ပထမသစ္စာ- မှန်ကန်သောဆင်းရဲဒုက္ခ

ဘဝရှင်သန်မှု၏ အခြေခံအချက်မှာ လူတိုင်းသည် ပျော်ရွှင်လိုပြီး မည်သူမျှ စိတ်မဆင်းရဲလိုခြင်း ဖြစ်သည်။ ကျွန်ုပ်တို့၏ ကိုယ်ပိုင်အတွေ့အကြုံအရ ပြဿနာများနှင့် ဆင်းရဲဒုက္ခများကို မည်သူမျှ အလိုမရှိကြောင်း အလွယ်တကူမြင်နိုင်ပါသည်။ သို့တိုင် ဘဝတစ်လျှောက်လုံးတွင် ပြဿနာမျိုးစုံ ပေါ်ထွက်လို့နေပါသည်။ တကယ်တော့ ယင်းတို့ကိုမည်မျှ ကြိုးစားရှောင်လွှဲသည်ဖြစ်စေ ပေါ်ထွက်မြဲပေါ်ထွက်နေပါသည်။ နေ့စဉ်ဘဝတွင် ပြဿနာတစ်ခု ရင်ဆိုင်ရတိုင်း အကောင်းဆုံးဖြေရှင်းဖို့ ကျွန်ုပ်တို့ကြိုးစားလေ့ရှိသည်။ သို့သော် ပြဿနာပေါ်ထွက်လာတိုင်း တစ်ခုပြီးတစ်ခု ဤသို့ ဖြေရှင်းခြင်းမှာ အဆုံးမသတ်နိုင်တော့ပါ။ ဗုဒ္ဓမြတ်စွာသည် သဗ္ဗညုတဉာဏ်တော်ရရှိသောအခါ သတ္တဝါတိုင်း၊ နေရာတိုင်း အတွက် ဘဝ၏ မှန်ကန်သောအချက်များစွာ ရှိသည်ကို သိမြင်သဘောပေါက်တော်မူပါသည်။ ယင်းတို့ကို သစ္စာလေးပါးဟု ခေါ်သည်။ ဘုရားရှင်သိမြင် ဟောကြားတော်မူသည့် ပထမသစ္စာမှာ ကျွန်ုပ်တို့အားလုံးရင်ဆိုင်ရသည့် တကယ့်ပြဿနာ၊ တကယ့်ဆင်းရဲဒုက္ခဖြစ်ပြီး ကျွန်ုပ်တို့သည် ပြဿနာများကို တကယ်တော့ မိမိကိုယ်တိုင်ပင် ဖြစ်ပေါ်စေခြင်း ဖြစ်ပါသည်။ မိမိအတွက် ပြဿနာများ ဖန်တီးမိနေသည်ကို မရပ်တန့်ပါက ပြဿနာများ မပြတ်တမ်း ပေါ်ထွက်နေပါမည်။ ထို့ကြောင့် ပထမအဆင့်မှာ မည်သည်က တကယ့်ဆင်းရဲဒုက္ခဖြစ်သည်ကို မှန်ကန်စွာ သိရှိရန်ဖြစ်ပါသည်။

ပျော်ရွှင်မှု၊ မပျော်ရွှင်မှုတို့၏ အတက်အကျ 

ကျွန်ုပ်တို့ရင်ဆိုင်ရသည့် ပြဿနာနှင့် ဆင်းရဲဒုက္ခ အမျိုးအစားများစွာရှိပါသည်။ ဘဝသည် စိတ်ပျက်စရာ၊ စိတ်ဖိစီးစရာ ဖြစ်နိုင်ပါသည်။ မိမိအတွက် ပျော်ရွှင်သောဘဝ ဖန်တီးရန် ကြိုးစားသော်လည်း မိမိမျှော်လင့်သလို ဖြစ်မလာတတ်ပါ။ ဆက်ဆံရေးများ အဆင်မပြေခြင်း၊ အခြားသူများက နှိမ့်ချဆက်ဆံခြင်း၊ ဖျားနာခြင်း၊ အလုပ်ပြုတ်ခြင်းစသည့် မိမိတို့ လုံးဝမလိုချင်သော အရာများက ဖြစ်လာပါသည်။ ယင်းတို့မဖြစ်အောင် ကြိုးစားရှောင်ရှားသည့်တိုင် တစ်နည်းနည်းဖြင့် ပေါ်ထွက်လာပါသည်။ ယင်းတို့ကြောင့် တစ်ခါတစ်ရံ စိတ်ဓာတ်ကျခြင်း၊ လျစ်လျူရှုပစ်ခြင်းတို့ ရှိသော်လည်း ထိုနည်းဖြင့် ပြဿနာပိုဆိုးရုံသာရှိပါသည်။ ထိုအခါ ပို၍ပင် မပျော်ရွှင်တော့ပါ။

ပျော်ရွှင်မှုအချို့ ရှာကြံတွေ့ရှိချိန်မှာပင် ထိုပျော်ရွှင်မှုနှင့်အတူ ပြဿနာတွဲနေပါသည်။ ပျော်ရွှင်မှုသည် ရေရှည်မခံပါ။ ကျွန်ုပ်တို့ကို စိတ်ကျေနပ်မှု ဘယ်တော့မှမရစေသလို ထပ်မံ၍လိုချင်နေပြန်ပါသည်။ တကယ်တော့ ဤသို့ “နောက်ထပ်” ပျော်ရွှင်မှုနောက်သို့ အချိန်နှင့်အားအင်များစွာ အကုန်ခံပြီး လိုက်နေကြပါသည်။ လူမှုကွန်ရက်ပေါ်တွင် မိမိ၏ ကိုယ်တိုင်ရိုက်ဓာတ်ပုံတစ်ပုံ တင်လိုက်သည့် သဘောထားကို စဉ်းစားကြည့်လိုက်ပါ။ “like” တစ်ခုရတိုင်း ပျော်ရွှင်မှု ဖြစ်စေသည့် ဒိုပါမင်းဟော်မုန်းပေါ်ထွက်မှုသည် မည်မျှအချိန်ကြာပါသနည်း။ နောက်ထပ် “like” များ ရရှိသလားဟု မည်မျှပြန်ကြည့်မိနေပါသနည်း။ ထပ်မရတော့ပါက မည်မျှစိတ်ပျက်လက်ပျက် ဖြစ်ရပါသနည်း။ ဤသည်မှာ ဆင်းရဲဒုက္ခပင် မဟုတ်ပါလား။

အတက်အကျများ ကြုံတွေ့ရသည့် ကိုယ်နှင့်စိတ်ကို ကျွန်ုပ်တို့က ဆက်လက်ဖြစ်ပေါ်စေခြင်း

သည်တော့ ဘဝသည်အမြဲတမ်း အတက်အကျ ဖြစ်နေပါသည်။ တစ်ခါတစ်ရံ ပျော်ရွှင်ဝမ်းသာပြီး တစ်ခါတစ်ရံ မပျော်ရွှင်ဘဲ ဝမ်းနည်းရပါသည်။ ကျွန်ုပ်တို့သည် “ဘဝဆိုတာဒီလိုပဲ” ဟု ပြောလေ့ရှိပြီး အခြေအနေကို နက်နဲစွာ ဆက်မကြည့်တော့ပါ။ သို့သော် ယင်းသို့ ခဏကြာလျှင် ဘယ်လိုခံစားရမည်ကို မသိနိုင်သည့် အခြေအနေမှာ ကျွန်ုပ်တို့ဖြစ်စေချင်သောဘဝ ဟုတ်ပါသလား။ ကံကောင်းထောက်မစွာပင် ဗုဒ္ဓမြတ်စွာသည် ပို၍နက်နဲစွာ ဆင်ခြင်ကြည့်ပြီး ဤအရာအားလုံးနောက်ကွယ်မှ တကယ့်ပြဿနာကို တွေ့ရှိခဲ့ပါသည်။  တကယ့်ပြဿနာ၊ တကယ့်ဆင်းရဲဒုက္ခသည် ကျွန်ုပ်တို့ရရှိထားသည့် ကိုယ်နှင့်စိတ်အမျိုးအစားများပင် ဖြစ်ပါသည်။ ကျွန်ုပ်တို့ရရှိထားသည့် ကိုယ်နှင့်စိတ်သည် ကျွန်ုပ်တို့အတက်အကျများ ကြုံတွေ့ရသည့် အခြေခံများဖြစ်ပြီး ယင်းတို့ကို သံလိုက်ဓာတ်ကဲ့သို့ ဆွဲဆောင်ပါသည်။ ပို၍နက်နဲစွာကြည့်ပါက တကယ့်ပြဿနာမှာ အဆိုပါ ကိုယ်နှင့်စိတ် ရရှိထားသည့်အတွက် သီတင်းပတ် တစ်ပတ်၊ နှစ်ပတ်အတွက်သာမက ကွယ်လွန်ချိန်အထိပင် အတက်အကျများ  ဆက်လက်ဖြစ်ပေါ်အောင် ဖန်တီးမိနေပါသည်။ ထို့ပြင် ဗုဒ္ဓမြတ်စွာက ကျွန်ုပ်တို့သည် မိမိတို့၏ပြဿနာများကို ယခုဘဝတွင်သာမက နောင်အနာဂတ်ဘဝများတွင်လည်း ဆက်လက်ဖြစ်ပေါ်စေသည်ဟု ဟောကြားပါသည်။ ပြန်လည်မွေးဖွားမှုကို နားမလည်၊ လက်မခံလျှင်ပင် နောက်မျိုးဆက်များအတွက် ဤပြဿနာများ ဖြစ်ပေါ်စေပုံကို တွေ့မြင်နိုင်ပါသည်။ လက်ရှိ ရာသီဥတု အကျပ်အတည်းကိုကြည့်လျှင် ကျွန်ုပ်တို့၏ဆောင်ရွက်ချက်များက ကမ္ဘာပေါ်တွင် ကျွန်ုပ်တို့ ဆုံးပါးသွားပြီးနောက် မည်မျှကြာအောင် ဖြစ်ပေါ်နေမည်ကို ရှင်းရှင်းလင်းလင်း မြင်နိုင်ပါသည်။

သို့ဆိုလျှင် ကျွန်ုပ်တို့၏ကိုယ်နှင့်စိတ်၌ တကယ့်ပြဿနာက အဘယ်နည်း။ ယင်းတို့သည် အကန့်အသတ်ရှိနေခြင်းက ပြဿနာဖြစ်ပါသည်။ ကျွန်ုပ်တို့၏ခန္ဓာကိုယ်သည် ဖျားနာတတ်ပြီး အိုမင်းလာသောအခါ ယိုယွင်းပျက်စီးလာခြင်းဖြင့် အကန့်အသတ်ရှိနေပါသည်။ နွားနို့တစ်ဘူးလိုပင် ၎င်းတို့သည် သက်တမ်းကုန်တတ်ပါသည်။ သို့သော် နွားနို့ထက် ပိုဆိုးသည်ကား သက်တမ်းကုန်ဆုံးရက် အတိအကျမရှိခြင်းပင်ဖြစ်သည်။ ကျွန်ုပ်တို့ခန္ဓာကိုယ် သက်တမ်းကုန်ဆုံးရက်ကို ကျွန်ုပ်တို့မသိရှိပါ။ ခန္ဓာကိုယ်ရှိနေစဉ်တွင် ၎င်းကိုစောင့်ရှောက်ရန် အချိန်မည်မျှပေးရသည်ကို စဉ်းစားကြည့်ပါ။ သန့်ရှင်းဆေးကြောရသည်။ အဝတ်အစားဝတ်ပေးရသည်။ ကျွေးမွေးရသည်။ အိမ်သာတက်ရသည်။ အားကစား လှုပ်ရှားရသည်။ အနားယူအိပ်စက်ရသည်။ ထိခိုက်မိခြင်း၊ ဖျားနာခြင်းများဖြစ်သောအခါ ပြုစုစောင့်ရှောက်ရပါသည်။ ယင်းတို့သည် ပျော်စရာမည်မျှ ပါဝင်ပါသနည်း။ အိန္ဒိယ ဗုဒ္ဓဘာသာ ဆရာတော်ကြီးတစ်ပါး မိန့်ကြားသလိုပင် ကျွန်ုပ်တို့အားလုံးသည် ခန္ဓာကိုယ်၏ကျေးကျွန်များ ဖြစ်ပါသည်။

ကျွန်ုပ်တို့၏စိတ်နှင့်တကွ စိတ်ခံစားချက်များ၊ အာရုံခံစားမှုများသည်လည်း အကန့်အသတ် ရှိပါသည်။ ကျွန်ုပ်တို့သည် စိတ်ကိုလေ့ကျင့်သင်ကြားပေးရန် လိုပါသည်။ ထို့ပြင် ကျွန်ုပ်တို့ နားမလည်သည့် အရာများစွာ ရှိပါသည်။ တစ်ခုခုကို ယေဘုယျအမြင်ဖြင့် မမြင်နိုင်ပါ။ ဥပမာ၊ ကမ္ဘာကြီးပူနွေးလာမှု၊ ဉာဏ်ရည်တုနည်းပညာ၊ စက်ရုပ်များ၊ လက်တွေ့ကဲ့သို့ ပုံရိပ်ယောင် ပတ်ဝန်းကျင်စသည်တို့ဖြစ်သည်။ နေ့စဉ်ဘဝတွင် ဖြစ်ပျက်နေသောအရာများဆိုလျှင် ပို၍ပင် မမြင်နိုင်တော့ပါ။ ပိုဆိုးသည်ကား ကျွန်ုပ်တို့၏စိတ်သည် ခန္ဓာကိုယ်လိုပင် အသက်ကြီးလာသောအခါ ပျက်စီးလာပါသည်။ ရေတိုမှတ်ဉာဏ် မကောင်းတော့သလို စိတ်သည် ပို၍နှေးကွေးစွာ အလုပ်လုပ်ပြီး အလွယ်တကူ ရှုပ်ထွေးမှု ဖြစ်လာပါသည်။

ထို့ပြင် ကျွန်ုပ်တို့သည် စိတ်ထိခိုက်လွယ်ပြီး စိတ်ခံစားချက်များ လွန်ကဲကာ ရှင်းလင်းစွာ မစဉ်းစားနိုင်အောင်လည်း တားဆီးပါသည်။ သို့သော် ဤအချက်အားလုံး၏ တကယ့်ပြဿနာမှာ ကျွန်ုပ်တို့၏ အကန့်အသတ်ရှိသော ကိုယ်၊ စိတ်၊ စိတ်ခံစားချက်နှင့် အာရုံခံစားမှုများသည် ၎င်းတို့ဘာသာ ဆက်လက်ဖြစ်ပေါ်စေပါသည်။ တစ်ခုပြီးတစ်ခု ထပ်မံ၍ ပေါ်ထွက်စေပါသည်။

မှန်ကန်သောဆင်းရဲဒုက္ခ၏ အစိတ်အပိုင်းလေးခုကို ကျွန်ုပ်တို့၏ အကန့်အသတ်ရှိသော ခန္ဓာကိုယ်ဖြင့် နမူနာပြခြင်း

ဗုဒ္ဓမြတ်စွာက မှန်ကန်သော ဆင်းရဲဒုက္ခကို ကျွန်ုပ်တို့၏အကန့်အသတ်ရှိသော ခန္ဓာကိုယ်၏ အစိတ်အပိုင်းလေးခုဖြင့် နမူနာပြထားပါသည်။

  • ပထမဦးစွာ ယင်းတို့သည် မမြဲပါ။ တစ်ခါတစ်ရံ ကျန်းမာရေးကောင်းပြီး ပျော်နေသော်လည်း မဆိုစလောက် ကိစ္စလေးတစ်ခုကြောင့် ခန္ဓာကိုယ်သည် မတည်မငြိမ်ဖြစ်၍ ဖျားနာကာ စိတ်ညစ်လာပါသည်။ ကျွန်ုပ်တို့၏ ခန္ဓာကိုယ် မည်မျှနုနယ်သည်ကိုကြည့်ပါ။ မဆိုစလောက် ကိစ္စလေးတစ်ခုကြောင့် ထိခိုက်ဒဏ်ရာ ဖြစ်စေနိုင်ပါသည်။ ဤအချက်များ၏အခြေခံမှာ ကျွန်ုပ်တို့သည် အချိန်တိုင်းတွင် သေခြင်းတရားနှင့် နီးလာခြင်းဖြစ်ပါသည်။ ကျွန်ုပ်တို့သည် ခန္ဓာကိုယ်ကို ထာဝရ ကျန်းမာသန်စွမ်းအောင် ထားနိုင်သည်၊ အသက်ကြီးလာသောအခါ ငယ်ရွယ်စဉ်ကလိုပင် စားသောက်ပြီး လှုပ်ရှားဆောင်ရွက်နိုင်သည်ဟု စိတ်ကူးယဉ်ကြပါသည်။ သို့သော် ဤသည်မှာ ကိုယ့်ကိုယ်ကို လှည့်စားခြင်းသာဖြစ်ပြီး နုပျိုအောင် အမြဲမပြတ် ရုန်းကန်နေခြင်းဖြင့် စိုးရိမ်ပြီး စိတ်ဖိစီးမှုသာ ဖြစ်လာပါသည်။
  • ဒုတိယအချက်မှာ ကျွန်ုပ်တို့၏ခန္ဓာကိုယ်သည်ပင်လျှင် ပြဿနာဖြစ်ပါသည်။ အမွှေးနံ့သာများလိမ်းခြင်း၊ ကြွက်သားများသန်မာစေခြင်းတို့ဖြင့် ကျွန်ုပ်တို့၏ခန္ဓာကိုယ် ပို၍ဆွဲဆောင်မှု ရှိလာလျှင် ပို၍ပျော်ရွှင်မည်ဟု ထင်ကြပါသည်။ သို့သော် ရုပ်အဆင်းလှပအောင် မည်မျှကြိုးစားသည်ဖြစ်စေ ထင်သလောက် ကြည့်မကောင်းမည်ကိုလည်းကောင်း၊ ချောမောလှပမှုများ စတင်ယုတ်လျော့လာမည်ကိုလည်းကောင်း စိုးရိမ်နေပါသေးသည်။ မိတ်ကပ်လိမ်းခြင်း၊ ကြွက်သားလေ့ကျင့်ခြင်း၊ ကျန်းမာသော အာဟာရစားသုံးခြင်းတို့ မည်မျှပြုလုပ်သည်ဖြစ်စေ၊ ကျွန်ုပ်တို့၏ခန္ဓာကိုယ်သည် ဖျားနာခြင်း၊ အိုမင်းခြင်းစသည့် ပြဿနာများရှိကာ မတော်တဆမှုနှင့် ထိခိုက်နာကျင်မှုတို့ ဖြစ်နိုင်ပါသေးသည်။
  • တတိယအချက်မှာ ကျွန်ုပ်တို့၏ခန္ဓာကိုယ်သည် သန့်ရှင်းရေးမလုပ်လျှင် အနံ့ဆိုးထွက်ပါသည်။ သွားမတိုက်လျှင် အာပုပ်နံ့ထွက်ပါသည်။ ဆီး၊ ဝမ်းစွန့်သည့်အခါ အနံ့ဆိုးထွက်ပါသည်။ အကြိမ်ရေအနည်းငယ် ဝါးပြီးသည့်အစားအစာကို ထွေးထုတ်ကာ တစ်ယောက်ယောက်ကို စားခိုင်းပါက မည်သူကယင်းကို သန့်ရှင်းပြီးစားသင့်သည်ဟု ထင်ပါမည်နည်း။ ဤနေရာတွင် ပြဿနာမှာ ကျွန်ုပ်တို့သည် မိမိခန္ဓာကိုယ်မှ ခွဲထွက်ပြီး “လှပသောခန္ဓာကိုယ်” ဆိုသည့် စိတ်ကူးယဉ်ကမ္ဘာထဲတွင် နေထိုင်နိုင်သည့် "ငါ" ဆိုသည့် အကောင်အထည်အနေနှင့် အမှီအခိုကင်းစွာ မရှိခြင်းပင် ဖြစ်ပါသည်။ ကျွန်ုပ်တို့သည် ဤခန္ဓာကိုယ်၏ အားနည်းချက်များ ရှိသည့်တိုင် ၎င်းခန္ဓာကိုယ်နှင့် ပိတ်မိနေပါသည်။ ယင်းခန္ဓာကိုယ်ကို ဂရုစိုက်ရန်လိုပြီး ဆင်းရဲဒုက္ခကျော်လွှားရန်နှင့် အခြားသူများကိုကူညီရန် ကြိုးစားအားထုတ်ရာတွင် ၎င်းကိုကောင်းစွာ အသုံးချရပါမည်။
  • စတုတ္ထအချက်မှာ အခြားသူများက ကျွန်ုပ်တို့ခန္ဓာကိုယ်ကိုသာ မြင်တွေ့သော်လည်း ကျွန်ုပ်တို့၏ တကယ့်ဘဝကို မမြင်တွေ့နိုင်ပါ။ ဗီဒီယိုဂိမ်းထဲတွင် အခြားသူများက မိမိကိုမြင်အောင် အွန်လိုင်းဇာတ်ကောင် ဖန်တီးနိုင်သော်လည်း တစ်ယောက်ယောက်က မိမိအား “လက်တွေ့လောက” တွင်တွေ့ဆုံသောအခါ ကျွန်ုပ်တို့၏ခန္ဓာကိုယ်ကိုသာ မြင်တွေ့ပါမည်။ အသက် ၆၀ တွင် စိတ်ထဲ၌ အသက် ၂၀ တုန်းကလိုပင် ဖြစ်သည်ဟု စိတ်ကူးသော်လည်း အခြားသူများက မိမိအားကြည့်လျှင် အသက် ၆၀ ရှိသည့် ခန္ဓာကိုယ်ကိုသာ မြင်ပါမည်။ ကျွန်ုပ်တို့သည် ယင်းကိုနားလည်လက်ခံခြင်း မရှိပါက ကိုယ့်ကိုယ်ကို လှည့်စားခြင်းသာဖြစ်ပြီး အသက်အရွယ်နှင့် မဆီလျော်သည့်နည်းများဖြင့် ပြုမူကာ ပြဿနာများ ဖြစ်စေနိုင်ပါသည်။

အကျဉ်းချုပ်

ကျွန်ုပ်တို့၏ အကန့်အသတ်ရှိသည့် ခန္ဓာကိုယ်သည် မမြဲခြင်း၊ ပြဿနာရှိခြင်း၊ ၎င်းထံမှ ခွဲထွက်၍မရနိုင်ခြင်း၊ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ အခြားသူများက မြင်တွေ့သည့်အတိုင်း ဖြစ်နေခြင်း စသည်ဖြင့် မှန်ကန်သော ဆင်းရဲဒုက္ခ၏ နမူနာဖြစ်ပါသည်။ ထိုခန္ဓာကိုယ်အမျိုးအစား ရှိနေခြင်းကပင် ပြဿနာဖြစ်နေပါသည်။ သို့သော် ဘုရှားရှင်ဟောကြားသည့် ကျွန်ုပ်တို့သတိပြုရမည့် တကယ့်ဆင်းရဲဒုက္ခမှာ ကျွန်ုပ်တို့သည် ထိုခန္ဓာကိုယ်ကို တစ်ဘဝပြီး တစ်ဘဝ ဆက်လက်ရရှိကာ ထိုအခြေခံဖြင့် အဆုံးမရှိသံသရာလည်နေသည့် မပျော်ရွှင်မှုနှင့် စိတ်ကျေနပ်ဖွယ်မရှိသည့် သာယာပျော်ရွှင်မှုတို့ကို ကြုံတွေ့ပါသည်။ ယင်းကို သင်တို့အမှန်တကယ်ပင် အလိုရှိပါရဲ့လား။

Top