နိဒါန်း
သစ္စာလေးပါး
ဗုဒ္ဓမြတ်စွာသည် လွန်ခဲ့သောနှစ်ပေါင်း ၂၅၀၀ ခန့်က အိန္ဒိယနိုင်ငံတွင် နေထိုင်တော်မူခဲ့ပါသည်။ ဘုရားရှင်၏ သာဝကများတွင် မတူညီသော အယူအဆများနှင့် စွမ်းဆောင်ရည်များ ရှိသည့်အတွက် ဘုရားရှင်သည် သူတို့အား အကောင်းဆုံး သင့်တော်မည့်ပုံစံဖြင့်၊ တစ်ဦးချင်း နားလည်နိုင်သောနည်းဖြင့် ဟောကြားတော်မူခဲ့ပါသည်။ သို့သော် အားလုံးအတွက် ပထမဆုံး ဟောကြားတော်မူသည်မှာ မိမိကိုယ်တိုင် သဗ္ဗညုတ ဉာဏ်အလင်းရရှိလာပုံအကြောင်း အခြေခံ အသိပညာ ဖြစ်ပါသည်။ ‘‘သစ္စာလေးပါး’’ ဆိုသည့်အချက်ကို ဟောကြားခဲ့ခြင်းဖြစ်သည်။ ဘဝနှင့် ပတ်သက်သည့် ထိုမှန်ကန်သော သစ္စာလေးချက်ကို သာမန်လူတို့က သစ္စာတရားများဟု မမြင်ကြပါ။ အဆင့်မြင့် သိမြင်နားလည်ပြီးသူများ (အရိယာများ) က အမှန်တရားကို မြင်သိပြီးဖြစ်ရာ ယင်းတို့ကို မှန်ကန်သည်ဟု အယူအဆရေးရာမဟုတ်ဘဲ မြင်နိုင်ပါသည်။ လိုရင်းပြောရသော် ဤသစ္စာလေးပါးကြောင့် အောက်ပါမေးခွန်းများအတွက် အဖြေထွက်လာပါသည်-
- ဘဝတွင် အားလုံးကြုံတွေ့ရသော စစ်မှန်သည့် ဆင်းရဲဒုက္ခနှင့် ပြဿနာတွေက ဘာတွေလဲ။
- ယင်းတို့၏ အကြောင်းတရားများက ဘာလဲ။
- ဤပြဿနာများကို အမှန်တကယ် ဖယ်ရှားရန်၊ နောက်တစ်ဖန် လုံးဝပြန်မဖြစ်စေရန် ရပ်တန့်၍ ဖြစ်နိုင်ပါသလား။
- ဆင်းရဲဒုက္ခ၏ အကြောင်းတရားများကို ဖယ်ရှားမည်ဖြစ်သည့်အတွက် ထိုသို့ ရပ်တန့်မှုဖြစ်အောင် မည်သည့် နားလည်သဘောပေါက်မှု ရှိရမည်နည်း။
ဤမေးခွန်းများအတွက် အဖြေမှာ ဘုရားရှင်၏ လက်ကျန်ဘဝများတွင် အသေးစိတ် ဟောကြားခဲ့သမျှ၏ အခြေခံမူဘောင် ဖြစ်ပါသည်။ ဤတရားကိုပင် အရင်ဆုံး ဟောတော်မူခဲ့ပါသည်။
ဤသစ္စာလေးပါးကို လေ့လာပါက ယင်းတို့သည် တသီးတသန့် တည်ရှိနေခြင်း မဟုတ်ပါ။ အခြေခံတစ်ခုအတိုင်း ဖြစ်ပေါ်ကာ အပြည့်အဝ နားလည်လာသောအခါ ရည်မှန်းချက်တစ်ခုဆီသို့ ဦးတည်ပါသည်။ ရှင်းရှင်းပြောရလျှင် ဤသစ္စာလေးချက်ဆိုသည့် ဘဝ၏မှန်ကန်သော အချက်များအတွက် အခြေခံသည် လက်တွေ့ အမှန်တရား ဖြစ်ပါသည်။
ဗုဒ္ဓဘာသာကို စကားလုံးတစ်လုံးတည်းဖြင့် အကျဉ်းချုပ်ပြောရပါက ဗုဒ္ဓဘာသာ ဆရာတော်တစ်ပါးလည်းဖြစ်သော ကျွန်ုပ်၏ မိတ်ဆွေတစ်ယောက် ပြောသလိုပင် ‘‘သရုပ်မှန်ဝါဒ’’ ဖြစ်ပါလိမ့်မည်။
အမှန်တရားကို မြင်သိနားလည်ကာ ယင်းကို မဖြစ်နိုင်သောအရာ၊ လက်တွေ့မဟုတ်သောအရာဆိုသည့် မှန်းဆချက်များမပါဘဲ လက်ခံလာနိုင်ပါက ဘဝ၏ ပြဿနာဖြစ်နေသော အခြေအနေများကို လက်တွေ့ကျသော နည်းလမ်းဖြင့် ဖြေရှင်းလာနိုင်ပါမည်။
ထို့ကြောင့် အမှန်တရားအကြောင်း တရားတော်များသည် ဤသစ္စာလေးပါးအတွက် အခြေခံ ဖြစ်ပါသည်။ သို့သော် အမှန်တရားဆိုရာ၌ အရာရာ တည်ရှိပုံ၊ ဘဝတွင် ယင်းတို့ လုပ်ဆောင်ပုံ ဆိုသည့် အဆင့်များစွာ ပါဝင်ပါသည်။ ယင်းတို့အားလုံးကို ဘုရားရှင်က ဟောကြားတော်မူခဲ့ပါသည်။
ရတနာသုံးပါး
ဤသစ္စာလေးပါးမှနေ၍ ရှင်းလင်းလာသည်မှာ ဆင်းရဲဒုက္ခနှင့် ပြဿနာများ ကျော်လွှားရန် ကျွန်ုပ်တို့၏ ဘဝတွင် ချမှတ်ရမည့် ဦးတည်ရာလမ်းကြောင်း ဖြစ်ပါသည်။ ဤလမ်းကြောင်းကို ‘‘ရတနာသုံးပါး’’ သို့မဟုတ် ‘‘ကိုးကွယ်အားထားရာ ရတနာသုံးပါး’’ ဟု ဗုဒ္ဓဘာသာ အခေါ်အဝေါ်ဖြင့် လမ်းညွှန်ထားပါသည်။ ယင်းတို့မှာ ဘုရား၊ တရား၊ သံဃာဖြစ်သည်။ တစ်ခုချင်းစီတွင် အဓိပ္ပာယ်ဖွင့်မှု အဆင့်အမျိုးမျိုး ရှိသော်လည်း အနက်ရှိုင်းဆုံး အဆင့်တွင် အောက်ပါအတိုင်း ဆိုလိုပါသည်-
- တရားဓမ္မ - ကျွန်ုပ်တို့ ကြိုးစားအားထုတ်နေသည် ရည်မှန်းချက်ဖြစ်ကာ ပြဿနာများနှင့် ယင်းတို့၏ အကြောင်းတရားများမှ မိမိကိုယ်ကို ဖယ်ရှားပြီး ယင်းတို့ကို ထာဝရ ဖယ်ရှားပေးမည့် အပြည့်အဝ နားလည်သဘောပေါက်မှု ရရှိရေး
- ဘုရားရှင်များ - ထိုရည်မှန်းချက်ကို အပြည့်အဝ အောင်မြင်ပြီးသူများနှင့် ကျွန်ုပ်တို့ကိုယ်တိုင် မည်သို့ ဆောင်ရွက်ရမည်ကို ဟောကြားသူများ
- သံဃာ - ဤတရားတော်များအတိုင်း လိုက်နာပြီး ရည်မှန်းချက်ကို အပြည့်အဝ မဟုတ်လျှင်လည်း တစ်စိတ်တစ်ပိုင်း အောင်မြင်ပြီးသူများ။
နာလန္ဒာ ဆရာတော်ကြီး ၁၇ ပါးကို ဆုတောင်းခြင်း
ဒလိုင်းလားမား ဆရာတော်ကြီးက ရှေးခေတ်အိန္ဒိယနိုင်ငံ၏ ဗုဒ္ဓဘာသာ ကျောင်းတိုက်ကြီးမှ ဗုဒ္ဓဘာသာ ဆရာတော်ကြီး ၁၇ ပါးထံမှ စိတ်ဓာတ်တွန်းအား တောင်းခံသည့်အနေနှင့် အလွန်ပြောင်မြောက်သော စာသားကို ရေးသားခဲ့ပါသည်။ ထိုကျောင်းတိုက်ကြီးကို နာလန္ဒာဟု ခေါ်ပြီး နှစ်ပေါင်းတစ်ထောင်ခန့် တည်တံ့ခဲ့ပါသည်။ ကျောင်းတိုက်ကဲ့သို့ အုပ်ချုပ်ပြီး ထိုခေတ်ထိုအခါက နာမည်အကြီးဆုံး တက္ကသိုလ်ဖြစ်ကာ အိန္ဒိယ ဗုဒ္ဓဘာသာ အစဉ်အလာမှ ဆရာတော်ကြီးများကို မွေးထုတ်ပေးခဲ့ပါသည်။ ဘုန်းတော်ကြီး ဒလိုင်းလားမားက ဤသို့ နာမည်အကြီးဆုံး ဆရာတော်ကြီး ၁၇ ပါးကို တစ်ပါးချင်းစီထံသို့ ‘‘အရှင်ဘုရားတို့၏ ခြေရာများအတိုင်း လိုက်နာနိုင်အောင် စိတ်ဓာတ်ခွန်အား ပေးသနားတော်မူပါ’’ ဆိုသည့် ဤဆုတောင်းစာသားကို ရေးသားခဲ့ပါသည်။ တစ်ပါးချင်းထံမှ တောင်းခံသည့် စာပိုဒ်များအပြီးတွင် ဆရာတော်ကြီးအားလုံးကို တောင်းဆိုသည့် ယေဘုယျ စာပိုဒ်များစွာဖြင့် ဆရာတော်ကြီးက နိဂုံးချုပ်လိုက်ပါသည်။
ကျွန်ုပ်တင်ပြလိုသည်မှာ ထိုနိဂုံးစာပိုဒ်တစ်ခုအပေါ် ဝေဖန်ချက် ဖြစ်ပါသည်။ ၎င်းသည် အမှန်တရား (သစ္စာနှစ်ချက်)၊ သစ္စာလေးပါးနှင့် ရတနာသုံးပါးတို့ကို ရှင်းပြထားသည့်အချက်များကို အနှစ်ချုပ်ထားပါသည်။ ကိုးကွယ်အားထားရာ ဆိုသည်မှာ ဤသုံးချက်က ညွှန်ပြသည့် လမ်းကြောင်းအတိုင်း ကျွန်ုပ်တို့သွားပါက ဆင်းရဲဒုက္ခနှင့် ပြဿနာများမှနေ၍ မိမိကိုယ်ကို ကယ်တင်နိုင်ပါလိမ့်မည်။
ထိုဆုတောင်းစာပိုဒ်မှာ-
ရှိရှိသမျှအရာအားလုံးက လိုက်နာရသည့် အခြေခံနည်းလမ်းဖြစ်သော သစ္စာနှစ်ချက်၏ အဓိပ္ပာယ်ကို သိရှိခြင်းအားဖြင့်၊
‘‘လိုက်နာ’’ ဆိုသည်မှာ အရာရာ တည်ရှိပုံ၊ အရာရာ ဆောင်ရွက်ပုံကို ဆိုလိုပါသည်။ တစ်နည်းဆိုသော် အမှန်တရားကို သိရှိခြင်းဖြစ်သည်။
ကျွန်ုပ်တို့၏ ထိန်းချုပ်မရစွာ ပြန်လည်မွေးဖွားမှုကို အဆက်မပြတ် ဖြစ်နေရုံသာမက ရပ်တန့်ရန်လည်း ဖြစ်နိုင်ပုံကို သစ္စာလေးပါးမှတစ်ဆင့် အသေအချာ သိရှိလာပါသည်။
အမှန်တရားကို နားလည်လာပါက ကျွန်ုပ်တို့၏ ပြဿနာများ ဆက်လက်ဖြစ်ပေါ်ပုံကိုသာမက ယင်းတို့ကို ဖယ်ရှားနိုင်ပုံကိုလည်း ဤသစ္စာလေးပါးမှတစ်ဆင့် နားလည်လာပါမည်။
မှန်ကန်သော သိရှိမှုမှတစ်ဆင့် ကိုးကွယ်ရာသုံးပါးသည် မှန်ကန်ကြောင်း ကျွန်ုပ်တို့၏ ယုံကြည်ချက်က ခိုင်မာလာပါသည်။
ကိုးကွယ်ရာသုံးပါးကို ကျွန်ုပ်တို့ ရရှိနိုင်သော တကယ့်ရည်မှန်းချက် အနေနှင့် ဖော်ထုတ်ထားသည်ကို သတိပြုပါ။ ကျွန်ုပ်တို့၏ ပြဿနာအားလုံး တစ်ဖန်ပြန်မဖြစ်အောင် အပြည့်အဝ ရပ်တန့်ခြင်းနှင့် ယင်းမှ ရရှိလာမည့် နားလည်သဘောပေါက်မှု ဖြစ်ပါသည်။
ဗုဒ္ဓဘာသာလမ်းကြောင်းအတိုင်း ကျင့်ကြံလိုပါက ရည်မှန်းချက်တစ်ခုဆီ သွားနေရပါသည်။ ထိုရည်မှန်းကို အောင်မြင်နိုင်သည်ဟု သင်မည်သို့ သိနိုင်ပါမည်နည်း။ စိတ်ကူးယဉ် ဇာတ်လမ်းလား။ နားထောင်ကောင်းသည့် ဇာတ်လမ်းလား။ တကယ့် ဖြစ်ရပ်လား။ လူအများစုက ‘‘ငါ၏ဆရာက ဤသို့ပြောထားသည်။ ကောင်းပြီ။ ဒါကို ယုံကြည်လိုက်မယ်’’ ဆိုသည့် ယုံကြည်မှုတွင် အခြေခံကာ ရည်မှန်းအတွက် ကြိုးစားပါလိမ့်မည်။
ယင်းသည် လူအများစုအတွက် အလုပ်ဖြစ်သော်လည်း အတည်ငြိမ်ဆုံး ကျင့်ကြံမှုတော့ အမြဲမဟုတ်နိုင်ပါ။ အချိန်ကြာမြင့်စွာ ကျင့်ကြံပြီးသောအခါ ဖြစ်တတ်သည်မှာ ငါဘာလုပ်နေသလဲဟု သင့်ကိုယ်သင် ပြန်မေးခွန်း ထုတ်လာပါသည်။ ဤသည်မှာ ဒေါသ၊ တဏှာ၊ တစ်ကိုယ်ကောင်းဆန်ခြင်း အစရှိသည့် ဒုက္ခပေးသော အရာများ သင်ကြုံတွေ့နေရသေးသည့်အတွက် ဖြစ်ပါသည်။ ယင်းတို့ကို ဖယ်ရှားရန် အမှန်ပင် ခက်ခဲပါသည်။ ထို့ကြောင့် တိုးတက်မှုက နှေးကွေးပါသည်။ သို့သော် တိုးတက်မှုသည် တစ်သမတ်တည်း လုံးဝမဟုတ်သည်ကိုလည်း သဘောပေါက်ရန် လိုပါသည်။ အမြဲ အတက်အကျ ရှိပါသည်။ အချို့နေ့များတွင် ပိုကောင်းပြီး အချို့နေ့များတွင် ပိုဆိုးပါသည်။ ယုံကြည်ချက် အခြေခံဖြင့် ဗုဒ္ဓဘာသာနည်းစနစ်များ ကျင့်ကြံနေပါက တစ်ခုခု မတိုးတက်သလို ဖြစ်လာသည့်အတွက် သင်စိတ်ပျက်လာနိုင်ပါသည်။ ထိုအခါ ‘‘ဒီရည်မှန်းချက်ကို တကယ်ပဲ ရောက်နိုင်ရဲ့လား’’ ဟု မေးခွန်းထုတ်လာပါမည်။
ထို့ကြောင့် ဤစာပိုဒ်တွင် ‘‘မှန်ကန်သော သိရှိမှုမှတစ်ဆင့်’’ ဟုဆိုထားပါသည်။ တစ်နည်းဆိုသော် ယုတ္တိနှင့် ကျိုးကြောင်းဆီလျော်မှုအရ သင်အမှန်တကယ် နားလည်သဘောပေါက်လာသောအခါ ရည်မှန်းချက် အမှန်ပင်ရှိပြီး အမှန်ပင် အောင်မြင်နိုင်သည်ကို နားလည်လာပါသည်။ ထို့နောက် ရည်မှန်းချက်၊ ယင်းကို အောင်မြင်နိုင်ခြေရှိမှု၊ ထိုသို့ အမှန်တကယ် အောင်မြင်သွားသော အခြားသူများရှိမှု စသည်တို့ကို သင့်ယုံကြည်မှု အလွန်ခိုင်မာလာပါသည်။ သစ္စာနှစ်ချက်သည် အမှန်တရားဖြစ်ပြီး ထိုအမှန်တရားတွင် အခြေခံကာ သစ္စာလေးပါးနှင့် ရတနာသုံးပါးက ယုတ္တိကျစွာ လိုက်ပါလာသည့်အတွက် ယင်းတို့သည် အမှန်ဖြစ်ကြောင်း သင်ယုံကြည်လာပါသည်။
လွတ်မြောက်မှုဆီ ဦးတည်သော စိတ်၏လမ်းကြောင်း ဇစ်မြစ်ကို စိုက်ထူနိုင်အောင် အကျွန်ုပ်အား စိတ်ဓာတ်ခွန်အား ပေးသနားတော်မူပါ။
သင်ကမျိုးစေ့ချသော်လည်း ‘‘ဇစ်မြစ်’’ ကို စိုက်ပျိုးခြင်းဖြစ်ပြီး မျိုးစေ့မဟုတ်ပါ။ ဤသို့ စကားလုံး ရွေးချယ်မှုအရ သစ္စာနှစ်ချက်၊ သစ္စာလေးပါးနှင့် ကိုးကွယ်အားထားရာသုံးပါး၏ ဖွဲ့စည်းပုံသည် ဗုဒ္ဓဘာသာ၏ ဘာသာရေးလမ်းကြောင်း တစ်ခုလုံးအတွက် ဇစ်မြစ်ဖြစ်ကြောင်း ဖော်ပြပါသည်။ အကြောင်းမှာ အရာအားလုံးက ထိုနည်းအတိုင်း လိုက်နာသောကြောင့် ဖြစ်ပါသည်။ ဤဇစ်မြစ်ကို သင့်စိတ်တွင် ခိုင်မာစွာ အမြစ်တွယ်နေပါက သင်၏ ကျင့်ကြံမှု အားလုံးသည် အခိုင်အမာ ယုံကြည်မှုအပေါ် အခြေခံပါသည်။ မိမိဆောင်ရွက်သောအရာကို နားလည်လာသလို ရည်မှန်းချက်သို့ အောင်မြင်နိုင်ကြောင်း၊ ထိုရည်မှန်းချက်သည် ဘာကိုဆိုလိုကြောင်း နားလည်သဘောပေါက်လာပါသည်။
ဤသည်မှာ ဗုဒ္ဓဘာသာအတွက် အလွန်အရေးကြီးသော နည်းလမ်းဖြစ်မည်ဟု ထင်ပါသည်။ အကြောင်းမှာ ဘာသာရေးလမ်းကြောင်းကို လိုက်နာတော့မည် ဆိုပါက ယင်းသည် လက်တွေ့ကျကြောင်း အခိုင်အမာ ယုံကြည်မိရန် အလွန်အရေးကြီးပါသည်။ စိတ်ခံစားချက်အရ စိတ်ပါလာသော်လည်း လုံးဝမဖြစ်နိုင်သည့် စိတ်ကူးစံဝါဒအရ မှန်းဆမှုတစ်ခုခု မဟုတ်ပါ။ မိမိ၏ဘာသာရေး နေထိုင်မှုပုံစံသည် လက်တွေ့ကျကြောင်း ကျွန်ုပ်တို့ အခိုင်အမာ ယုံကြည်လာပါက ယင်းအပေါ် ကောင်းမွန်သော စိတ်ခံစားချက် ထားနိုင်ပါသည်။ နားလည်သဘောပေါက်မှုနှင့် ကရုဏာ၊ စိတ်အားထက်သန်မှု၊ သည်းခံမှု အစရှိသည့် ကောင်းမွန်သော စိတ်ခံစားချက်ဆိုသည့် နှစ်ချက်ကို ညီမျှရန် လိုပါသည်။
သစ္စာနှစ်ချက်
နှိုင်းရ၊ အစဉ်အလာဖြစ်သော သစ္စာတရား
ရှိရှိသမျှအရာအားလုံးက လိုက်နာရသည့် အခြေခံဖြစ်သော သစ္စာနှစ်ချက်ချက်၏ အဓိပ္ပာယ်ကို သိရှိခြင်းအားဖြင့်
စာပိုဒ်၏ ပထမစာကြောင်းတွင် ‘‘နှိုင်းရသစ္စာ’’ နှင့် ‘‘အနက်ရှိုင်းဆုံး သစ္စာ’’ ဆိုသည့် သစ္စာနှစ်ချက်အကြောင်း ပြောထားပါသည်။ တစ်နည်းဆိုသော် အရာအားလုံး၏ အမှန်တရားအကြောင်း မှန်ကန်သော အချက်နှစ်ချက် ဖြစ်သည်။ တစ်ခုမှာ အပေါ်ယံ မျက်နှာပြင်အဆင့် ဖြစ်ပြီး နောက်တစ်ခုမှာ အနက်ရှိုင်းဆုံး အဆင့်ဖြစ်ပါသည်။ နှစ်ခုစလုံးမှာ မှန်ကန်သော်လည်း ရှုထောင့်ချင်း မတူညီကြပါ။ ထိုနှစ်ချက်ကို တင်ပြမှုများစွာ ရှိသော်လည်း ဒလိုင်းလားမား ဆရာတော်ကြီးက ပရိသတ်များကို မိန့်ခွန်းပြောရင်း မကြာခဏအသုံးပြုသည့် တစ်နည်းကို ဤနေရာတွင် လိုက်နာပါမည်။
အကြောင်းနှင့်အကျိုး
ကျွန်ုပ်တို့ ကြုံတွေ့ရသမျှ၏ အပေါ်ယံအဆင့် သစ္စာက အဘယ်နည်း။ ဤသည်မှာ ကျွန်ုပ်တို့ ကြုံတွေ့ရသော အရာတိုင်းသည် ယခင်အကြောင်းတရားများနှင့် ဆက်စပ်သောကြောင့်သာ လက်ရှိတွင် ဖြစ်ပေါ်နေခြင်း ဖြစ်ပါသည်။ တစ်နည်းပြောရလျှင် အရာရာသည် အကြောင်းအကျိုးတွင် အမှီပြုကာ ပေါ်ထွက်လာပါသည်။ ဖြစ်ပျက်လာပါသည်။ ရူပဗေဒအရလည်း အကြောင်းတရား စည်းမျဉ်းကို သင်ကြားထားပါသည်။ သို့သော် ရုပ်ပိုင်းဆိုင်ရာ အဆင့်နှင့်သာ ပတ်သက်ပါသည်။ ဥပမာ၊ ဘောလုံးတစ်လုံးကို ကန်လိုက်ရာ ဘောလုံးရွေ့သွားခြင်းမျိုး ဖြစ်သည်။ ဤသို့ဆက်စပ်မှုမှာ ရိုးရှင်းသောဖြစ်စဉ်၊ အကြောင်းနှင့် အကျိုး ဖြစ်ပါသည်။
အကြောင်းတရားကြောင့် ဖြစ်ပေါ်မှုကို တစ်ခုခု ဖြစ်ပေါ်စေသော အချက်အားလုံးကို ထည့်သွင်းစဉ်းစားသောအခါ ပိုပြီး ရှုပ်ထွေးသောအဆင့်တွင် ရှင်းပြနိုင်ပါသည်။ ဥပမာ၊ စီးပွားရေးပြဿနာများ၊ ကမ္ဘာကြီး ပူနွေးလာမှု၊ ဒေသတွင်းစစ်ပွဲများ စသည်တို့ကို ကြည့်ပါက ယင်းတို့သည် အကြောင်းရင်း တစ်ခုတည်းကြောင့် ဖြစ်ပေါ်ခြင်းမဟုတ်သည်မှာ ရှင်းနေပါသည်။ အကြောင်းရင်း လုံးဝ မရှိဘဲနှင့်လည်း ဖြစ်လာသည် မဟုတ်ပါ။ မဆီလျော်သော အကြောင်းရင်းများကြောင့် ဖြစ်လာသည်လည်း မဟုတ်ပါ။ အဆိုပါ အခြေအနေအားလုံးသည် အချက်အလက်များစွာပေါ်တွင် အမှီပြုပြီး ပေါ်ထွက်လာပါသည်။ ထိုအထဲတွင် လက်ရှိ ဖြစ်ပျက်နေသော အရာများသာမက အတိတ်က ဖြစ်ပျက်နေသော အရာများလည်း ပါဝင်ပါသည်။ ယခု ယူကရိန်း နိုင်ငံမှာလိုပင် လက်ရှိအခြေအနေကို ယခင် ဆိုဗီယက်လက်ထက် သို့မဟုတ် ဒုတိယကမ္ဘာစစ် စသည့်အရာအားလုံးမှ ခွဲခြား၍ မရနိုင်ပါ။ ယနေ့ခေတ် စီးပွားရေးနှင့် ဂေဟဗေဒ အခြေအနေများသည် သမိုင်းတစ်လျှောက် ပေါက်ပေါက်ခဲ့သော အရာအားလုံး၏ အကျိုးဆက်အနေနှင့် ပေါ်ထွက်လာရပါသည်။ ထို့ကြောင့် လက်ရှိဖြစ်ပျက်နေသောအရာသည် တစ်စုံတစ်ယောက် သို့မဟုတ် အဖြစ်အပျက် တစ်ခုခု၏ အမှားကြောင့်ဟု မဆိုနိုင်ပါ။ အရာရာသည် အကြောင်းတရားနှင့် အခြေအနေများစွာပေါ်တွင် ယှက်နွှယ် အမှီပြုပြီး ပေါ်ထွက်လာပါသည်။ ဤသည်မှာ အမှန်တရားပင် မဟုတ်ပါလား။
သို့မဟုတ် စိတ်ပညာအနေနှင့် ကြည့်ပါက၊ မိသားစုတွင် ပြဿနာတစ်ခု ရှိနေပါက ဤသည်မှာ အကြောင်းရင်း တစ်ခုကြောင့် သို့မဟုတ် အကြောင်းရင်းမရှိဘဲ ဖြစ်ပေါ်လာသည်ဟု မဆိုနိုင်ပါ။ မိသားစုဝင်တိုင်းက မိသားစုပြဿနာကို အကြောင်းတရား အနေနှင့် ဖြစ်ပေါ်စေပါသည်။ ထိုနည်းတူစွာ ယင်းတို့တစ်ဦးချင်းစီက သူတို့အလုပ်နှင့် ကျောင်းမှာ ဖြစ်စေ၊ သူတို့သူငယ်ချင်းများနှင့်ဖြစ်စေ ဖြစ်ပျက်သောအရာများနှင့် မသက်ဆိုင်ကြောင်း မပြောနိုင်ပါ။ အရာအားလုံးက လွှမ်းမိုးမှု ရှိပါသည်။ ထို့ပြင် မိသားစုအခြေအနေသည် လူ့အသိုင်းအဝိုင်း၊ ယင်း၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စနစ်များမှ သီးခြားကင်းကွာပြီး တည်ရှိ၍ မရပါ။ ထိုအရာအားလုံးသည်လည်း ပြဿနာများအပေါ် တစ်နည်းမဟုတ်တစ်နည်း လွှမ်းမိုးကြပါသည်။
ထို့ကြောင့် ဤနေရာတွင် သရုပ်မှန်ဝါဒဆိုသည်မှာ အရာရာ အပြန်အလှန် ဆက်စပ်ပြီး အခြားအရာအားလုံးအပေါ် လွှမ်းမိုးသည် ဆိုသည့်အချက်ကို ဆိုလိုပါသည်။ ဖြစ်ပျက်သမျှ အရာတိုင်းသည် အကြောင်းတရားနှင့် အခြေအနေ များစွာယှက်နွှယ်မှု ရလဒ်ကြောင့် ဖြစ်ပေါ်လာပါသည်။ ဤသည်မှာ အမှန်တရား ဖြစ်ပါသည်။
ရုပ်ဝတ္ထုပစ္စည်းများ၊ ကမ္ဘာ့ရေးရာကိစ္စများ၊ မိသားစုပြဿနာများနှင့် ပတ်သက်၍ ဤအချက်သည် မှန်ကန်ပါက ကျွန်ုပ်တို့ တစ်ဦးချင်း အတိုင်းအတာ အနေနှင့်လည်း ဘယ်လိုရှိပါသနည်း။ ပျော်ရွှင်မှု၊ မပျော်ရွှင်မှုတို့နှင့် ပတ်သက်လျှင် ဘယ်လိုရှိပါသနည်း။ ယင်းတို့တွင် အကြောင်းရင်း ရှိပါသလား။ အကြောင်းမရှိဘဲ ဖြစ်လာသလား။ မည်သို့ဆိုစေ တစ်ခါတစ်ရံ ပျော်ရွှင်ပြီး တစ်ခါတစ်ရံ မပျော်ရွှင်ကြပါ။ ခဏကြာလျှင် မည်သို့ခံစားရမည်ကို သိရှိနိုင်ခြင်း မရှိပါ။ ထို့ကြောင့် အကြောင်းရင်းမရှိဘဲ ယင်းသို့ ဖြစ်ပျက်နေပါသလား။ တကယ်တော့ ယင်းမှာ အဓိပ္ပာယ်မရှိဘူး မဟုတ်ပါလား။ ကျွန်ုပ်သည် အစားအစာ တစ်မျိုးတည်းကိုပင် ဒီနေ့ရော၊ နောက်နေ့မှာပါ စားသည်။ ပထမနေ့တွင် စားနေရင်း ပျော်ရွှင်သော်လည်း နောက်နေ့တွင် စားနေရင်း စိတ်ပျက်နေမိသည်။ ထို့ကြောင့် ဤသည်မှာ အစားအစာကြောင့် မဟုတ်တော့ပါ။ ကျွန်ုပ်အချစ်ဆုံး တစ်ယောက်ယောက်နှင့် ရှိနေပြီး တစ်ခါတစ်ရံ ပျော်ရွှင်သလို တစ်ခါတစ်ရံ မပျော်ရွှင်နိုင်ပါ။ ကျွန်ုပ်သည် ချမ်းသာကြွယ်ဝပြီး အရာရာ အဆင်ပြေနေသည့်တိုင် မပျော်ရွှင်ဘဲ ရှိနေနိုင်ပါသေးသည်။
ထို့ကြောင့် ဤပျော်ရွှင်မှု၊ မပျော်ရွှင်မှုတို့ ဘယ်ကလာပါသနည်း။ ယင်းတို့ကို အထက်ပုဂ္ဂိုလ်တစ်ဦးက ခလုတ်နှိပ်လိုက်သလို ပေးပို့သည့်အလား ကျွန်ုပ်ကို တစ်ခါတစ်ရံ ပျော်ရွှင်ပြီး တစ်ခါတစ်ရံ ဝမ်းနည်းစေပါသလား။ စော်ကားသလို ပြောခြင်းမဟုတ်သည့်အတွက် စိတ်မရှိပါနှင့်။ အတော်လေး အစွန်းရောက်အောင် ပြောရခြင်းဖြစ်ပါသည်။ သို့သော် ရုပ်ဝတ္ထုပစ္စည်းများ ရွေ့လျားမှု၊ မီးကျီးခဲကို မတော်တဆ ကိုင်မိသောခါ သင့်လက်ပူလောင်နာကျင်မှု စသည့် သင်ကြုံတွေ့သောအရာတိုင်းသည် အကြောင်းအကျိုး သဘောတရားကို လိုက်နာပါက ပျော်ရွှင်မှု၊ မပျော်ရွှင်မှုတို့သည်လည်း နားလည်လွယ်သည့် ကြောင်းကျိုးသဘောတရားအတိုင်း မလိုက်နာဘူးလား။ ဤသည်မှာ ယခုစာပိုဒ်နှင့် ဆက်စပ်သည့် နှိုင်းရအမှန်တရားနှင့် ပတ်သက်သော အမှန်တရားအကြောင်း မေးစရာနှင့် အဓိကအချက် ဖြစ်ပါသည်။ ၎င်းသည် ကျွန်ုပ်တို့အပြုအမူနှင့် ယင်း၏ရလဒ်ကြောင့် ကျွန်ုပ်တို့ ကြုံတွေ့ရသည့် ပျော်ရွှင်မှု၊ မပျော်ရွှင်မှုတို့အကြား ကြောင်းကျိုး ဆက်စပ်မှု အမှန်တရားကို ဆိုလိုပါသည်။
ကံ
ထိုအခါ ကံအကြောင်း အခြေခံ ဗုဒ္ဓဘာသာ တရားတော်ဆီသို့ ရောက်လာပါသည်။ ကံဆိုတာဘာလဲ။ ဤသည်မှာ လွယ်ကူသောခေါင်းစဉ်တစ်ခု မဟုတ်ပါ။ ရှင်းပြချက်များစွာ ရှိသလို နားလည်မှုလွဲခြင်းလည်း များစွာ ရှိပါသည်။ သို့သော် အခြေခံအားဖြင့်-
ကံဆိုသည်မှာ ကျွန်ုပ်တို့၏ ကာယကံ၊ ဝစီကံ၊ မနောကံတို့ကို တွန်းအားပေးပြီး ဖော်ပြသော စိတ်လိုက်မာန်ပါဖြစ်မှုကို ဆိုလိုပါသည်။
ကျွန်ုပ်တို့၏ အပြုအမူသည် အပျက်သဘော၊ အပြုသဘော သို့မဟုတ် မည်သည့်ဘက်မှမလိုက်သော ပုံစံ ဖြစ်လျှင်လည်း တွေးကြည့်ပါက စိတ်လိုက်မာန်ပါ ဖြစ်နေပါသည်။
- ငါသည် စိတ်ဆိုးပြီး တစ်ယောက်ယောက်ကို အော်ငေါက်ချင်စိတ် ခံစားရသည်။ ထို့နောက် စိတ်လိုက်မာန်ပါ အော်ငေါက်ပါသည်။
- ငါသည် အလွန်အုပ်ထိန်းလိုစိတ်ရှိပြီး ကလေးငယ်သည် အဆင်ပြေရဲ့လား သွားကြည့်ချင်စိတ် ခံစားရသည်။ ထို့နောက် စိတ်လိုက်မာန်ပါ လိုအပ်သည်ထက်ပို၍ သို့မဟုတ် ဖြစ်သင့်သည်ထက်ပို၍ ခဏခဏ သွားကြည့်ပါသည်။
- ငါသည် ဗိုက်ဆာနေပြီး ရေခဲသေတ္တာထဲက သရေစာတစ်ခု ယူစားချင်စိတ် ခံစားရသည်။ ထို့နောက် စိတ်လိုက်မာန်ပါ သွားယူပါသည်။
ဤသို့ စိတ်လိုက်မာန်ပါဖြစ်မှုသည် ဘယ်ကလာပါသလဲ။ နောက်ပြီး ဘယ်လို ဆက်ဖြစ်ဦးမလဲ။ ဤသည်မှာ ကံအကြောင်း တရားတော်များက မေးထားသည့် မေးခွန်းများ ဖြစ်ပါသည်။ ဗုဒ္ဓဘာသာအရ ရှင်းပြချက်မှာ သင်က စိတ်လိုက်မာန်ပါ ပြုမူ၊ ပြောဆို၊ တွေးတောပါက သင့်စိတ်အစဉ်၌ အစွမ်းအစများနှင့် ဖြစ်နိုင်ခြေများ စုစည်းလာပြီး နောက်ပိုင်း ဆက်လက်ကြုံတွေ့ရသည့် အခိုက်အတန့်များသို့ ပါသွားပါသည်။ အခြေအနေအမျိုးမျိုးက စေ့ဆော်သောအခါ ထိုအပြုအမူ ပုံစံအတိုင်း ထပ်မံပြုလုပ်လိုစိတ် ဖြစ်လာစေပါသည်။ ထိုခံစားချက်တွင် မူတည်ကာ ထိုဆောင်ရွက်ချက် ထပ်မံပြုလုပ်အောင် ထိန်းချုပ်မရစွာ သင့်ကိုတွန်းအားပေးသည့် စိတ်လိုက်မာန်ပါဖြစ်မှု ပေါ်ထွက်လာပါသည်။ ဤတွန်းပို့မှုတွင် ကံနှင့် ပါဝင်ပတ်သက်နေပါသည်။
ဤဖြစ်ရပ်ကို ဇီဝကမ္မဗေဒ အဆင့်တွင်လည်း ရှင်းပြနိုင်ပါသေးသည်။ ထူးခြားသော တစ်နည်းနည်းဖြင့် ပြုမူပါက ဦးနှောက်အာရုံကြော လမ်းကြောင်း ဖြစ်လာပြီး အားဖြည့်ပေးပါသည်။ ထိုအခါ အကျိုးဆက်အားဖြင့် ထိုအပြုအမူ ပုံစံအတိုင်း ပိုမိုလွယ်ကူစွာ လိုက်နာပါတော့သည်။ ဗုဒ္ဓဘာသာက ဤရုပ်အခြေခံသဘောကို မငြင်းပယ်ထားသည်မှာ သေချာပါသည်။ ကြုံတွေ့ရမှု ရှုထောင့်မှ ဖြစ်စဉ်ကို ချဉ်းကပ်ထားသော်လည်း နောက်ထပ် အကြောင်းနှင့်အကျိုး နမူနာအဖြစ် ဝေဖန်ဆန်းစစ် ထားပါသေးသည်။
ပျော်ရွှင်မှု၊ မပျော်ရွှင်မှု တို့နှင့် ပတ်သက်လျှင် မည်သို့ရှိပါသနည်း။ ယင်းတို့ကိုလည်း ကံ၏ အကြောင်း၊ အကျိုးနှင့် ဗုဒ္ဓဘာသာက ရှင်းပြထားပါသည်။ ဝမ်းနည်းခြင်းကို သင်ကြုံတွေ့ပါက အနှောင့်အယှက်ပေးသော စိတ်ခံစားချက်များ၏ လွှမ်းမိုးမှုအောက်တွင် ကျူးလွန်သည့် စိတ်လိုက်မာန်ပါ အပျက်သဘော အပြုအမူ၏ ရေရှည်ရလဒ်ကြောင့် ဖြစ်ပါသည်။ ပုံမှန် ပျော်ရွှင်ခြင်းကို သင်ကြုံတွေ့ပါက သည်းခံခြင်း၊ ကြင်နာခြင်း စသည့် အပြုသဘော စိတ်ခံစားချက်များ၏ လွှမ်းမိုးမှုအောက်တွင် ပြုမူသည့် ကောင်းကျိုး ရလဒ်၏ ရေရှည်အကျိုးဆက် ဖြစ်ပါသည်။ ထိုပျော်ရွှင်ခြင်းမျိုးမှာ ကြာရှည်မတည်တံ့သလို စိတ်ကျေနပ်ဖွယ်လည်း မကောင်းသည့်တိုင် သာယာမှုတော့ ဖြစ်စေပါသည်။ သို့သော် ယင်းသည် ကျွန်ုပ်တို့ တည်ရှိပုံနှင့် ပတ်သက်၍ ရှုပ်ထွေးမှု ရောစပ်နေသည့်အတွက် စိတ်လိုက်မာန်ပါ ဖြစ်နေပါသေးသည်။ စိတ်လိုက်မာန်ပါ ကောင်းကျိုးဆောင်သူ သို့မဟုတ် စိတ်လိုက်မာန်ပါ ပြီးပြည့်စုံလိုသူ ကဲ့သို့ပင် ဖြစ်သည်။
ဤအကြောင်းတရားကြောင့် ဆက်စပ်မှုများကို မည်ကဲ့သို့ နားလည်နိုင်မည်နည်း။ အရင်ဆုံး အပြုသဘောနှင့် အပျက်သဘော အပြုအမူ၏ ခြားနားချက်ကို နားလည်ရန် လိုပါသည်။ ဤနှစ်ခု၏ ခြားနားချက်ကို သင့်အပြုအမူက အခြားသူတစ်ယောက်အပေါ် သက်ရောက်မှုအနေနှင့် မဆွဲယူပါနှင့်။ ဥပမာ၊ တစ်စုံတစ်ယောက်ကို သင်အလွန် ဒေါသထွက်နေပြီး ဓားနှင့်ထိုးလိုက်ပါက ယင်းမှာ အပျက်သဘောဖြစ်သည်။ တစ်ဖက်တွင်မူ ခွဲစိတ်ဆရာဝန် အနေနှင့် အသက်ကယ် ခွဲစိတ်ကုသမှု ဆောင်ရွက်ရန် ဓားဖြင့် တစ်ယောက်ယောက်ကို ခွဲစိတ်ပါက ယင်းမှာ အပြုသဘော ဖြစ်သည်။ တစ်ယောက်ယောက်ကို ဓားနှင့်ထိုးသည့် အပြုအမူက အပြုသဘောဖြစ်စေ၊ အပျက်သဘောဖြစ်စေ ဤနေရာတွင် အဆုံးအဖြတ် ပေးသောအရာ မဟုတ်မှန်း ရှင်းနေပါသည်။ စိတ်ဓာတ်တွန်းအားပေါ်တွင် မူတည်နေပါသည်။ ယင်းမှာ ထိုစိတ်ဖြင့် ဆောင်ရွက်ပြီး ထိုအပြုအမူဖြင့် ရောက်ရှိလိုသည့် ရည်မှန်းချက် ဖြစ်ပါသည်။
လောဘ၊ ဒေါသ၊ တဏှာ၊ မသိမှု၊ မနာလိုမှု၊ မောက်မာမှု၊ တစ်ကိုယ်ကောင်းဆန်မှု အစရှိသည့် အနှောင့်အယှက်ပေးသော စိတ်ခံစားချက်က ဆောင်ရွက်ချက်ကို တွန်းအားပေးပါက ကောင်းတာတစ်ခုခု သင်ဆောင်ရွက်နေလည်း အပျက်သဘော ဖြစ်ပါသည်။ ဥပမာ၊ တစ်ယောက်ယောက်ကို သတိရကြောင်း သတင်းစကား ပို့ပြီး ထိုသူအား လိင်ပိုင်းဆိုင်ရာ စော်ကားလိုစိတ်ရှိပါက သင့်အပြုအမူသည် အပျက်သဘော ဖြစ်ပါသည်။ တစ်ဖက်တွင်မူ ထိုသို့ အနှောင့်အယှက်ပေးသော စိတ်ခံစားချက်များ အတော်လွတ်ကင်းသည့် ဆောင်ရွက်ချက် ဖြစ်ပါက လုံးဝမနှစ်မြို့ဖွယ် ဆောင်ရွက်ချက် ဖြစ်နေလျှင်လည်း အပြုသဘော ဖြစ်ပါသည်။ ဥပမာ၊ မိဘတစ်ယောက် အနေနှင့် မလိမ္မာသော သားသမီးကို အခန်းထဲ ပို့လိုက်သည်။ ဒေါသကြောင့် မဟုတ်ဘဲ သူတို့ကို လိမ္မာစွာနေထိုင်အောင် သင်ကြားရန် မေတ္တာနှင့် ဂရုစိုက်မှုကြောင့် ဖြစ်သည်။ သို့သော် ကိစ္စအများစုတွင် အပြုသဘော ဆောင်ရွက်ချက်သည် မိဘကောင်းတစ်ယောက် ဖြစ်လိုသည့် တကယ့် အသွင်သဏ္ဌာန်အရ ပြုမူရန် မသိစိတ်မှ တွန်းအားပေးမှုနှင့် ရောစပ်နေသည့်အတွက် စိတ်လိုက်မာန်ပါ ဖြစ်နေနိုင်ပါသေးသည်။
သို့ဆိုလျှင် မပျော်ရွှင်မှုနှင့် အနှောင့်အယှက်ပေးသော စိတ်ခံစားချက်များပေါ်တွင် မူတည်သော အပျက်သဘော အပြုအမူအကြားတွင် လည်းကောင်း၊ ပျော်ရွှင်မှုနှင့် အနှောင့်အယှက်ပေးသော စိတ်ခံစားချက်များ ကင်းလွတ်သော အပြုသဘော အပြုအမူအကြားတွင် လည်းကောင်း ကြောင်းကျိုးဆက်စပ်မှုကို ဘယ်လိုနားလည်ရမည်နည်း။ ဤသည်မှာ အလွန်စိတ်ဝင်စားဖွယ် မေးခွန်းဖြစ်ရုံသာမက အလွန်အရေးပါသည့် မေးခွန်းလည်းဖြစ်သည်။ အကြောင်းမှာ ဘုရားရှင်သည် ကံ၊ အနှောင့်အယှက်ပေးသော စိတ်ခံစားချက်များ၊ ကျွန်ုပ်တို့တည်ရှိပုံကို ရှုပ်ထွေးမှု တို့သည် ကျွန်ုပ်တို့ ခံစားရခြင်း၏ အကြောင်းရင်းများအဖြစ် ဖော်ပြခဲ့ပါသည်။ ယင်းတို့သည် မပျော်ရွှင်မှုနှင့် စိတ်မကျေနပ်ဖွယ် သာမန် ပျော်ရွှင်မှုတို့၏ အကြောင်းရင်းများ ဖြစ်ပါသည်။ ကျွန်ုပ်တို့သည် ထိုခံစားချက်နှစ်မျိုးကြောင့် ဖြစ်လာသည့် ဆင်းရဲဒုက္ခမှ လွတ်ကင်းရန်အတွက် ထိုနှစ်ခုထက် ကျော်လွန်ရန်လိုပါသည်။
ဤသို့ တွေးကြည့်ရအောင်။ တစ်ခုခု သို့မဟုတ် တစ်ယောက်ယောက်ကို ဒေါသဖြင့် သင်ပြုမူ၊ ပြောဆို၊ တွေးတော နေသည်ဆိုလျှင် စိတ်သက်သာပါမည်လား။ သင့်စွမ်းအင်များ တည်ငြိမ်နေပါသလား။ လုံးဝ တည်ငြိမ်မည် မဟုတ်ပါ။ ဂဏှာမငြိမ် ဖြစ်နေပါသည်။ ထိုအချိန်မျိုးတွင် သင်ပျော်ရွှင်ပါသလား။ ဒေါသဖြစ်စေ၊ အခြား အနှောင့်အယှက်ပေးသော စိတ်ခံစားချက်များ ဖြစ်စေ၊ ခံစားနေရချိန်တွင် မည်သူမျှ ပျော်ရွှင်မည်မထင်ပါ။ ထိုနည်းတူစွာ သင်လောဘကြီးနေသောအခါ သင့်စွမ်းအင်ကို လေ့လာပါကလည်း မတည်ငြိမ်ပါ။ အလုံအလောက် မရမည်ကို သင်စိုးရိမ်နေသည်။ တစ်ယောက်ယောက်ကို အရမ်းတွယ်တာခြင်း၊ အလွန်သတိရခြင်း ဖြစ်နေသောအခါတွင်လည်း သင်မတည်ငြိမ်ပါ။ သင့်စွမ်းအင်များ အနှောင့်အယှက် ဖြစ်နေပါသည်။ လောဘ၊ ဒေါသ၊ တစ်ကိုယ်ကောင်းဆန်မှု စသည်တို့ မခံစားရဘဲ သင်က ကြင်နာရန် ကြိုးစားလိုက်ပါက သင့်စိတ်က တော်တော်လေး တည်ငြိမ်ကာ သင့်စွမ်းအင်များ ချောမွေ့လာသည် မဟုတ်ပါလား။ ဤသည်မှာ ပျော်ရွှင်မှု၏ မသိသာလှသည့် နူးညံ့သိမ်မွေ့သောအဆင့် ဖြစ်သော်လည်း အခြေခံအားဖြင့် သင်ပျော်ရွှင်လာပါသည်။ သင်သည် စိတ်လိုက်မာန်ပါ ‘‘ကောင်းကျိုးပြုလုပ်သူ’’ ဖြစ်နေပြီး အရာရာ ပြီးပြည့်စုံလိုပါကလည်း၊ ဒေါသဖြင့် ပြုမူချိန်ထက် အကျိုးရှိတာ တစ်ခုခု ဆောင်ရွက်ချိန်မျိုးတွင် သင့်စွမ်းအင်က ပိုသက်သာရာရပြီး သင်ပိုမိုပျော်ရွှင်ပါသည်။ အပြုသဘော တစ်ခုခုဆောင်ရွက်နေစဉ် အမှားလုပ်မိမှာ သို့မဟုတ် အလုံအလောက် မလုပ်မိမှာကို စိုးရိမ်နေပါက အဆိုပါ အတွေးနှင့် စိုးရိမ်မှုများကြောင့် သက်သာရာ မရတာကတော့ သေချာပါသည်။
ဤနေရာတွင် မှတ်ထားထိုက်သည်မှာ မပျော်ရွှင်မှု သို့မဟုတ် အနည်းငယ်ပိုမို ပျော်ရွှင်မှုသည် သင့်ဆောင်ရွက်ချက် ပြီးဆုံးသွားပြီးနောက် ခဏသာ တည်တံ့ပါသည်။ ထိုအချက်က အခြားတစ်ခုခု သင်ပြုလုပ်သောအခါ သင်ခံစားချက်ကို ယခင်က သင်ဆောင်ရွက်ခဲ့သော အချက်က သက်ရောက်မှု ရှိသည်ကို ဖော်ပြပါသည်။ သို့သော် ဘုရားရှင်သည် ကံနှင့် သင်ကြုံရသော ပျော်ရွှင်မှု၊ မပျော်ရွှင်မှု အတိုင်းအတာအကြား ဆက်စပ်မှုအကြောင်း ဟောကြားစဉ်က ကျွန်ုပ်တို့တစ်ခုခု ဆောင်ရွက်ပြီးပြီးချင်း ခံစားရသောအရာကို အဓိကပြောခြင်း မဟုတ်ပါ။ ပိုပြီး ရေရှည်ဖြစ်သော အကျိုးဆက်များကို ပြောခြင်း ဖြစ်ပါသည်။ သို့ရာတွင် စိတ်လိုက်မာန်ပါ ခံစားချက်ပါသော အပြုအမူနှင့် မိမိခန္ဓာမှ စွမ်းအားများ စီးဆင်းပုံအကြား ဆက်စပ်မှုအကြောင်း တေွးကြည့်ပါက ကျွန်ုပ်တို့သည် ထိုအချက်ကို စတင်တန်ဖိုးထားနိုင်ပါသည်။
ကျွန်ုပ်တို့ ကြုံတွေ့ရသော အရာတိုင်း၏ နှိုင်းရသစ္စာမှာ အရာရာသည် အကြောင်းတရားနှင့် အခြေအနေများအပေါ် မှီခိုပြီး ပေါ်ထွက်လာကြောင်း၊ ထိုအထဲတွင် ကျွန်ုပ်တို့၏ အထွေထွေ စိတ်အခြေအနေ၊ တစ်ခုခု ဆောင်ရွက်လိုစိတ် ရှိခြင်း တို့သာမက ကျွန်ုပ်တို့၏ ပျော်ရွှင်မှု၊ မပျော်ရွှင်မှုတို့လည်း ပါဝင်ပါသည်။ ဤသည်မှာ အမှန်တရား၏ အစိတ်အပိုင်း တစ်ခုသာ ဖြစ်သည်။ ဆုတောင်းစာပိုဒ်တွင် ယင်းကို အခြေခံဟု ခေါ်သည်။ အရာအားလုံး လိုက်နာရသည့် နည်းလမ်းဖြစ်သည်။ ထို့ကြောင့် အရာအားလုံး တည်ရှိပုံ၊ ဆောင်ရွက်ပုံ၊ လုပ်ကိုင်ပုံ ဖြစ်ပါသည်။
အနက်ရှိုင်းဆုံး သစ္စာ
အရာရာအတွက် ဒုတိယသစ္စာသည် ပိုမိုနက်ရှိုင်းသောအဆင့်ကို အာရုံစိုက်ပါသည်။ အရာရာသည် ကျွန်ုပ်တို့၏ စိတ်ကူးမှန်းဆချက်ကြောင့် မဖြစ်နိုင်သော နည်းများဖြင့် တည်ရှိ၊ ဆောင်ရွက်သလို ထင်ရသော်လည်း ယင်းတို့ တည်ရှိပုံရသော မဖြစ်နိုင်သည့် နည်းလမ်းများသည် အမှန်တရားနှင့် မသက်ဆိုင်ပါ။
ကျွန်ုပ်တို့ မှန်းဆချက်များနှင့် သက်ဆိုင်သည့် တစ်စုံတစ်ရာကို လုံးဝ ရှာမတွေ့နိုင်သည့်အတွက် ‘‘ဘာမှမရှိခြင်း’’ ဟုခေါ်ပြီး ‘‘အနတ္တ’’ ဟု တစ်ခါတစ်ရံ ဘာသာပြန်ပါသည်။
ကျွန်ုပ်တို့၏စိတ်က ကျင့်သားရနေသော ရှုပ်ထွေးမှုဖြင့် မှန်းဆသည့် မဖြစ်နိုင်သော တည်ရှိမှုများတွင် နူးညံ့သိမ်မွေ့မှု အဆင့်များစွာ ရှိသော်လည်း ယေဘုယျအကျဆုံး အဆင့်တွင် လေ့လာခြင်းဖြင့် ဤအနက်ရှိုင်းဆုံး သစ္စာကို စတင်လေ့လာနိုင်ပါသည်။ ယင်းမှာ အရာရာသည် မဖြစ်နိုင်သော နည်းလမ်းများဖြင့် မတည်ရှိခြင်း ဖြစ်ပါသည်။ မည်သို့ ဖြစ်နိုင်ပါမည်နည်း။ အမှန်တရားမှာ ကျွန်ုပ်တို့၏ ရှုပ်ထွေးနေသည့်စိတ်က မှန်းဆသော မဖြစ်နိုင်သည့် အဓိပ္ပာယ် မရှိမှုများနှင့် သက်ဆိုင်တာ တစ်ခုမျှ မရှိပါ။ ထိုသို့သောအရာမျိုး လုံးဝ မရှိပါ။
ပိုပြီးသမားရိုးကျ နမူနာကိုကြည့်လျှင် ကလေးတစ်ယောက်က သူ့အိပ်ရာအောက်တွင် သရဲကြီးရှိသည်ဟု ထင်နေသည်။ တကယ်တော့ အိမ်ရာအောက်တွင် ကြောင်တစ်ကောင် ရှိနေသည်။ သို့သော် ကြောင်ကို သရဲကြီးဟု ကလေးငယ်က မှန်းဆသည်။ ထို့နောက် ထိုနေရာမှာ သရဲကြီး တကယ်ရှိသည်ဟု အဓိပ္ပာယ်မရှိသော်လည်း ကလေးငယ်က ယုံကြည်သည့်အတွက် သူကြောက်လာပါသည်။ ထို့ကြောင့် ဤသို့ အဓိပ္ပာယ် မရှိမှုကို မှန်းဆခြင်းသည် ကလေးအပေါ် သက်ရောက်မှု ရှိသည်။ သို့သော် ကြောင်ကို သရဲဖြစ်စေခြင်း မဟုတ်သည်မှာ သေချာပါသည်။ အကြောင်းမှာ သရဲဆိုသည့်အရာ မရှိသောကြောင့် ဖြစ်သည်။ ထိုအခါ ဘာမှမရှိခြင်း ဆိုသည်မှာ ကလေး၏စိတ်ကူးယဉ်မှုနှင့် သက်ဆိုင်သည့် တကယ့်သရဲကြီး လုံးဝမရှိခြင်း ဖြစ်ပါ၏။ ယခင်ကလည်း မရှိသလို ရှိလည်းမရှိနိုင်ပါ။ သို့သော် မှန်းဆချက်ကို ဖယ်ရှားပါက အိပ်ရာအောက်တွင် ကြောင်တစ်ကောင် ရှိနေပါသေးသည်။ ထိုနေရာမှာ ဘာမှမရှိခြင်းကို မဆိုလိုပါ။
အရာရာသည် ကျွန်ုပ်တို့ အမှန်တကယ် မြင်နေရသလို တည်ရှိသည်ဟု ကျွန်ုပ်တို့သည် အလေ့အကျင့်အရ စိတ်ကူးပါသည်။ မျက်စိရှေ့မှအရာ သို့မဟုတ် လက်ရှိ အမှန်တကယ် ခံစားနေရသောအရာကိုသာ သတိပြုမိပါသည်။ ဥပမာ၊ ကျွန်ုပ်သည် ယခုမပျော်ရွှင်ဘဲ ရှိနိုင်သည်။ ယင်းသည် အကြောင်းရင်းလုံးဝ မရှိဘဲ အလိုလို ပေါ်ထွက်လာသည်ဟု ထင်ရပါသည်။ ကျွန်ုပ်မပျော်ရွှင်သော်လည်း ဘာကြောင့်မှန်း မသိပါ။ ငြီးငွေ့လာသည်။ စိတ်မှာလစ်ဟာနေသည်။ မပျော်ရွှင်သည်မှာ ကျွန်ုပ်နှင့်အတူရှိနေသော အခြားသူများကို ကျွန်ုပ်ပြုလုပ်သောအရာနှင့် မဆက်စပ်ဟု ထင်ရပါသည်။ ရုတ်တရက် စိတ်တွင်လစ်ဟာပြီး မပျော်မရွှင် ဖြစ်လာရသည်။ ဤသည်မှာ ပြင်းပြရန်မလိုပါ။ စိတ်မကျေနပ်မှု ခံစားချက် အနည်းငယ်လည်း ဖြစ်နိုင်သည်။ သို့ဆိုလျှင် မည်သို့ပေါ်လာပါသနည်း။ အကြောင်းရင်းမရှိသလို ထင်ရပါသည်။ သို့သော် ထိုသို့မဖြစ်နိုင်ပါ။ ယင်းမှာ အမှန်တရားနှင့် မသက်ဆိုင်ပါ။ ယင်းမှာ အနက်ရှိုင်းဆုံးသစ္စာ ဖြစ်ပါသည်။
အစဉ်အလာအရ နှိုင်းရသစ္စာ ဆိုသည်မှာ ပျော်ရွှင်မှု၊ မပျော်ရွှင်မှု အပါအဝင် အကြောင်းအကျိုး ဖြစ်စဉ်အရ ပေါ်ထွက်လာသော အရာရာကို ဆိုလိုပါသည်။ ယင်းမှာ အမှန်တရား ဖြစ်သော်လည်း ထိုသို့မထင်ရပါ။ ကျွန်ုပ်ခံစားရသောအရာသည် အကြောင်းရင်း မည်မည်ရရ မရှိဘဲ အလိုလိုပေါ်ထွက်လာသလို ထင်ရပါသည်။ အနက်ရှိုင်းဆုံး သစ္စာမှာ ယင်းက အမှန်တရားနှင့် ဆက်စပ်၍ ကျွန်ုပ်ထင်မြင်ပုံသည် မဖြစ်နိုင်သောအရာကို မှန်းဆချက် ဖြစ်ပါသည်။ ထိုအကြောင်းကို တွေးကြည့်လျှင် အလွန်နက်နဲလှပါသည်။
နောက်ထပ်နမူနာတစ်ခု ပေးလိုပါသည်။ ကျွန်ုပ်၏အခင်ဆုံး သူငယ်ချင်း တစ်ယောက်က ကျွန်ုပ်အား အော်ငေါက်သည် ဆိုပါစို့။ ဆက်ဆံရေး အလွန်ကောင်းသော်လည်း သူက တစ်ခုခုကို ရုတ်တရက် စိတ်ဆိုးပြီး အော်လာပါသည်။ ကျွန်ုပ်က မည်သို့ထင်မည်နည်း။ ‘‘ခင်ဗျား ကျွန်တော့်ကို မခင်တော့ဘူး’’ ဟု ထင်ရပါသည်။ ကျွန်ုပ်စိတ်တွင် ထင်မိသည်မှာ သူငယ်ချင်းက အော်ငေါက်သည့်အတွက် အလွန် ဝမ်းနည်းလာပြီး သူ့ကိုထိုအတိုင်း သတ်မှတ်ကာ နောက်ထပ် ဆက်မစဉ်းစားမိပါ။ သို့သော် ထိုမှန်းဆချက်က အမှန်တရားနှင့် မဆက်စပ်ပါ။ ထိုသို့အော်ငေါက်မှုက အလိုလို ပေါ်လာခြင်း မဟုတ်ပါ။ မိမိတို့၏ ရေရှည် ဆက်ဆံရေး အဆက်အစပ်တွင် မတော်တဆမှု တစ်ခုမှ လုံးဝသီးခြား တည်ရှိနေခြင်း မဟုတ်ပါ။ ထိုအတိုင်း ကြုံဖူးကြမည် ထင်ပါသည်။
ထိုသို့ဖြစ်ရာတွင် ကျွန်ုပ်တို့ သူငယ်ချင်းနှင့် ရှိထားသည့် ဆက်ဆံရေး တစ်ခုလုံး၊ ဤပုဂ္ဂိုလ်နှင့် ရှိခဲ့သည့် အခြားအချိန်များ၊ အခြား အပြန်အလှန် ဆက်သွယ်မှုများအားလုံးကို မျက်ခြေပြတ်သွားပါသည်။ သို့သော် ဤတစ်ခုတည်း မဟုတ်ပါ။ ယေဘုယျ အမြင်ကိုပါ မျက်ခြေပြတ်သွားပါသည်။ သူငယ်ချင်း၏ ဘဝတွင် ကျွန်ုပ်တို့ တစ်ဦးတည်း မဟုတ်ပါ။ ကျွန်ုပ်တို့၏ မိတ်ဆွေဖြစ်မှုသည် သူ့ဘဝ၏ တစ်ခုတည်းသော အကြောင်းရပ် မဟုတ်ပါ။ ထိုသူငယ်ချင်းတွင် ကျွန်ုပ်အပြင် သူ့ဘဝတစ်ခုလုံး ရှိနေပါသည်။ ဤအချက်ကလည်း သူခံစား၊ ပြုမူပုံကို သက်ရောက်ပါသည်။ သူ့မှာ အလုပ်တွင် အဆင်မပြေသောနေ့ ဖြစ်နိုင်သလို မိဘနှင့် ပြဿနာအချို့ ရှိနိုင်သည်။ ထိုအခါ သူငယ်ချင်းသည် စိတ်မကြည်လင်တော့ဘဲ ကျွန်ုပ်ကို အော်ငေါက်ပါတော့သည်။ အနက်ရှိုင်းဆုံး သစ္စာမှာ ကျွန်ုပ်၏ မှန်းဆချက်သည် မဖြစ်နိုင်ခြင်း ဖြစ်ပါသည်။ ကျွန်ုပ်ကို သူအော်ငေါက်သည်မှာ အလိုလို ဖြစ်လာသည် ဆိုသောအချက်က အမှန်တရား မဟုတ်ပါ။ ကျွန်ုပ်တို့ မိတ်ဆွေဖြစ်မှု၏ ကျန်အစိတ်အပိုင်းများ၊ သူ့ဘဝတွင် ဖြစ်နေသော အခြားအရာများ၏ အဆက်အစပ်နှင့် ကင်းကွာနေသည် မဟုတ်ပါ။ ထိုသို့ အမှီအခိုကင်းစွာ တည်ရှိဖြစ်ပျက်နေသည်ဟု ထင်ရခြင်းနှင့် သက်ဆိုင်သော တကယ့်အမှန်တရားက မရှိနိုင်ပါ။ ထိုသို့သောအရာ မရှိပါ။ ထိသို့တည်ရှိမှု နည်းလမ်းမျိုး လုံးဝမရှိခြင်းကို ‘‘ဘာမှမရှိခြင်း’’၊ သက္ကတဘာသာဖြင့် ‘‘သုညတ’’ ဟု ခေါ်ပါသည်။ သုည ဆိုသည့်စကားလုံးအတိုင်း ဖြစ်ပါသည်။
သစ္စာနှစ်ချက်အရ ကိစ္စရပ်များသည် အချင်းချင်း တသီးတခြား၊ အမှီအခိုကင်းစွာ တည်ရှိမှုမျိုး ကင်းမဲ့သောအခါ အကြောင်း၊ အကျိုးဖြစ်လာပါသည်။ အကြောင်းနှင့် အကျိုးသည် အချင်းချင်း ဆက်စပ်ပြီး မှီခို၍သာ တည်ရှိသောကြောင့် ဖြစ်ပါသည်။ တစ်စုံတစ်ရာသည် ယင်း၏ သက်ရောက်မှု ဖြစ်နိုင်ခြေတစ်ခု မရှိပါက အကြောင်းရင်းအဖြစ် မတည်ရှိနိုင်ပါ။ တစ်စုံတစ်ရာသည် အကျိုးသက်ရောက်မှု မထုတ်လုပ်နိုင်ပါက မည်သို့လျှင် အကြောင်းတရား ဖြစ်နိုင်ပါမည်နည်း။ ထိုအခါ ကိစ္စရပ်များ၏ အကြောင်းတရား ဆက်စပ်မှုဆိုသည့် နှိုင်းရသစ္စာသည် အရာရာ၏ အနက်ရှိုင်းဆုံး သစ္စာကြောင့်သာ ဆောင်ရွက်နိုင်ပါသည်။ အရာရာသည် အခြားအရာများနှင့် မဆက်စပ်ဘဲ တည်ရှိခြင်းမျိုး မရှိနိုင်ပါ။
သစ္စာနှစ်ချက်သည် ဆုတောင်းစာပိုဒ်တွင် ဖော်ပြသည့်အတိုင်း ဤနည်းဖြင့် အချင်းချင်းပံ့ပိုးသည်ဆိုသော အချက်က အရာအားလုံး လိုက်နာရသောနည်းလမ်းဖြစ်သည့် အခြေခံအချက် ဖြစ်ပါသည်။ ‘‘အခြေခံ’’ ဆိုရာတွင် နောက်စာကြောင်း၌ ဖော်ပြသည့် အခြေခံအချက်ကိုလည်း ဖော်ပြပါသည်။ ဘုရားရှင်သည် ထိုစဉ်က သစ္စာလေးပါးကို နားလည်ခဲ့သည့် သစ္စာနှစ်ချက်ဆိုသည့် အမှန်တရားကို မြင်တွေ့သည့် အခြေခံပေါ်တွင် မူတည်ထားပါသည်။
မေးခွန်းများ
တကယ့် အမှန်တရားကို ကြုံတွေ့ခြင်း
တကယ့်အမှန်တရားကို မှားယွင်းသော အယူအဆတစ်ခုခု မပါဝင်ဘဲ တိုက်ရိုက် ကြုံတွေ့ရနိုင်ပါသလား။ သို့မဟုတ် ထိုသို့ကြုံတွေ့ရန် မဖြစ်နိုင်ဘူးလား။
မဟုတ်ပါ။ ထိုသို့ ဖြစ်နိုင်ပါသည်။ ကျွန်ုပ်တို့၏ စိတ်ဆောင်ရွက်ချက်က အရာရာကို မဖြစ်နိုင်သောနည်းဖြင့် တည်ရှိနေသယောင် ပြုလုပ်သော်လည်း ယင်းတို့သည် အမှန်တရားနှင့် မဆက်စပ်သောကြောင့် ထိုပုံပျက်မှု ဖြစ်စေသောအရာကို ဖယ်ရှား၍ရနိုင်ပါသည်။ ဤသည်မှာ အမှန်တရား ဆိုသည့်အရာ ရှိသောကြောင့်၊ ပုံပျက်နေသော အမှန်တရားသည် စိတ်ဆောင်ရွက်ချက်၏ အခြေခံ သဘောသဘာဝ မဟုတ်သောကြောင့် ဖြစ်ပါသည်။ မှန်းဆချက် သို့မဟုတ် ပုံပျက်မှုများ မရှိဘဲ စိတ်ဆောင်ရွက်ချက် ဖြစ်နိုင်ပါသည်။
ထိုအခြေခံအရ ကျွန်ုပ်တို့၏ စိတ်ဆောင်ရွက်ချက်က အမှန်တရားကို ပုံဖျက်သောအခါ ပြဿနာများ၊ ဆင်းရဲဒုက္ခနှင့် မပျော်ရွှင်မှုတို့ ဖြစ်စေသည်ဟု နားလည်လာပါသည်။ သို့သော် ထိုပုံပျက်မှုကို မမှန်းဆအောင် ကျွန်ုပ်တို့စိတ်ကို တားဆီး၍ရနိုင်သည့်အတွက် မိမိအတွက် ပြဿနာများ မဖန်တီး၊ မတွေ့ကြုံရတော့ပါ။ ကျွန်ုပ်တို့စိတ်သည် ဤရည်မှန်းချက်မျိုး ရနိုင်စွမ်းရှိသည်ကို နားလည်လာသည်နှင့် ဆင်းရဲဒုက္ခကို တားဆီးဖယ်ရှားရန် ကျွန်ုပ်တို့၏ဘဝတွင် ချမှတ်ရမည့် စိတ်အချရဆုံး လမ်းကြောင်းအဖြစ် ယင်းကိုရရှိလာပါသည်။ ဤစိတ်ချရသော လမ်းကြောင်းကို ‘‘ကိုးကွယ်အားထားရာ’’ ဟုခေါ်ပါသည်။ သို့သော် ယင်းကို အမှန်တကယ် အောင်မြင်နိုင်စွမ်း ရှိသည်ဟု အခိုင်အမာ ယုံကြည်မှသာ ထိုသို့ရည်မှန်းနိုင်ပါသည်။ ကျွန်ုပ်ပြောခဲ့သော အရာအားလုံးသည် အမှန်တရားနှင့် ယင်းကို ကျွန်ုပ်တို့က သိရှိနိုင်စွမ်းအပေါ် မူတည်ကြောင်း သဘောပေါက်ရာမှ ကျွန်ုပ်တို့၏ ခိုင်မာသော ယုံကြည်ချက် ဖြစ်လာပါသည်။
သို့သော် စိတ်၏ပိတ်ဆို့မှုများကို ဖယ်ရှားနိုင်အောင် အမှန်တရားနှင့် ရင်းနှီးလာစေရန်အတွက် အလွန်ကြာမြင့်စွာ လေ့ကျင့်ဖို့ လိုပါသည်။ ထို့ကြောင့် တရားရှုမှတ်ရခြင်း ဖြစ်ပါသည်။ တရားရှုမှတ်ရခြင်းသည် ဤနေရာတွင် မိမိကိုယ်ကို အမှန်တရားနှင့် နီးစပ်အောင် လေ့ကျင့်ခြင်း ဖြစ်ပါသည်။ အမှန်တရားကို အကျိုးပြုအလေ့အထအနေနှင့် အထပ်ထပ် ရှုမြင်ရပါသည်။ ထိုအလေ့အထမျိုး စုစည်းလာပါက မည်သူနှင့် တွေ့ဆုံသည်ဖြစ်စေ သူတို့ကို သင့်မျက်စိရှေ့တွင် တကယ်ထင်ရသောပုံအတိုင်း မမြင်ရန် ကျင့်သားရလာပါသည်။ သူတို့သည် တစ်ခါက ကလေးတစ်ယောက်၊ ထို့နောက် ကြီးကောင်ဝင်ပြီး လူကြီးဖြစ်၊ သူတို့ဘဝ တစ်လျှောက်လုံးတွင် လွှမ်းမိုးသောအချက်များစွာရှိသည် ဆိုခြင်းကို အပြည့်အဝ သတိပြုမိလာပါသည်။ ထို့ပြင် သူတို့ အသက်ကြီးလာချိန်တွင်လည်း အခြားအချက်များစွာက လွှမ်းမိုးနိုင်ပါသည်။ ဤနည်းဖြင့် လူတစ်ယောက်ဘဝ၏ အဆက်အစပ် တစ်ခုလုံး အမှန်တရားကို မြင်လာသည်။ ထိုအထဲတွင် ဖြစ်ပျက်သမျှ အရာတိုင်း အပြန်အလှန် ဆက်စပ်နေသည်ကို မြင်လာသည်။ ထိုသူ၏ အမှန်တရားကို ဤသို့မြင်လာပါက သူတို့ကို မျက်စိရှေ့မှ ရုပ်ငြိမ်ဓာတ်ပုံလို ရေတိုမြင်ခြင်းထက် ပိုပြီးအကျိုးရှိ၊ ပိုပြီးလက်တွေ့ကျသောနည်းဖြင့် အပြန်အလှန် ဆက်သွယ်လာနိုင်ပါသည်။
သို့သော် ထိုသို့ဆောင်ရွက်နိုင်အောင် ကိုယ်တိုင်လေ့ကျင့်ရန်လိုပါသည်။ သူတို့ဘဝ အသေးစိတ်အားလုံး၊ ယင်းတို့၏ လွှမ်းမိုးမှုအားလုံးကို သင်မသိနိုင်တာ သေချာပါသည်။ ထိုအချက်က အရေးမကြီးပါ။ ထိုသူမှာ လွှမ်းမိုးမှုများစွာရှိသည့် အတိတ်သမိုင်းရှိခဲ့ကြောင်း၊ အနာဂတ်လည်း ရှိလာနိုင်ကြောင်း သတိပြုမိပါက ထိုသူ၏အမှန်တရားနှင့် အများကြီး နီးစပ်အောင် သင့်ကို လမ်းဖွင့်ပေးလိုက်ပါသည်။ ထို့ကြောင့် ကလေးတစ်ယောက်ကို တွေ့သည်ဆိုလျှင် ကလေးကို ကလေးဟု မမြင်တော့ဘဲ လူကြီးဖြစ်နိုင်ခြေ ရှိသူ ဟုမြင်လာသည်။ မိမိယခု ဆောင်ရွက်သမျှ အရာတိုင်းက ဤကလေးငယ် လူကြီးဖြစ်လာပုံကို သက်ရောက်ပါလိမ့်မည်။ မြင်ကွင်းတစ်ခုလုံးကို သင်ကြည့်လာပါသည်။ အမှန်တရားနှင့် ထိတွေ့လာပါသည်။