ခေတ်သစ်ကမ္ဘာတွင် ဘုန်းတော်ကြီး ဒလိုင်းလားမား၏ အရေးပါမှု

ခေတ်သစ်ကမ္ဘာတွင် ဘုန်းတော်ကြီး ဒလိုင်းလားမား၏ အရေးပါအရာရောက်မှုကို လေ့လာကြပါစို့။ သူပါဝင်ဆောင်ရွက်ရမည့် အခန်းကဏ္ဍတစ်ခုခု ရှိမည်ဆိုပါက ထိုအခန်းကဏ္ဍသည် တတ်နိုင်သလောက် လူအများကြီးအတွက် အဓိပ္ပာယ်ရှိပြီး အကျိုးပြုသည့်ကိစ္စသာ ဖြစ်ပါမည်။ သူသည် စူပါစတား တစ်ယောက်ကဲ့သို့ ထင်ရှားသောကြောင့် ဖျော်ဖြေမှု သို့မဟုတ် စပ်စုလိုမှုအနေနှင့်သာ အရေးပါခြင်း မဟုတ်ပါ။ ဘုန်းတော်ကြီး ဒလိုင်းလားမားသည် ထိုအတွက် မဟုတ်ပါ။ သူ၏တစ်ခုတည်းသော ဘဝရည်မှန်းချက်သည် အခြားသူများကို အကျိုးပြုရေး ဖြစ်ပါသည်။

အခြားသူများအတွက် ဆောင်ရွက်ခြင်း

အခြားသူများ သာယာဝပြောရေးကို တစိုက်မတ်မတ် အားထုတ်ပါသည်ဟု ပြောနေသူများ ရှိသော်လည်း ကျွန်ုပ်တို့၏ ဆရာတော်ကြီးနှင့် ပတ်သက်၍ အမှန်တကယ် ဝမ်းမြောက်ဖွယ် အချက်မှာ သူသည် လုံးဝရိုးသားမှုရှိခြင်း ဖြစ်ပါသည်။ အခြားသူများက သူ့အနားရောက်ရှိချိန်တွင် လည်းကောင်း၊ သူ့တရား နာကြားသောအခါတွင်လည်းကောင်း၊ သူလက်တွေ့ ဆောင်ရွက်သော ကိစ္စများကို သဘောပေါက်လာသော အခါတွင်လည်းကောင်း ထိုအချက်ကို မလွဲမသွေ ဆက်သွယ် သိရှိနိုင်ပါသည်။ ပထမအချက်မှာ လောကီကျင့်ဝတ်ဖြစ်ပြီး ဒုတိယအချက်မှာ ဘာသာရေး ညီညွတ်မျှတမှုဖြစ်ကာ တတိယအချက်မှာ သူ့အပေါ်တွင် ထားရှိသည့် အခန်းကဏ္ဍဖြစ်နေသည့် တိဘက်နှင့် တိဘက်လူမျိုးတို့၏ သာယာဝပြောရေးအတွက် ကြည့်ရှုစောင့်ရှောက်ရန် ဖြစ်ပါသည်။

ကျင့်ဝတ်

ဆရာတော်ကြီးသည် လောကီကျင့်ဝတ်နှင့် ဘာသာရေး ညီညွတ်မျှတမှုအကြောင်းကို မကြာခဏ ပြောဆိုပါသည်။ အကြောင်းမှာ ကမ္ဘာကြီးသည် ကျင့်ဝတ်နှင့်အညီ နေထိုင်ရန် များစွာလိုအပ်နေပါသည်။ အဂတိလိုက်စားမှုများ၊ မရိုးသားမှုများနှင့် လူအချင်းချင်း မညီညွတ်မှုများ မြောက်မြားစွာ ပေါ်ပေါက်နေသည်မှာ ကျင့်ဝတ်ကင်းမဲ့သောကြောင့် ဖြစ်ပါသည်။

ဘုန်းတော်ကြီး ဒလိုင်းလားမားသည် အလွန်ပင် သဘောထားကြီးပြီး စိတ်ဓာတ်ပွင့်လင်းကာ ဤကမ္ဘာပေါ်ရှိ လူသန်းပေါင်း ၇ ထောင်ကျော်အတွက် အကျိုးရှိမည့်အရာကိုသာ အမြဲတမ်း တွေးတောပြောဆိုပါသည်။ ဤလူသားများထဲတွင် ဘာသာတရားအချို့ကို ယုံကြည်သူအချို့ ရှိသလို မယုံကြည်သူများလည်း ရှိပါသည်။ လိုအပ်သည့်အချက်မှာ အားလုံးလက်ခံနိုင်မည့် ကျင့်ဝတ်အခြေခံဖြစ်သည့် ကျင့်ဝတ်စနစ်အချို့ ဖြစ်ပါသည်။ ယင်းစနစ်ကို ဆရာတော်ကြီးက “လောကီ ကျင့်ဝတ်” ဟုခေါ်ပါသည်။ မည်သည့် ဘာသာတရား သို့မဟုတ် စနစ်ကိုမျှ ဆန့်ကျင်ရာ မရောက်ပါ။ ထို့ပြင် ယုံကြည်မှုစနစ် အားလုံးကိုသာမက မယုံကြည်သူများ၏ လိုအပ်ချက်များကိုပါ လေးစားသမှု ရှိပါသည်။ “အခြေခံ လူသားတန်ဖိုးများ” ဟု သူကခေါ်ဆိုသည့် အရာများအပေါ်တွင် ယင်းကိုအခြေခံထားပါသည်။ ထို့ကြောင့် သူ၏ဆိုလိုရင်းမှာ လောကီကျင့်ဝတ် ဆိုသည်ထက် ဇီဝဗေဒတွင် အခြေပြုသည့် အခြေခံ လူသားတန်ဖိုးများကို လူသိများအောင် ပြုလုပ်ရန် အချိန်တန်ပြီဟု ပြောလေ့ရှိပါသည်။ မိခင်က မွေးကင်းစရင်သွေးအပေါ် ထားရှိသည့် ချစ်ခင်ဂရုစိုက်မှုသည် လူသားများတွင်သာမက တိရစ္ဆာန်များတွင်ပါ အလွန်အခြေခံကျပြီး ရှေးရိုးဆန်သည့် အခြားသူများကို ဂရုစိုက်မှု ဖြစ်ပါသည်။ ဘုန်းတော်ကြီး ဒလိုင်းလားမား၏ ဘဝတွင်လည်း ထိုအချက်ကို မြင်တွေ့ရပါသည်။ ထို့ကြောင့်လည်း သူ့ထံမှ သတင်းစကားသည် အလွန်စိတ်ဝင်စားဖွယ် ကောင်းပါသည်။

အချိန်ဇယား

ဆရာတော်ကြီးသည် လုံးဝမယုံနိုင်လောက်သော အချိန်ဇယားတစ်ခု ထားရှိကာ ကမ္ဘာတစ်ဝန်း ခရီးသွားလာပါသည်။ အထူးသဖြင့် ယခု ၂၀၁၃ ခုနှစ်၊ သက်တော် ၇၈ နှစ် ရှိချိန်တွင် ဖြစ်ပါသည်။ သူ၏ကမ္ဘာ့ခရီးစဉ်များမှာ အချိန်ကြာမြင့်ပြီး တစ်ခါတစ်ရံ တစ်နေရာတွင် တစ်ရက်သာ သီတင်းသုံးနေထိုင်ပါသည်။ သူ့အချိန်ဇယားများမှာ ပြင်းထန်ပါသည်။ ကျွန်ုပ်သည် ဆရာတော်ကြီး၏ ကြားခံဆက်သွယ်သူ၊ ဘာသာပြန်သူ စသည်ဖြင့် ခရီးသွားလာဖူးပါသည်။ ထို့ကြောင့် သူ့အချိန်ဇယားအကြောင်းကို သိပါသည်။ နေ့စဉ် စာသင်ချိန်များစွာ ရှိသလို သတင်းစာ ရှင်းလင်းပွဲနှင့် တစ်ဦးချင်း တွေ့ဆုံပွဲများလည်း ရှိသည်။ သူ့မှာ ဆွမ်းဘုဉ်းပေးချိန် သိပ်မရှိပါ။ စံတော်ချိန် အပြောင်းအလဲများ သို့မဟုတ် ထိုသို့သောအရာများ မည်သို့ရှိစေကာမူ မနက်တိုင်း ၃ နာရီခွဲတွင် အိပ်ရာထပြီး လေးနာရီကြာ နက်နဲသော တရားရှုမှတ် ကျင့်ကြံမှု ပြုပါသည်။ သူ့စွမ်းအားသည် အလွန်အားကောင်းသလို သူ့မှာဟာသဉာဏ်နှင့် တွေ့ဆုံသမျှသူတိုင်းကို အလေးထားမှုလည်း အမြဲရှိပါသည်။ သူ့ကိုမြင်တွေ့ရသည်မှာ အလွန်အံ့အားသင့်စရာ ကောင်းပါသည်။ မည်သူနှင့် သူတွေ့ဆုံသည်ဖြစ်စေ “အခုနောက်ထပ် လူသားတစ်ဦးနှင့် တွေ့ရတော့မယ်။ ဝမ်းသာစရာပဲ” ဟုဆိုပြီး ထိုသူနှင့်တွေ့ရန် လုံးဝပျော်ရွှင်ဝမ်းမြောက်နေပါသည်။

မေတ္တာ

ဗုဒ္ဓဘာသာတွင် နွေးထွေးသောမေတ္တာ ဆိုသည်မှာ တစ်စုံတစ်ယောက်နှင့် ဆုံတွေ့သောအခါ သင့်နှလုံးသားကို နွေးထွေးသွားစေပြီး သူနှင့်တွေ့ရသည်ကို အလွန်ပျော်ရွှင်ခြင်း၊ သူ၏ဘဝသာယာရေးအတွက် အမှန်တကယ် အလေးထားခြင်း ဖြစ်ပါသည်။ ဘုန်းတော်ကြီး ဒလိုင်းလားမားက တစ်ယောက်ယောက်နှင့် အပြန်အလှန် ဆက်သွယ်သောအခါတွင် လည်းကောင်း၊ လူအုပ်ထဲသို့ ဖြတ်လျှောက်သွားချိန်တွင် လည်းကောင်း၊ သူက လူတို့ကို ကြည့်ပုံကြည့်နည်းနှင့် သူတွေ့ဆုံသူတိုင်းအပေါ် အလုံးစုံ အာရုံစိုက်မှု ပေးထားပုံတို့တွင် ထိုသို့ တွေ့နိုင်ပါသည်။ သူသည် အခြားသူများ၏ သာယာဝပြောရေးနှင့် လူတိုင်း၏ ညီမျှသော သာယာဝပြောရေးကို အမှန်ပင် စိတ်ဝင်စားသည်ကို လက်တွေ့ဆက်သွယ်ပြောဆိုခြင်း ဖြစ်ပါသည်။ ထို့ကြောင့် လူသားတန်ဖိုးများ၊ လောကီ ကျင့်ဝတ်များကို လူသိများစေရေးဆိုသည့် စိတ်ကူးသည် အားလုံးအတွက် အကောင်းဆုံး အကျိုးရှိစေမည်ဟု သူနားလည်ထားသောအချက် ဖြစ်ပါသည်။ “ဗုဒ္ဓဘာသာ အတွက်သာ” ဆိုသည့်နည်းဖြင့် ကျဉ်းမြောင်းသော တွေးတောမှု မဟုတ်ပါ။ ကမ္ဘာတစ်ဝန်းမှ ပညာရေး စနစ်များတွင် ရိုးသားကြင်နာမှု၏ အကျိုးကျေးဇူးများနှင့် ကမ္ဘာကြီးအတွက် အလွန်ပင် အကျိုးရှိသည့် အခြားသော အခြေခံလူသားတန်ဖိုးအားလုံးကို ကလေးများအား သင်ကြားရန် လောကီအဆင့် တရားတော်အချို့ မည်ကဲ့သို့ စတင်သင်ကြားမည်ကို သူအလွန် အလေးထားပါသည်။

ဘာသာရေး ညီညွတ်မျှတမှု

ဘာသာရေး အုပ်စုများအကြား အငြင်းပွားမှုများကြောင့် ကမ္ဘာပေါ်တွင် အခက်အခဲများစွာ ပေါ်ထွက်နေပါသည်။ မယုံကြည်မှု၊ ကြောက်ရွံ့မှုတို့ ရှိသည့်အတွက် ပြဿနာများ ဖြစ်လာစေပါသည်။ ဆရာတော်ကြီးက ဘာသာရေး ညီညွတ်မျှတမှု အနေနှင့် ကျွန်ုပ်တို့ လိုအပ်သည်မှာ ပညာပေးခြင်း ဖြစ်သည်ဟု ဆိုပါသည်။ လောကီ ကျင့်ဝတ် အနေနှင့်သာ မဟုတ်ဘဲ အချင်းချင်းအကြောင်း ပညာပေးခြင်းလည်း ပါဝင်ပါသည်။ ကျွန်ုပ်တို့ အမှန်တကယ် ကြောက်ရွံ့သည်မှာ မသိသောအရာ ဖြစ်သည်။ မသိသော အုပ်စုများနှင့် ဘာသာတရားများ အပေါ် စိတ်ကူးယဉ် မှန်းဆမှုအချို့ ပြုလုပ်မိပါသည်။ သူက သူပါဝင်သော ဘာသာပေါင်းစုံ ဆွေးနွေးပွဲများစွာတွင် လူတို့သည် စုရုံးကာ အချင်းချင်း ပြုံးရယ်လျှက် အလွန်သဘောကောင်းကြသည်ဟု ဆိုပါသည်။ ထို့နောက် ဆုတောင်းခြင်းအချို့ သို့မဟုတ် တိတ်ဆိတ်သော တရားရှုမှတ်ခြင်းများ ဆောင်ရွက်ပါသည်။ ထိုအရာအားလုံးက ကောင်းမွန်သော်လည်း သိပ်အလုပ်မတွင်ကျယ်ပါ။ “ကဲ၊ ကျွန်ုပ်တို့အားလုံး တစ်ခုတည်းကိုပဲ ပြောနေကြပါတယ်။ အားလုံး အတူတူပါပဲ” ဟု ပြောရုံဖြင့် တူညီသောအချက်များကိုချည်း ထောက်ပြနေခြင်းသည် အချင်းချင်းအကြောင်းကို လက်တွေ့လေ့လာရန် အထောက်အကူ မပြုပါ။

ယခုနှစ် ဇွန်လတွင် ဆရာတော်ကြီးသည် ဆူဖီအကြီးအကဲ အချို့နှင့်အတူ အစည်းအဝေးတွင် သူက တူညီချက်များကို သာမက ခြားနားချက်များကိုလည်း လေ့လာလိုသည်ဟု သူတို့ကို ပြောပါသည်။ သူက ကျွန်ုပ်တို့သည် ခြားနားမှုများ အတွက် ရှက်ရွံ့မနေသင့်ကြောင်း၊ မိမိကိုယ်ကို တိုးတက်အောင် ကြိုးပမ်းအားထုတ်ရာတွင် အကျိုးရှိစေနိုင်မည့် နည်းများဖြင့် ယင်းတို့ကို သင်ယူနိုင်ကြောင်း ပြောပါသည်။ ဆရာတော်ကြီးက ဘာသာတရား အားလုံးတွင် တူညီသော ရည်မှန်းချက်မှာ လိုက်နာသူများအတွက် ပိုမိုပျော်ရွှင်သော ဘဝ ရရှိစေရေး ဖြစ်သည်ဟု မိန့်ပါသည်။ ထိုရည်မှန်းချက် အောင်မြင်ရန်မှာမူ ခြားနားသော နည်းလမ်းများစွာ ရှိပါသည်။ လူအမျိုးမျိုး ကွဲပြားခြားနားသောကြောင့် ထိုသို့ခြားနားရန်လည်း လိုအပ်ပါသည်။

သူက ဤသို့ဆိုပါသည်။ “ကျွန်ုပ်တို့ အားလုံးက ကျွန်ုပ်တို့ရဲ့ ဘာသာဝင်များကို မေတ္တာ၊ ကရုဏာ စတာတွေ ထားရှိဖို့ ဟောပြောပါက ဘယ်နည်းလမ်းကို အသုံးပြုပါသလဲ။ အဘယ် နည်းလမ်းကို သုံးသလဲ။ သင်တို့ထံမှနေ၍ ထိုအချက်ကို သင်ယူနိုင်ပါသည်။ ကွဲပြားမှုများကို လေ့လာကာ အသစ်အဆန်း တစ်ခုခု သင်ယူခွင့်အနေနနှင့် ယင်းတို့ကို လေးစားပါသည်။ ဘာသာတရားတိုင်းမှ အလွန်လေးနက်သော ကျင့်ကြံသူများ အတူတကွ စုရုံးပြီး အတွေ့အကြုံများ မျှဝေသည့် အစည်းအဝေးများ ကျင်းပသည်မှာ အများပြည်သူ ပရိသတ် အတွက်သာမက အချင်းချင်းအတွက်လည်း အလွန်ကောင်းပါလိမ့်မည်။ သို့မှသာ ကျွန်ုပ်တို့သည် လေးနက်သော ကျင့်ကြံသူ အဆင့်တွင် အမှန်ပင် ပြောဆိုမိကြပါမည်။ ဤအချက်က အလွန်အကျိုးရှိပါလိမ့်မည်။”

သိပ္ပံပညာ

ဆရာတော်ကြီး၏ ပင်မကြိုးပမ်းချက်သည် အားလုံးအကျိုးရှိစေရန် ဖြစ်ပါသည်။ သီးခြားတာဝန်အဖြစ် တိဘက်လူမျိုးများအတွက်၊ တိဘက် ဗုဒ္ဓဘာသာ အစဉ်အလာများအတွက် ဖြစ်ပါသည်။ ယင်းမှာလည်း သူ၏သီးသန့် အလေးထားမှု မဟုတ်ပါ။ ဆရာတော်ကြီးသည် ငယ်ရွယ်စဉ်ကပင် သိပ္ပံ၊ စက်ယန္တရားနှင့် အရာရာ ဖြစ်တည်ပုံတို့ အကြောင်း အလွန် စိတ်ဝင်စားပါသည်။ ၁၉၈၀ ပြည့်လွန် အစောပိုင်းနှစ်များကတည်းကပင် သိပ္ပံပညာရှင်များနှင့် အစည်းအဝေးများ ကျင်းပပြီး သူတို့ထံမှ အမှန်တကယ် သင်ယူလိုစိတ် ရှိပါသည်။

သူက သိပ္ပံပညာရှင်များသည် ဗုဒ္ဓဘာသာ တရားတော်များတွင် ကျွန်ုပ်တို့ တွေ့ရှိထားသောအရာနှင့် ကွဲလွဲသော အရာတစ်ခုခု၊ ဥပမာအားဖြင့် စကြဝဠာနှင့် ပတ်သက်သော ဖော်ပြချက်၊ စကြဝဠာ စတင်ပေါ်ပေါက်ပုံ စသည်တို့ကို မှန်ကန်စွာ ပြသနိုင်ပါက ဗုဒ္ဓဘာသာ တရားတော်မှ ဖယ်ရှားပေးနိုင်ပါသည်ဟု မိန့်ခဲ့ပါသည်။ ဦးနှောက် အလုပ်လုပ်ပုံ၊ ဓာတုဗေဒ အရာဝတ္ထု အမျိုးမျိုး စသည့် အနောက်တိုင်း သိပ္ပံပညာမှ နားလည်ထားမှုများသည် ဗုဒ္ဓဘာသာ၏ နားလည်မှုကို များစွာပံ့ပိုးပေးပါလိမ့်မည်။

ထို့အတူ ဗုဒ္ဓဘာသာသည် ဗုဒ္ဓဘာသာ သိပ္ပံပညာရပ်၊ ဗုဒ္ဓဘာသာ အသိပညာနှင့် ဗုဒ္ဓဘာသာ ဒဿနစသည့် အမျိုးအစား များမှနေ၍ သိပ္ပံပညာရှင်များနှင့် မျှဝေနိုင်သော အသိပညာများစွာ ရှိပါသည်။ နမူနာပြရလျှင် ဗုဒ္ဓဘာသာတွင် စိတ်ခံစားချက်များအကြောင်း အသေးစိတ်မြေပုံတစ်ခု ပေးထားပါသည်။ စိတ်ခံစားချက်၏ အတွင်းစိတ် လောက တစ်ခုလုံး၏ အလုပ်လုပ်ပုံ၊ ထိုစိတ်ခံစားချက်များကို ဖြေရှင်းပုံ စသည်တို့ ဖြစ်ပါသည်။ ဗုဒ္ဓဘာသာ၏ ဝေဖန် ဆန်းစစ်မှုသည် သိပ္ပံနည်းကျ စုစည်းထားသည့် ရှုထောင့်တစ်ခု ဖြစ်ပါသည်။ ထိုအချက်သည် အနောက်တိုင်း သိပ္ပံပညာရှင်များအတွက်လည်း များစွာအသုံးဝင်နိုင်ပါသည်။ ကျောင်းတိုက်များတွင် ဆရာတော်ကြီးသည် သိပ္ပံပညာဘာသာရပ်ကို ထူထောင်ကာ သံဃာတော်များနှင့် သီလရှင်များအတွက် သင်ရိုးထဲသို့ ပေါင်းထည့်ထားပါသည်။ သိပ္ပံပညာဆိုင်ရာ ပြဌာန်းစာအုပ် အမျိုးမျိုးကို အင်္ဂလိပ်ဘာသာမှ တိဘက်ဘာသာသို့ ပြန်ဆိုထားပါသည်။ ဤနည်းဖြင့် သူသည် ကမ္ဘာပေါ်ရှိ အဓိက ဘာသာတရားတစ်ခု၏ ခေါင်းဆောင် တစ်ယောက်အနေနှင့် မယုံနိုင်လောက်အောင် စိတ်ထားပွင့်လင်းမှု ရှိပါသည်။

အခြားသော အစဉ်အလာများနှင့် ဆက်သွယ်မှု

ဆရာတော်ကြီးသည် အစ္စလာမ်ကမ္ဘာကိုလည်း ဆက်သွယ်လိုသည့်အတွက် ကျွန်ုပ်၏ ဗုဒ္ဓဘာသာ မော်ကွန်းတိုက်တွင် အခြေခံ ဗုဒ္ဓဘာသာ တရားတော်များနှင့် အခြေခံ လူသားတန်ဖိုးများ၊ ကျင့်ဝတ် စသည်တို့အကြောင်း ယေဘုယျ သတင်းစကားများကို အာရဗီနှင့် အခြား အဓိက အစ္စလာမ်ဘာသာစကားများသို့ ဘာသာပြန်ရန် တိုက်တွန်းအားပေး ထားပါသည်။ ဤလုပ်ငန်းမှာ ဆောင်ရွက်ဆဲ ဖြစ်ပါသည်။ လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း အစ္စလာမ်ဘာသာကို အလွန်ပင် မကောင်းမြင်လာသည်မှာ အတော်လေး ကံဆိုးမှုဖြစ်ပါသည်။ ကမ္ဘာပေါ်တွင် သူတို့ကို ပါဝင်စေရန် အလွန်အရေးကြီးပြီး သူတို့ကို ခြိမ်းခြောက်မှုတစ်ခုကဲ့သို့ ဘေးဖယ်မထားသင့်ပါ။ ကျွန်ုပ်တို့သည် သူတို့အား ဗုဒ္ဓဘာသာ ယုံကြည်မှုများအကြောင်း ရှင်းရှင်းလင်းလင်း ရှင်းပြရန်လည်း လိုပါသည်။ သူတို့ကို ဘာသာပြောင်းမှုတစ်ခုခု ပြုလုပ်စေရန် မဟုတ်ဘဲ အခြေခံ အချက်အလက်များ မျှဝေရုံသာ ဖြစ်ပါသည်။ သူတို့ကလည်း ကျွန်ုပ်တို့အား ပြန်လည် မျှဝေနိုင်ပါသည်။ ဤနေရာတွင်လည်း ပညာပေးခြင်းသည် နားလည်မှုနှင့် ရင်းနှီးမှု တည်ဆောက်ရန် နည်းလမ်းတစ်ခု ဖြစ်နေပါသည်။

ဗုဒ္ဓဘာသာထဲတွင် တိဘက်၊ တရုတ်၊ ဂျပန် စသည့်နိုင်ငံများတွင် ကျင့်သုံးသော မဟာယာန အစဉ်အလာနှင့် အရှေ့တောင်အာရှတွင် ကျင်သုံးသော ထေရဝါဒ အစဉ်အလာတို့ ရှိပါသည်။ အချို့အတွက် အံ့အားသင့်စေသလို ကံဆိုးသည့်အချက်မှာ နှစ်ဖက်စလုံးက တစ်ခုအကြောင်းတစ်ခု အနည်းငယ်မျှသာ သိရှိကြပါသည်။ သူသည် အမေရိကန် ဗုဒ္ဓဘာသာ သီလရှင်တစ်ပါးကို အလွန်အသေးစိတ်ကျသော နှိုင်းယှဉ်မှု ပြုလုပ်ရန် ထောက်ပံ့တာဝန်ပေးခဲ့ပါသည်။ ကျင့်ကြံမှုတိုင်းအတွက် မဟာယာနမူသည် အဘယ်နည်း။ ထေရဝါဒမူသည် အဘယ်နည်း။ ယင်းကို အရှေ့တောင်အာရှ ဘာသာစကားများဖြင့် ဘာသာပြန်ကာ ဤသို့အရေးကြီးသော အသိပညာကို မျှဝေသွားပါမည်။

အမျိုးသမီးများ သာသနာ့ဘောင်သို့ ဝင်ရောက်ခြင်း

တိဘက်တွင် အပြည့်အဝ သာသနာ့ဘောင် ဝင်ရောက်ထားသော သံဃာများ ရှိသော်လည်း သီလရှင်များအတွက် သာသနာ့ဘောင် မျိုးရိုးစဉ်ဆက်သည် အိန္ဒိယနိုင်ငံမှ ဟိမဝန္တာကို ကျော်လွန်နိုင်ခြင်း မရှိပါ။ ဤသည်မှာ အဓိကအားဖြင့် ပထဝီဝင်နယ်မြေ အနေအထားကဲ့သို့ အကြောင်းရင်းများစွာကြောင့် ဖြစ်ပါသည်။ အိန္ဒိယနိုင်ငံမှ သီလရှင်တစ်ဖွဲ့လုံး တိဘက်သို့ ခြေလျင် ခရီးသွားရန် ရှေးခေတ်က အလွန်ခက်ခဲပါသည်။ ထို့ကြောင့် အစဉ်အဆက် ပြတ်သွားပါသည်။ အကြောင်းမှာ အပြည့်အဝ သာသနာ့ဘောင် ဝင်ရောက်ထားသော သီလရှင်ဆယ်ဦး တစ်ဖွဲ့ရှိမှသာ လက်ဆင့်ကမ်းနိုင်မည် ဖြစ်ပါသည်။

ဤနေရာတွင်လည်း ဘုန်းတော်ကြီး ဒလိုင်းလားမားသည် ဤမျိုးဆက်ကို ပြန်လည်စတင်ရန် ဖြစ်နိုင်ခြေများကို မြင်နိုင်ရန် သုတေသနများနှင့် စီမံကိန်းများကို ပံ့ပိုးပေးနေပါသည်။ သို့မှသာ တိဘက် အစဉ်အလာဖြင့် အပြည့်အဝ သာသနာ့ဘောင် ဝင်ရောက်လိုသော အမျိုးသမီးများက ထိုသို့ဝင်ရောက်နိုင်ပါမည်။

“မိမိသည် သာမန်ရဟန်းတစ်ပါး ဖြစ်ပါသည်”

ဆရာတော်ကြီး၏ နှစ်သက်ဖွယ်အကောင်းဆုံး အရည်အသွေးတစ်ခုမှာ ဟန်ဆောင်မှု သို့မဟုတ် မောက်မာမှုတို့ မရှိဘဲ လုံးဝလက်တွေ့ကျပြီး ရိုးရှင်းမှု ဖြစ်ပါသည်။ သူသည် သူလိုငါလို ပုံမှန်လူသားတစ်ယောက်ကဲ့သို့ သာမန်ရဟန်းတစ်ပါး ဖြစ်သည်ဟု အမြဲအမိန့်ရှိပါသည်။ သူကဤသို့ဆိုပါသည်။ “တစ်ယောက်ယောက်နဲ့ တွေ့တိုင်း အဲဒီလူကို နောက်ထပ် လူသားတစ်ယောက်လို့ သဘောထားလိုက်တယ်။ တို့ရဲ့ ဆက်သွယ်မှုက လူသားအချင်းချင်း ဆက်သွယ်မှုဖြစ်တယ်။ ဘုန်းတော်ကြီး ဒလိုင်းလားမားက သာမန်လူတစ်ယောက်နဲ့ ဆက်သွယ်တာမျိုး မဟုတ်ဘူး။ တိဘက်လူမျိုးနဲ့ နိုင်ငံခြားသားတစ်ယောက် ဆက်သွယ်တာမျိုး မဟုတ်ဘူး။ အဲဒီလို ထပ်ဆင့် ကွဲပြားမှုတွေ မရှိဘဲ တို့အားလုံး လူသားတွေ ဖြစ်တယ်ဆိုတဲ့ အခြေခံအဆင့်ကနေ ဆက်သွယ်တာ ဖြစ်ပါတယ်။”

သူသည် နတ်ဘုရား၊ ဘုရင် သို့မဟုတ် တန်ခိုးစွမ်းအားရှိသူ ဖြစ်နိုင်ကြောင်း လူတို့၏ စိတ်ကူးယဉ်မှုတိုင်းကိုလည်း ချက်ချင်းချေဖျက်ပေးလိုပါသည်။ ထောင်သောင်းချီသည့် များပြားလှစွာသော ပရိသတ်များ ရှေ့မှောက်သို့ ကြွလာသောအခါ သူသည် လုံးဝ သက်သာသလိုနေပြီး လုံးဝ နေသားကျပါသည်။ သာမန်လူသား တစ်ယောက်လိုပင် ယားလျှင် ကုတ်တတ်ပါသည်။ မိမိကိုယ်ကို အတ္တကြီးမှုမရှိသလို တစ်ယောက်ယောက်ကို ကြွားဝါလိုခြင်း မရှိပါ။ နိုင်ငံတစ်နိုင်ငံ၏ သမ္မတကို တွေ့ရမည်ဆိုလျှင် သူစီးနေကျ ရာဘာညှပ်ဖိနပ်ကို စီးသွားပါသည်။ မည်သူ့ကိုမျှ အထင်ကြီးအောင် ကြိုးစားလိုစိတ် မရှိပါ။

ဟာသဉာဏ်

ဆရာတော်ကြီးသည် အခြားသူများကို အနှောင့်အယှက် မဖြစ်စေသော ဟာသဉာဏ်ဖြင့် စကားပြောဆိုနိုင်သည်မှာလည်း အမှန်ပင် အံ့အားသင့်စရာ ဖြစ်ပါသည်။ တစ်ခါကဆိုလျှင် သူသည် စာသင်နေရာတွင် ထိုင်နေသောခုံသည် အလွန်ပင် အဆင်မပြေသော ပက်လက်ကုလားထိုင် ဖြစ်နေပါသည်။ နောက်ဆုံးတွင် သူက ဦးစီးကျင်းပသောအဖွဲ့နှင့် ပရိသတ်များကို ပြောသည်မှာ အစီအစဉ်အားလုံး ကောင်းမွန်သော်လည်း ဤထိုင်ခုံသည် အလွန်ပင် အဆင်မပြေ သည့်အတွက် နောက်တစ်ကြိမ်တွင် ထိုင်ခုံကောင်းကောင်း ထားစေလိုသည့် အချက်သာ ပြောစရာရှိကြောင်း ပြောလိုက်ပါသည်။ သူက ပေါ့ပါးပြီး နှစ်လိုဖွယ် ဤသို့ပြောသည့်အတွက် မည်သူကမျှ ရိုင်းပျသည်ဟု မယူဆပါ။ အားလုံး ရယ်မောကုန်ပါသည်။ ထိုနည်းအတိုင်းပင် သူသည် အခြားသူများကို အပြစ်တင်နိုင်ပါသည်။

ဗက်ကလက် ဟေဗယ်ထံသို့ သွားရောက်ခြင်း

ချက်ကိုစလိုဗေးကီးယားနိုင်ငံအဖြစ် ရှိနေသေးသည့် ချက်သမ္မတနိုင်ငံ၏ ပထမဆုံး သမ္မတဖြစ်သည့် ဗက်ကလက်ဟေဗယ်က ဆရာတော်ကြီးအား ပင့်ဖိတ်သောအခါ ကျွန်ုပ်သည် သူနှင့်အတူ ရှိခဲ့ပါသည်။ ရော့ခ်စတား ဖရန့်ဇက်ပါသည် ပထမဆုံး ဖိတ်ကြားခံရသူဖြစ်ပြီး ဒုတိယ ဖိတ်ကြားခံရသူမှာ ဆရာတော်ကြီး ဖြစ်ပါသည်။ ဟေဗယ်သည် သူနှင့် အစိုးရအဖွဲ့အား ဆရာတော်ကြီးက တရားရှုမှတ်နည်းများ ဟောကြားပေးစေလိုပါသည်။ “ကျွန်တော်တို့မှာ အတွေ့အကြုံ မရှိပါဘူး။ အစိုးရတစ်ခု ဘယ်လို ဆောင်ရွက်ရမယ်ဆိုတာ မသိပါဘူး။ ကျွန်တော်တို့ အားလုံးဟာ စိတ်ဖိစီးနေပြီး အိပ်မပျော်နိုင်ပါဘူး။ ဆရာတော်အနေနဲ့ ကျွန်တော်တို့ကို ဘယ်လိုတည်ငြိမ်အောင် နေရမယ်ဆိုတာ ဟောကြားပေးတော်မူပါ။ ဒီလိုမှမဟောရင်တော့ နိုင်ငံအသစ်တစ်ခုရဲ့ အစိုးရလုပ်ငန်းတွေ စီမံခန့်ခွဲနိုင်တော့မှာ မဟုတ်ပါဘူး” ဟု သူကပြောခဲ့ပါသည်။

ဗက်ကလက်ဟေဗယ်သည် အလွန် လက်တွေ့ကျပါသည်။ ဆရာတော်ကြီးနှင့် ဝန်ကြီးအားလုံးကို ပရာဂွီမြို့ အပြင်ဘက်ရှိ ရဲတိုက်တစ်ခုဖြစ်သည့် နွေရာသီနန်းတော်ကို ဖိတ်ခေါ်လိုက်ပါသည်။ သူကိုယ်တိုင်လည်း ထိုနေရာကို မသွားဖူးပါ။ အလွန်ကြီးမားပြီး အားလုံးက ခန်းမများထဲတွင် လမ်းလျှောက်ရင်း လမ်းမှားကုန်ပါသည်။ သူက ဘုန်းတော်ကြီး ဒလိုင်းလားမားကို “ဒါက ကွန်မြူနစ် ခေါင်းဆောင်တွေရဲ့ အပျော်အပါးဂေဟာပဲ” ဟု အလွတ်သဘော မှတ်ချက် ပြုပါသည်။ ထိုစကားသည် ဘုန်းတော်ကြီး ဒလိုင်းလားမားကို ပုံမှန်အားဖြင့် ပြောလေ့ရှိသည့် အသုံးအနှုန်းမျိုး မဟုတ်ပါ။ သို့သော် သူကထိုကဲ့သို့ပင် လက်တွေ့ကျ ပွင့်လင်းပါသည်။ ထို့နောက် ဘုန်းတော်ကြီး ဒလိုင်းလားမားအပါအဝင် အားလုံး ခန်းမကြီးတစ်ခု၏ ကြမ်းပြင်ပေါ်တွင် ထိုင်လိုက်ပါသည်။ ဟေဗယ်နှင့် သူ့ဝန်ကြီးများက လက်ရှည်အင်္ကျီ ဝတ်ထားပါသည်။ ဆရာတော်ကြီးက သူတို့ကို အခြေခံ ဝင်လေထွက်လေနှင့် စွမ်းအင်တည်ငြိမ်ရေး တရားရှုမှတ်ခြင်းတို့ကို ဟောကြားတော်မူပါသည်။

ပုံမှန်ဆိုလျှင် ဆရာတော်ကြီးသည် သံဃာ့ကတိကဝတ်များကို အတိအကျ လိုက်နာသည့်အတွက် ညစာမစားပါ။ သို့သော် ပြုလွယ်ပြင်လွယ် ရှိသည့်အတွက် သမ္မတဟေဗယ်က နန်းတော်တွင် ညစာပြင်ထားပါသည်။ ဆွေးနွေးမှုသည် အင်္ဂလိပ်လို ပြောဆိုပါသည်။ မှတ်သားမိသည့် အချက်တစ်ချက်မှာ ဘုန်းတော်ကြီး ဒလိုင်းလားမားက ဟေဗယ်ကို အပြစ်တင်ပုံ ဖြစ်ပါသည်။ ဟေဗယ်သည် အဆက်မပြတ် ဆေးလိပ်သောက်ပါသည်။ ဆရာတော်ကြီးဘေးမှာ ထိုင်နေရင်း ဆေးလိပ်သောက်နေသည်မှာ လုံးဝမသင့်တော်ပါ။ သူသည် နိုင်ငံတစ်ခု၏ သမ္မတဖြစ်သော်လည်း ဆရာတော်ကြီးက “ခင်ဗျား ဆေးလိပ်အရမ်း သောက်တယ်နော်။ နာမကျန်းဖြစ်ပြီး ကင်ဆာ ဖြစ်နိုင်တယ်။ လျှော့သောက်ဖို့ လိုကို လိုအပ်တယ်” ဟု အေးအေးဆေးဆေး မိန့်လိုက်ပါသည်။ ဤသည်မှာ ဆရာတော်ကြီး၏ အလွန်ပင် ကြင်နာမှု ဖြစ်ပါသည်။ ဟေဗယ်သည် နောက်ပိုင်းတွင် အဆုတ်ကင်ဆာ တကယ်ခံစားရပါသည်။ ဤသည်မှာ ဆရာတော်ကြီး၏ အရေးတကြီး အလေးထားမှုက တစ်ဖက်လူအတွက် အထင်အမြင် မည်သို့ရှိစေကာမူ အကျိုးဖြစ်စေပုံ နမူနာတစ်ခု ဖြစ်ပါသည်။

ဉာဏ်ရည်ဉာဏ်သွေးနှင့် မှတ်ဉာဏ်

ဆရာတော်ကြီးသည် ကျွန်ုပ်တွေ့ဖူးသမျှ ဉာဏ်အကောင်းဆုံးပုဂ္ဂိုလ် ဖြစ်သည်မှာ သေချာပါသည်။ သူ့မှာ ဓာတ်ပုံရိုက်သကဲ့သို့ မှတ်ဉာဏ်မျိုး ရှိပါသည်။ ဟောပြောသောအခါ အစဉ်အလာ အားလုံးထံမှ ဗုဒ္ဓတရားတော်များ၏ ကျမ်းစာများကို ကျွမ်းကျင်ပိုင်နိုင်ပါသည်။ မည်သည့်ကျမ်းဂန်မှမဆို ရည်ညွှန်းနိုင်ပါသည်။ တိဘက်လူမျိုးများသည် ပညာသင်ယူရာတွင် သင်ယူသော ကျမ်းစာအမျိုးအစား အားလုံးကို အလွတ်မှတ်သားရပါမည်။ စာမျက်နှာ ၁၀၀၀ ခန့် ရှိနိုင်ပါသည်။ သို့သော် ဘုန်းတော်ကြီး ဒလိုင်းလားမားသည် သူမှတ်သားထားသော မှတ်ချက်အားလုံးကို မယုံနိုင်စရာ မှတ်မိနိုင်ပါသည်။ သူတရားဟောသောအခါ ကျမ်းစာတစ်ခုမှ စာပိုဒ်ငယ်တစ်ခုကို ကောက်နုတ်ကာ နောက်ကျမ်းစာ တစ်ခုမှလည်း နောက်တစ်ပိုဒ် ကောက်နုတ်ပါသည်။ ထိုသို့ဆောင်ရွက်ရန် အလွန်ခက်ပါသည်။ ဤနည်းဖြင့် သူ့မှတ်ဉာဏ်က အလုပ်လုပ်ပါသည်။ အလွန်မှတ်ဉာဏ်ကောင်းသည့် အမှတ်အသားတစ်ခုလည်း ဖြစ်ပါသည်။ အရာရာကို စုစည်းနိုင်ပြီး အားလုံးကို နေရာတကျနှင့် ပုံစံတကျ မြင်နိုင်ပါသည်။ အိုင်းစတိုင်းကဲ့သို့ ပညာရှင်များက e=mc2 ကို မည်ကဲ့သို့ ဖော်ထုတ်ခဲ့ပါသနည်း။ အကြောင်းအရာ အားလုံးကို အတူတကွ စုစည်းကာ ပုံစံတစ်ခု ရှာဖွေနိုင်စွမ်း ရှိသောကြောင့် ဖြစ်ပါသည်။ ဆရာတော်ကြီးသည် တိဘက်ကျမ်းစာများကို ကျယ်ကျယ်ပြန့်ပြန့် သိရှိထားမှုဖြင့် ဤသို့ဆောင်ရွက်နိုင်စွမ်း ရှိပါသည်။

သူ၏ဓာတ်ပုံရိုက်သကဲ့သို့ မှတ်ဉာဏ်သည် ကျမ်းစာများအတွက်သာ မဟုတ်ဘဲ လူပုဂ္ဂိုလ်များအတွက်လည်း ထိုအတိုင်း ဖြစ်ပါသည်။ ကျွန်ုပ်ရှေ့တွင် ထိုသို့ အကြိမ်များစွာ ကြုံခဲ့ဖူးပါသည်။ တိဘက်မှ ဘုန်းကြီးအိုကြီးတစ်ပါးက ဓမ္မသာလာသို့ ကြွလာသောအခါ ဆရာတော်ကြီးက သူ့ကိုမြင်ပြီး “အို၊ အရှင်ဘုရားကို မှတ်မိတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်းသုံးဆယ်တုန်းက အိန္ဒိယကိုသွားရင်း အရှင်ဘုရား ကျောင်းတိုက်မှာ နားခဲ့တယ်လေ။ အခမ်းအနားတစ်ခု ကျင်းပနေတဲ့အချိန်လေ။ ကိုယ်တော်က လှူဖွယ်ဝတ္ထုတွေပါတဲ့ ပန်းကန်ပြားကို မြှောက်ထားရတာ မှတ်မိသေးတယ်။ အဲဒါက အလေးကြီးဆိုတော့ တစ်ချိန်လုံး မြှောက်ထားရတာ တော်တော် လေးတယ်လေ။ မှတ်မိရဲ့လား” ဟု အမိန့်ရှိပါသည်။ ယင်းမှာ အတော်လေး မယုံနိုင်ဖွယ် ဖြစ်ပါသည်။ ကျွန်ုပ်၏ အဓိကဆရာတော် ဖြစ်သော ဆခုန်ယင်းပိုချီသည် ဆရာတော်ကြီး၏ အဓိကဆရာတော်တစ်ပါး ဖြစ်ပါသည်။ သူသည် ငယ်ရွယ်စဉ်ကဆိုလျှင် ဘာမဆို တစ်ကြိမ်သာ သင်ပေးရန်လိုသည်ဟု ပြောပါသည်။ သူသည် ချက်ချင်း နားလည်သဘောပေါက်ကာ မှတ်မိသွားပါသည်။

စွမ်းဆောင်မှုများ

သူသည် ကျွန်ုပ်တို့ခေတ်၏ အထူးချွန်ဆုံး ပုဂ္ဂိုလ်တစ်ဦး ဖြစ်ပါသည်။ သူ၏ဆီလျော်သော အခန်းကဏ္ဍသည် အဘယ်နည်း။ လူသားတစ်ယောက် အနေနှင့် စွမ်းဆောင်နိုင်သော အရာများကို ကြည့်လျှင် သိနိုင်ပါသည်။ သူသည် သူ့ကိုယ်သူ ဖွံ့ဖြိုးတိုးတက်ရန် များစွာ ကြိုးစားအားထုတ်ခဲ့ရပြီး ကျွန်ုပ်တို့အားလုံးလည်း ထိုသို့အားထုတ်နိုင်သည်ဟု သူက ပြောသည်မှာ မှန်ပါသည်။ ပြဿနာများကို သူဖြေရှင်းပုံကို လေ့လာကြည့်ပါ။ ကမ္ဘာပေါ်ရှိ လူသန်းပေါင်း တစ်ထောင်ကျော်က အများပြည်သူ၏ နံပါတ်တစ် ရန်သူဟု သတ်မှတ်ခံထားရပုံကို စိတ်ကူးကြည့်ပါ။ သို့သော် ဆရာတော်ကြီးက ထိုအချက်ကို ရယ်မောပစ်ပါသည်။ အကြောင်းမှာ မှားနေသည်ဟု သူသိထားသောကြောင့် ဖြစ်ပါသည်။ သူ့ဦးခေါင်းမှာ ချိုလည်းမရှိပါ။ သို့သော် သင်္ကန်းဝတ်ဖြင့် လူဆိုးဟု သတ်မှတ်ခံထားရသည်ကို သင်မည်သို့ ဖြေရှင်းမည်နည်း။

သူသည် ဘယ်တော့မှ စိတ်ဓာတ်မကျပါ။ တစ်ခါမှ စိတ်ဓာတ်မကျဖူးကြောင်း၊ ထိုအကြောင်းကို နားလည်ရန် သူ့အတွက် အတော်ခက်ခဲကြောင်း သူကပြောပါသည်။ လူတို့တွင် ကိုယ့်ကိုယ်ကို ယုံကြည်မှုနည်းခြင်း သို့မဟုတ် ကိုယ့်ကိုယ်ကို မုန်းတီးခြင်းတို့ ရှိသည်ကို သူလုံးဝ မကြားဖူး၊ မတွေးတောဖူးကြောင်း ဝန်ခံဖူးသည်ကို ကျွန်ုပ်အမှတ်ရမိပါသည်။ သူကိုယ်တိုင် ထိုသို့မဖြစ်ဖူးသလို မကြုံတွေ့ဖူးပါ။

သူသည် အလွန်အပြုသဘောဆောင်ပါသည်။ သို့သော် တစ်ချိန်တည်းမှာပင် အခြေအနေများကို အရှိအတိုင်း ဖြေရှင်းပါသည်။ ယခုကြုံနေရသည့် အခြေအနေများနှင့် ပတ်သက်၍ သူက “ကမ္ဘာ့ပြဿနာတွေကို လူကပဲ ဖန်တီးတာကွယ့်။ လူကပဲ ပြန်လည် ဖယ်ရှားပစ်နိုင်တယ်” ဟု အမိန့်ရှိပါသည်။ အခြေခံ လူသားတန်ဖိုးများကို လူသိများစေခြင်း၊ ကလေးများ၏ ပညာရေးတွင် ကျင့်ဝတ်အကြောင်း ထည့်သွင်းခြင်း၊ ယဉ်ကျေးမှုများနှင့် ဘာသာတရားများအကြားတွင် ဘာသာရေးညီညွတ်မျှတမှု ရရှိအောင် ကြိုးစားခြင်းဖြင့် ပြဿနာများ ဖယ်ရှားရန် သူကကြိုးစား ဆောင်ရွက်ပေးနေပါသည်။ သူသည် လုံးဝနှိမ့်ချပြီး လုံးဝလက်တွေ့ကျသော သဘောထားဖြင့် တစ်လောကလုံး၏ သာယာဝပြောရေးကို တက်ကြွစွာ ဆောင်ရွက်နေပါသည်။ ဤသည်မှာ အလွန်မြတ်နိုးဖွယ် ကောင်းပါသည်။ ထိုမျှသာမက သူ၏ဟာသဉာဏ်နှင့် မယုံနိုင်လောက်သော စွမ်းအင်တို့သည်လည်း ထူးခြားလှပါသည်။

သူ၏အတွင်းရေးမှူများနှင့် အကြံပေးများက သူ့ကို အနားယူပြီး ခရီးသိပ်မသွားရန် အမြဲပြောကြပါသည်။ သူခရီးသွားသောအခါ တစ်နေ့လျှင် မိနစ်တိုင်းတွင် အစည်းအဝေးများစွာဖြင့် ပြည့်နေပါသည်။ တစ်ခါတစ်ရံ လေယာဉ်ခရီးစဉ်များ နေ့တိုင်း ရှိနေပါသည်။ သို့သော် “ဘယ်ဟုတ်မလဲကွယ့်။ တခြားလူတွေ အကျိုးရှိတဲ့အတွက် ဒီအတွက် ငါ့မှာစွမ်းအင်တွေ ရှိနေတုန်း ခုလို ခရီးသွားနေရတာ” ဟုသူက အမြဲမိန့်ပါသည်။

သူသည် ကျွန်ုပ်တို့အား မျှော်လင့်ချက်ပေးသည့်အတွက် အရေးပါ အရာရောက်ပါသည်။ သူသည် အလွန်ရိုးသားပြီး အလွန် အလုပ်ကြိုးစားသည်။ လူသားထု ဖွံ့ဖြိုးတိုးတက်ရေးအကြောင်း ပြောသောအခါ လုံးဝလက်တွေ့ကျပြီး အောင်မြင်နိုင်သော ပညာရေး၊ အပြန်အလှန် နားလည်မှု၊ ကျင့်ဝတ် စသည့် အကြောင်းအရာများကို ပြောပါသည်။ ယင်းတို့သည် မှော်ဆန်သော နည်းလမ်းများ မဟုတ်ပါ။ အမှန်တကယ် ဆောင်ရွက်နိုင်သော အရာများ ဖြစ်ပါသည်။ ကျွန်ုပ်တို့နိုင်ငံ၊ ကျွန်ုပ်တို့မြို့တော်သို့ သူလာရောက်သောအခါ ဘုန်းတော်ကြီး ဒလိုင်းလားမားအား ကိုယ်တိုင်ကိုယ်ကျ ဖူးတွေ့ခွင့်ရသည်မှာ အလွန်မင်္ဂလာရှိပြီး ထိုက်တန်သော အခွင့်အရေးတစ်ရပ် ဖြစ်ပါသည်။

အမေးအဖြေများ

ဆရာတော်ကြီးက သူ့ရဲ့ဘာသာရေးတာဝန်တွေနဲ့ ဒုက္ခသည်တွေရဲ့ ဘဝတွေကို စီမံဆောင်ရွက်ပေးတာလိုမျိုး လက်တွေ့လုပ်ငန်းတွေ အားလုံးကို ဘယ်လို စီမံခန့်ခွဲပါသလဲ။

သူသည် လေ့လာမှုနှင့် တရားရှုမှတ်ကျင့်ကြံမှုများစွာ ဆောင်ရွက်ရုံသာမက ပြည်ပရောက် တိဘက်အသိုင်းအဝိုင်းအတွက် ဗဟိုတိဘက် အုပ်ချုပ်ရေးအဖွဲ့၏ အကြီးအကဲလည်း ဖြစ်ပါသည်။ အလွန်အမြော်အမြင် ကြီးသလို သတ္တိနှင့် ဉာဏ်ပညာတို့ ပေါင်းစပ်ကာ ထိုရာထူးကို သူစွန့်လွှတ်ပြီး စီကျုန် ဟုခေါ်သည့် ဒီမိုကရေစီနည်းကျ ရွေးချယ်သော အကြီးအကဲစနစ်ကို ထူထောင်ပါသည်။ သို့သော် ထိုမတိုင်မီနှစ်များစွာတွင် သူသည် ဒုက္ခသည်များ နေရာချထားရေး၊ ပြည်ပရောက် အဖွဲ့အစည်းများစွာ ပြန်လည်စတင်ရေး စသည်တို့ကို တာဝန်ယူစီစဉ်ပြီး ကြီးကြပ်ကွပ်ကဲခဲ့ပါသည်။ သူ၏အဓိက မဟာဗျူဟာသည် အလွန်လက်တွေ့ကျပါသည်။ “အို၊ ဒါက တာဝန်ကြီးတယ်။ မလုပ်နိုင်ဘူး။ မဖြစ်နိုင်ဘူး” ဟုမတွေးဘဲ အလွန်စည်းစနစ်ကျသောနည်းဖြင့် တာဝန်ယူလိုက်ခြင်း ဖြစ်ပါသည်။ ဤသို့သော မယုံနိုင်လောက်သည့် ဉာဏ်ပညာနှင့် မှတ်ဉာဏ်ကြောင့် သူသည် သူ့လက်အောက်မှ စီမံကိန်းအမျိုးအစား အားလုံးကို ခြေရာခံနိုင်ပါသည်။ မည်ကဲ့သို့ လုပ်ငန်းခွဲဝေရမည်ကိုလည်း သိရှိပါသည်။ လိုအပ်သောအရာမှန်သမျှကို ဆောင်ရွက်လိုက်ပါသည်။ သူ့အတွက်တော့ ရေးကြီးခွင်ကျယ် မဟုတ်ပါ။

ကာလချက္ကရာ စနစ်သည် များပြားလှစွာသော အကြောင်းကိစ္စရပ်များကို ဆောင်ရွက်တတ်အောင် လေ့ကျင့်ရာတွင် အလွန်အထောက်အကူပြုပုံကို ကျွန်ုပ်တစ်ခါတစ်ရံ ဟာသနှောပြီး ပြောပါသည်။ ကာလချက္ကရာ စက်ဝိုင်းသင်္ကတတွင် ပုံစံ ၇၂၂ ခုကို မြင်ယောင်ကြည့်ရပါသည်။ သူသည် ထိုသို့ပြုလုပ်နိုင်သော ရှားရှားပါးပါး တစ်ယောက်၊ နှစ်ယောက်ထဲတွင် ပါဝင်ပါသည်။ ဤမျှရှုပ်ထွေးသောနည်းဖြင့် ကျင့်ကြံမှုစနစ်ဖြင့် မိမိကိုယ်ကို တွေးကြည့်လျှင် အလုပ်ကိစ္စ အသစ်တစ်ခု ပေါ်လာပါက နောက်ထပ် အသေးအဖွဲ တစ်ခုသာ ဖြစ်သွားပါသည်။ ဘာကိုမှ မကြောက်တော့ပါ။ ဘာကိုမှ ပုံကြီးချဲ့မနေတော့ပါ။

ဘဝသည် ရှုပ်ထွေးပါသည်။ အချို့သူတို့၏ ဘဝမှာ ကျန်လူများထက် ပို၍ရှုပ်ထွေးပါသည်။ သို့သော် ယင်းကိုကြောက်နေမည့်အစား ထွေးပွေ့ကြိုဆိုလိုက်ရပါသည်။ ပိုပြီးကြိုဆိုလေ၊ ပိုပြီးကောင်းလေ ဖြစ်ပါသည်။ ဘာသာစကား ၂၁ မျိုးဖြင့် လုပ်ဆောင်နေသည့် ကျွန်ုပ်၏ဝက်ဘ်ဆိုက်ကဲ့သို့ပင် ဘာမှ မထူးဆန်းပါ။ ဖြေရှင်း၍ရပါသည်။ လိုအပ်ပါက ပိုပြီးအားစိုက်နိုင်လျှင် အားစိုက်ရပါမည်။ ဤသည်မှာ ဘုန်းတော်ကြီး ဒလိုင်းလားမား ဖြေရှင်းနေရသည့် အရာများနှင့် နှိုင်းယှဉ်ပါက စီမံကိန်းအသေးစားမျှသာ ဖြစ်ပါသည်။ သို့သော် ဖြစ်နိုင်ခြေများကို တွေ့ရပါသည်။ ငြီးငြူစရာမလိုပါ။ “သနားစရာကောင်းလိုက်တာ” ဟု တွေးရန်မလိုပါ။ ကျွန်ုပ်၏မိခင် ပြောသလိုပင် “အမှန်အတိုင်း ရင်ဆိုင်လိုက်ပါ။” လုပ်သာလုပ်ပါ။

ဘုန်းတော်ကြီး ဒလိုင်းလားမားက သူသည် သာမန်လူသားတစ်ယောက် ဖြစ်သည်ဟု အလေးအနက် ပြောနေသော်လည်း သူ့ကို ဘာကြောင့် ဆရာတော်ကြီးဟု ခေါ်သည်ကို ရှင်းပြပေးပါ။

တကယ်တော့ ဘုန်းတော်ကြီး ဒလိုင်းလားမားက သူ့ကိုယ်သူ ဆရာတော်ကြီးဟု မခေါ်ပါ။ ဘယ်လိုစဖြစ်လာသည်ကို မပြောတတ်ပါ။ ခရစ်ယာန်ဘာသာ ဂုဏ်ပုဒ်လိုမျိုး ယူထားပြီး အင်္ဂလိပ်ဘာသာ ဖြစ်သွားသည် ထင်ပါသည်။ လေးစားမှုကို ဖော်ပြသည့် အနေနှင့် ထိုသို့သုံးနှုန်းပါသည်။ ဘုရင်ကို “မင်းကြီး” ဟုခေါ်သလို ဖြစ်ပါသည်။ တိဘက်ဘာသာစကားတွင် ဘာသာရေး ဆရာတော်ကို ရည်ညွှန်းရန်သုံးသော ဂုဏ်ပုဒ်များစွာ ရှိပါသည်။ ဘုန်းတော်ကြီး ဒလိုင်းလားမားအတွက် သီးသန့်ထားသော ဂုဏ်ပုဒ်များ ရှိသော်လည်း “ဆရာတော်ကြီး” ဟု ဘာသာပြန်ခြင်းတော့ မဟုတ်ပါ။ လူတို့က လက်ခံထားသည့် ရိုးရှင်းသောသတ်မှတ်ချက်တစ်ခု ဖြစ်လာပြီး ထိုသို့မခေါ်ရန် သူကလည်း မတားမြစ်တော့ပါ။ သို့သော် သူ့ကို နတ်ဘုရားကဲ့သို့ ကိုးကွယ်မှုမျိုးကို လုံးဝမဖြစ်စေလိုသည်မှာ သေချာပါသည်။

သင့်အနေနှင့် တိဘက်စကား နားလည်သည့်အတွက် အင်္ဂလိပ်လို ပိုပြီးသင့်တော်သော ဝေါဟာရ တစ်ခုခုကို အကြံပြုနိုင်ပါမလား။

သူ့ကို ခေါ်ဆိုသည့် အဓိကဂုဏ်ပုဒ်မှာ “ခုန်ဒွန်” ဖြစ်ပြီး “ကြီးကျယ်မြင့်မြတ်သော တည်ရှိမှု” ဟု ဆိုလိုပါသည်။ အခြားဘာသာများသို့ ပြန်ဆိုရန် ခက်ခဲသော်လည်း သူသည် အဆင့်အမြင့်ဆုံးပုဂ္ဂိုလ်များ၏ ပြန်ဝင်စားထားသည့် အရည်အသွေးကောင်း အားလုံးကို ကိုယ်စားပြုပါသည်။ အဆင့်မြင့် သိမြင်သဘောပေါက်ထားသူ တစ်ယောက်ရှေ့တွင် ရောက်နေသကဲ့သို့ ဖြစ်ပါသည်။ ဤစကားလုံးကို မိတ်ဆက်ပေးကြည့်ခဲ့သော်လည်း မည်သူမျှ စိတ်မဝင်စားပါ။

အကျဉ်းချုပ်

အချို့က သူ့ကို ဘာသာရေးခေါင်းဆောင် အနေနှင့် သဘောထားပါသည်။ အချို့က နာမည်ကြီးသူ တစ်ယောက်လို မြင်ပါသည်။ “သိုးရေခြုံသောဝံပုလွေ” ဟု သူ့ကိုမြင်သူများလည်း ရှိပါသည်။ တကယ်တော့ ဘုန်းတော်ကြီး ဒလိုင်းလားမားသည် လောကီကျင့်ဝတ်နှင့် ဘာသာရေး ညီညွတ်မျှတမှုတို့ကို လူသိများအောင် ပြုလုပ်ခြင်းဖြင့် အခြားသူများ အကျိုးအတွက်၊ ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် မနားတမ်း ကြိုးပမ်းအားထုတ်ပါသည်။ မေတ္တာ၊ ကရုဏာနှင့် ဉာဏ်ပညာတို့ ကိန်းအောင်းနေသည့်အတွက် သူသည် ကျွန်ုပ်တို့အား စိတ်အားထက်သန်မှု ဖြစ်စေသလို လူသားတို့အနေနှင့် ရရှိအောင်မြင်နိုင်စွမ်း ရှိသောအရာများကိုလည်း ပြသလျှက်ရှိပါသည်။

Top