ဘာသာရေး ညီညွတ်မှု၊ ကရုဏာနှင့် အစ္စလာမ်ဘာသာ

ဘာသာရေး ညီညွတ်မှုနှင့် ပတ်သက်ပြီး တစ်ခုခုပြောလိုပါသည်။ ပဋိပက္ခများတွင် ဘာသာရေး ယုံကြည်ချက်များ တစ်ခါတစ်ရံ ပါဝင်နေပါသည်။ ဥပမာဆိုရလျှင် ယခင်က မြောက်အိုင်ယာလန်ရှိ ပဋိပက္ခသည် အခြေခံအားဖြင့် နိုင်ငံရေးကိစ္စ ဖြစ်သော်လည်း ဘာသာရေးပြဿနာ အလျင်အမြန် ဖြစ်လာပါသည်။ ယင်းမှာ အတော်ဆိုးရွားပါသည်။ ယခုအခါ ရှီးယိုက်နှင့် ဆွန်နီဘာသာဝင်တို့သည်လည်း တစ်ခါတစ်ရံ အချင်းချင်း တိုက်ခိုက်နေပါသည်။ ဤသည်မှာလည်း အလွန်ကံဆိုးပါသည်။ သီရိလင်္ကာနိုင်ငံတွင်လည်း ပဋိပက္ခသည် နိုင်ငံရေး ဖြစ်သော်လည်း အချို့ကိစ္စများတွင် ဟိန္ဒူဘာသာဝင်များနှင့် ဗုဒ္ဓဘာသာဝင်များအကြား ပဋိပက္ခဆိုသည့် သဘော ယူဆသွားနိုင်ပါသည်။ ဤသည်မှာ အမှန်ပင် ဆိုးရွားပါသည်။ ရှေးခေတ်ကဆိုလျှင် မတူကွဲပြားသော ဘာသာဝင်များသည် အချင်းချင်း သီးခြားဖြစ်နေလေ့ ရှိသည်က များပါသည်။ သို့သော် ယခုအခါ သူတို့သည် ပိုမိုနီးစပ်စွာ ထိတွေ့လာသောကြောင့် ဘာသာရေး ညီညွတ်မှုကို လူသိများအောင် အထူးကြိုးပမ်းအားထုတ်ဖို့ လိုအပ်နေပါသည်။

စက်တင်ဘာ ၁၁ ရက်နေ့ အဖြစ်အပျက်၏ တစ်နှစ်မြောက် နှစ်ပတ်လည်နေ့တွင် အမှတ်တရ ဆုတောင်းပွဲကို ဝါရှင်တန် အမျိုးသား ဘုရားရှိခိုးကျောင်းတွင် ကျင်းပခဲ့ပါသည်။ ထိုအစည်းအဝေးတွင် ကျွန်ုပ်တက်ရောက်ပြီး ယနေ့ခေတ်တွင် ကံမကောင်း အကြောင်းမလှစွာပင် အချို့လူများက ဆိုးသွမ်းသော မွတ်စလင်အနည်းငယ်ကြောင့် မွတ်ဆလင် အားလုံးသည် စစ်သွေးကြွများဖြစ်ပြီး အကြမ်းဖက်သူများ ဖြစ်သည်ဆိုသည့် သဘောမျိုး ဖန်တီးနေသည်ဟု ကျွန်ုပ်၏ မိန့်ခွန်းတွင် ပြောကြားခဲ့ပါသည်။ ထို့နောက် သူတို့သည် အနောက်တိုင်းနှင့် အစ္စလာမ်ဘာသာအကြား ယဉ်ကျေးမှုချင်း တိုးတိုက်မိမှုကို ပြောပါသည်။ ဤသည်မှာ လက်တွေ့မကျပါ။

ဆိုးသွမ်းသူ အနည်းငယ်ကြောင့် ဘာသာတစ်ခုလုံးကို ဆိုးရွားသည်ဟု သတ်မှတ်ခြင်းမှာ လုံးဝမှားယွင်းပါသည်။ အစ္စလာမ် ဘာသာ၊ ဂျူးဘာသာ၊ ခရစ်ယာန်ဘာသာနှင့် ဗုဒ္ဓဘာသာ အားလုံးတွင် ဤအချက်က မှန်ကန်ပါသည်။ ဥပမာအားဖြင့် အကာအကွယ်ပေးသည့် ရှုဒန်ဝါဒကိုးကွယ်သူများသည် ကျွန်ုပ်နေထိုင်ရာအနီးတွင် လူသုံးဦးကို သတ်ဖြတ်ခဲ့ပါသည်။ ထိုအထဲမှ တစ်ဦးသည် ရှုဒန်ဝါဒကို ဝေဖန်သော ဆရာကောင်းတစ်ဦးဖြစ်ပြီး ဓားဒဏ်ရာ ဆယ့်ခြောက်ချက် အထိုးခံခဲ့ရပါသည်။ အခြားနှစ်ယောက်မှာ သူ့တပည့်များ ဖြစ်ပါသည်။ ထိုလူသတ်သမားများသည် အမှန်ပင် ဆိုးသွမ်းပါသည်။ သို့သော် ထိုအချက်ကြောင့် တိဘက်ဗုဒ္ဓဘာသာဝင် အားလုံးသည် စစ်သွေးကြွများ ဖြစ်သည်ဟု ပြောလျှင် မည်သူမျှ ယုံကြည်မည် မဟုတ်ပါ။ ဘုရားရှင် လက်ထက်တော်အခါကလည်း ဆိုးသွမ်းသူအချို့ ရှိခဲ့ပါသည်။ ဘာမှမထူးခြားပါ။

စက်တင်ဘာ ၁၁ ရက်နေ့ အဖြစ်အပျက်မှစတင်ကာ ကျွန်ုပ်သည် အစ္စလာမ်ဘာသာ၏ ပြင်ပရှိ ဗုဒ္ဓဘာသာ ဖြစ်သော်လည်း အစ္စလာမ်ဘာသာကို ကာကွယ်သူအနေနှင့် မိမိဆန္ဒအလျှောက် ကြိုးပမ်းလျှက် ရှိပါသည်။ ကျွန်ုပ်၏ မွတ်စလင် ညီအစ်ကိုတော်များစွာနှင့် ညီအစ်မတော် အနည်းငယ်တို့က ကျွန်ုပ်အား ရှင်းပြသည်မှာ တစ်စုံတစ်ယောက်သည် သွေးထွက်သံယို ဖန်တီးသည်ဆိုပါက ထိုသူသည် အစ္စလာမ်ဘာသာ မဟုတ်ကြောင်း ပြောပါသည်။ အကြောင်းမှာ အစ္စလာမ် ဘာသာကို အမှန်တကယ် လိုက်နာသည့် စစ်မှန်သော မွတ်စလင်တစ်ဦးသည် အလ္လာအပေါ် သူ၏မေတ္တာ ထားရှိသကဲ့သို့ပင် ဖန်ဆင်းထားသူအားလုံးကို မေတ္တာ ထားသင့်ပါသည်။ သတ္တဝါအားလုံးကို အလ္လာက ဖန်ဆင်းထားပါသည်။ အလ္လာကို လေးစားချစ်ခင်ပါက သူဖန်ဆင်းထားသော သတ္တဝါများကို ချစ်ခင်ရမည် ဖြစ်ပါသည်။

ကျွန်ုပ်၏ မိတ်ဆွေ သတင်းထောက် တစ်ယောက်သည် အယာတိုလာခါမေနီ လက်ထက်တွင် တီဟီရန်၌ နေထိုင်ပါသည်။ နောက်ပိုင်းတွင် သူက ထိုဒေသမှ ဘာသာရေးဆရာသည် လူချမ်းသာများထံမှ ငွေကြေးကောက်ခံပုံနှင့် ဆင်းရဲသားများကို ပညာရေးနှင့် ဆင်းရဲမွဲတေမှု အတွက် ကူညီဖြန့်ဖြူးပုံကို ပြောပြပါသည်။ ဤသည်မှာ စစ်မှန်သော ဆိုရှယ်လစ် လုပ်ငန်းစဉ် ဖြစ်ပါသည်။ မွတ်စလင်နိုင်ငံများတွင် ဘဏ်တိုးနှုန်းကို အားမပေးပါ။ ထို့ကြောင့် အစ္စလာမ် ဘာသာကို သိရှိပြီး အစ္စလာမ်ဘာသာဝင်တို့က ယင်းကို ရိုးသားစွာ အကောင်အထည် ဖော်ပုံကို မြင်တွေ့ပါက အခြားဘာသာများလိုပင် ၎င်းသည်လည်း အမှန်ပင် ကောင်းမွန်ပါသည်။ ယေဘုယျအားဖြင့် အခြားသူတို့၏ ဘာသာတရားများကို သိရှိပါက အပြန်အလှန် လေးစားမှု၊ တန်ဖိုးထားမှုနှင့် ဖြည့်ဆည်းမှုတို့ ဖြစ်လာနိုင်ပါသည်။ ထို့ကြောင့် ဘာသာရေး အပြန်အလှန် ယုံကြည်နားလည်မှုကို လူသိများအောင် မပြတ်ကြိုးစားအားထုတ်ရန် လိုအပ်ပါသည်။

လစ္စဘွန်းတွင် မကြာသေးမီက ဗလီတစ်ခုတွင် ဘာသာများအကြား အစည်းအဝေးတစ်ခုကို ကျွန်ုပ်တက်ရောက်ခဲ့ပါသည်။ ယင်းမှာ ဗလီထဲတွင် ကျင်းပသော ဘာသာများအကြား အစည်းအဝေးတစ်ခုကို ပထမဆုံး တက်ရောက်ခြင်း ဖြစ်ပါသည်။ အစည်းအဝေး အပြီးတွင် ကျွန်ုပ်တို့အားလုံးသည် ပင်မဆောင်ထဲသို့ ဝင်သွားပြီး ငြိမ်သက်သော တရားရှုမှတ်ခြင်း ပြုလုပ်ပါသည်။ အလွန်ကောင်းပါသည်။ ထို့ကြောင့် ဘာသာများအကြား ညီညွတ်ရေးအတွက် အမြဲကြိုးစားကြပါ။

အချို့က ဘုရားသခင်ဟုလည်းကောင်း၊ အချို့က ဘုရားသခင် မရှိဘူးဟုလည်းကောင်း ပြောပါသည်။ ယင်းမှာ အရေးမကြီးပါ။ အရေးကြီးသည်မှာ အကြောင်းတရား နိယာမ ဖြစ်ပါသည်။ ဤသည်မှာ ဘာသာအားလုံးတွင် တူညီပါသည်။ သူ့အသက်သတ်ခြင်း၊ သူ့ဥစ္စာ ခိုးခြင်း၊ လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခြင်း၊ လိမ်ညာခြင်းတို့ကို မပြုလုပ်ရပါ။ မတူညီသော ဘာသာများက မတူညီသော နည်းလမ်းများ အသုံးပြုနိုင်သော်လည်း အားလုံး၏ ရည်ရွယ်ချက်မှာ တူညီပါသည်။ အကြောင်းရင်းများကို မကြည့်ဘဲ ရလဒ်များကိုကြည့်ပါ။ စားသောက်ဆိုင်ထဲသို့ သွားသောအခါ ဤအစားအသောက်က ဤသို့သော ပါဝင်ပစ္စည်းများဖြင့် ပြုလုပ်သည်ဟု ငြင်းခုန်နေမည့်အစား အစားအသောက် အမျိုးမျိုးကို စားသုံးကြည့်လိုက်ပါ။ စားသောက်လိုက်သည်က ပိုကောင်းပါသည်။

ထို့ကြောင့် အဆိုပါ မတူညီသော ဘာသာများသည် သင့်ဒဿနက ကောင်းသည် သို့မဟုတ် ဆိုးသည်ဟု မငြင်းခုန်ဘဲ ၎င်းတို့အားလုံးသည် ရည်ရွယ်ချက်နှင့် ရည်မှန်းချက်အဖြစ် ကရုဏာကို သင်ကြားပေးသည်ကိုကြည့်လျှင် ၎င်းတို့အားလုံး ကောင်းမွန်ပါသည်။ ခြားနားသော နည်းလမ်းများ အသုံးပြုခြင်းမှာ ခြားနားသောလူများအတွက် လက်တွေ့ကျပါသည်။ ကျွန်ုပ်တို့သည် လက်တွေ့ကျသော ချဉ်းကပ်မှုနှင့် ရှုမြင်မှုကို လက်ခံကျင့်သုံးရပါမည်။

စိတ်ငြိမ်းချမ်းမှုသည် ကရုဏာနှင့် ဆက်စပ်ပါသည်။ အဓိက ဘာသာတရား အားလုံးတွင် တစ်ခုတည်းသော သတင်းစကားမှာ မေတ္တာ၊ ကရုဏာနှင့် သည်းခံခြင်းတို့ ဖြစ်ပါသည်။ ကျွန်ုပ်တို့သည် ကရုဏာကို ပြန့်ပွားအောင် လောကီနည်းလမ်း လိုအပ်ပါသည်။ ဘာသာတရား ရှိသူများက ထိုဘာသာအပေါ် ရိုးသားပြီး အလေးအနက်ထား သူများအတွက် ကိုယ်ပိုင်ဘာသာတရားက ကျွန်ုပ်တို့၏ ကရုဏာကို ဆက်လက်တိုးမြှင့်ရန် များစွာအလားအလာ ရှိပါသည်။ ယုံကြည်မှု မရှိသူများအတွက် ဘာသာတရား တစ်ခုခုအပေါ်တွင်လည်း စိတ်ဝင်စားမှု မရှိပါက သို့မဟုတ် ဘာသာရေးကို မုန်းတီးပါက သူတို့မှာလည်း တစ်ခါတစ်ရံ ကရုဏာအပေါ် စိတ်ဝင်စားမှုမရှိပါ။ ကရုဏာသည် ဘာသာရေးကိစ္စဖြစ်သည်ဟု ထင်သောကြောင့် ဖြစ်ပါသည်။ ယင်းမှာ လုံးဝမှားပါသည်။ ဘာသာရေးကို အပျက်သဘော တစ်ခုလို ရှုမြင်လိုပါက သင့်အခွင့်အရေး ဖြစ်ပါသည်။ သို့သော် ကရုဏာအပေါ် အပျက်သဘောထား ရှိခြင်းမှာ မသင့်တော်ပါ။

Top