ဆွေးနွေးလေ့ရှိသော ချဉ်းကပ်မှုနှစ်မျိုး ဖြစ်ပါသည်။

ပထမဦးစွာ နှိုင်းရ ဗောဓိစိတ္တကို ထားရှိပြီး အနာဂတ် ဉာဏ်အလင်းရရှိရေးကို ရည်မှန်းပါသည်။ ယင်းမှာ မဖြစ်သေးသော်လည်း ဖြစ်နိုင်ပါသည်။ အားလုံးအကျိုးအတွက် ထိုသို့ ဖြစ်လိုပါသည်။ အကြောင်းမှာ အားလုံးကို အမှန်တကယ် ကူညီနိုင်မည့် တစ်ခုတည်းသောနည်းမှာ အကြောင်းအကျိုးကို အပြည့်အဝ နားလည်သည့် ဤအခြေအနေကို ရရှိကာ အခြားသူများကို အထိရောက်ဆုံး ကူညီနိုင်မည့်နည်း ဖြစ်သောကြောင့် ဖြစ်ပါသည်။ ထို့ပြင် ယင်းကိုအောင်မြင်နိုင်ခြေ ရှိသည်ဟုလည်း ကျွန်ုပ်တို့ ယုံကြည်ပါသည်။

ဆက်လက်၍ ပိုမိုတိုးတက်လာသောအခါ အနက်ရှိုင်းဆုံး ဗောဓိစိတ္တ ဆိုသည့်အရာကို ရရှိလာပြီး ယင်းမှာ ဘာမှမရှိခြင်း (အနတ္တ) ကို နားလည်ခြင်းဟု ဆိုလိုပါသည်။ အရာရာသည် မဖြစ်နိုင်သောနည်းလမ်းဖြင့် မတည်ရှိကြောင်း ဆိုလိုပါသည်။ ကျွန်ုပ်တို့သည် အမှန်တရားကို နားလည်လာသည်။ စိတ်၏ သဘောသဘာဝသည် စိတ်ကူးယဉ် မှန်းဆခြင်း မပြုရန်၊ အမှန်တရားကိုသာ အမှန်တကယ် သိမြင်ရန် တတ်စွမ်းနိုင်သည်ကို မြင်လာသည်။ ထိုသို့နားလည်လာခြင်းဖြင့် ရည်မှန်းချက်သို့ ရောက်ရှိနိုင်ကြောင်း ယုတ္တိကျစွာ အခိုင်အမာ ယုံကြည်လာပါသည်။ ထိုအခါ ကျွန်ုပ်တို့၏ ယုံကြည်ချက်မှာ အခိုင်အမာယုံကြည်မှု ဖြစ်လာပါသည်။

နောက်ထပ်ချဉ်းကပ်မှုမှာ ဤသို့ အမှန်တရားအပေါ် နားလည်မှု အရင်ဆုံး ထားရရှိရန် ဖြစ်သည်။ ဉာဏ်အလင်း ရရှိမှုသည် ဖြစ်နိုင်ကြောင်း၊ ထို့ကြောင့် အနက်ရှိုင်းဆုံး ဗောဓိစိတ္တကို အရင်ထားရှိရန် ဖြစ်သည်။ ဤအခြေခံဖြင့် ကျွန်ုပ်တို့သည် ဉာဏ်အလင်းရရှိနိုင်သည်ကို အခိုင်အမာ ယုံကြည်ပါသည်။ ဤသို့ အခိုင်အမာ ယုံကြည်သည့်အတွက် ရရှိအောင် ကြိုးစားပါသည်။ ဤဒုတိယ ချဉ်းကပ်မှုကို အိန္ဒိယဆရာတော်ကြီး တစ်ပါးဖြစ်သော နာဂဇုန၏ ‘‘ဗောဓိစိတ္တအကြောင်း ဝေဖန်ဆန်းစစ်ခြင်း’’ (သက္ကတဘာသာဖြင့် ဗောဓိစိတ္တဝိဝေရန) ဆိုသည့် ကျမ်းစာတစ်ခုတွင် တွေ့ရပါသည်။

ဤချဉ်းကပ်မှုကို ကျွန်ုပ်တို့ လေ့လာခဲ့သော ဆုတောင်းစာပိုဒ်တွင် ဖော်ပြထားပါသည်။ သစ္စာနှစ်ချက်မှနေ၍ သစ္စာလေးပါး ရရှိပုံ၊ သစ္စာလေးပါးမှ ရတနာသုံးပါး ဖော်ထုတ်ပုံ ဖြစ်ပါသည်။ ဤတင်ဆက်မှု၏ ရည်ရွယ်ချက်သည် လွတ်မြောက်မှုနှင့် ဉာဏ်အလင်းရရှိမှုတို့သည် အမှန်တရားပေါ်၌ မူတည်သည့်အတွက် ဖြစ်နိုင်ကြောင်း နားလည်သဘောပေါက်အောင် ကူညီပါသည်။

  • လွတ်မြောက်မှု ဆိုသည်မှာ ထိန်းချုပ်မရစွာ ပြန်လည်မွေးဖွားမှုမှ အပြီးတိုင် လွတ်ကင်းခြင်း၊ ဆင်းရဲဒုက္ခမှ ထာဝရ လွတ်ကင်းစေရန် သံသရာမှ လုံးဝ လွတ်မြောက်ခြင်းဟု ဆိုလိုပါသည်။ လွတ်မြောက်မှု ရရှိပြီးသူများကို ‘‘ရဟန္တာများ’’ ဟုခေါ်ပါသည်။
  • ဉာဏ်အလင်းရရှိမှု ဆိုသည်မှာ အကန့်အသတ်ရှိသော သက်ရှိအားလုံးကို လွတ်မြောက်မှုနှင့် ဉာဏ်အလင်း ရရှိမှုတို့ ရရှိအောင် ကူညီမည့် အထိရောက်ဆုံး နည်းလမ်းများကို နားမလည်စေရန် တားဆီးသော ပိတ်ဆို့မှု အားလုံးမှ ထာဝရ လွတ်မြောက်သည့် အခြေအနေကို ခေါ်ပါသည်။ ဉာဏ်အလင်းရရှိတော်မူသည်မှာ ‘‘ဘုရားရှင်များ’’ ဖြစ်ပါသည်။

ယင်းမှာ ဖြစ်နိုင်ရုံသာမက စကြမုနိဗုဒ္ဓမြတ်စွာ မဟုတ်သော ကျွန်ုပ်တို့သည်လည်း လွတ်မြောက်မှုနှင့် ဉာဏ်အလင်း ရရှိမှုတို့ ရနိုင်သည်ဟု အခိုင်အမာ ယုံကြည်လိုက်သည်နှင့် မိမိ၏ ဘာသာရေး ကျင့်ကြံမှုတွင် ခွန်အားနှင့် တည်ငြိမ်မှု များစွာ ရရှိလာပါသည်။ သို့သော် နားလည်ရန် အလွန်လွယ်ကူသည် မဟုတ်ပါ။ မည်သူမျှလည်း လွယ်သည်ဟု မပြောခဲ့ဖူးပါ။

သစ္စာနှစ်ချက်

ပထမအချိန်က ဆွေးနွေးခဲ့သော ပထမစာကြောင်းတွင်-

ရှိရှိသမျှအရာအားလုံးက လိုက်နာရသည့် အခြေခံနည်းလမ်းဖြစ်သော  သစ္စာနှစ်ချက်၏ အဓိပ္ပာယ်ကို သိရှိခြင်းအားဖြင့်၊

ဆွေးနွေးမှု တစ်ခုလုံး၏ အခြေခံမှာ သစ္စာနှစ်ချက်ကို တင်ပြခြင်းဖြစ်ပြီး ယင်းတို့သည် အရာရာ တည်ရှိဆောင်ရွက်ပုံနှင့် သက်ဆိုင်ပါသည်။ တစ်နည်းဆိုသော် အရာအားလုံးက လိုက်နာရသည့် နည်းလမ်း ဖြစ်ပါသည်။ အားလုံးနှင့်ဆိုင်သော ဤသစ္စာနှစ်ချက်သည် မှန်ကန်သည့်အတွက် အမှန်တရား ဖြစ်ပါသည်-

  • နှိုင်းရသစ္စာ- အရာရာသည် အကြောင်းတရားနှင့် အခြေအနေများပေါ်တွင် မူတည်ပြီး ဖြစ်ပေါ်လာသည်။ အရာရာ တည်မှီနေသည့် အခြားအဆင့်များ ရှိနေသည်မှာ မှန်ပါသည်။ ဥပမာ၊ ယင်းတို့၏ အစိတ်အပိုင်းများ၊ ယင်းတို့ကို ရည်ညွှန်းသော အယူအဆများ ဖြစ်ပါသည်။ ဤနေရာတွင် အဓိကအချက်မှာ တွေ့ကြုံမှုအရ အကြောင်းတရားနှင့် သက်ရောက်မှု ဖြစ်သည်။ အထူးသဖြင့် ကံ၏ စိတ်လိုက်မာန်ပါပြုမူမှုနှင့် ဆက်စပ်သော ပျော်ရွှင်မှု၊ မပျော်ရွှင်မှုတို့ ကြုံတွေ့ရမှု အနေနှင့် ဖြစ်ပါသည်။
  • အနက်ရှိုင်းဆုံးသစ္စာ- အရာရာသည် အမှီအခိုဖြင့် ပေါ်ထွက်လာသည်ဟု မထင်ရသော်လည်း ထိုသို့ လှည့်ဖြားသည့် မဖြစ်နိုင်သော တည်ရှိမှုနည်းလမ်း ပုံစံများသည် အမှန်တရားနှင့် မသက်ဆိုင်ပါ။ ကျွန်ုပ်တို့၏ မှန်းဆချက်များနှင့် သက်ဆိုင်သည့် တကယ့် အမှန်တရားမှာ လုံးဝမရှိပါ။ ဤသို့ အကြောင်းတရားနှင့် အခြေအနေများပေါ်တွင် မူမတည်ဘဲ မိမိကိုယ်တိုင် တည်ရှိနေမှုမျိုး လုံးဝမရှိခြင်းကို ‘‘ဘာမှမရှိခြင်း’’ သို့မဟုတ် ‘‘အနတ္တ’’ ဟုခေါ်ပါသည်။

သစ္စာလေးပါး

သစ္စာနှစ်ချက်၏ မှန်ကန်မှုတွင် အခြေခံလျှက် ဘုရားရှင်က သစ္စာလေးပါးကို နားလည်ပြီး ဖော်ထုတ်နိုင်စွမ်း ရှိပါသည်။ ယင်းကို ဒုတိယစာကြောင်း၌ ဖော်ပြထားသည်မှာ-

ကျွန်ုပ်တို့၏ ထိန်းချုပ်မရစွာ ပြန်လည်မွေးဖွားမှုကို အဆက်မပြတ် ဖြစ်နေရုံသာမက ရပ်တန့်ရန်လည်း ဖြစ်နိုင်ပုံကို သစ္စာလေးပါးမှတစ်ဆင့် အသေအချာ သိရှိလာပါသည်။

သစ္စာလေးပါးကို အဆင့်မြင့် သိမြင်သဘောပေါက်ပြီးသူများက မှန်ကန်သည်ဟု မြင်ထားပါသည်။ ယင်းတို့သည် မှန်ကန်သည်ဟု ဘုရားရှင်တို့ကသာ မြင်ခြင်းမဟုတ်ဘဲ ဘုရားမဖြစ်မီ အလွန်ဝေးကွာလှသေးသည့် အဆင့်တစ်ခုသို့ ရောက်ရှိသူများကလည်း မြင်နိုင်သည့်အတွက် ဤသည်မှာ စိတ်ဝင်စားစရာ အချက်ဖြစ်သည်။ ဘာမှမရှိခြင်း၊ တစ်နည်းဆိုသော အနက်ရှိုင်းဆုံး အမှန်တရားကို အယူအဆဆိုင်ရာ မဟုတ်သော သိမှု ရှိလာသောအခါ ထိုသို့ ဖြစ်လာပါသည်။ ဤနားလည်မှုသည် လုံးဝတိကျသလို လုံးဝပြတ်သားပါသည်။ အယူအဆဆိုင်ရာ မဟုတ်သောကြောင့် အရာရာကို အမျိုးအစားခွဲခြား သိမြင်ခြင်း မဟုတ်ဟု ဆိုလိုပါသည်။

ဥပမာ၊ ‘‘ခွေး’’ တစ်ကောင်ကဲ့သို့ အမျိုးအစားခွဲပြီး တွေးတောသောအခါ ခွေးကို ကိုယ်စားပြုသောအရာတစ်ခုခု ရှိနေပါသည်။ ဤကိုယ်စားပြုမှုက တစ်ဦးနှင့်တစ်ဦး အနည်းငယ် ကွဲပြားနိုင်သည်။ သို့သော် လမ်းပေါ်တွင်ဖြစ်စေ၊ တစ်နေရာရာတွင်ဖြစ်စေ ခွေးတစ်ကောင် မြင်သောအခါ ဤအမျိုးအစားထဲမှ သိမြင်ပါသည်။ သီးခြားမြင်ယောင်မှုတစ်ခု မဟုတ်သည့်တိုင် ခွေးဆိုသည့်ရုပ်ပုံမှတစ်ဆင့် ခွေးဟုသိမြင်မှုထဲသို့ ထည့်လိုက်ပါသည်။ တစ်ခုခုကို အယူအဆ မပါဘဲ သိမြင်သောအခါ အမျိုးအစား တစ်ခုခု သို့မဟုတ် ယင်းကို ကိုယ်စားပြုသောအရာ တစ်ခုခု မပါဝင်ပါ။ ထို့ကြောင့် ‘‘အလွတ် သိမှု’’ ဟုခေါ်ပါသည်။ အရာရာကို အမျိုးအစားခွဲခြားသည့် အကွက်ထဲ မထည့်ဘဲ သိရှိပါသည်။

အဆင့်မြင့် သိမြင်သဘောပေါက်သူများ သို့မဟုတ် သက္ကတဘာသာအရ အရိယာများ က အမှန်တရားကို ‘‘ငါသည် အမှန်တရားကို မြင်နေသည်’’ ဆိုပြီး ‘‘အမှန်တရား’’ အကွက်ထဲသို့ မထည့်ဘဲ သိရှိပါသည်။ သူတို့သည် အမှန်တရားကို အကွက်ထဲ သို့မဟုတ် အမျိုးအစား ခွဲခြားမှုထဲသို့ မထည့်ဘဲ အပြည့်အဝ၊ အတိအကျ၊ ပြတ်ပြတ်သားသား သိရှိပါသည်။ ယင်းမှာ တကယ် မလွယ်ကူပါ။ ကျွန်ုပ်တို့ ထည့်သွင်းသည့် အကွက်များကို ထုတ်မပြောသည့်တိုင် ဤသည်မှာ အရာရာကို သိရှိသော ပုံမှန်တွေ့နေကျနည်းလမ်း ဖြစ်ပါသည်။ အရာရာသည် အခြားအရာများနှင့် သီးခြားစီဖြစ်ကာ သူတို့ဘာသာ အကွက်ထဲတွင် ရှိနေသည့်အလား အားလုံးကို ကျွန်ုပ်တို့က အကွက်ထဲထည့်ပါသည်။

အယူအဆဆိုင်ရာ သိမှုအကြောင်း ဆက်လက်ရှင်းပြရန် လိုမည်မထင်ပါ။ အဓိကအချက်မှာ အမှန်တရားကို ဤနည်းဖြင့် သိရှိရန် သင်သည် ဘုရားဖြစ်ရန် မလိုပါ။ အမှန်တရားကို အယူအဆမပါဘဲ သိရှိသောအခါ သစ္စာလေးပါးကို မှန်ကန်သည်ဟု မြင်လာပြီး ယင်းတို့သည် သေချာသည်ဟု သိရှိလာပါသည်။

ဤသစ္စာလေးပါးသည် အဘယ်နည်း။ ပထမသစ္စာမှာ ဆင်းရဲဒုက္ခဖြစ်သည်။ ဒုတိယတစ်ခုမှာ ဆင်းရဲဒုက္ခ၏ အကြောင်းရင်း ဖြစ်သည်။ တတိယတစ်ခုမှာ ဆင်းရဲဒုက္ခနှင့် ၎င်း၏အကြောင်းရင်းများကို ရပ်တန့်ခြင်း ဖြစ်သည်။ စတုတ္ထ တစ်ခုမှာ ဆင်းရဲဒုက္ခ ရပ်တန့်ရာဆီသို့ လမ်းကြောင်း သို့မဟုတ် နားလည်သဘောပေါက်မှု ဖြစ်သည်။ ယင်းတို့ကို ‘‘မှန်ကန်သော ဆင်းရဲဒုက္ခ’’၊ ‘‘မှန်ကန်သော အကြောင်းရင်း’’ စသည်ဖြင့် သစ္စာတရားများဟု ခေါ်ပါသည်။

ဤဆွေးနွေးမှုတစ်ခုလုံးသည် အစမဲ့၊ အဆုံးမဲ့သော စိတ်အစဉ်ဆိုသည့် ပြန်လည်မွေးဖွားမှုနှင့် ဆက်စပ်နေပါသည်။ ပြန်လည်မွေးဖွားမှုသည် အခြေခံအုတ်မြစ်ဖြစ်သည်။ အခိုက်အတန့် တစ်ခုမှတစ်ခုသို့ အရာရာ ကြုံတွေ့မှု တစ်ခုချင်း အကြောင်းကို ပြောနေပြီး၊ ယင်းမှာ အကြောင်းအကျိုးအနေနှင့် ဆောင်ရွက်ပါက အကြွင်းမဲ့ အစ မရှိနိုင်ပါ။ ထိုသို့ ဘာမှမရှိသော နေရာမှ မစတင်နိုင်ပါ။ ထို့အတူ ဘာမှမရှိသည့်အရာအဖြစ် ပြောင်းသွားသည့် နောက်ဆုံး အခိုက်အတန့်လည်း မရှိနိုင်ပါ။ မဖြစ်နိုင်ပါ။ အကြောင်းအကျိုးဆိုသည့် အခြေခံသစ္စာမှနေ၍ စိတ်အစဉ် တစ်ခုချင်းသည် အစ၊ အဆုံး မရှိကြောင်းနှင့် ပြန်လည်မွေးဖွားမှုသည် မှန်ကန်ကြောင်း ကျွန်ုပ်တို့ ကောက်ချက်ချရပါမည်။

စစ်မှန်သော ဆင်းရဲဒုက္ခ

စစ်မှန်သော ဆင်းရဲဒုက္ခတွင် အပိုင်းသုံးပိုင်း ရှိပါသည်-

  • ပထမအချက်မှာ ကျွန်ုပ်တို့၏ ပုံမှန်မပျော်ရွှင်မှု ဖြစ်ပြီး ဆင်းရဲဒုက္ခ၏ ဆင်းရဲခြင်း ဟု ခေါ်ပါသည်။ မပျော်ရွှင်မှုကို အားလုံးကြုံဖူးကြသည်။ မပျော်ရွှင်မှုသည် တစ်ပုံစံတည်း နာကျင်မှု ဖြစ်ရန်မလိုပါ။ ပျော်ရွှင်မှုနှင့် မပျော်ရွှင်မှု၊ သာယာမှုနှင့် နာကျင်မှုတို့သည် မတူညီသော အတွဲများ ဖြစ်ပါသည်။ သာယာမှုနှင့် နာကျင်မှုမှာ ရုပ်ခံစားချက်များဖြစ်ပြီး ပျော်ရွှင်မှုနှင့် မပျော်ရွှင်မှုမှာ စိတ်အခြေအနေများ ဖြစ်ပါသည်။ တစ်စုံတစ်ယောက်သည် နာကျင်မှု ကြုံရသော်လည်း ယင်းကို ပျော်ရွှင်နေနိုင်ပါသည်။ အပြင်းအထန် အားကစား လေ့ကျင့်ပြီးချိန်လိုဖြစ်ပါသည်။ အချို့ကမူ သာယာမှုကို ကြုံရသော်လည်း ယင်းကို မပျော်ရွှင်ဘဲ ဖြစ်နိုင်ပါသည်။ အတင်းအကျပ် လိင်ဆက်ဆံရန် ဖိအားပေးခံရသလို ဖြစ်ပါသည်။ ထို့ကြောင့် ယင်းတို့မှာ မတူညီသော အတွဲနှစ်ခုဖြစ်သည်။ ဤနေရာတွင် အားလုံးသိသည့် မပျော်ရွှင်မှု အကြောင်း ပြောနေခြင်းဖြစ်ပြီး ဆင်းရဲဒုက္ခအမျိုးမျိုး ပြည့်နေသော ပိုဆိုးသည့် ပြန်လည်မွေးဖွားမှု အမျိုးအစားများ အနေနှင့် ဖော်ပြထားပါသည်။
  • ဒုတိယ အမျိုးအစားကို အပြောင်းအလဲ၏ ဆင်းရဲခြင်း ဟု ခေါ်ပါသည်။ ၎င်းသည် ကျွန်ုပ်တို့၏ ပုံမှန်ပျော်ရွှင်မှု ကို ဆိုလိုပါသည်။ ကျွန်ုပ်တို့ ပုံမှန် ပျော်ရွှင်မှုတွင် ပြဿနာမှာ ၎င်းသည် ဘယ်တော့မှ ကြာရှည်မတည်သလို စိတ်ကျေနပ်မှုလည်း မပေးပါ။ အမြဲတမ်း ပို၍သာ လိုနေပါသည်။ အများကြီး ရလာပြန်လျှင်လည်း စိတ်အနှောင့်အယှက် ဖြစ်ပြီး မပျော်ရွှင်မှုအဖြစ် ပြောင်းသွားပြန်ပါသည်။ လွယ်ကူသော နမူနာတစ်ခုမှာ သင်နှစ်သက်သော အစားအသောက်ကို အများကြီးစားခြင်းကြောင့် ဖျားနာခြင်းမျိုး ဖြစ်ပါသည်။ ထိုအခါ ထပ်မစားချင်တော့ပါ။ မပျော်ရွှင်တော့ပါ။ ထို့ကြောင့် ပြဿနာမှာ ကျွန်ုပ်တို့၏ ပုံမှန် ပျော်ရွှင်မှုသည် စိတ်ကျေနပ်ဖွယ် မရှိပါ။ သို့မဟုတ် မတည်မြဲပါ။ ကျွန်ုပ်တို့၏ ပုံမှန်ဘဝသည် အတက်အကျ ရှိပြီး တစ်ခါတစ်ရံ ပျော်ရွှင်သလို တစ်ခါတစ်ရံ မပျော်ရွှင်ပါ။ သို့သော် ထိုအတွက် အာမခံချက် မရှိပါ။ အနီးဝန်းကျင်တွင် ဘာဖြစ်နေသည်ဖြစ်စေ ခဏကြာလျှင် ဘယ်လိုခံစားရမည်ကို လုံးဝမသိနိုင်ပါ။ ရုတ်တရက် မပျော်ရွှင်ခြင်း၊ ငြီးငွေ့ခြင်း၊ စိတ်ဓာတ်ကျခြင်း ဖြစ်နိုင်ပါသည်။ အဆက်မပြတ် အတက်အကျ ဖြစ်၍သာ နေပါသည်။
  • ဆင်းရဲဒုက္ခ တတိယ အမျိုးအစားကို နေရာတိုင်းပျံ့နှံ့နေသော ဆင်းရဲဒုက္ခ ဟု ခေါ်သည်။ ၎င်းသည် ကျွန်ုပ်တို့၏ မပျော်ရွှင်မှု၊ သာမန်ပျော်ရွှင်မှုတို့ အတက်၊ အကျ ကြုံရသည့် အခြေခံ ဖြစ်ပါသည်။ အခြေခံအချက်မှာ ကျွန်ုပ်တို့၏ ထိန်းချုပ်မရစွာ ပြန်ဖြစ်နေသော တည်ရှိမှု သို့မဟုတ် ပြန်လည်မွေးဖွားမှု၊ သက္ကတဘာသာဖြင့် သံသရာ ဖြစ်ပါသည်။ ဘဝ၏ အတက်အကျများ သို့မဟုတ် သာမန်ပျော်ရွှင်မှု၊ မပျော်ရွှင်မှုများ ကြုံတွေ့ရန် အခြေခံဖြစ်သော ခန္ဓာနှင့်စိတ် အမျိုးအစားဖြင့် ကျွန်ုပ်တို့သည် အကြိမ်ကြိမ် ပြန်လည်မွေးဖွားနေပါသည်။ ဤသည်မှာ ဆင်းရဲဒုက္ခအမှန် ဖြစ်သည်။ ကျွန်ုပ်တို့၏ တကယ့်ပြဿနာအစစ် ဖြစ်သည်။ အမှန်တရားကို ကျွန်ုပ်တို့မြင်ပါက ဤအရာကို အဓိကဆင်းရဲဒုက္ခဟု မြင်လာပါမည်။

ဆင်းရဲဒုက္ခ၏ စစ်မှန်သော အကြောင်းရင်းများ

အမှန်တရားကို မြင်လာပါက ကျွန်ုပ်တို့ ကြုံရသော အရာများသည် အတက်အကျရှိသည့် စစ်မှန်သောအချက်ကို မြင်လာပါမည်။ ယင်းသည်လည်း အဆက်မပြတ် ဆက်ဖြစ်နေသည့် အခြေခံ ရှိပါသည်။ ဤသို့မြင်လာသောအခါ ယင်းမှာအကြောင်းတရားမှ ဖြစ်လာသည်ကို နားလည်လာပါသည်။ နှိုင်းရသစ္စာ၏ အဓိကအချက်မှာ အရာအားလုံး အကြောင်းတရားများကြောင့် ပေါ်ထွက်လာခြင်း ဖြစ်ပါသည်။ ထိုအခါ ဆုတောင်းစာပိုဒ်တွင် ဖော်ပြသည့်အတိုင်း အဆက်မပြတ် ထိန်းချုပ်မရစွာ ပြန်လည်မွေးဖွားမှုအတွက် စစ်မှန်သော အကြောင်းရင်းက အဘယ်နည်း။ တစ်နည်းဆိုသော် ယင်းသည် ဘယ်လိုဖြစ်ပေါ်လာပါသနည်း။ ဤသို့အဖန်ဖန်လည်နေသော စက်ဝန်းကို ဆက်ဖြစ်စေသော အကြောင်းရင်းသည် အဘယ်နည်း။

နောက်ဆုံးသင်တန်းချိန်တွင် ကျွန်ုပ်တို့သည် မပျော်ရွှင်မှု ကြုံတွေ့ပါက အပျက်သဘော အပြုအမူ၏ ရလဒ်ဖြစ်သည်ကို လည်းကောင်း၊ သာမန်ပျော်ရွှင်မှု ကြုံတွေ့ပါက အပြုသဘော အပြုအမူ၏ ရလဒ်ဖြစ်သည်ကိုလည်းကောင်း တွေ့ခဲ့ပါသည်။ ဤအထဲသို့ ကံ ကိုပေါင်းထည့်ကာ ယင်းကို စိတ်လိုက်မာန်ပါဖြစ်မှုဟု တစ်ခါတစ်ရံ ဘာသာပြန်ပါသည်။ ထို့ကြောင်း စိတ်လိုက်မာန်ပါ အပျက်သဘော အပြုအမူနှင့် စိတ်လိုက်မာန်ပါ အပြုသဘော အပြုအမူဟူ၍ ရရှိလာပါသည်။ ဤသည်မှာ ဘုရားရှင်၏ အပြုသဘော အပြုအမူနှင့် မတူပါ။ သို့သော် စိတ်လိုက်မာန်ပါ ဖြစ်သော အပြုအမူဖြစ်သည် ဆိုရာတွင် အတ္တအခြေခံပြီး ကောင်းတာကို စိတ်လိုက်မာန်ပါ ပြုမူခြင်း သို့မဟုတ် စိတ်လိုက်မာန်ပါ ပြီးပြည့်စုံရန်နှင့် အရာရာမှန်ကန်စွာ ဆောင်ရွက်ရန် ဖြစ်သည်။ ဤသည်မှာ အတော်လေး မူမမှန်တော့ပါ။

စိတ်လိုက်မာန်ပါ ပြုမူနေပါက အနှောင့်အယှက်ပေးသော စိတ်ခံစားချက်နှင့် သဘောထားများ၏ လွှမ်းမိုးမှုအောက်တွင် ရှိနေသောကြောင့် ဖြစ်ပါသည်။ စိတ်လိုက်မာန်ပါ အပျက်သဘော အပြုအမူအနေနှင့် ဆွေးနွေးခဲ့ပြီး ဖြစ်ပါသည်။ ဒေါသဖြင့် တစ်ယောက်ယောက်ကို သတ်သည်။ လောဘဖြင့် တစ်ခုခုကို ခိုးယူသည်။ မသိနားမလည်မှုဖြင့် မိမိအပြုအမူက အကျိုးဆက် မရှိကြောင်း ‘‘ငါ့ကို လူမမိနိုင်ဘူး။ အရေးမကြီးဘူး။ ခိုးမိလည်း ပျော်စရာဖြစ်မယ်’’ ဟူ၍ တွေးထင်ပါသည်။

ဤစိတ်လိုက်မာန်ပါ အပျက်သဘော အပြုအမူ၏နောက်တွင် သတိမရှိမှု ပါဝင်ပါသည်။ ‘‘လျစ်လျူရှုမှု’’ ဟုတစ်ခါတစ်ရံ ဘာသာပြန်ပါသည်။ သို့သော် ဤသည်မှာ ကျွန်ုပ်တို့သည် မိုက်မဲသည်ဟု မဆိုလိုဘဲ ရှုပ်ထွေးနေသည်ဟု ဆိုလိုပါသည်။ ဘာကို သတိမပြုမိပါသနည်း။ အရင်ဆုံး အကြောင်းနှင့် အကျိုးကို သတိမပြုမိပါ။ တကယ် နားလည်ပြီး အခိုင်အမာ ယုံကြည်ပါက အပျက်သဘော ပြုမူမည် မဟုတ်ပါ။ ယင်းသည် ကျွန်ုပ်တို့ကို နောက်ဆုံးတွင် ဆင်းရဲဒုက္ခ ဖြစ်စေလိမ့်မည်ဟု ပင်ကိုသိစိတ်အရ သိလာပါမည်။ ဤသည်မှာ ပြစ်ဒဏ်ခတ်ခြင်း မဟုတ်ဘဲ မိမိဖန်တီးသည့် အကြောင်းတရား၏ ရလဒ်သာ ဖြစ်ပါသည်။

တကယ်တော့ သတိမရှိမှု နှစ်မျိုးနှစ်စား ရှိပါသည်။ အပျက်သဘော ပြုမူခြင်းသည် အဆုံးတွင် မပျော်ရွှင်မှု ဖြစ်စေမည်ကို မသိခြင်း ဖြစ်နိုင်သလို ‘‘အပျက်သဘော ပြုမူရင် ငါပျော်ရွှင်မယ်။ လိုချင်တာ ခိုးလိုက်ရင် ပျော်လာလိမ့်မယ်။ ရန်သူကို သတ်လိုက်ရင် ပျော်ရလိမ့်မယ်’’ ဆိုပြီး ပြောင်းပြန်ပုံစံ တွေးခြင်းလည်း ဖြစ်နိုင်ပါသည်။ အပျက်သဘော ပြုမူပြီးပြီးချင်း ‘‘အင်း၊ ဒီခြင်ကို သတ်လိုက်ပြီ။ ခုမှပဲ အနားယူနိုင်တယ်’’ ဆိုပြီး ပျော်ရွှင်မှု ခံစားရနိုင်ပါသည်။ မည်သို့ဆိုစေ ဘာဖြစ်ဖြစ် ပျော်ရွှင်ခြင်းတွင် ရေရှည်အကျိုးဆက်များ အနေနှင့် ဤသို့သော အပျက်သဘော အပြုအမူကြောင့် ဖြစ်ပါသည်။ ထို့ကြောင့် အပျက်သဘော အပြုအမူသည် အကြောင်းအကျိုး မသိမှုမှ ပေါ်ထွက်လာပါသည်။ တစ်နည်းဆိုသော် နှိုင်းရသစ္စာကို မသိမှုဖြစ်သည်။ ဤအရာအားလုံးကို အလွယ်တကူ နားလည်မည်ဟု ဟန်ဆောင်မပြောလိုပါ။ အကြောင်းမှာ တကယ်လည်း မလွယ်ကူပါ။ သို့သော် ကြိုးစားကြည့်နိုင်သည့်အချက်တော့ ဖြစ်ပါသည်။

ဤအချက်ကို အနှစ်ချုပ်ရလျှင် ကျွန်ုပ်မကြာခဏ မပျော်ရွှင်ရသည့် အကြောင်းရင်းမှာ အကြောင်းအကျိုးကို နားမလည်သောကြောင့် ဖြစ်ပါသည်။ စိတ်တွင် လောဘ၊ ဒေါသ၊ မနာလိုမှု စသည်တို့ ပြည့်နေသောအခါ အပြုသဘောပုံစံဖြင့် စိတ်လိုက်မာန်ပါ ပြုမူစေပါသည်။ ဤသည်မှာ မိမိကိုယ်ကို အမှန်ပင် ပျက်စီးစေပါသည်။ အဘယ်ကြောင့်ဆိုသော် အကျိုးဆက်အနေနှင့် အမြဲလိုလို မပျော်ရွှင်မှု ဖြစ်လာပါသည်။ ကျွန်ုပ်တို့သည် ဤသို့သော အချိတ်အဆက်မျိုး ရရှိရန် လိုပါ၏။

ကျွန်ုပ်တို့ ကြုံရသော ပျော်ရွှင်မှုသည်လည်း မသိမှုမှ ပေါ်ထွက်ပါသည်။ သို့သော် ဤနေရာတွင် အရာရာအပေါ် အနက်ရှိုင်းဆုံး သစ္စာကို သတိမပြုမိမှု ဖြစ်ပါသည်။ ပိုပြီးတိတိကျကျ ပြောရလျှင် အပြုသဘောရော၊ အပျက်သဘော အပြုအမူပါ သတိမပြုမိခြင်း အကြောင်းခံ ရှိနေသည်ဟု ဆိုရပါမည်။ အပျက်သဘော အပြုအမူအတွက် အနက်ရှိုင်းဆုံး သစ္စာရော၊ နှိုင်းရသစ္စာကိုပါ သတိမပြုပါ။ အပြုသဘော အပြုအမူအတွက် အနက်ရှိုင်းဆုံးသစ္စာကို သတိမပြုမိပါ။ ခေါင်းထဲတွင် ‘‘ဘာလုပ်ရမလဲ။ ကိုယ့်လမ်းကြောင်းကိုယ် သွားချင်တယ်။ စိုးရိမ်မိတယ်’’ ဟုတွေးနေသည်။ ထိုသို့ ပြောနေသည့် ‘‘ငါ’’ ဟု အမှန်ပင် တွေ့နိုင်သောအရာတစ်ခုလို ထင်ရပါသည်။ သို့သော် ဤသည်မှာ အမှန်တရားနှင့် မဆက်စပ်ပါ။ ထိုသို့သောအရာ မရှိပါ။ မိမိအတွေးကို စာစီထားခြင်းသာဖြစ်ပြီး ငြီးတွားစိုးရိမ်နေသော ‘‘ငါ’’ ဟူ၍မရှိပါ။ ကျွန်ုပ်တို့တည်ရှိပုံကို သတိမပြုမိသောအခါ အနက်ရှိုင်းဆုံး အမှန်တရားကို သတိမပြုမိတော့ပါ။ ကိုယ်ထဲရှိ စိတ်ကူးယဉ် ‘‘ငါ’’ ဖြင့် မှန်းဆသတ်မှတ်ပါတော့သည်။ ယင်းသည် အမှန်တရားနှင့် မဆက်စပ်သည့်အတွက် ကျွန်ုပ်တို့ မလုံခြုံတော့ပါ။ ကိုယ့်ကိုယ်ကို လုံခြုံအောင် ကြိုးစားလာပါသည်။ လုံးဝမအောင်မြင်မှာလည်း သေချာပါသည်။

စိတ်ကူးထားသော ‘‘ငါ’’ ကို လုံခြုံအောင် ကြိုးစားရန် အသုံးပြုသော နည်းစနစ်တစ်ခုမှာ ကျွန်ုပ်တို့၏ အနှောင့်အယှက် ပေးသော စိတ်ခံစားချက်များ ဖြစ်သည်။ ‘‘တစ်ခုခုကို ရယူနိုင်ရင် လုံခြုံမှု ရှိမှာပဲ’’ ဟု ခံစားရသည်။ ထို့ကြောင့် လောဘ၊ တွယ်တာမှုနှင့် တဏှာတို့ ရှိလာပါသည်။ ထို့နောက် ‘‘ဒါကို ဖယ်ပစ်နိုင်ရင် လုံခြုံမှု ရှိမှာပဲ’’ ဟု ခံစားရသည်။ ထို့ကြောင့် ဒေါသနှင့် တွန်းကန်မှုတို့ ရှိလာပါသည်။ သို့မဟုတ် မသိမှုဖြင့် ‘‘ငါ့အား ခြိမ်းခြောက်နေသောအရာအားလုံး မရှိသလို ဟန်ဆောင်လိုက်ရင် လုံခြုံသွားမှာပဲ’’ ဟု တွေးမိနိုင်သည်။ ဤအခြေခံဖြင့် အပျက်သဘော အပြုအမူလည်း ရှိလာပါသည်။ ဥပမာ၊ မိမိ၏ စိတ်ဖိစီးမှု တိုးပွားလာခြင်းကို လျစ်လျူရှုသောအချိန်မျိုး ဖြစ်သည်။ ဒေါသအခြေခံဖြင့် အခြားသူများကို အော်ငေါက်သည်။ ထိခိုက်နာကျင်စေသည်။ အသက်ပင် သတ်ပါသည်။ လောဘဖြင့် ခိုးယူသည်။ အခြားသူများကို နာကျင်စေသည့် မသင့်လျော်သော လိင်မှုကိစ္စတွင် ကျူးလွန်သည်။ မောဟ မသိမှုဖြင့် အလုပ် အလွန်ကြိုးစားသည်။ မကျန်းမာသော အစားအသောက်များ စားပြီး အားကစားလည်း မလုပ်တော့ပေ။ ထို့ကြောင့် ဤအရာအားလုံးသည် မိမိတို့ တည်ရှိပုံနှင့် အကြောင်းအကျိုးအပေါ် အနက်ရှိုင်းဆုံးသစ္စာကို မသိမှုမှ လာပါသည်။

အပြုသဘော အပြုအမူနှင့်ပတ်သက်၍ အနှောင့်အယှက်ပေးသော စိတ်ခံစားချက် အခြေခံ မရှိလျှင်လည်း ထိုနောက်ကွယ်၌ မသိမှု ရှိနေဆဲဖြစ်ပါသည်။ ကျွန်ုပ်တို့၏ တည်ရှိမှုကို ပြီးပြည့်စုံမှု သို့မဟုတ် ကောင်းမွန်မှုဖြင့် လည်းကောင်း၊ အတော်ဆုံး မိဘ စသည်ဖြင့်လည်းကောင်း အတည်ပြု သက်သေပြရန် ကြိုးစားပါသည်။ ‘‘ဒါက ငါ၏ခေါင်းထဲက ‘ငါ’ ကို လုံခြုံမှု ရှိစေလိမ့်မည်’’ ဟုထင်သော်လည်း လုံးဝမအောင်မြင်ပါ။ ကျွန်ုပ်တို့သည် လုံးဝ လုံခြုံမှု မရှိပါ။ အခြားသူများကို ကူညီရာမှ ပျော်ရွှင်မှုအချို့ ခံစားရသော်လည်း သာမန်ပျော်ရွှင်မှု မျှသာ ဖြစ်သောကြောင့် တာရှည်မခံပါ။ ကျွန်ုပ်တို့သည် ဘယ်တော့မှ စိတ်ကျေနပ်မှု မရှိပါ။ အကြောင်းမှာ လုံလောက်အောင် မကောင်းမွန်ကြောင်း၊ လုံလောက်အောင် ပြီးပြည့်စုံမှု မရှိကြောင်း မလွဲမသွေ ခံစားနေရသေးသောကြောင့် ဖြစ်ပါသည်။ တစ်ခုခု သက်သေပြရမည်ဟု ခံစားနေရဆဲ ဖြစ်ပါသည်။ ကျွန်ုပ်တို့ တည်ရှိပုံအပေါ် အနက်ရှိုင်းဆုံး အဆင့်၌ ဤမသိမှုကို အခြေခံထားသည်မှာ ရှင်းနေပါသည်။

ဤသို့သော ဆင်းရဲဒုက္ခအတွက် မပျော်ရွှင်မှုနှင့် သာမန်ပျော်ရွှင်မှု အတက်၊ အကျများ ကြုံတွေ့ရမှု အခြေခံတွင် ‘‘အမှီအခိုဖြင့် ပေါ်ပေါက်သော အချိတ်အဆက် ၁၂ ခု’’ ဆိုသည့် အလွန်ရှုပ်ထွေးသော အစီအစဉ် ရှိလာပါသည်။ ဤနေရာတွင် အသေးစိတ် မရှင်းပြသော်လည်း ယင်းမှာ ကံ၏ ဆောင်ရွက်ပုံနှင့် သက်ဆိုင်ပါသည်။

အရှင်းဆုံး ပြောရလျှင် ကံဆိုသည်မှာ အပျက်သဘောဖြစ်စေ၊ အပြုသဘောဖြစ်စေ အချို့သောနည်းများဖြင့် ကျွန်ုပ်တို့ ပြုမူမှုကို အခြေခံသည့် စိတ်လိုက်မာန်ပါဖြစ်မှုကို ဆိုလိုပါသည်။ စိတ်လိုက်မာန်ပါ ဆိုသည်မှာ အမှန်တကယ် ဘာကို ဆိုလိုပါသလဲ။ စိတ်လိုက်မာန်ပါဖြစ်မှုသည် တစ်ခုခုအပေါ် သင်တကယ် မထိန်းချုပ်နိုင်သည့် သဘောမျိုး ဆိုလိုသည်။ ဥပမာ၊ လက်ချောင်းများ စိတ်လိုက်မာန်ပါ ခေါက်နေမိခြင်း ဖြစ်သည်။ ဤသည်မှာ တစ်ခုခု ဆောင်ရွက်လိုစိတ် ခံစားမိခြင်းမှ ပေါ်ထွက်လာပါသည်။ တိဘက်ဘာသာ စကားလုံးတွင် ‘‘ဒါကိုပြုလုပ်ချင်တယ်။ ဒါကိုပြုလုပ်ချင်တယ်။ ဒါကိုပြုလုပ်ချင်တယ်။’’ ဟု ဆိုလိုပြီး အော်ဟစ်ခြင်း၊ ပွေ့ဖက်ခြင်း၊ စားသုံးခြင်း ပြုလုပ်လိုသော ခံစားချက်မျိုး ဖြစ်သည်။ ထို့နောက် စိတ်လိုက်မာန်ပါ ဖြစ်မှုဝင်လာပြီး လုပ်ဆောင်မိပါတော့သည်။ ဤနည်းဖြင့် အပျက်သဘော ဆောင်ရွက်ချက်ဖြစ်လျှင် မပျော်ရွှင်မှု ကြုံတွေ့ရန်၊ အပြုသဘော ဆောင်ရွက်ချက်ဖြစ်လျှင် ပျော်ရွှင်မှု ကြုံတွေ့ရန် ထိုဆောင်ရွက်ချက်နှင့် ဖြစ်လိုစိတ်ကို ထပ်မံဆောင်ရွက်လိုစိတ်များ စုစည်းလာစေပါသည်။ ဤသို့ ဖြစ်တတ်မှုကို အချို့အခြေအနေများက အချို့အချိန်များတွင် နှိုးဆွပါလိမ့်မည်။ ရင့်ကျက်လာသောအခါ ကျွန်ုပ်တို့ ပျော်ရွှင်လာသည်။ သို့မဟုတ် ဝမ်းနည်းလာသည်။ သို့မဟုတ် ထပ်မံအော်ငေါက်ချင်လာသည်။ သို့မဟုတ် ထပ်မံပွေ့ဖက် ချင်လာပါသည်။

ဤသည်မှာ စဉ်ဆက်မပြတ်သည့် အစီအစဉ်ဖြစ်ပြီး ဆက်ဖြစ်နေပါသည်။ ဤအပြုအမူမျိုးကို ကျွန်ုပ်တို့က အမြဲတမ်း ဆက်လက်ကြုံတွေ့လိုစိတ် ရှိနေသောကြောင့် ဖြစ်သည်။ ထိုအခါ အပြုအမူပုံစံကို ကျွန်ုပ်တို့က အမြဲမပြတ် အားဖြည့်ခိုင်မာစေသည့်အတွက် ယင်းသည် အဆုံးမရှိ ပြန်ပြန်ဖြစ်နေပါသည်။ ထို့ပြင် ဤသို့သော ပျော်ရွှင်မှု၊ မပျော်ရွှင်မှု အတက်အကျကို အမြဲကြုံတွေ့နေရပါသည်။

ဤနေရာတွင် အဆီလျော်ဆုံး မေးခွန်းမှာ ဤဖြစ်လိုစိတ်များက ကျွန်ုပ်တို့အပြုအမူကို ထပ်ကျော့ ဆောင်ရွက်လိုစိတ် ရှိအောင် ဘယ်လို နှိုးဆွပြီး ရလဒ် ပေါ်ထွက်စေပါသလဲ။ အချိတ်အဆက် ၁၂ ခုတွင် ဤအကြောင်းကို အလွန် ရှုပ်ထွေးသည့်တိုင် သေချာရှင်းပြထားပါသည်။ ကျွန်ုပ်တို့သည် ဤအတက်အကျကို အမြဲ ကြုံနေပြီး ယင်းသည် အလွန်ပြင်းထန်ရန် မလိုပါ။ အိပ်နေစဉ်တွင်လည်း ကျွန်ုပ်တို့သည် ကောင်းကောင်း အိပ်မပျော်သည့် ကြားခံ အခြေအနေများ ရှိသလို သိပ်မပျော်ရွှင်ပါ။ သို့ဆိုလျှင် မပျော်ရွှင်မှုနှင့် သာမန်ပျော်ရွှင်မှုတို့ ကြုံရသောအခါ ကျွန်ုပ်တို့၏ စိတ်အခြေအနေက ဘာဖြစ်ပါသလဲ။ ဤအတွက် သက္ကတဘာသာ စကားလုံးမှာ ဆာလောင်မှုဆိုသည့် တဏှာ ဖြစ်ပါသည်။ ယင်းကို ‘‘တပ်မက်ခြင်း’’ ဟု ဘာသာပြန်လေ့ရှိသော်လည်း တကယ့် စကားလုံးက ဆာလောင်မှု ဖြစ်ပါသည်။

အခြေခံအားဖြင့် မပျော်ရွှင်မှု ကြုံရသောအခါ ယင်းကိုဖယ်ရှားရန် အသေအလဲ ဆာလောင်ပါသည်။ ရေငတ်မှုကို ဖျောက်ဖျက်လိုစိတ်အတိုင်းပင် ဖြစ်ပါသည်။ ပျော်ရွှင်မှု ကြုံသောအခါ ယင်းကိုမခွဲခွါနိုင်ဘဲ ပိုပြီးဆာလောင်ပါသည်။ တကယ် ရေဆာပြီး ပထမဆုံး တစ်ငုံ သောက်လိုက်ရာ ရေငတ်မပြေသလိုပင် မဟုတ်ပါလား။ မခွဲခွါလိုဘဲ ပို၍ပို၍ လိုအပ်နေပါသည်။ ထိုအခါ ခိုင်မာသော ငါ ဟူ၍ ဆုပ်ကိုင်တွယ်တာမိလာပါသည်။ ‘‘ဒီမပျော်ရွှင်မှုကို ဖယ်ရှားရမယ်’’၊ ‘‘ဒီပျော်ရွှင်မှု မပျောက်ပျက်စေရဘူး’’ စသည်ဖြင့် တွေးလာသည်။ ထိုအခါ ကံမြောက်သောစိတ်များ နှိုးဆွလိုက်ပါသည်။ ဤသည်မှာ အားလုံးပျံ့နှံ့နေသော ဆင်းရဲဒုက္ခအားလုံး၏ တကယ့် အကြောင်းရင်း ဖြစ်ပါသည်။ ထို့ကြောင့် ပျော်ရွှင်မှု၊ မပျော်ရွှင်မှု စသည်တို့ ကြုံတွေ့လိုစိတ်သည် ကျွန်ုပ်တို့၏ စိတ်လိုက်မာန်ပါအပြုအမူနှင့် အနှောင့်အယှက်ပေးသော စိတ်ခံစားချက်များ ပေါင်းစပ်ရာမှ ပေါ်ထွက်လာသည်။ ယင်းတို့သည်လည်း အနက်ရှိုင်းဆုံး အဆင့်တွင် အမှန်တရားကို မသိမှုမှ ပေါ်ထွက်လာပါသည်။ ထိုအမှန်တရား ဆိုသည်မှာ ကျွန်ုပ်တို့၏ ခံစားချက်များ တည်ရှိပုံ (အမြဲတမ်း ပြောင်းလဲနေသည်) နှင့် ကျွန်ုပ်တို့ အမှန်တကယ် တည်ရှိပုံ (တွယ်တာမှုဖြင့် တစ်နည်းနည်း လုံခြုံအောင် ပြုလုပ်၍ မရသည့် ကျွန်ုပ်တို့ခေါင်းထဲမှ ရှာတွေ့နိုင်သော၊ မလုံခြုံသော အရာအချို့ မဟုတ်ပါ) ဖြစ်ပါသည်။

ဤသို့မသိမှုသည် အခြေခံ အကြောင်းရင်းဖြစ်ပြီး ကျွန်ုပ်တို့၏ အပြုသဘောရော၊ အပျက်သဘော အပြုအမူနှင့်ပါ ဆက်စပ်နေပါသည်။ ဤသည်မှာ ပျော်ရွှင်မှု၊ မပျော်ရွှင်မှု ဖြစ်ရန်၊ ကျွန်ုပ်တို့ အပြုအမူကို ထပ်မံပြုလုပ်ရန်၊ အမှန်တကယ် တည်ရှိရန် ဖြစ်လိုစိတ်များ ပေါ်စေသော တကယ့်ဒုက္ခပေးသောအရာများ ဖြစ်ပါသည်။ ဤဆာလောင်မှုကို လေ့လာပါက ကျွန်ုပ်တို့ တည်ရှိပုံကို မသိမှုနှင့် ပင်ကိုသိစိတ်အရ ချိတ်ဆက်နေပါသည်။ ‘‘ငါသည် တစ်ဦးတည်းသော အရေးအကြီးဆုံး ‘ငါ’ ဖြစ်သည်။ ထို့ကြောင့် ဒီပျော်ရွှင်မှုမှာ ပါဝင်ရမည်။ မပျော်ရွှင်တာ မဖြစ်အောင် အရမ်းအရေးကြီးတယ်’’ ဟု တွေးသည်။ ‘‘ကောင်းပြီ။ ပျော်တာ၊ မပျော်တာ… ဘာထူးမလဲ’’ ဟုမတွေးပါ။ အဆက်မပြတ် ထိန်းချုပ်မရစွာ ပြန်လည်မွေးဖွားမှု၏ တကယ့် အကြောင်းခံမှာ သစ္စာနှစ်ချက်ကို ကျွန်ုပ်တို့ သတိမရှိမှုသာ ဖြစ်ပါသည်။

ဆင်းရဲဒုက္ခ၏ အကြောင်းရင်းများကို စစ်မှန်သော ရပ်တန့်ခြင်း

တတိယသစ္စာမှာ စစ်မှန်သော ရပ်တန့်ခြင်း ဖြစ်ပါသည်။ ဆင်းရဲဒုက္ခ၏ အကြောင်းရင်းများ ရပ်တန့်လိုက်သည့်အတွက် ဆင်းရဲဒုက္ခလည်း ရပ်တန့်သွားပါသည်။ ဤသို့ အမှန်တရားကို မသိမှု ထာဝရ ဖယ်ရှားရန် မည်ကဲ့သို့ ဖြစ်နိုင်ပါသနည်း။ အမှန်တရားနှင့် မသက်ဆိုင်ကြောင်း သင်သိရှိသောအခါ ယင်းအတွက် အခြေခံအုတ်မြစ် မရှိပါ။ မှန်ကန်တာ တစ်ခုခုနှင့် မသက်ဆိုင်သလို ယင်းကို ထိန်းထားသောအရာလည်း မရှိပါ။

ဥပမာ၊ ရုပ်သေးပွဲတွင် ပြကွက်အချို့ မြင်သောအခါ ယင်းကို နောက်ကွယ်မှ ထောင်ထားသည့် တုတ်ချောင်းများ ရှိပါသည်။ တိဘက်ဘာသာ ဝေါဟာရတွင် ကျွန်ုပ်တို့၏ မဖြစ်နိုင်သော မှန်းဆချက်များကို ထိန်းထားသည့် ထိုတုတ်ချောင်းများနှင့် တူသောအရာ မရှိဟု ဆိုလိုပါသည်။ ပြကွက်ကို ထိန်းထားသောအရာ မရှိပါက ဘာဖြစ်မည်နည်း။ ပြိုပျက်ကျလာပါသည်။

ကျွန်ုပ်တို့၏ မှားယွင်းသော မှန်းဆချက်များကို ထိန်းထားသောအရာ မရှိသောအချက်ကို အာရုံစိုက်လာနိုင်သောအခါ အလေ့အကျင့်လည်း ရလာပါက နောက်ဆုံးတွင် ဤသို့သိမြင်သဘောပေါက်မှုကို ထာဝရ အာရုံစိုက်လာနိုင်ပါသည်။ ပြကွက်သည် အမြဲတမ်း တည်ရှိနေစရာအကြောင်း မရှိပါ။ ခေါင်းထဲက ငါ ဆိုသောအရာက ‘‘ဘာလုပ်ရမလဲ’’၊ ‘‘ပြီးပြည့်စုံချင်တယ်’’၊ ‘‘ကိုယ့်လမ်းကိုယ် သွားရမယ်’’ ဟုတွေးနေခြင်း ရပ်တန့်သွားပါမည်။ ကျွန်ုပ်တို့၏ မှန်းဆချက်များကို ထိန်းထားသောအရာ မရှိကြောင်း မြင်လာသောအခါ ကျွန်ုပ်တို့၏စိတ်သည် မဖြစ်နိုင်သော အရာမှန်သမျှကို မမှန်းဆတော့ပါ။ ဤအခြေခံအရ ထိုဖြစ်လိုစိတ်များကို ထပ်မနှိုးဆွတော့ပါ။ အကြောင်းမှာ နှိုးဆွစရာလည်း မရှိတော့ပါ။ ‘‘ငါ၊ ငါ၊ ငါ။ ငါပျော်ရွှင်ရမယ်။ ဝမ်းမနည်းရဘူး’’ ဆိုပြီးထပ်မရှိတော့ပါ။

ဖြစ်လိုစိတ်ကို နှိုးဆွမည့်အရာ မရှိတော့လျှင် ဖြစ်လိုစိတ်လည်း ရှိနေမည် မဟုတ်တော့ပါ။ ရလဒ်တစ်ခု ဖြစ်လိုစိတ်သည် ထိုရလဒ် ရှိနိုင်မှသာ ဖြစ်ပါသည်။ တစ်နည်းဆိုသော် ဖြစ်လိုစိတ်ဆိုသည့် အယူအဆ တစ်ခုလုံးသည် ရလဒ် ရှိသည့်အချက်ပေါ်တွင် တည်မှီပါသည်။ ရလဒ် မရှိသောအခါ ယင်းကို ထုတ်လုပ်မည့် ဖြစ်လိုစိတ်လည်း မရှိတော့ပါ။

ထိန်းချုပ်မရစွာ ပြန်ဖြစ်နေသော ပြန်လည်မွေးဖွားမှုကို ဤနည်းဖြင့် ရပ်တန့်နိုင်ပါသည်။ အစမထင်သော အချိန် ကတည်းက ကျွန်ုပ်တို့စိတ်တွင် ဖြစ်လိုစိတ်များ ပြည့်နေသော်လည်း ယင်းတို့ကို နှိုးဆွမည့်အရာ မရှိပါက ယင်းတို့လည်း မရှိတော့ပါ။ အမှန်တရားသိရှိမှုဖြင့် နေထိုင်သောအခါ ဖြစ်လိုစိတ်များ ပေါ်ထွက်စေမည့် စိတ်လိုက်မာန်ပါ အပြုအမူလည်း မစုစည်းမိတော့ပါ။ ထို့ကြောင့် ထိန်းချုပ်မရစွာ ပြန်လည်မွေးဖွားမှုနှင့် အတက်၊ အကျ ခံစားချက် များလည်း ထာဝရ ပျောက်ကွယ်သွားပါသည်။ ဤသည်မှာ စစ်မှန်သော ရပ်တန့်မှုဖြစ်ပြီး လွတ်မြောက်မှု ရရှိခြင်း ဖြစ်ပါသည်။

စစ်မှန်သော ရပ်တန့်မှု ဖြစ်စေမည့် စစ်မှန်သော စိတ်၏လမ်းကြောင်း

စတုတ္ထ သစ္စာကို ‘‘စစ်မှန်သော လမ်းကြောင်း’’ ဟု ဘာသာပြန်လေ့ ရှိပါသည်။ ရည်မှန်းချက်ဆီသို့ ခေါ်သွားသည့် လမ်းကြောင်းကဲ့သို့ စိတ်အခြေအနေများ သို့မဟုတ် နားလည်သဘောပေါက်မှုကို ဆိုလိုပါသည်။ ဤသည်မှာ သစ္စာနှစ်ချက်ကို မှန်ကန်ပြီး ပြတ်သားသော နားလည်မှု ဖြစ်ပါသည်။ ယင်းနှင့်ပိုနီးစပ်လာပြီး နောက်ဆုံးတွင် အမြဲတမ်း နှလုံးသွင်းနိုင်သည်နှင့်အမျှ ထိန်းချုပ်မရစွာ ပြန်လည်မွေးဖွားမှု၏ စစ်မှန်သော ရပ်တန့်မှု ပေါ်ပေါက်လာမည့် လမ်းကြောင်း ဖြစ်လာပါသည်။

နိဂုံးချုပ်

ဤသည်မှာ သစ္စာနှစ်ချက်မှနေ၍ သစ္စာလေးပါး ထုတ်ယူနိုင်ပုံနည်းလမ်း ဖြစ်ပါသည်။

ကျွန်ုပ်တို့သည် သံသရာ ထဲ မည်သို့ရောက်လာပါသလဲ။ ယခုလေ့လာနေသော ဆုတောင်းစာပိုဒ်အရ သစ္စာလေးပါး၏ ပထမနှစ်ချက်တွင် ဆွေးနွေးထားပါသည်။ စစ်မှန်သော ဆင်းရဲဒုက္ခနှင့် စစ်မှန်သော အကြောင်းရင်းတို့ ဖြစ်ပါသည်။ အခြေခံအားဖြင့် ကျွန်ုပ်တို့သည် သစ္စာနှစ်ချက်ကို မိမိကိုယ်တိုင် ရှုပ်ထွေးမှုဖြင့် သံသရာထဲ ဝင်လာပါသည်။ အမှန်တရားကို မသိခြင်း သို့မဟုတ် တကယ့် အမှန်တရားနှင့် အတော်ခြားနားသည်ဟု ယူဆခြင်း ဖြစ်ပါသည်။ သံသရာမှ မည်ကဲ့သို့ ထွက်ခွါရမည်နည်း။ တတိယနှင့် စတုတ္ထ သစ္စာ သို့မဟုတ် စစ်မှန်သော ရပ်တန့်မှုနှင့် စစ်မှန်သော စိတ်၏လမ်းကြောင်းများ ဖြစ်ပါသည်။ ထို့ကြောင့် အမှန်တရားအကြောင်း သစ္စာနှစ်ချက်ကို မသိရာမှ သစ္စာလေးပါး၏ ပထမနှစ်ချက် ရရှိလာပြီး ယင်းကိုသိရှိရာမှ ဒုတိယနှစ်ချက် ရရှိလာပါသည်။

ဤသည်မှာ အလွန်ရှုပ်ထွေးသော ခေါင်းစဉ်တစ်ခုဖြစ်ပါသည်။ ဗုဒ္ဓဘာသာက ဖော်ပြထားပြီး မိမိ၏ ကျင့်ကြံမှုအတွက် ရည်မှန်းထားသော ရည်မှန်းချက်များကို အမှန်တကယ် အောင်မြင်နိုင်ကြောင်း အခိုင်အမာ ယုံကြည်ချက် အချို့ ရရှိအောင် ကြိုးစားရန် ဗုဒ္ဓဘာသာ တရားတော်များနှင့် ကြိုးစားအားထုတ်ရန် နည်းလမ်းဖြစ်ပါသည်။ ယင်းကို အမှန်တကယ် နားလည်သည်နှင့် ယင်းကဆိုလိုသော အခြားအချက် အားလုံးကိုပါ စုစည်းမိလာနိုင်ပါသည်။ တရားရှုမှတ်မှုဖြင့် ယင်းကို ရင်းနှီးလာသည်။ အမှန်တရားကို မြင်တွေ့သော အလေ့အထ ဖြစ်လာပါသည်။

နာယူခြင်း၊ တွေးတောခြင်း၊ ရှုမှတ်ခြင်း အခြေခံဖြင့် ကျွန်ုပ်တို့သည် မိမိကျင့်ကြံမှုဖြင့် မိမိရည်မှန်းသောအရာသည် အမှန်တကယ် ဖြစ်နိုင်ကြောင်း၊ ယင်းမှာ အမှန်တရားဖြစ်ကြောင်း၊ အောင်မြင်နိုင်ကြောင်း၊ လုံလောက်သော အားထုတ်မှု ရှိပါက ကိုယ်တိုင် အောင်မြင်နိုင်ကြောင်း အခိုင်အမာ ယုံကြည်လာနိုင်ပါသည်။ ဤနည်းဖြင့် ကျွန်ုပ်တို့၏ ကျင့်ကြံမှုသည် ပို၍တည်ငြိမ်လာပါသည်။ အကြောင်းမှာ မိမိရည်မှန်းသောအရာက မဖြစ်နိုင်ကြောင်း မခိုင်မာသော ယုံကြည်ချက်တွင် အခြေမတည်တော့သောကြောင့် ဖြစ်ပါသည်။ ထိုသို့မဖြစ်တော့ဘဲ ကျွန်ုပ်တို့သည် သေချာရေရာလာပါတော့သည်။

Top