ဒလိုင်းလားမား ဆရာတော်ကြီးက ဘာသာအချင်းချင်းအကြား ညီညွတ်ရေးအတွက် အဓိကအချက်မှာ အသိပညာပေးခြင်း ဖြစ်ကြောင်း မကြာခဏ ပြောပါသည်။ အကြောင်းမှာ အခြားဘာသာများအပေါ် မယုံကြည်မှုနှင့် ရန်လိုမှုတို့သည် ထိုဘာသာများ၏ တရားတော်များကို လျစ်လျူရှုမှုအပေါ်တွင် များသောအားဖြင့် အခြေခံလေ့ရှိသောကြောင့် ဖြစ်ပါသည်။ ဘာသာတရားအားလုံးသည် မေတ္တာ၊ ကရုဏာ၊ သည်းခံခြင်းနှင့် ကြင်နာခြင်းစသည့် အားလုံးနှင့်ဆိုင်သော တန်ဖိုးများ၌ ယုံကြည်မှု ရှိကြရာတွင် တူညီပါသည်။ ထို့ပြင် လူတစ်ဦးချင်းနှင့် လူ့အသိုင်းအဝိုင်းအတွက် ပိုမိုပျော်ရွှင်စေလိုသည့် ရည်မှန်းချက်တွင်လည်း တူညီပါသည်။ ၎င်းတို့၏ ဒဿနအမြင် ကွဲပြားမှုများတွင် ဤတန်ဖိုးများ ရရှိရေး ရည်မှန်းချက် များ၏ အရေးကြီးပုံကို မငြင်းဆိုထားပါ။ ဤသို့ တူညီသော အရည်အချင်းကောင်းများ ရရှိအောင် ကျင့်ကြံသူများအတွက် အညီအမျှ ထိရောက်သော မူဘောင်နှင့် အကြောင်းရင်း များစွာကိုသာ ဖော်ပြပါသည်။ ထို့ကြောင့် ဘာသာရေး ညီညွတ်မှု ဖော်ဆောင်ရန်အတွက် ဘာသာမတူသော ဘာသာဝင်များ အခြားဘာသာတွင် ဤတူညီသော ကျင့်ဝတ် တန်ဖိုးများအား အတည်ပြုထားသည်ကို လေ့လာရန် လိုပါသည်။ ဤသို့ ဘုံအခြေခံ ရှိထားသည့် မှန်ကန်သော အသိပညာတွင် အခြေခံမှသာ ယုံကြည်မှု၊ လေးစားမှုနှင့် ညီညွတ်မှုတို့ ပေါ်ပေါက်လာနိုင်ပါသည်။
ဗုဒ္ဓဘာသာ-အစ္စလာမ်ဘာသာ ဆက်ဆံရေးနှင့် ပတ်သက်၍ ဘာသာအချင်းချင်း အပြန်အလှန် ပညာပေးရန် လိုအပ်မှုသည် အထူးသဖြင့် ဆီလျော်မှု ရှိပါသည်။ အထူးသဖြင့် ရပ်ရွာတွင်း ပဋိပက္ခ ဖြစ်ပေါ်ခဲ့သော မြန်မာ၊ ထိုင်းနှင့် သီရိလင်္ကာ နိုင်ငံတို့မှ ဘာသာများအတွက် လိုအပ်ပါသည်။ ရပ်ရွာတွင်း ပဋိပက္ခသည် သာမန်လူ့ အသိုင်းအဝိုင်းကြား မခံမရပ်နိုင်မှု ဆိုသော်လည်း ယင်းကို ပံ့ပိုးသည့် ကျောင်းတိုက် အသိုင်းအဝိုင်း ဖြစ်သောအခါ သည်းမခံတော့ပါ။ ဤအခြေအနေကို ဖယ်ရှားနိုင်မည့် နည်းလမ်းများကို လေ့လာကြပါစို့။
နာလန္ဒာ တက္ကသိုလ်သည် ဗုဒ္ဓဘာသာ လောကကို လေ့လာရန် အဓိကနေရာတစ်ခုအဖြစ် နှစ်ပေါင်း ၇၀၀ ကျော်တိုင် ရှိခဲ့ပါသည်။ ထိုနေရာတွင် ဗုဒ္ဓဘာသာ ဆရာတော်ကြီးများက အိန္ဒိယနိုင်ငံမှ ဗုဒ္ဓဘာသာ ယုံကြည်မှုစနစ် လေးခုအား ကိုယ်စားပြုသည့် ကျမ်းဂန်များ ရေးသား ဟောကြားခဲ့ပါသည်။ သူတို့သည် ထိုခေတ်က အခြား အတွေးအခေါ် စနစ်အမျိုးမျိုးမှ ဆရာကြီးများနှင့် တွေ့ဆုံကာ ဆွေးနွေးငြင်းခုန်ခဲ့ကြပါသည်။ မည်သည့်ဘက်က ရှုံးသည်ဖြစ်စေ အနိုင်ရသူ၏ အလေးထားပြောကြားမှုများသည် အန္တိမ အမှန်တရားဟု လက်ခံရပါသည်။ ဆုလာဘ်ကလည်း ကြီးပါသည်။ ထိုဆွေးနွေးငြင်းခုန်မှုတွင် အနိုင်ရသူများကိုသာ နန်းတော်၏ တော်ဝင်နာယကအဖြစ် ချီးမြှင့်မြှောက်စားပါသည်။
နာလန္ဒာတွင် စာသင်သားသံဃာများကို ဆွေးနွေးငြင်းခုန်ရာတွင် လေ့ကျင့်ပေးပြီး ဗုဒ္ဓဘာသာ မဟုတ်သော အိန္ဒိယ ယုံကြည်မှု စနစ်များ အသားပေးထားသည့် ဘာသာရပ်များ သင်ယူစေပါသည်။ ဤသို့လေ့လာမှု၏ ရည်ရွယ်ချက်မှာ ဤအမြင်များကို တုံ့ပြန်ရန် ဖြစ်ပါသည်။ တိဘက် ကျောင်းတိုက် အဖွဲ့အစည်းများသည် ဆွေးနွေးငြင်းခုန်မှုမှတစ်ဆင့် သင်ယူသော နာလန္ဒာ အစဉ်အလာအတိုင်း ဆက်လက် ဆောင်ရွက်ကာ ဗုဒ္ဓဘာသာ၏ ဖော်ပြချက်များကို ရှေးခေတ် အိန္ဒိယ ဗုဒ္ဓဘာသာ မဟုတ်သော ယုံကြည်မှု စနစ်များမှ ပုဂ္ဂိုလ်များနှင့် တိုက်ဆိုင်နှိုင်းယှဉ်ကြပါသည်။
ယခုအခါ နာလန္ဒာ၏ ဗုဒ္ဓဘာသာ မဟုတ်သော အတွေးအခေါ်များအကြောင်း ဗုဒ္ဓဘာသာ သင်ကြားရေး အစဉ်အလာကို ကျောင်းတိုက် ပညာရေးရော လောကီ ပညာရေးတွင်ပါ ချဲ့ထွင်ရန် အချိန်ကျရောက်လာပါပြီ။ ထိုသင်ရိုးသည် အစ္စလာမ် ဘာသာ လေ့လာမှု ပါဝင်ရန်လိုအပ်သော်လည်း အရေးကြီးသော အပြောင်းအလဲ အချို့ဖြင့် ဖြစ်ပါသည်။ ဤဘာသာရပ်၏ ရည်ရွယ်ချက်သည် ဘာသာနှစ်ခုစလုံး၏ တူညီသော အားလုံးနှင့်ဆိုင်သည့် တန်ဖိုးများတွင် ဘုံအခြေခံကို လေ့လာရန် လိုပါသည်။ ဒဿနအမြင် ကွဲပြားမှုများကို လေ့လာခြင်းသည် ဆွေးနွေးငြင်းခုန်ရာတွင် တစ်ဖက်လူ၏ အခြေအနေကို တုံ့ပြန်ရန်အတွက်သာ မဖြစ်သင့်ပါ။ ဆွေးနွေးငြင်းခုန်မှုသည် မေတ္တာ၊ ကရုဏာ စသည့် အားလုံးနှင့်ဆိုင်သော တန်ဖိုးများကို အတွေးအခေါ် စနစ်အားလုံးက အပြည့်အဝ ညီမျှစွာ ပံ့ပိုးနိုင်ပုံကို အာရုံစိုက် လေ့လာသင့်ပါသည်။
ဤလေ့လာမှု၏ ရလဒ်အဖြစ် ဗုဒ္ဓဘာသာဝင်တို့သည် အစ္စလာမ်ဘာသာ၏ သင်ကြားမှုများကို နားလည်တန်ဖိုးထားပြီး လေးစားလာကာ အစ္စလာမ်ဘာသာသည် ၎င်းတို့ယုံကြည်မှုများအတွက် ခြိမ်းခြောက်မှု မဟုတ်ကြောင်း သဘောပေါက်လာပါမည်။ ထိုအခါ ရပ်ရွာတွင်း ပိုမိုညီညွတ်သော ဆက်ဆံရေး ရရှိလာပါမည်။ အထူးသဖြင့် ယခင်က ပဋိပက္ခ ဖြစ်ခဲ့ဖူးသော တောင်အာရှနှင့် အရှေ့တောင်အာရှဒေသများတွင် ဖြစ်ပါသည်။ ဤနည်းဖြင့် ကျောင်းတိုက်များက စံနမူနာပြကာ ငြိမ်းချမ်းရေးအတွက် ဦးဆောင်နိုင်ပါသည်။
အစ္စလာမ်ဘာသာနှင့် ဗုဒ္ဓဘာသာတို့၏ တရားတော်များက အားလုံးနှင့်ဆိုင်သော တန်ဖိုးများ ထိန်းသိမ်းပုံ နမူနာအချို့ကို အကျဉ်းမျှ လေ့လာကြည့်ကြပါစို့။
အစ္စလာမ်ဘာသာတွင် ဖန်ဆင်းရှင်ဘုရားသည် ယောကျ်ား၊ မိန်းမအားလုံးကို ဘုရားသခင်ထံတွင် ယုံကြည် လက်ခံကာ ဘုရားသခင်၏ အလိုတော်အတိုင်း လိုက်နာရန် သန့်ရှင်းသော သတ်မှတ်ချက်နှင့် တိမ်းညွှတ်ချက်ဖြင့် ဖန်ဆင်းပါသည်။ သူတို့အတွက် ဘုရား၏ အလိုတော်သည် သူဖန်ဆင်းသည့် ကျင့်ဝတ်ဥပဒေသများကို လိုက်နာကာ ကိုယ်ကျင့်တရား ကောင်းမွန်မှုနှင့် အမှုတော် ဆောင်ရွက်မှုတို့မှတစ်ဆင့် သူ့ကိုကိုးကွယ်ရန် ဖြစ်ပါသည်။ ဘုရား၏အမှုတော်ကို ကောင်းမွန်စွာ ဆောင်ရွက်မှု ဆိုသည်မှာ ဘုရား၏ ဖန်ဆင်းမှုအားလုံးကို မေတ္တာဖြင့် ပြုမူဆောင်ရွက်သည်ဟု ဆိုလိုပါသည်။ ထိုသို့ ဆောင်ရွက်ခြင်းသည် ကိုးကွယ်မှုပုံစံတစ်ခုဖြစ်ကာ ကိုးကွယ်သူအား ဘုရား၏ အလိုတော်အတိုင်း ဘုရားနှင့် ပိုမိုနီးစပ်စေပါသည်။
သို့သော် ဖန်ဆင်းရှင်ဘုရားသည် အသိဉာဏ်နှင့် လွတ်လပ်သောဆန္ဒ ပါဝင်သည့် လူသားများကိုလည်း ဖန်ဆင်းထားပါသည်။ လွတ်လပ်သောဆန္ဒကို ကျင့်သုံးကာ အသိဉာဏ်ကို အသုံးချခြင်းဖြင့် လူတို့သည် ဘုရား၏ အလိုတော်ကို လိုက်နာရမလား ဆုံးဖြတ်နိုင်ပါသည်။ မလိုက်နာရန် ဆုံးဖြတ်ပါက အပျက်သဘော စိတ်ခံစားချက်များ၏ လွှမ်းမိုးမှု အောက်သို့ရောက်ကာ အတ္တဗဟိုပြုလာပါသည်။ ထိုအခါ ဘုရားတားမြစ်ထားသည့် အပျက်သဘော အပြုအမူများဆီသို့ ဦးတည်သွားပါသည်။
အခြားသူများအပေါ် မေတ္တာဖြင့် ပြုမူခြင်းသည် လွတ်လပ်သောဆန္ဒအလျှောက် ပြုမူခြင်းဖြစ်ပြီး လူတို့က ထိုသို့ပြုမူရန် အသိဉာဏ်ဖြင့် ရွေးချယ်နိုင်ပါသ်ည။ အခြားသူများအပေါ် အကြင်နာမေတ္တာဖြင့် ပြုမူပါက ဘုရားနှင့် ပိုမိုနီးစပ်ရန် စိတ်အတွင်းမှ သတ်မှတ်ချက်ကို လိုက်နာခြင်း ဖြစ်ပါသည်။ အစ္စလာမ်ဘာသာတွင် လူတို့သည် စကြဝဠာကြီးနှင့် လူသားထုအတွက် အသန့်ရှင်းဆုံးနည်းဖြင့် မေတ္တာထားရှိပါက သူတို့၏မေတ္တာသည် စကြဝဠာကြီးနှင့် လူသားထုအတွက် သာမက သူတို့ထံတွင် ထူးခြားမှု ဖန်ဆင်းထားသော ဘုရားအပေါ်တွင်လည်း မေတ္တာထားခြင်း ဖြစ်ပါသည်။
ဗုဒ္ဓဘာသာတွင် သက်ရှိအားလုံးတွင် အစမထင်သော သန့်ရှင်းသည့် ဗုဒ္ဓ သဘောသဘာဝ ရှိကြပြီး သူတို့ကိုယ်တိုင် ဘုရားဖြစ်လာစေနိုင်ပါသည်။ အစ္စလာမ်ဘာသာတွင် သူတို့၏ သန့်ရှင်းသော ပင်ကိုသဘာဝသည် လူတို့ကို ဖန်ဆင်းရှင်ဘုရားနှင့် နီးစပ်စေပါသည်။ ဆူဖီအဖွဲ့အစည်းအချို့တွင် ဘုရားနှင့်ပင်လျှင် ပေါင်းစည်းပေးပါသည်။ သို့သော် ကိုယ်တိုင်ဘုရားဖြစ်လာခြင်း မဟုတ်ပါ။ ဗုဒ္ဓဘာသာတွင် ဤဗုဒ္ဓသဘောသဘာဝကို မည်သူကမျှ မဖန်ဆင်းပေးထားပါ။ အမှန်တရား အနေနှင့်သာ တည်ရှိနေပါသည်။
အစ္စလာမ်ဘာသာကဲ့သို့ပင် ဗုဒ္ဓဘာသာသည်လည်း လူတို့တွင် ပင်ကို ကရုဏာနှင့် အကျိုးပြုသောအရာ၊ အကျိုးမပြုသော အရာအကြား ခွဲခြားနိုင်စွမ်းသော အသိဉာဏ် စသည့် အရည်အသွေးကောင်းများ ရှိသည်ဟု ပြောထားပါသည်။ သို့သော် ဗုဒ္ဓဘာသာတွင် ကျင့်ဝတ်သီလသည် မည်သည့်ဆောင်ရွက်ချက်က ဆင်းရဲဒုက္ခ ဖြစ်စေပြီး မည်သည့်ဆောင်ရွက်ချက်က ပျော်ရွှင်စေသည်ကို နားလည်မှုအပေါ်၌ အခြေခံထားပါသည်။ လူတို့သည် အသိဉာဏ်ကို အသုံးချကာ အကျိုးပြုသော အရာနှင့် အကျိုးမပြုသောအရာကို ကိုယ်တိုင် ဆန်းစစ်ပြီး ခွဲခြားနိုင်ပါသည်။ အစ္စလာမ်ဘာသာတွင် အသိဉာဏ်ကို ဘုရား၏ အလိုတော်အတိုင်း လိုက်နာရန် အသုံးပြုပါသည်။ ဤနှစ်ခုစလုံးတွင် လူတို့သည် အကျိုးပြုသော သို့မဟုတ် အန္တရာယ်ရှိသော ပုံစံဖြင့် ပြုမူရန်၊ မည်သည့်အရာကို ရွေးချယ်ရန် အသိဉာဏ်ဖြင့် ဆုံးဖြတ်ရန် ခွဲခြားသိရှိနိုင်စွမ်းကို အသုံးပြုရန် လွတ်လပ်စွာ ရွေးချယ်နိုင်ပါသည်။ ဖန်ဆင်းရှင်ဘုရားရော ဗုဒ္ဓမြတ်စွာပါ အရာရာ သိရှိနိုင်သော်လည်း မည်သူမျှ လူတို့၏ရွေးချယ်မှုကို ကြိုတင်မဆုံးဖြတ်ပေးထားပါ။
အစ္စလာမ်ဘာသာတွင် ဖန်ဆင်းရှင်ဘုရားသည် ကျင့်ဝတ်နှင့်ညီသော အပြုအမူ ဥပဒေသများကို ဖန်ဆင်းကာ ဆုပေး၊ ဒဏ်ပေးဖြင့် ဘုရားက ဆုံးဖြတ်ပါသည်။ သို့သော် ဘုရားသည် သနားကြင်နာတတ်ပြီး ကရုဏာရှိပါသည်။ ထို့ကြောင့် မိမိမကောင်းမှုကို နောင်တရပြီး ဘုရား၏ အလိုတော်ကို လက်ခံသူများအား ခွင့်လွှတ်ပါသည်။ ဗုဒ္ဓဘာသာတွင် ကံ၏ဥပဒေသနှင့် အပြုအမူဆိုင်ရာ အကြောင်းအကျိုးကို မည်သူမျှ မဖန်ဆင်းပါ။ အမှန်တရား၏ သဘောသဘာဝသာ ဖြစ်ပါသည်။ မသိမှုဖြင့် ဆောင်ရွက်သည့် အပျက်သဘော အပြုအမူကြောင့် ဆင်းရဲဒုက္ခသည် သဘာဝအလျှောက် ဖြစ်လာပြီး ဉာဏ်ပညာနှင့် ကရုဏာတို့ဖြင့် အပြုသဘော အပြုအမူကြောင့် ပျော်ရွှင်မှု ရရှိလာပါသည်။ သို့သော် အစ္စလာမ်ဘာသာမှာလိုပင် လူတို့သည် မိမိအမှားကို ပွင့်လင်းစွာဝန်ခံကာ ရိုးသားစွာ နောင်တရပါက မိမိ၏ အပျက်သဘော ဆောင်ရွက်ချက်များ၏ ဆင်းရဲဒုက္ခကို မကြုံတွေ့အောင် ရှောင်ရှားနိုင်ကြောင်း ဗုဒ္ဓဘာသာက သင်ကြား ထားပါသည်။ သို့သော် ထိုသို့စင်ကြယ်စေရန်အတွက် ဗုဒ္ဓမြတ်စွာ၏ ခွင့်လွှတ်မှုကို တောင်းခံခြင်း၊ ရရှိခြင်းတို့ မပါဝင်ပါ။
ဗုဒ္ဓဘာသာတွင် မေတ္တာသည် အခြားသူများကို ပျော်ရွှင်မှုနှင့် ပျော်ရွှင်ခြင်း၏ အကြောင်းရင်းများ ရရှိစေလိုစိတ် ဖြစ်ပါသည်။ ၎င်းသည် အားလုံးသည် ပျော်ရွှင်လိုပြီး မည်သူမျှ ဆင်းရဲဒုက္ခ မလိုချင်ကြောင်း တူညီသည်ကို သဘောပေါက်မှုတွင် အခြေခံပါသည်။ အစ္စလာမ်ဘာသာတွင် သက်ရှိအားလုံးကို ဘုရားသခင်၏ အညီအမျှ ဖန်ဆင်းထားသည့်အရာတွင် တူညီပါသည်။ သို့သော် ဘာသာနှစ်ခုစလုံးတွင် သက်ရှိအားလုံးသည် တူညီမှုရှိပါသည်။
သက်ရှိအားလုံးသည် ဗုဒ္ဓသဘောသဘာဝ ရှိသည့်အတွက် ပျော်ရွှင်မှု ရနိုင်စွမ်းနှင့် ရပိုင်ခွင့်တို့ ရှိသည်ဟု ဟောကြားပါသည်။ ထို့ကြောင့် အခြားသူများအပေါ် မေတ္တာထားမှုသည် သူတို့၏ပျော်ရွှင်မှုကို ထည့်သွင်းစဉ်းစားမှုကြောင့် ဖြစ်ပါသည်။ မေတ္တာနှင့် အခြားသူများကို အမှုထမ်းခြင်းသည် ဘုရားရှင်အား ကိုးကွယ်မှု မဟုတ်ပါ။ အခြားသူများကို မေတ္တာထားခြင်းဖြင့် လူတို့သည် ကိုယ်တိုင်ဘုရားဖြစ်လာရန် အပြုသဘော အင်အားများ စုစည်းမိပါသည်။ ဤနည်းဖြင့် သူတို့သည် ဘုရားဖြစ်ရန် ပိုမိုနီးစပ်လာပါသည်။ အစ္စလာမ်ဘာသာမှာကဲ့သို့ ဘုရားနှင့် ပိုမိုနီးစပ်လာခြင်း မဟုတ်ပါ။
ဤဥပမာများအရ ဗုဒ္ဓဘာသာနှင့် အစ္စလာမ်ဘာသာ သင်ကြားမှုများသည် ဒဿနဆိုင်ရာ ကွဲပြားမှုများရှိသော်လည်း မေတ္တာ၊ ကရုဏာနှင့် ခွင့်လွှတ်ခြင်းဆိုသည့် အားလုံးနှင့်ဆိုင်သည့် အခြေခံ တန်ဖိုးများ ထားရှိရေးတွင် တူညီပါသည်။ သို့သော် ဘာသာအချင်းချင်း အပြန်အလှန် ပညာပေးရုံမျှနှင့် ဘာသာရေး ညီညွတ်မှု ပေါ်ထွန်းစေရန် မလုံလောက်ပါ။ ဗုဒ္ဓဘာသာ-အစ္စလာမ်ဘာသာ ပဋိပက္ခ၏ အကြောင်းရင်းများမှာ များပြားရှုပ်ထွေးပါသည်။ ထို့ပြင် မညီညွတ်မှု ဖြစ်ပေါ်ထားသည့် ဒေသတစ်ခုနှင့်တစ်ခုလည်း အကြောင်းရင်း မတူညီကြပါ။ ဘာသာရေး ယုံကြည်မှု ကွဲပြားခြင်းသည် လက်ရှိတွင် ပဋိပက္ခ၏ အကြောင်းရင်းများ မဟုတ်တန်ရာပါ။ မကြာခဏဆိုသလို စီးပွာရေး၊ နိုင်ငံရေး၊ ဘာသာစကား၊ လူမျိုးနှင့် သမိုင်းကြောင်း ရေးရာများက ရန်လိုမှုများ ဖြစ်စေသည့် အဓိက အကြောင်းများ ဖြစ်လာပါသည်။ မည်သို့ဆိုစေ ဘာသာအချင်းချင်း အသိပညာပေးခြင်းသည် တစ်ဖက်နှင့် တစ်ဖက် လေးစားမှု ရရှိရေးတွင် အထူးအရေးကြီးပါသည်။ သို့သော် ပိုမိုကျယ်ပြန့်သော အသိပညာပေးခြင်းဖြင့်သာ ပဋိပက္ခများကို ဘာသာကွဲပြားမှု တစ်ခုတည်းအပေါ်တွင် အပြစ် ပုံချမှုမှ အာရုံလွှဲပြောင်းနိုင်ပါသည်။ ထိုမှသည် နောက်ခံလူမှုရေး၊ သမိုင်းကြောင်းနှင့် စီးပွားရေး အကြောင်းရင်းများကို ကိုင်တွယ်ဖြေရှင်းရန် အာရုံစိုက်နိုင်ပါသည်။ နိုင်ငံရေး သို့မဟုတ် စီးပွားရေးနှင့် ပတ်သက်၍ မူဝါဒ အပြောင်းအလဲများ အောင်မြင်ရန်မှာမူ ဗုဒ္ဓဘာသာနှင့် အစ္စလာမ်ဘာသာတို့၏ တူညီသည့် အားလုံးနှင့်ဆိုင်သော အခြေခံ တန်ဖိုးများကို အတည်ပြုမှုတွင် အခြေခံရန် လိုပါသည်။ အသိပညာပေးခြင်းသည် အဓိကကျသလို နာလန္ဒာ တက္ကသိုလ်သည် ဤနေရာတွင် ဤနယ်ပယ်အတွက် ခေါင်းဆောင်နိုင်မည်ဟု မျှော်လင့်ရပါသည်။ ကျေးဇူးတင်ပါသည်။