ဗုဒ္ဓဘာသာနှင့် အစ္စလာမ်ဘာသာတို့တွင် ဘုံအခြေခံ ရှိပါသလား။

သီအိုရီအရ ချဉ်းကပ်မှု

ဘာသာတရား သို့မဟုတ် ဒဿနဆိုင်ရာ စနစ်နှစ်ခုအကြား ဘုံအခြေခံကို လေ့လာရာတွင် အခက်အခဲနှင့် အန္တရာယ်များစွာ ရှိပါသည်။ အဓိကအခက်အခဲ တစ်ခုမှာ နှိုင်းယှဉ်သော ဘာသာ၏ ပညာရပ် စည်းကမ်းအနေနှင့် သီအိုရီအရ ချဉ်းကပ်မှုနှင့် ဆိုင်ပါသည်။ အခြားဘာသာများအပေါ် ဗုဒ္ဓဘာသာ၏ သဘောထားများ စာအုပ်တွင် ပါဝင်သည့် “အခြားသူများအပေါ် ဗုဒ္ဓဘာသာ၏ ရပ်တည်ချက် အမျိုးအစားများ၊ နမူနာများနှင့် ထည့်သွင်းစဉ်းစားမှုများ” ဆောင်းပါးတွင် ခရစ္စတင်းဘီစီ ကစ်ဘလင်ဂျာက ဖော်ပြထားသည့် ခရစ်ယာန် ဘာသာတရားလေ့လာမှုတွင် အဆိုပါ နှိုင်းယှဉ်မှုများကို ခြားနားသော ချဉ်းကပ်မှု အမျိုးအစားများအဖြစ် ခွဲခြားရန် အစီအစဉ်တစ်ခုကို ဖော်ပြလိုပါသည်။

ဤဆောင်းပါးတွင် ကစ်ဘလင်ဂျာက ဖယ်ထုတ်မှုဝါဒ၊ ထည့်သွင်းမှုဝါဒနှင့် အားလုံးပါဝင်သောဝါဒ ဆိုသည့် ချဉ်းကပ်မှုသုံးမျိုးကို ဖော်ပြထားပါသည်။

  • ဖယ်ထုတ်သည့် ချဉ်းကပ်မှုသည် ဘာသာတစ်ခုတည်းက ကယ်တင်မှု သို့မဟုတ် လွတ်မြောက်မှုသို့ စစ်မှန်သော လမ်းကြောင်း ရှိသည်ဟု ဆိုလိုပါသည်။ အခြားဘာသာများက ကျွန်ုပ်တို့နှင့် တူညီသော အကြောင်းအရာများကို သဘောထားနိုင်သော်လည်း သူတို့အခြေအနေများက မည်သို့ဖြစ်စေကာမူ မှားယွင်းပါသည်။ ဗုဒ္ဓဘာသာ ကျမ်းစာအများအပြားတွင် ဗုဒ္ဓဘာသာဝင် မဟုတ်သူတို့၏ အမြင်သာမက အခြားဗုဒ္ဓဘာသာဝင်များ အပေါ်၌ပင် ဤသဘောထား ရှိပါသည်။
  • ပါဝင်ထည့်သွင်းသော ချဉ်းကပ်မှုအရ ကယ်တင်မှု သို့မဟုတ် လွတ်မြောက်မှုသို့ လမ်းကြောင်းများစွာ ရှိသော်လည်း တစ်ခုက အမြတ်ဆုံး ဖြစ်ပါသည်။ တစ်နည်းဆိုသော် အခြားဘာသာများက ကျွန်ုပ်တို့နှင့် ဘုံအခြေခံ ရှိနိုင်ပြီး အားလုံး မှန်ကန်သော်လည်း ကျွန်ုပ်တို့နည်းက သူတို့ထက် ပိုကောင်းသည်ဟု ဆိုလိုပါသည်။ တိဘက် အစဉ်အလာအမျိုးမျိုး၏ အချို့ဘာသာဝင်များက အခြားတိဘက် အစဉ်အလာများအပေါ် ဤသို့သဘောထားပါသည်။ သူတို့သည် ဉာဏ်အလင်းရရှိမှု ဖြစ်စေသော်လည်း ကျွန်ုပ်တို့နည်းက အကောင်းဆုံး ဆိုသည့် သဘောထား ဖြစ်ပါသည်။
  • အားလုံးပါဝင်သောဝါဒအရ ကယ်တင်မှု သို့မဟုတ် လွတ်မြောက်မှုသို့ လမ်းကြောင်းများစွာ ရှိပြီး မည်သည့်အရာကမှ အကောင်းဆုံး မဟုတ်ပါ။ ဤသည်မှာ အမျိုးဇာတ် မခွဲခြားသော ရှုထောင့်ဖြစ်ပြီး တူညီသည့် အကြောင်းရပ်များနှင့် ပတ်သက်၍ ဘာသာအမျိုးမျိုး၏ အနေအထားအမျိုးမျိုးကို ဖော်ပြသော်လည်း ယင်းတို့ကို အဆင့်သတ်မှတ်ခြင်း မပြုပါ။

ထည့်သွင်းမှုဝါဒနှင့် အားလုံးပါဝင်သောဝါဒတို့၏ ချဉ်းကပ်မှုများတွင် လက်တွေ့ကွဲပြားမှုများကို မည်မျှ လက်ခံသည်၊ ထိုကွဲပြားမှုများက မည်မျှလေးနက်သည် ဆိုသည့် အဆင့်များ ရှိပါသည်။

  • ပထမတစ်မျိုးသည် တူညီမှုများကို အသားပေး ပြောကြားပါသည်။ ကွဲပြားမှုများကို အသိအမှတ် ပြုသော်လည်း ကွဲပြားမှုများကို တူညီမှုများ၊ အလားတူအချက်များ သို့မဟုတ် အရေးမကြီးသော ဘေးထွက်ကိစ္စများ အနေနှင့် ပြန်လည်ပုံဖော်ခြင်းဖြင့် လျှော့ပေါ့ပြောကြားထားပါသည်။ ၎င်းသည် အခြားဘာသာများကို မိမိတို့ ပြုမူသလိုပင် ခြားနားသောနည်းဖြင့် ပြုမူနေФသည်ဟု ရှုမြင်ပါသည်။ တစ်နည်းဆိုသော် ၎င်းတို့သည် ကိုယ်တိုင်ကမသိဘဲ မိမိတို့ဘာသာကို လိုက်နာနေသည်ဟု ဆိုလိုပါသည်။ ဥပမာ၊ ဂယ်လဂ် အစဉ်အလာသည် ညဉ်ဂမ ဇုန်ချန် ကျင့်ကြံမှုများကို ဂယ်လဂ် အနုတ္တရယောဂ သီအိုရီအနေနှင့် ရှင်းပြထားပါသည်။
  • ဒုတိယတစ်မျိုးသည် မှန်ကန်သော ခြားနားချက်များကို လေးစားပြီး မိမိဘာသာက ပိုအဆင့်မြင့်သည်ဟု ယူဆသည်ဖြစ်စေ၊ မယူဆသည်ဖြစ်စေ တွေ့ဆုံဆွေးနွေးမှုကို ဖွံ့ဖြိုးတိုးတက်မှု နှိုးဆွရန် တန်ဖိုးရှိသော နည်းစနစ်အနေနှင့် ဖော်ပြပါသည်။

ပထမအမျိုးအစား (သူတို့သည် တကယ်တော့ ကျွန်ုပ်တို့ ဆောင်ရွက်သောအရာကို ခြားနားသောနည်းဖြင့် အသားပေး ပြောကြားနေသည်) အတွက် အန္တရာယ်မှာ ယင်းသည် မောက်မာရိုင်းစိုင်းပြီး တစ်ကိုယ်ကောင်း ဆန်နိုင်ပါသည်။ ကျွန်ုပ်တို့သည် သူတို့ဘာသာကို သူတို့ထက် ပိုသိသည်ဟု ယူဆနေပါသည်။ ဤသို့ ကျွန်ုပ်တို့၏ ဘာသာက ပိုမြင့်မြတ်သည်ဟု ယုံကြည်သည့် ထည့်သွင်းမှု အမျိုးအစားတွင် ဤရှုထောင့်သည် အခြားဘာသာဝင်များက မသိဘဲ ကျွန်ုပ်တို့၏ ရည်မှန်းချက်အတိုင်း အမှန်တကယ် ရည်မှန်းနေသည် ပုံစံကို ယူဆပါသည်။ သို့တည်းမဟုတ် သူတို့သည် ကျွန်ုပ်တို့၏လမ်းကြောင်းမှ ပိုပြီးအဆင့်နိမ့်သူများ ဖြစ်သည်ဟု ယူဆပါသည်။ ဤသဘောထားမျိုး ရှိပါက သူတို့ထံမှ ဘာကိုမျှ သင်ယူစရာမရှိတော့ပါ။ သို့သော် ကျွန်ုပ်တို့ထံမှသာ သူတို့က များစွာသင်ယူရပါမည်။ ဤအမျိုးအစားအောက်တွင် အောက်ပါတို့ပါဝင်ပါသည်-

  • ဘာသာအားလုံး သို့မဟုတ် အများစုသည် ရည်မှန်းချက် တစ်ခုတည်းဆီကို ဦးတည်ပါသည်။ သူတို့လမ်းကြောင်းက မိမိတို့ လမ်းကြောင်းလို မကောင်းသော်လည်း နောက်ဆုံးတွင် မိမိတို့ရည်မှန်းချက်ဆီသို့ အလိုလို ဦးတည်သွားပါမည်။
  • သူတို့သည် နောက်ဆုံးတွင် ကျွန်ုပ်တို့လမ်းကြောင်းဖြင့် ရရှိသည့် ရည်မှန်းချက်အတိုင်း ရောက်ရှိမည့် လမ်းကြောင်းဆီ ဦးတည်ရန် လိုပါသည်။ ထိုအတွက် သူတို့ဦးတည်နေသော်လည်း သူတို့လမ်းကြောင်းအတိုင်းသာ သွားနေပါက မရောက်နိုင်ပါ။ ဗုဒ္ဓဘာသာ အနေနှင့် နမူနာတစ်ခုမှာ အနုတ္တရယောဂ တန္တရ အသားပေးမှုအရ သုတ္တန် သို့မဟုတ် အဆင့်ပိုနိမ့်သော တန္တရ များသည် ဒသမအဆင့် ဘူမိစိတ် (ဒသမဘူမိ) ဆီသို့သာ ရောက်စေနိုင်သော်လည်း အမှန်တကယ် ဉာဏ်အလင်းရရှိအောင် အနုတ္တရယောဂ နည်းလမ်းများ လိုအပ်ပါသည်။

ပထမအမျိုးအစားဖြစ်သည့် ထည့်သွင်းမှုဝါဒအတွက် အခြားမူကွဲများ (ကွဲပြားမှုများကို လျှော့ပေါ့ကာ ယင်းတို့သည် တကယ်တော့ တူညီမှုများ ဖြစ်သည်ဟုပြောခြင်း) သည် အောက်ပါတို့ကို အသားပေးပြောကြားပါသည်-

  • စကားလုံးများ၊ အယူအဆများနှင့် တရားများသည် တရားရှုမှတ်သည့် အတွေ့အကြုံကို မတိကျသော ဖော်ပြချက်များ ဖြစ်ပြီး ဘာသာအားလုံးက ထိုအတွေ့အကြုံကိုပင် ပြောနေခြင်း ဖြစ်ပါသည်။
  • ဘာသာအားလုံး၏ ဘုံဗဟိုချက် သီအိုရီ သို့မဟုတ် အဓိက အသားပေးမှုများ ရှိပါသည်။ ယဉ်ကျေးမှုနှင့် သမိုင်းကြောင်း အခြေအနေများအရသာ ကွဲပြားမှု ဖြစ်လာရပါသည်။ နမူနာအားဖြင့် အိန္ဒိယ၊ အရှေ့တောင်အာရှ၊ တရုတ်၊ ဂျပန်နှင့် တိဘက်စသည့် ခြားနားသောဒေသများမှ ဗုဒ္ဓဘာသာ ပုံစံအမျိုးမျိုး၏ တင်ပြလေ့ရှိသော အချက်များ ဖြစ်ပါသည်။

ထို့ပြင် ဗုဒ္ဓဘာသာနှင့် အစ္စလာမ်ဘာသာအကြား ဘုံအခြေခံ ဖြစ်နိုင်ခြေကို လေ့လာသောအခါ ဘာသာကူးပြောင်းမှု အကြောင်းကို ပြောထားသည်ကို တွေ့ရပါသည်။

  • ဖယ်ထုတ်သော ရှုထောင့်အရ ကျွန်ုပ်၏ ဘာသာက စစ်မှန်နေသည့်အတွက် သင့်ကို ကယ်တင်နိုင်ရန် သင့်ဘာသာကို စွန့်လွှတ်ပြီး ကျွန်ုပ်၏ ဘာသာကို လက်ခံရန် လိုပါသည်။
  • ထည့်သွင်းမှု ရှုထောင့်အရ သင့်ဘာသာကို လိုက်နာသည်မှာ ပြဿနာမရှိပါ။ အကြောင်းမှာ ၎င်းသည် ကျွန်ုပ်၏ ဘာသာထက် ပိုအဆင့်နိမ့်သောကြောင့် ဖြစ်ပြီး နောက်ဆုံးတွင် သင်က ကျွန်ုပ်တို့အမြင်ကို အလိုလို သဘောပေါက်လာပါမည် (ဥပမာ၊ စိတ္တမတ္တရင် ကျင့်ကြံသူများက အနုတ္တရယောဂ တန္တရ ကျင့်ကြံပါက အဆင့်အားလုံး ကျင့်ကြံသည့် စိတ်ကိုဖယ်ထုတ်မှုအဆင့်သို့ ရောက်သောအခါ ပရာဆန္ဂိက အယူရှိသူများ အလိုလိုဖြစ်လာပါမည်။) သို့မဟုတ် နောက်ဆုံးတွင် ကျွန်ုပ်တို့က သင့်ကို ဘာသာပြောင်းပေးရပါမည်။
  • အားလုံးပါဝင်သော အမြင်အရ ဘာသာတိုင်းသည် ၎င်း၏အန္တိမ ရည်မှန်းချက်ဆီသို့ ဦးတည်သွားပြီး အားလုံးကို ချီးကျူးထိုက်ပါသည်။ ရည်မှန်းချက်များ ထပ်တူညီသည် သို့မဟုတ် ထပ်တူမညီပါ ဆိုသည့် နှစ်မျိုးနှစ်စား ကွဲပြားသော်လည်း မည်သည့်အမျိုးအစားကမျှ ပိုမမြင့်မြတ်ပါ။ ထို့ကြောင့် ဘာသာပြောင်းရန် မလိုအပ်ပါ။ ဤသည်မှာ ဗုဒ္ဓဘာသာဝင်အဖြစ် ကျင့်ကြံပါက ဗုဒ္ဓဘာသာ ကောင်းကင်ဘုံကို ရောက်ပြီး မွတ်စလင် ကောင်းကင်ဘုံ မဟုတ်သလို မွတ်စလင်ဘာသာဝင်အဖြစ် ကျင့်ကြံပါက မွတ်စလင် ကောင်းကင်ဘုံကို ရောက်ပြီး ဗုဒ္ဓဘာသာ ကောင်းကင်ဘုံ မဟုတ်ပါ ဆိုသကဲ့သို့ ဖြစ်နေပါသည်။

ထည့်သွင်းမှုဝါဒ ဒုတိယ အမျိုးအစားနှင့် အားလုံးပါဝင်သော ဝါဒ (ဘာသာများအကြား ကွဲပြားမှုကို လေးစားကာ ယင်းတို့သည် ပိုမြင့်မြတ်မှု ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ထည့်မစဉ်းစားဘဲ ယင်းတို့အားလုံး မှန်ကန်သည်ဟု လက်ခံသည့် အမျိုးအစား) တို့အတွက် နူးညံ့သည့် ပြဿနာမှာ အခြားဘာသာကို နားလည်ပုံနှင့် မိမိဘာသာနှင့် နှိုင်းယှဉ်ပုံ ဖြစ်ပါသည်။

  • အခြားဘာသာတစ်ခုကို ၎င်း၏သဘောထားအတိုင်း သီးသန့် နားလည်နိုင်ပါသလား။ သို့တည်းမဟုတ် ၎င်းတို့ကို ရှင်းလင်းစေရန် သူတို့၏ အသားပေး ပြောကြားချက်များကို သင့်ကိုယ်ပိုင် ယုံကြည်မှုစနစ် အနေနှင့် ထည့်သွင်းပါသလား။
  • ဒုတိယတစ်ခုကို သင်ဆောင်ရွက်ပါက (၎င်းတို့ကို ရှင်းလင်းစေရန် သူတို့၏ အသားပေး ပြောကြားချက်များကို သင့်ကိုယ်ပိုင် ယုံကြည်မှုစနစ် အနေနှင့် ထည့်သွင်းခြင်း) ပထမအမျိုးအစားဖြစ်သည့် သူတို့၏ ယုံကြည်မှုများက သင့်ယုံကြည်မှု၏ မျိုးကွဲတစ်ခုသာ ဖြစ်သည်ဟု အသားပေးပြောကြားမှု စနစ်ထဲသို့ ကူးပြောင်းမရောက်ရှိအောင် ယင်းသို့ ဆောင်ရွက်နိုင်ပါသလား။

တစ်ဖက်တွင်မူ ဗုဒ္ဓဘာသာနှင့် အစ္စလာမ်ဘာသာကဲ့သို့ ဘာသာနှစ်ခု၏ ဘုံပြဿနာများ သို့မဟုတ် ကျောရိုးပုံစံများကို ရှာတွေ့ပါက၊ အခြားဘာသာကို သင့်ကိုယ်ပိုင်စနစ်၏ အယူအဆမူဘောင်ဖြင့် ထိုပုံစံများနှင့် ချဉ်းကပ်မှုတို့ကို ဖော်ပြလိုလျှင်ပင် ကွဲပြားမှုများကို နားလည်ကာ လေးစားလာနိုင်ပါသည်။ ကွဲပြားမှုများကို သည်းခံမှုရှိပြီး အကဲဖြတ်ချက် မပါသော သဘောထားဖြင့် သင့်ဘာသာက အကောင်းဆုံးဟု အလေးပေး ပြောကြားခြင်း မပြုဘဲ၊ အခြားဘာသာကို နှိမ့်ချသော သဘောထားမျိုး မရှိဘဲ လေးစားလာနိုင်ပါသည်။ ဤနားလည်မှုနှင့် လေးစားမှုတို့ဖြင့်သာလျှင် ဘာသာရေး ညီညွတ်မှုကို ထူထောင်နိုင်ပါသည်။

ဤချဉ်းကပ်မှုအတိုင်း ဒလိုင်းလားမား ဆရာတော်ကြီးက ဆောင်ရွက်ပါသည်။ “အကောင်းဆုံး ဘာသာကဘာလဲ” ဟု အမေးခံရတိုင်း ဆရာတော်ကြီးက “သင့်ကိုပိုပြီး ကြင်နာစေသော၊ ပိုပြီး ကရုဏာ ရှိစေသော လူတစ်ယောက် ဖြစ်အောင်ကူညီသည့် ယုံကြည်မှုများနှင့် ကျင့်ကြံမှုများ ပါဝင်သည့်စနစ်” ဟူ၍ ပြန်ဖြေပါသည်။

သမိုင်းဆိုင်ရာ ရှုထောင့်

ဗုဒ္ဓဘာသာအပေါ် မွတ်ဆလင်တို့၏ သမိုင်းကြောင်းအရ ချဉ်းကပ်မှု

ယခုအခါ ဗုဒ္ဓဘာသာနှင့် အစ္စလာမ်ဘာသာကို ပိုပြီးအသေးစိတ်ကျစွာ လေ့လာပါစို့။ အစ္စလာမ်ဘာသာနှင့် ပတ်သက်၍ ကျွန်ုပ်၏ သုတေသနအပြင် ရီဇာရှားကာဇာမိ ရေးသားသော အစ္စလာမ်ဘာသာနှင့် ဗုဒ္ဓဘာသာအကြား ဘုံအခြေခံ ဆိုသည့် စာအုပ်ကိုလည်း ကိုးကားလိုပါသည်။ ထိုစာအုပ်တွင် ဒလိုင်းလားမား ဆရာတော်ကြီးနှင့် ဂျော်ဒန်နိုင်ငံမင်းသား ဂါဇီဘင်မိုဟာမက်တို့က အမှာစာ ရေးသားပါသည်။ ဒေါက်တာကာဇာမိ၏ စာအုပ်မှ ကိုရန် ကျမ်းစာမှ သက်ဆိုင်ရာ ကိုးကားချက်များကို အထူးသဖြင့် ကောက်နုတ်ထားပါသည်။

သမိုင်းကြောင်းအရ မွတ်စလင်ဘာသာဝင်များနှင့် ဗုဒ္ဓဘာသာဝင်များသည် (ဤနေရာတွင် အိန္ဒိယ-တိဘက် ဗုဒ္ဓဘာသာပုံစံများကိုသာ ကန့်သတ်ဆွေးနွေးပါမည်) ထည့်သွင်းသော ချဉ်းကပ်မှုကို လက်ခံထားကြပါသည်။ ဥပမာ၊ မွတ်စလင် ဘာသာဝင်တို့သည် ဂျူး၊ ခရစ်ယာန်နှင့် ဇိုရိုစထရီယန်များလိုပင် ဗုဒ္ဓဘာသာဝင်များကို ကျမ်းစာပါလူမျိုးများတွင် ထည့်သွင်းထားပါသည်။ ဤကဲ့သို့ ဘယ်လိုဖြစ်လာပါသနည်း။

ဥမာယဒ်ကာလီဖိတ် (ခရစ်နှစ် ၆၆၁ - ၇၅၀) အတွင်း အာရပ်လူမျိုးများသည် သူတို့၏အုပ်စိုးမှုနှင့် သူတို့၏ အစ္စလာမ်ဘာသာကို အရှေ့အလယ်ပိုင်းဒေသတစ်ခွင် ဖြန့်ကျက်ခဲ့ပါသည်။ ထို့ကြောင့် ရှစ်ရာစုအစတွင် ဥမာယဒ် ဗိုလ်ချုပ်ကြီး မိုဟာမက်ဘင်ကာဆင်သည် ယနေ့ခေတ် ပါကစ္စတန်နိုင်ငံတောင်ပိုင်း ဆင်း ဒေသဆိုသည့် ဗုဒ္ဓဘာသာ ကြီးစိုးသည့် နယ်မြေကို သိမ်းပိုက်ခဲ့ပါသည်။ ၎င်း၏အဓိက မြို့တော်တစ်ခုဖြစ်သော ဗြဟ္မဏာဘတ်မှ ဗုဒ္ဓဘာသာနှင့် ဟိန္ဒူဘာသာဝင်များက သူတို့ဘုရားစေတီများ ပြန်လည်တည်ဆောက်ခွင့် ပေးရန်နှင့် ဘာသာရေး လွတ်လပ်ခွင့် ထားရှိရန် တောင်းဆိုပါသည်။ ဗိုလ်ချုပ်ကြီး ကာဆင်က အုပ်ချုပ်ရေးမှူး ဟာဂျစ်ဘင်ယူဆပ်နှင့် တိုင်ပင်ရာ သူကလည်း မွတ်စလင် ဘုန်းတော်ကြီးများနှင့် တိုင်ပင်ပြန်ပါသည်။ ဘာသာရေးဆိုင်ရာ ဘုန်းတော်ကြီးများက ဗုဒ္ဓဘာသာဝင်များ (ဟိန္ဒူဘာသာဝင်များ အပါအဝင်) ကို ကျမ်းစာပါလူမျိုးများဟု ကြေညာခဲ့ပါသည်။ ယင်းကို ဗြဟ္မဏာဘတ် ကြေညာချက်ဟု ခေါ်ပါသည်။

ဥမာရဒ် အုပ်ချုပ်ရေးမှူး ဟာဂျစ်က ဤသို့ အမိန့်ထုတ်ပြန်ပါသည်-

ဗုဒ္ဓဘာသာနှင့် အခြားဘာသာတို့၏ စေတီပုထိုးများ တည်ဆောက်ရန် ဗြဟ္မဏာဘတ်၏ အကြီးအကဲများ၏ တောင်းဆိုမှုနှင့် ဘာသာရေး ကိစ္ဏများကို သည်းခံမှုတို့သည် သင့်တော်ပြီး မျှတမှုရှိပါသည်။ ပုံမှန်အခွန်ထက် သူတို့ထံမှ နောက်ထပ် အခွင့်အရေးများကို ကျွန်ုပ်မမြင်ပါ။ သူတို့သည် ကျွန်ုပ်တို့ကို ကိုးကွယ်ပြီး အခွန်ဆက်သမှု (အာရဗီဘာသာဖြင့် ဂျီဇယာ) ကို ကာလီဖိတ်ထံသို့ ပုံသေထည့်ဝင်ရန် တာဝန်ခံထားပါသည်။ သူတို့သည် အကာအကွယ် ပေးထားသူများ (အာရဗီဘာသာဖြင့် ဒီမီ) ဖြစ်လာသည့်အတွက် သူတို့၏အသက်နှင့် ပိုင်ဆိုင်မှုများကို ကျွန်ုပ်တို့ မည်သည့်နည်းနှင့်မျှ နှောင့်ယှက်ခွင့် မရှိပါ။ သူတို့ကိုယ်ပိုင်ဘာသာကို လိုက်နာခွင့် ပြုပါသည်။ သူတို့ကို မည်သူမျှ မတားဆီးစေရ။

ထို့နောက် ဗုဒ္ဓဘာသာဝင်တို့ကို ဘုရားစေတီနှင့် ဘုန်းကြီးကျောင်းများ ပြန်လည်တည်ဆောက်ခွင့် ပြုပါသည်။ အခွန်ဆက်သမှု ပေးအပ်နေသမျှ ကာလပတ်လုံး မွတ်စလင်ဘာသာ မဟုတ်သည့် အကာအကွယ် ပေးထားသူများ အခြေအနေကိုလည်း ခွင့်ပြုထားပါသည်။ ဥမာယဒ် ကာလီဖိတ်များနှင့် နောက်ပိုင်း အဘစ္စစ် ကာလီဖိတ်များသည် ဘဂ္ဂဒက်မှ အုပ်စိုးပါသည် (ခရစ်နှစ် ၇၅၀ - ၁၂၅၈)။ နောက်ပိုင်းတွင် အိန္ဒိယမှ မွတ်စလင်ဘုရင်များက ဤမူဝါဒအတိုင်း စည်းကမ်းကျင့်သုံးပါသည်။ သို့သော် အုပ်စိုးသူ သို့မဟုတ် စစ်သူကြီးအားလုံးက အမြဲတမ်း လိုက်နာသည်တော့ မဟုတ်ပါ။ မည်သို့ဆိုစေ ဤစည်းကမ်းချက် ကျင့်သုံးမှုအရ ဗုဒ္ဓဘာသာသည် ဘာသာပေါင်းစုံ ကိုးကွယ်သည့် ဘာသာများနှင့် မတူညီကြောင်း၊ ယင်းဘာသာ ကိုးကွယ်သူများကို အဆိုပါ အခွင့်ထူးများ မပေးထားကြောင်း ဆိုလိုပါသည်။

ယခုဆိုလျှင် ဗုဒ္ဓဘာသာဝင်တို့အား တရားဝင် အသိအမှတ်ပြုခြင်းသည် ဘာသာတရားဆိုင်ရာထက် နိုင်ငံရေး ပိုဆန်ကြောင်း၊ သိမ်မွေ့သော ဒဿနဆန်းစစ်ချက်များထက် လက်တွေ့ကျမှုမှ ပေါ်ထွက်လာကြောင်း ငြင်းခုန်ချင်စရာ ကောင်းနိုင်ပါသည်။ ထိုသို့လည်း ဖြစ်ချင်ဖြစ်နိုင်ပါသည်။ ဗုဒ္ဓဘာသာနှင့် ဟိန္ဒူဘာသာ ဘုရားစေတီများ ပြန်လည်တည်ဆောက်ပြီးသောအခါ အာရပ်အစိုးရများက ထိုနေရာများသို့ လာရောက်ဖူးမြော်သော ဘုရားဖူး လာသူများကို အခွန်ကောက်ပါသည်။ သို့သော် အစ္စလာမ်ဘာသာ ပညာရှင်များက ဤ “လက်တွေ့ကျသော” မူဝါဒသည် အစ္စလာမ်ဘာသာ၏ အခြေခံ ဘာသာတရားစည်းမျဉ်းတစ်ခုခုကို ချိုးဖောက်ခြင်း သို့မဟုတ် လျှော့ပေးခြင်းဟု မယူဆခဲ့သလို ယခုလည်း ထိုသို့သဘောမထားပါ။ ဗုဒ္ဓဘာသာဝင်တို့အား တရားဝင် အသိအမှတ်ပြုခြင်း၊ နိုင်ငံရေး အကာအကွယ်ပေးခြင်းနှင့် ဘာသာရေးအရ သည်းခံခြင်းတို့သည် ဗုဒ္ဓဘာသာ ယုံကြည်မှု ဘာသာရေး လမ်းကြောင်းနှင့် ကျင့်ဝတ်တို့သည် ဘုရား၏ စစ်မှန်သော ဖော်ပြချက်ဆိုသည့် ပိုအဆင့်မြင့်သူတစ်ဦးထံမှ ပေါ်ထွက်လာသည်ဟု ဆိုလိုပါသည်။

ဗုဒ္ဓဘာသာဝင်တို့အား ကျမ်းစာပါလူမျိုးများဟု ကြေညာသည့် အခြေခံသည် အဘယ်နည်း။ တူညီသော ကိုးကွယ်မှု ဓလေ့ထုံးစံတွင်သာ အခြေခံပါသလား။ ဥပမာအားဖြင့် ရှစ်ရာစုအစတွင် အီရန်လူမျိုး သမိုင်းပညာရှင် အယ်လ်ခါမေနီက ဘက်ခ် အာဖဂန်နစ္စတန်ရှိ နဝဝိဟာရကျောင်းတိုက်မှ အသေးစိတ်ဖော်ပြချက်ကို ရေးသားပြီး အချို့သော ဗုဒ္ဓဘာသာ ဓလေ့ထုံးစံများကို အစ္စလာမ်ဘာသာနှင့် တူညီသည်ဟု ဖော်ပြခဲ့ပါသည်။ အဓိကဘုရားစေတီတွင် ဗဟို၌ ကျောက်တုံးတစ်ခု ရှိပြီး အဝတ်များဖြင့် ဖုံးလွှမ်းကာ ကိုးကွယ်သူများက လှည့်ပတ်ဝတ်ပြုကာ ကန်တော့သည်မှာ မက္ကာရှိ ကာဘာတွင် ပြုလုပ်ပုံအတိုင်း ဖြစ်သည်ဟု ဖော်ပြပါသည်။ သို့သော် ဗုဒ္ဓဘာသာ ယုံကြည်မှုတစ်ခုခုအကြောင်းကိုမူ သူကမဆွေးနွေးထားပါ။

ထို့ကြောင့် ဗုဒ္ဓဘာသာဝင်တို့ကို ကျမ်းစာပါလူမျိုးများဟု ကြေညာသည့် တရားအခြေခံတစ်ခု ရှိပါသလား။ ဤသည်မှာ အရေးကြီးသော မေးခွန်းဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် ဗုဒ္ဓဘာသာဝင်တို့ကို ကျမ်းစာပါလူမျိုးများဟု အသိအမှတ်ပြုပါက ၎င်းတို့ကို “ကယ်တင်သော” အသိုင်းအဝိုင်းဝန်းကျင်တွင် သွယ်ဝိုက်၍ ထည့်သွင်းရပါမည်။ ကိုရမ် (၂း၆၂) မှ အောက်ပါကျမ်းပိုဒ်တွင် ဖော်ပြထားသည့်အတိုင်း ဖြစ်ပါသည်-

ယုံကြည်ခြင်း သဒ္ဓါတရား ထားရှိသော မုအ်မင် များသည်လည်းကောင်း၊ ယဟူဒီများသည်လည်းကောင်း၊ ခရစ်ယာန်များသည်လည်းကောင်း၊ ဆွာဗိအီများသည် လည်းကောင်း၊ မည်သူမဆို အလ္လာဟ်အရှင်မြတ်ကို လည်းကောင်း၊ (သေပြီးနောက်ရှင်ပြန်ထရမည့်) နောက်ဆုံးနေ့ကိုလည်းကောင်း၊ ယုံကြည်၍ ကောင်းမြတ်သော အကျင့်သီလများကို ဆောက်တည်ခဲ့ပါလျှင် ထိုသူတို့အဖို့အရာ မိမိတို့အား မွေးမြူတော်မူသော အလ္လာဟ်အရှင်မြတ် အထံတော်၌ ကုသိုလ်အကျိုးသည် အသင့်ရှိ၏။ ထို့နောက် ယင်းသူတို့အဖို့ မည်သည့် တစ်စုံတစ်ရာမျှ စိုးရိမ် ကြောင့်ကြခြင်းလည်း မရှိပေ။ ဝမ်းနည်းပူဆွေးကြရမည်လည်း မဟုတ်ချေ။

ဘုရားသခင်နှင့် နောက်ဆုံး အဆုံးအဖြတ်ပေးမည့်နေ့ရက်ကို ယုံကြည်မှုနှင့် အပြုသဘော ကောင်းမှုပြုသူခြင်းတို့သည် ကိုရမ်ကျမ်းစာ အရ ဗုဒ္ဓဘာသာနှင့် အစ္စလာမ်ဘာသာအကြား ဘုံအခြေခံကို ဖော်ပြပါသည်။ ရှုထောင့်ချင်း မတူသည့်တိုင် အစ္စလာမ်ဘာသာက ၎င်းတို့သည် အနည်းဆုံး ကိုက်ညီရန် လုံလောက်အောင် တူညီသည်ဟု ယူဆပါသည်။ ကိုရမ် (၂း၁၃၇) တွင် ဤသို့ဆိုပါသည်-

ထို့ကြောင့် အကယ်စင်စစ် (ယဟူဒီနှင့် ခရစ်ယာန် ဘာသာဝင်တို့သည်) အသင်တို့ယုံကြည်ကြသကဲ့သို့ ယုံကြည်ကြပါမူ ဧကန်အမှန် ယင်းသူတို့သည်လည်း တရားလမ်းမှန်ကို ရရှိကြကုန်အံ့။

ဤချဉ်းကပ်မှုသည်လည်း ထည့်သွင်းမှုဝါဒ ဖြစ်ပါသည်။ ဗုဒ္ဓဘာသာဝင်တို့သည်လည်း အလားတူ ရှုမြင်မှုအတိုင်း လိုက်နာပါက အစ္စလာမ်ဘာသာမှ သင်ကြားသော ကယ်တင်ခြင်းသို့ ရောက်နိုင်ပါသည်။

ဘုရားသခင်၊ ဘုရားသခင်က ဖော်ပြသည့် ဘာသာတရား၊ နောက်ဆုံး အဆုံးအဖြတ် ပေးသောနေ့၊ တစ်ခုတည်းသော အမှန်တရား စသည့် အယူအဆများထဲတွင် ထည့်သွင်းရမည့် အချက်များ၏ ကန့်သတ်ချက်များက မေးစရာ ဖြစ်ပါသည်။ မွတ်စလင်များနှင့် ဗုဒ္ဓဘာသာများဘက်တွင် ဤသို့ အလွန်တိကျသည့် အဓိပ္ပာယ် သတ်မှတ်ချက်များ ပြုခဲ့သည့် ဘုန်းတော်ကြီးအချို့ ရှိခဲ့ပါသည်။ သို့သော် အချို့ကလည်း အတော်လေး ပြုလွယ်ပြင်လွယ်အောင် ထားရှိခဲ့ပါသည်။

သမိုင်းကြောင်းအရ ဗုဒ္ဓဘာသာက အစ္စလာမ်ဘာသာအပေါ် ချဉ်းကပ်မှု

ဤယူဆချက်များ၏ ကန့်သတ်ချက်များကို မလေ့လာမီ သမိုင်းကြောင်းအရ ဗုဒ္ဓဘာသာက အစ္စလာမ်ဘာသာအပေါ် ချဉ်းကပ်မှုကို ဦးစွာလေ့လာကြပါစို့။ အစ္စလာမ်ဓလေ့ထုံးစံများ သို့မဟုတ် ယုံကြည်မှုများကို ဖော်ပြထားသည့် တစ်ခုတည်းသော ဗုဒ္ဓဘာသာကျမ်းစာ အစဉ်အလာကို သက္ကတဘာသာဖြင့် ကာလချက္ကရာ တန္တရ စာပေဖြစ်ပါသည်။ ၎င်းသည် ခရစ်နှစ် ဆယ်ရာစု နှောင်းပိုင်းနှင့် ဆယ့်တစ်ရာစု အစောပိုင်းတွင် ပေါ်ထွန်းခဲ့ပြီး အာဖဂန်နစ္စတန် အရှေ့တောင်ပိုင်းနှင့် ပါကစ္စတန် မြောက်ပိုင်း ဒေသတွင် ဖြစ်ဖို့များပါသည်။ ထိုအချိန်က ထိုဒေသမှ ဗုဒ္ဓဘာသာဝင်တို့သည် ပါကစ္စတန်အလယ်ပိုင်းရှိ မူလ်တန်ဘုရင်များ၏ ကျူးကျော်မှုရန်ကို ရင်ဆိုင်နေရပါသည်။ မူလ်တန်ဘုရင်များသည် အစ္စလာမ်ဘာသာဂိုဏ်းခွဲတစ်ခုဖြစ်သည့် အစ္စမေလီရှီးယိုက်၏ အရှေ့တိုင်းပုံစံကို လိုက်နာပါသည်။ မူလ်တန်သည် အီဂျစ်မှ ဖာတီမစ်ကာလီဖိတ်များနှင့် မဟာမိတ်ပြုကာ မူဆလင်ကမ္ဘာကို ထိန်းချုပ်ရန် အာရပ်အဘတ်စစ်များ၏ ပြိုင်ဘက် ဖြစ်ပါသည်။ အာဖဂန်နစ္စတန် အရှေ့တောင်ပိုင်းနှင့် ပါကစ္စတန် မြောက်ပိုင်းမှ ဗုဒ္ဓဘာသာနှင့် ဟိန္ဒူဘာသာဝင်တို့သည် ဤပြိုင်ဆိုင်မှုအလယ်တွင် ကြားညပ်နေပါသည်။


ကာလချက္ကရာ ကျမ်းများတွင် ကျူးကျော်နိုင်ခြေ ရှိသူများ၏ ယုံကြည်မှုနှင့် ဓလေ့ထုံးတမ်းအချို့ကို ဖော်ပြထားပါသည်။ ထိုသို့ဖော်ပြထားသည့် အချို့ ယုံကြည်မှုများသည် တမန်တော်များ စာရင်းကဲ့သို့ ထိုခေတ်က အစ္စမေလီ အတွေးအခေါ်နှင့် သက်ဆိုင်ပုံရပါသည်။ မာနီချီဝါဒကို တည်ထောင်သည့် မာနီကို ထိုစာရင်းထဲသို့ ပေါင်းထည့်ခြင်းကဲ့သို့ ထိုသို့သော အတွေးအခေါ်ကို အခြားသူများက ကန့်ကွက်ပါသည်။ သို့သော် ဤယုံကြည်မှုအများစုသည် အစ္စလာမ်ဘာသာ တစ်ခုလုံး အနေနှင့် အခြေခံကျပါသည်။ အချို့က ကျင့်ဝတ်ဆိုင်ရာ အပြုအမူကို အလေးထားပြီး ဗုဒ္ဓဘာသာ၏ ကျင့်ဝတ်သီလ အလေးပေးမှုကို ထင်ဟပ်ပါသည်။ သို့သော် စာပေတွင် ယင်းတို့ကို တူညီသည်ဟု မသတ်မှတ်ထားပါ။ သို့သော်လည်း ဤအချက်များကို ဘာသာနှစ်ခုအကြား ဘုံအခြေခံအနေနှင့် ထည့်သွင်းစဉ်းစားနိုင်ပါသည်။ ဥပမာအားဖြင့် မြင့်မြတ်သော ကာလချက္ကရာ တန္တရ၏ နောက်ဆက်တွဲ တန္တရ အနှစ်သာရ (dPal dus-kyi ‘khor-lo’i rgyud phyi-ma rgyud-kyi snying-po၊ သက္ကတဘာသာဖြင့် သီရီကာလချက္ကရာ တန္တရိုတာရာတန္တရဟဒယ) တွင် ဤသို့ဆိုပါသည်။

ထိုသူတို့တွင် အမျိုးဇာတ် တစ်မျိုးရှိပြီး မခိုးဝှက်ကြသလို အမှန်ကို ပြောကြပါသည်။ ထိုသူတို့သည် သန့်ရှင်းစွာနေထိုင်သည်။ တစ်ပါးသူတို့၏ ဇနီးများကို ရှောင်ရှားသည်။ တိကျသော သူတော်စင်ကျင့်ကြံမှုအတိုင်း လိုက်နာသည်။ သူတို့၏ ဇနီးများကိုသာ ဆက်လက်သစ္စာရှိကြပါသည်။

အခြားနေရာများတွင် ကာလချက္ကရာ ကျမ်းစာများက ဗုဒ္ဓဘာသာ ဝေါဟာရအနေနှင့် ကျူးကျော်သူများ၏ ယုံကြည်မှုများကို စတင်ဖော်ပြသောအခါတွင် ထည့်သွင်းသောဝါဒ ချဉ်းကပ်မှုကို တွေ့ရှိရပါသည်။ နမူနာအားဖြင့် မြင့်မြတ်စွာ ဆက်စပ်သော ကာလချက္ကရာ တန္တရ (bsDus-pa’i rgyud-kyi rgyal-po dus-kyi ‘khor-lo, သက္ကတဘာသာဖြင့် လာဂုကာလချက္ကရာ တန္တရရာဇ)၊ II.164cd တွင် ဤသို့ ဖော်ပြပါသည်-

ဖန်ဆင်းရှင်က ဖန်ဆင်းထားသည့်အတွက် သက်ရှိသက်မဲ့အားလုံး ပေါ်ပေါက်လာပါသည်။ သူ့ကို ကျေနပ်စေရန်အတွက် တရီများအတွက် လွတ်မြောက်မှု အကြောင်းတရားအဖြစ် ကောင်းကင်ဘုံ ရှိပါသည်။ ဤသည်မှာ လူသားအတွက် ရာမန်၏ ဟောကြားမှု ဧကန်ဖြစ်ပါသည်။

ကာလချက္ကရာ ကျမ်းများက ကျူးကျော်သူများကို သုံးနှုန်းသောအမည်ဖြစ်သည့် “တရီ” သည် အာရဗီစကားလုံး (ပါရှန်ဘာသာဖြင့် တဇီ) ဖြစ်ကာ အီရန်နိုင်ငံသို့ အာရပ်ကျူးကျော်သူများကို သုံးနှုန်းပါသည်။ ကရုဏာရှိသူဖြစ်သည့် “ရာမန်” သည် အလ္လာကို ညွှန်းဆိုပါသည်။

သူတော်စင်ကင်းမဲ့သော အလင်းရောင်။ “မြင့်မြတ်စွာ ဆက်စပ်သော ကာလချက္ကရာ တန္တရ” ကို မှတ်ချက်ပြု ရှင်းပြခြင်း (bsDus-pa’i rgyud-kyi rgyal-po dus-kyi ‘khor-lo’i ‘grel-bshad dri-ma med-pa’i ‘od၊ သက္ကတဘာသာဖြင့် ဝိမလပရာဘ နာမလာဂု ကာလချက္ကရာ တန္တရ ရာဇတိက) တွင် ပန္ဒရိက သည် ဤသို့အကျယ် ပြောထားပါသည်။

ယခုအခါ တရီ ကျူးကျော်သူများကို အသားပေးပြောကြားမှုအတွက် ဖန်ဆင်းရှင် ရာမန်သည် သက်ရှိသက်မဲ့ ဆောင်ရွက်မှုဖြစ်စဉ်တိုင်းအတွက် ပေါ်ပေါက်စေပါသည်။ ဝတ်ရုံဖြူ ကျူးကျော်သူများ ဆိုသည့် တရီများအတွက် လွတ်မြောက်ရန် အကြောင်းရင်းမှာ ရာမန်ကို ကျေနပ်စေရန် ဖြစ်ပါသည်။ ထိုအခါ လူသားအတွက် (ကောင်းကင်ဘုံ၌) အဆင့်ပိုမြင့်သော ပြန်လည်မွေးဖွားမှု ဧကန် ဖြစ်စေပါမည်။ သူ့အား မကျေနပ်စေပါက ငရဲတွင် (ပြန်လည်မွေးဖွားမှု) ဖြစ်ပါမည်။ ဤသည်တို့မှာ တရီများကို အသားပေးပြောကြားသည့် ရာမန်၏ ဟောကြားချက်များ ဖြစ်ပါသည်။

ပန္ဒရိကသည် ဆက်လက်၍ ဤသို့ရှင်းပြပါသည်-

ကျူးကျော်သူ တရီများကို အသားပေးပြောကြားသည်မှာ သေဆုံးသော လူသားသည် (ကောင်းကင်ဘုံ၌) ပိုအဆင့်မြင့်သော ပြန်လည်မွေးဖွားမှုတွင် ပျော်ရွှင်မှု သို့မဟုတ် ဆင်းရဲဒုက္ခ သို့မဟုတ် ငရဲဘုံ၌ သူတို့၏ လူသားခန္ဓာကိုယ်ဖြင့် ရာမန်၏ ဆုံးဖြတ်ချက်ဖြင့် တွေ့ကြုံရပါသည်။

ဤနေရာတွင် ဗုဒ္ဓဘာသာနှင့် ဗုဒ္ဓဘာသာဝင်တို့၏ အစ္စလာမ်ဘာသာကို နားလည်မှုအကြား ဘုံအခြေခံသည် တစ်ယောက်ယောက်၏ ကျင့်ဝတ်ညီသော အပြုအမူပေါ် မူတည်ပြီး ကောင်းကင်ဘုံနှင့် ငရဲဘုံတွင် ပြန်လည်မွေးဖွားခြင်း ဖြစ်ပါသည်။ ဤစာပိုဒ်များနှင့် ပတ်သက်၍ ကာလချက္ကရာ ကျမ်းစာက ဖန်ဆင်းရှင်အကြောင်း သာမက လူသားသည် သူ့အား ကျေနပ်စေခြင်းရှိ၊ မရှိ အပေါ်၌ အခြေခံပြီး နောင်ဘဝကို ဆုံးဖြတ်သည့် ဖန်ဆင်းရှင်၏ အခန်းကဏ္ဍကိုလည်း မှတ်ချက် မပေးထားသည်မှာ စိတ်ဝင်စားဖွယ် ကောင်းပါသည်။ ထိုနောက်ဆုံးအချက်တွင် အလ္လာ၏ ဆုံးဖြတ်ချက်နှင့် ပတ်သက်၍ လူသားက သူ့အားကျေနပ်စေခြင်း ရှိ၊ မရှိ ဆိုသောအချက်အပေါ် ဗုဒ္ဓဘာသာ၏ တင်ပြချက်သည် မမျှတပါ။ ဟာဒစ်ကျမ်း (မိုဟာမက်အကြောင်း) တွင်ဖော်ပြချက်အရ အလ္လာက ဤသို့ဆိုပါသည်။

အိုငါ၏ အမှုထမ်းများ၊ သင်တို့အတွက် ငါယူဆသည့် သင်တို့၏အပြုအမူများဖြင့်သာ သင်တို့အပေါ် ပြန်လည်ပေးဆပ်ပေသည်။

မည်သို့ဆိုစေ ကာလချက္ကရာ ကျမ်းစာများက နောင်ဘဝ၏ သဘောသဘာဝနှင့် ၎င်းက လူတစ်ယောက်၏ ယခုဘဝကို ယေဘုယျ သက်ရောက်မှု တို့ကိုသာ အာရုံစိုက်ပါသည်။ ဤနည်းဖြင့် ထိုကိစ္စကို ဆွေးနွေးရာတွင် ကျမ်းစာက ကျူးကျော်သူများ၏ ထာဝရ နောင်ဘဝအား အသားပေးပြောကြားမှုကို ဖော်ထုတ်သည့် ထည့်သွင်းသောချဉ်းကပ်မှုကို ဗုဒ္ဓဘာသာတွင် ပိုမို မှန်ကန်စွာ ရှင်းပြထားသည့် မှားယွင်းသော အမြင်အနေနှင့် ဖော်ပြပါသည်။ မြင့်မြတ်စွာ ဆက်စပ်သော ကာလချက္ကရာ တန္တရ၊ II.174 တွင် ဤသို့ဖော်ပြထားပါသည်-

(ထာဝရ) နောင်ဘဝမှတစ်ဆင့် လူသားသည် ဤလောကရှိ ယခင် ပြုမူသော ကံ၏ ဆောင်ရွက်ချက်များ (သူ၏ ရလဒ်များ) ကို ကြုံတွေ့ရပါသည်။ ထိုသို့ဆိုလျှင် ဘဝတစ်ခုမှ အခြားတစ်ခုသို့ လူသား၏ကံကို ဖယ်ရှားမှု မဖြစ်ပေါ်ပါ။ သံသရာ မှ ထွက်ပေါက် မရှိဘဲ မရေမတွက်နိုင်သည့် ဘဝအနေနှင့်ပင်လျှင် လွတ်မြောက်မှုသို့ မရောက်ရှိပါ။ တကယ်တော့ ထိုအတွေးအခေါ်သည် အခြားအဖွဲ့များက လက်မခံသော်လည်း တရီများအကြားတွင် ရှိနေပါသည်။

ထာဝရ ငရဲဘဝနှင့် ပတ်သက်သော ဤအချက်ကို ပိုမိုကျယ်ပြန့်သော ဗုဒ္ဓဘာသာ အယူအဆအရ လေ့လာလိုပါက ဗုဒ္ဓဘာသာနှင့် အစ္စလာမ်ဘာသာ အမြင်များ အကြား ဘုံအခြေခံသည် အနည်းငယ် ပိုမိုကျယ်ပြန့်လာပါသည်။ သို့သော် ပြန်လည်မွေးဖွားမှုနှင့် လွတ်မြောက်မှုတို့အပေါ် မွတ်စလင်တို့၏ ရပ်တည်ချက်ကို ဗုဒ္ဓဘာသာ ရပ်တည်ချက်သို့ ဦးတည်သည့် အဆင့်တစ်ဆင့် အနေနှင့် ရှုမြင်သောကြောင့် ပိုမိုကျယ်ပြန့်လာခြင်း ဖြစ်ပါသည်။ ဗုဒ္ဓဘာသာ အနေနှင့် အစ္စလာမ်ဘာသာသည် ဆင်းရဲဒုက္ခ၏ ဆင်းရဲဒုက္ခ သို့မဟုတ် ပိုဆိုးသော ပြန်လည်မွေးဖွားမှု အခြေအနေများမှ လွတ်မြောက်ရေးကိုသာ ပြောထားသည်ဟု ဆိုနိုင်ပါသည်။ ဤလွတ်မြောက်မှုသည် ကောင်းကင်ဘုံ၌ အဆင့်ပိုမြင့်သော ပြန်လည်မွေးဖွားမှု ဖြစ်ပါသည်။ တကယ်တော့ ဤသည်မှာ လမ်-ရင်း အဆင့်အလိုက်လမ်းကြောင်း တရားတော်၏ ကနဦး စိတ်ဓာတ်စေ့ဆော်မှု နယ်ပယ် ဖြစ်ပါသည်။ ဗုဒ္ဓဘာသာသည် ပြန်လည်မွေးဖွားမှု၏ မပြီးဆုံးနိုင်သော ဆင်းရဲဒုက္ခ အားလုံးမှ လွတ်မြောက်မှုကို ဆက်လက်ပြောကြားကာ ယင်းမှာ အလယ်အလတ်အဆင့် စိတ်ဓာတ်စေ့ဆော်မှု ဖြစ်ပါသည်။ ဤနေရာတွင် အစ္စလာမ်ဘာသာ ကိုးကွယ်မှုသည် ဗုဒ္ဓဘာသာ ကိုးကွယ်မှု၏ ကနဦးအဆင့် ဖြစ်လာပါသည်။

သို့သော် အစ္စလာမ်ဘာသာ၏ ထာဝရဆင်းရဲဒုက္ခအကြောင်း အသားပေးပြောကြားမှုကို ဗုဒ္ဓဘာသာ ရှုထောင့်နှင့် မကွဲပြားစေရန် အခြားနည်းဖြင့် လေ့လာနိုင်ပါသည်။ ကာလချက္ကရာ ကျမ်းစာများတွင် မွတ်စလင်တို့၏ ငရဲဘုံ အယူအဆကို ကန့်ကွက်ထားသည်မှာ ငရဲမီးထဲသို့ ရောက်သည်နှင့် ယင်းသည် ထာဝရဖြစ်သောကြောင့် လွတ်မြောက်နိုင်ခြင်း မရှိတော့သည့်အချက် ဖြစ်ပါသည်။ သို့သော် ဗုဒ္ဓဘာသာ၏ သံသရာအကြောင်း ဖော်ပြချက်ကို လေ့လာပါက မီးလောင်နေသောအိမ်ကြီးမှ လွတ်မြောက်လိုသကဲ့သို့ သံသရာမှ လွတ်မြောက်လိုရပါမည်။ ထို့အတူ သံသရာတွင် ပြန်လည်မွေးဖွားမှုသည် ဓမ္မကို အားထားခြင်းကဲ့သို့ ထိုအတွက် တစ်ခုခုမဆောင်ရွက်ပါက ထာဝရ ဖြစ်နေပါမည်။

ဆယ့်ကိုးရာစု ညဉ်ဂမ ဆရာတော် မီပမ် (Mi-pham ‘Jam-dbyangs rnam-rgyal rgya-mtsho) သည် “မြင့်မြတ်သော ကာလချက္ကရာ တန္တရ”- အခန်း (ငါး) ၏ မှတ်ချက်၊ နက်ရှိုင်းသောသိမှု (dPal dus-kyi ‘khor-lo’i rgyud-kyi tshig don rab-tu gsal-byed rdo-rje nyi-ma’i snang-ba, Ye-shes le’u’i ‘grel-chen) ၏ စကားလုံးများ အဓိပ္ပာယ်ကို ရှင်းလင်းသော ဝဇီရ နေ၏ အလင်းရောင် ကျမ်းတွင် မူရင်း ကာလချက္ကရာ စာပေထက် ပို၍ပင် ခိုင်မာသော ထည့်သွင်းသည့်ဝါဒ ချဉ်းကပ်မှုအတိုင်း လိုက်နာပါသည်။ ဗုဒ္ဓမြတ်စွာသည် မွတ်စလင်ဘာသာဝင်များကို ဉာဏ်အလင်း ရရှိစေသည့် နည်းလမ်းများ ဟောကြားကြောင်း ကျွမ်းကျင်သော နည်းလမ်းများဖြင့် သဲလွန်စပေးထားကာ မီပမ်က ဤသို့ရေးသားပါသည်။

အိန္ဒိယလူမျိုးမဟုတ်သော ကျူးကျော်သူများက ကိုင်စွဲသော (ဒဿနအမြင်) နှစ်ချက် ရှိပါသည်။ သူတို့သည် ပြင်ပဖြစ်ရပ်များတွင် အက်တမ်အစု သဘောသဘာဝ ရှိသည်ဟု စွဲကိုင်ယူဆပါသည်။ ယာယီ မွေးဖွားသော သို့မဟုတ် သံသရာတွင် မွေးဖွားသည့် အစိတ်အပိုင်းရှိသာ လူ၏အတ္တ တည်ရှိမှုကို စွဲကိုင်ပါသည်။ ရည်မှန်းချက်မှာ နတ်ဘုရားတို့၏ ပျော်ရွှင်မှုကို အသီးအပွင့်အနေနှင့် ရရှိရန် ဖြစ်ပါသည်။ ဤအချက်မှလွဲ၍ အခြား နိဗ္ဗာန် အမျိုးအစားကို အသားပေး ပြောကြားခြင်း မရှိပါ။

မီပမ်က ကျူးကျော်သူတို့၏ အက်တမ်ပါသည့် ဒြပ်သဘောသဘာဝကို အသားပေးပြောကြားမှုသည် ဗုဒ္ဓဘာသာ ယုံကြည်မှုများနှင့် ကိုက်ညီကြောင်း ဆက်လက်ထောက်ပြပါသည်။ သူက ဟိနာယာန ဗုဒ္ဓဘာသာ၏ ဝိဘသိကာ နှင့် သောတန္တရိက ဂိုဏ်းများသည် ခွဲခြားမရသည့် အက်တမ်များကို ဟောကြားထားကြောင်း၊ မဟာယာန ဗုဒ္ဓဘာသာ၏ စိတ္တရမန္တရားနှင့် မဇ္ဈိမ ဂိုဏ်းများက အဆုံးမရှိ ခွဲခြားနိုင်သော အက်တမ်များအကြောင်းကို ဟောကြားထားကြောင်း ရှင်းပြပါသည်။

အတ္တ သို့မဟုတ် ဝိညာဉ်နှင့် ပတ်သက်၍ မီပမ်က ဤသို့ဆက်လက် ဖော်ပြပါသည်။

၎င်းတို့၏ ဖော်ပြချက်များနှင့် အတွေးအခေါ်များကို သိထားသည့်အတွက် ဗုဒ္ဓမြတ်စွာသည် သူတို့ (ကျူးကျော်သူများ) လက်ခံနိုင်သော သုတ္တန်ကို ဟောကြားပါသည်။ ဥပမာအားဖြင့် တာဝန်ယူမှု သုတ္တန် (Khur ‘khu-ba’i mdo) တွင် ဗုဒ္ဓမြတ်စွာက (မိမိ၏ ဆောင်ရွက်ချက်များအတွက်) တာဝန်ယူသူများသည် တည်ရှိသည်ဟု ဆိုသော်လည်း လူ၏ဝိညာဉ်ကို မြဲခြင်း သို့မဟုတ် မမြဲခြင်း အနေနှင့် မဟောကြားထားပါ။ ဤအချက်များက သူတို့ (ကျူးကျော်သူများ) ၏ အသားပေး ပြောကြားမှုများဘက်တွင် မှန်ကန်ပါသည်။ ဗုဒ္ဓမြတ်စွာ၏ ရည်ရွယ်ချက် ဆိုလိုရင်းမှာ လူသားသည် အတ္တ အစဉ်အဆက်ကြောင့် တည်ရှိပြီး ကံ အတွက် တာဝန်ယူမှုရှိကြောင်း၊ သို့သော် အစဉ်အဆက်ထဲသို့ ထည့်သွင်းရုံသာဖြစ်ပြီး သဘာဝအရ မြဲခြင်းမရှိသလို မမြဲခြင်းလည်း မရှိပါ။

အိပ်မက်မက်သောအခါ စိတ်အလေ့အထမှသာ ပေါ်ထွက်ခြင်းဖြစ်ပြီး မက်နေသူ၏ ပျော်ရွှင်မှုနှင့် ဝမ်းနည်းမှု အတွေ့အကြုံသည် မရှိပါ။ ဤသည်မှာ ထင်မြင်မှုသာ ဖြစ်သည့်အတွက် ထိုကိစ္စတွင် (ထိုသူ၏) မမြဲခြင်းသည် မမြဲသောအရာ၏ သဘောသဘာဝနှင့်ပင် တူညီခြင်း မရှိပါ။ အကြောင်းမှာ ထိုသူ၏ သဘောသဘာဝ မပါဝင်သောကြောင့် ဖြစ်ပါသည်။ လေ့လာကြည့်ရုံနှင့် မြဲခြင်း သို့မဟုတ် မမြဲခြင်းကို ကြားဝင်ပြောဆိုခြင်း မရှိသည့် အရာဝတ္ထု ဖြစ်သည် (ရှင်းပါသည်) ဟု သင်ကြားထားပါသည်။ ဘုရားရှင်၏ ဤတရားတော်အရ (ကျူးကျော်သူများက) ကျူးကျော်သူတို့၏ ဓမ္မကို စွန့်လွှတ်ကာ ဗုဒ္ဓဘာသာစနစ်ကို ကိုင်စွဲသော ဝိဘသိကာများ ဖြစ်လာပါသည်။

ထည့်သွင်းသောဝါဒ၏ သဘောထားသည် ဤနေရာတွင် ဗုဒ္ဓမြတ်စွာက ကျူးကျော်သူတို့၏ အသားပေး ပြောကြားမှုနှင့် ကိုက်ညီမည့် တရားကို ဟောပါသည်။ ဤကျွမ်းကျင်သော နည်းလမ်းများဖြင့် ကျူးကျော်သူများကို လွတ်မြောက်မှု ရရှိစေပါမည်။ မွတ်စလင်များက ဤသည်မှာ စော်ကားသည်ဟု မြင်မည်ဖြစ်ပြီး ဤသဘောထားသည် ဘာသာရေး ညီညျွတ်မှုကို ဦးမတည်စေသည်မှာ ရှင်းပါသည်။

ဗုဒ္ဓဘာသာဝင်တို့ကို ကျမ်းစာပါ လူမျိုးများဟု အခြေပြုယူဆသည့် ဘုံအခြေခံများ

နောက်ထပ် ဘုံအခြေခံများကို လေ့လာနိုင်ရန် အစ္စလာမ်ဘာသာဝင်တို့က ဗုဒ္ဓဘာသာဝင်တို့ကို ကျမ်းစာပါ လူမျိုးများဟု ယူဆသည့် အဆိုပြုချက်များကို ထပ်မံလေ့လာပါမည်။ သိခဲ့သည့်အတိုင်း ဤပြောကြားချက်မှ ဘုံအခြေခံများမှာ ဗုဒ္ဓဘာသာသည် ဘုရားသခင်ဆိုသည့် ပိုအဆင့်မြင့်သူတစ်ဦးက ဖော်ပြသည့် ဘာသာတစ်ခု ဖြစ်သည်။ ထိုမှသည် ဘုရားသခင်သည် ဖော်ပြမှု ရင်းမြစ်နှင့် ဖော်ပြမှုကို ရရှိပြီး ယင်းကို လောကနှင့် မျှဝေသူ ဆိုသည့် မေးစရာ ပေါ်လာပါသည်။

ဗုဒ္ဓဘာသာဝင်များနှင့် မွတ်စလင်များက ဤသို့ ဖော်ပြချက်နှင့် ပတ်သက်သော မေးခွန်းအပေါ် ထည့်သွင်းသောဝါဒ ချဉ်းကပ်မှုအတိုင်း လိုက်နာပါသည်။ ဥပမာ၊ အစွန်းအထင်းမရှိသော အလင်းတန်း ကာလချက္ကရာ မှတ်ချက်တွင် ဤသို့ရှင်းပြထားပါသည်။

ကျူးကျော်သူများနှင့် ပတ်သက်၍ မိုဟာမက်သည် ရာမန်၏ ကိုယ်ပွားဖြစ်သည်။ ကျူးကျော်သူတို့၏ တရားများကို ညွှန်ပြပြီး ကျူးကျော်သူ တရီများ၏ ဆရာသမား ဖြစ်လေသည်။

ဟိန္ဒူဘာသာတွင် ကိုယ်ပွား ဆိုသည်မှာ နတ်ဘုရားက အခြားပုံစံတစ်ခုသို့ သက်ဝင်ခြင်း ဖြစ်သည်။ ထို့ကြောင့် မိုဟာမက်သည် ရာမန်၏ ကိုယ်ပွား ဆိုသည်မှာ ဟိန္ဒူဘာသာ၏ ခရစ်ရှ်နာက ဗိဿနိုးနတ်မင်း၏ ကိုယ်ပွား ကဲ့သို့ အသားပေး ပြောကြားချက်နှင့် ဆင်တူပါသည်။ ဗုဒ္ဓဘာသာအရ ဤနှိုင်းယှဉ်မှုသည် မိုဟာမက်က အလ္လာ၏ နာမနခယ ဖော်ပြချက် ဖြစ်သည်ဟု အသားပေးပြောကြားခြင်းနှင့် တူညီပါမည်။

အခြားတစ်ဖက်တွင် ဗုဒ္ဓမြတ်စွာကို အလ္လာ၏တမန်တော် သို့မဟုတ် ကောင်းကင်တမန်ဟု ထည့်သွင်းစဉ်းစား နိုင်ပါသလား။ ပါရှန်သမိုင်းပညာရှင် အယ်လ်ဘီရူနီသည် ဂါဇနီ၏မာမွတ်နှင့်အတူ သူ၏ ခရစ်နှစ် ဆယ့်တစ်ရာစု အစောပိုင်း အိန္ဒိယတိုက်ငယ် ကျူးကျော်မှုတွင် အတူလိုက်ပါခဲ့ပါသည်။ ထိုနေရာတွင် သူလေ့လာခဲ့သည်ကို အခြေခံပြီး အယ်လ်ဘီရူနီသည် အိန္ဒိယနိုင်ငံအကြောင်း (အာရဗီဘာသာဖြင့် Kitab al-Hind) ကို ရေးသားခဲ့ပါသည်။ ထိုစာအုပ်တွင် သူက အခြေခံဗုဒ္ဓဘာသာ ထုံးတမ်းစဉ်လာများနှင့် ယုံကြည်မှုများကို ဖော်ပြကာ အိန္ဒိယလူမျိုးများက ဗုဒ္ဓမြတ်စွာကို တမန်တော်ဟု သဘောထားသည်ဟု ဖော်ပြခဲ့ပါသည်။ ထိုအချက်ကြောင့် မွတ်စလင်များက ဗုဒ္ဓကို အလ္လာ၏ တမန်တော် သို့မဟုတ် ကောင်းကင်တမန်ဟု လက်ခံသင့်ကြောင်း မဆိုလိုပါ။ မည်သို့ဆိုစေ ကိုရမ်ကျမ်း (၄း၁၆၃-၁၆၄) တွင် ဤသို့ဆိုပါသည်-

ဧကန်စင်စစ် ငါအရှင်မြတ်သည် (နဗီတမန်တော်) နူဟ်နှင့် ယင်း (နဗီတမန်တော် နူဟ်) ၏နောက်၌ ပွင့်ခဲ့ကြလေသော နဗီတမန်တော်တို့ထံသို့ (ဝဟ်ယ်) အမိန့်ဗျာဒိတ်တော်များ ပို့တော်မူဘိသကဲ့သို့လည်းကောင်း၊ (နဗီတမန်တော်) အစ်ဗ်ရာဟီမ်၊ (နဗီတမန်တော်) အစ္စမာအီလ်၊ (နဗီတမန်တော်) အစ္စဟာက် (နဗီတမန်တော်) ယအ်ကူဗ်၊ (ထို နဗီတမန်တော်ယအ်ကူဗ်၏) သား-မြေး-မြစ် (တို့တွင် ပွင့်လေသော နဗီတမန်တော်များ) ၊ (နဗီတမန်တော်) အီစာ၊ (နဗီတမန်တော်) အိုက်ယူဗ်၊ (နဗီတမန်တော်) ယူနွတ်စ်၊ (နဗီတမန်တော်) ဟာရူန်နှင့် (နဗီတမန်တော်) ဆူလိုင်မာန်တို့ထံသို့ (ဝဟ်ယ်) အမိန့်ဗျာဒိတ်တော်များ ပို့တော်မူဘိသကဲ့သို့လည်းကောင်း၊ (နဗီတမန်တော်) ဒါဝူဒ်အား ဇဗူရ်ကျမ်းတော်ကို ချီးမြှင့်ပေးသနားတော်မူဘိသကဲ့သို့လည်းကောင်း၊ အသင့်ထံသို့လည်း (ဝဟ်ယ်) အမိန့်ဗျာဒိတ်တော်များကို ပို့တော်မူခဲ့လေသတည်း။ ထိုရစူလ်တမန်တော်များ၏ အကြောင်း အတ္ထုပ္ပတ္တိကို ငါအရှင်မြတ်သည် ယခင်မူလက အသင်၏ရှေ့ဝယ် ပြောပြတော်မူခဲ့ဖူး၏။ ထိုရစူလ်တမန်တော်များ၏အတ္ထုပ္ပတ္တိကို ငါအရှင်မြတ်သည် အသင်၏ရှေ့ဝယ် ဖေါ်ပြတော်မူခဲ့ဖူးသည်မရှိချေ။

ယင်းသို့ ထင်ရှားစွာ မဖော်ပြထားသော ကောင်းကင်တမန်များထဲတွင် ဗုဒ္ဓသည် ပါဝင်နိုင်ပါသည်။

ဥပမာအားဖြင့် ဗုဒ္ဓမြတ်စွာ၏ ဉာဏ်အလင်းရရှိရေး ကြိုးပမ်းချက် ဆယ့်နှစ်ချက်ကို ဖော်ပြချက်အရ ဗုဒ္ဓမြတ်စွာသည် အချိန်အမျိုးမျိုးတွင် ပေါ်လာပြီး သက်ရှိများ ရင့်ကျက်သောအခါ ထိုသက်ရှိများနှင့် ကိုက်ညီအောင် အသက်အရွယ် အသီးသီးအတွက် ဓမ္မကို ခြားနားစွာ ဟောကြားပါသည်။ ဤကပ်ကာလကြီးအတွက် နာမနကယ ဗုဒ္ဓ တစ်ထောင် ရှိသလို နောက်ကပ်ကာလကြီးတစ်ခုမတိုင်မီ ကပ်ကာလကြီး မြောက်မြားစွာတွင် အဆိုပါ ဘုရားများ ပေါ်လာဦးမည် ဖြစ်သော်လည်း နာမနကယတိုင်း၏ တရားတော်များ တည်တံ့မည့် အချိန်အတွင်း ပေါ်ထွက်သည့် ပုဂ္ဂိုလ်များအနေနှင့် နာမနကယများစွာ ရှိပါသည်။ ဤနာမနကယ အုပ်စုနှစ်ခုစလုံးကို “ဓမ္မကို သယ်ဆောင်သူများ” ဟု ခေါ်ဆိုနိုင်ပါသည်။ ဘုရားတိုင်းသည် ခြားနားသောလူတို့အတွက် ခြားနားသော ဓမ္မတရား ဟောကြားရန် ကျွမ်းကျင်သော နည်းလမ်းများကို အသုံးပြုပါသည်။ အချို့အတွက် ဘုရားရှင်သည် အတ္တရှိသည်ဟုပင် ဟောကြားနိုင်ပါသည်။ အစ္စလာမ်ဘာသာတွင်လည်း ကျွမ်းကျင်သော နည်းလမ်းများဖြင့် ၎င်းကိုယ်ပိုင် ဟောကြားပုံများ ရှိပါသည်။ ကိုရမ်ကျမ်း (၁၄း၄) တွင် ဤသို့ဆိုပါသည်။ 

စင်စစ်တစ်မူကား ငါအရှင်မြတ်သည် ရစူလ်တမန်တော်တိုင်းကို ယင်း ရစူလ်တမန်တော်၏ အမျိုးသားတို့ (ပြောဆိုသုံးစွဲသော) ဘာသာစကားနှင့်သာ ၎င်းတို့အား ယင်းရစူလ်တမန်တော်က (ငါအရှင်မြတ်၏ အမိန့်ပညတ်တော်များကို) ထင်ရှာ စွာ ထုတ်ဖော်ပြောဆို ရှင်းလင်းပြနိုင်ခြင်းငှာ စေလွှတ်တော်မူခဲ့ပေသည်။

ဤနေရာတွင် သတိပြုရပါမည်။ အစ္စလာမ်ဘာသာသည် ဗုဒ္ဓကို ဘုရားသခင်၏ ကောင်းကင်တမန်ဟု လက်ခံနိုင်သော်လည်း မွတ်စလင်များရော၊ ခရစ်ယာန်နှင့် ဂျူးများပါ မိုဟာမက်၊ ယေရှု၊ အာဗြဟမ်နှင့် ဒါဝိတို့သည် နာမနကယ ဗုဒ္ဓများ သို့မဟုတ် အလ္လာ၏ ကိုယ်ပွားများဟု ပြောပါက အတော်လေး စိတ်ဆိုးပါမည်။ ဤသည်မှာ နှိုင်းယှဉ်သော ဘာသာတရားအတွက် ထည့်သွင်းသောဝါဒ ချဉ်းကပ်မှု၏ အားနည်းချက်ကြီးတစ်ခု ဖြစ်ပါသည်။ သို့သော် နာဂဇုနက ပညာပါရမီ တရားတွင် မန်ဇူသီရိသည် နဂါးများကို ယုံကြည်ကြောင်း၊ သူတို့က သူ့ကို သမုဒ္ဒရာအောက်တွင် ဝှက်ထားကြောင်း ဖော်ပြသည့် ဗုဒ္ဓဘာသာ ဆိုင်ရာ အချက်ကို မည်သို့နားလည်ရပါမည်နည်း။ သို့မဟုတ် အသင်္ဃ သည် တုသိတာ နတ်ပြည်သို့ ခေါ်ဆောင်သွားခြင်း ခံရသောအခါ မေတ္တာ၊ ကရုဏာနှင့် ဗောဓိစိတ္တတို့ကို မေတ္တေယျထံမှ ကျယ်ပြန့်သော ဆောင်ရွက်ချက် တရားတော်ကို ရရှိကြောင်း ဖော်ပြချက် ဖြစ်ပါသည်။ ဤဗုဒ္ဓဘာသာ ဖော်ပြချက်များသည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဖော်ပြသော တမန်တော်များ၏ အစ္စလာမ်ဘာသာ ဖော်ပြချက်များနှင့် အလွန်ကွဲလွဲပါသလား။

ဘုရားသခင်နှင့် ပတ်သက်၍ ဗုဒ္ဓဘာသာက ငြင်းဆိုသော တစ်ခုတည်းသောအပိုင်းမှာ ဖန်တီးလိုသောဆန္ဒ ရှိလျှင်ပင် အရာရာ၏ သက်ရောက်လွှမ်းမိုးမှု မပါဝင်ဘဲ ဖန်တီးနိုင်သော အရာအားလုံးဖန်ဆင်းရှင် ဆိုသည့်အချက် ဖြစ်ပါသည်။

၎င်းသည် ဘုရားသခင်၏ အခြားအရည်အချင်းများကို သို့မဟုတ် ဖန်ဆင်းမှုကို မငြင်းဆိုပါ။ ဥပမာ၊ အနုတ္တရယောဂ တန္တရတွင် လူတိုင်း၏ ရှင်းလင်းကြည်လင်သော စိတ်သည် ထိုသူကြုံတွေ့ရသော အသွင်အပြင် အားလုံးကို ဖန်တီးသူ ဖြစ်ပြီး ယင်းကို ထိုသူ၏ ကံတစ်ခုချင်းနှင့် အအစုအပေါင်းက လွှမ်းမိုးသည်ဟု ဟု ရှင်းပြပါသည်။ ထို့ပြင် အနက်ရှိုင်းဆုံးသစ္စာအနေနှင့် ရှင်းလင်းကြည်လင်သောစိတ်သည် အလ္လာတွင်ရှိသကဲ့သို့ စကားလုံးများနှင့် အယူအဆများထက် ကျော်လွန်ပါသည်။ ကိုရမ်ကျမ်း တွင် ဤသို့ဆိုပါသည်-

အလ္လာရှင်မြတ်သည် သူတို့ဖော်ပြသည်ထက် ဝေးကွာကျော်လွန်စွာ မြင့်မြတ်ပါသည်။

မည်သို့ဆိုစေ အလ္လာ၏ အမည်နာမ ကိုးဆယ့်ကိုးခု ရှိပြီး ယင်းတို့သည် အလ္လာ၏ မရှိမဖြစ်အရေးပါသော အရည်အချင်းများကို ရည်ညွှန်းကြပါသည်။ ထို့အတူ မန်ဇူသီရိ၏ အမည်နာမ ဖော်ပြချက် (‘Jam-dpal mtshan-brjod, သက္ကတဘာသာဖြင့် မန်ဇူသီရိ နာမသံဃတိ) တွင် မန်ဇူသီရိသည် ၎င်း၏ မူလအခြေအနေမှ ရှင်းလင်းကြည်လင်သော စိတ်ကို ရည်ညွှန်းပြီး ဤကာလချက္ကရာ ကျမ်းစာ၏ စာပိုဒ်များတွင် ၎င်းအရည်အချင်းများကို ရှင်းပြထားပါသည်။

အလ္လာကဲ့သို့ပင် ရှင်းလင်းကြည်လင်သော စိတ်ဖြစ်သည့် မန်ဇူသီရိသည်- 

(၅၈) အမြင့်မြတ်ဆုံး ဖြစ်သူ၏ မူလပုဂ္ဂိုလ်

(၁၀၀) အစနှင့်အဆုံး မရှိသူ

(၉၇) မဖော်ပြသူ၊ မပေါ်ထွက်သူ၊ မြင်တွေ့စေမည့် လက္ခဏာမရှိသူ 

ထို့ပြင် အလ္လာသည် တစ်ပါးတည်းဖြစ်သလို ရှင်းလင်းကြည်လင်သော စိတ်ဖြစ်သည့် မန်ဇူသီရိသည်-

(၄၇) နှစ်ခွမဖြစ်ပါ၊ နှစ်ခွမရှိသော ပြောဆိုသူ ဖြစ်ပါသည်။

အလ္လာ၏ မရှိမဖြစ် အရေးကြီးသော အရည်အချင်းတစ်ခုမှာ မှန်ကန်သင့်တော်ပြီး ကျင့်ဝတ်အရ သင့်တော်သော အယ်လ်-ဟက် ဖြစ်ပါသည်။ ဤသည်မှာ အနက်ရှိုင်းဆုံးသစ္စာ၊ နက်ရှိုင်းသော သိရှိမှု ဓမ္မကာလ ဆိုသည့် ဓမ္မတ အနေနှင့် ဓမ္မကို အယူအဆဆိုင်ရာ နီးစပ်မှု ရှိပါသည်။

ရှင်းလင်းကြည်လင်သော စိတ်ဖြစ်သည့် မန်ဇူသီရိသည်- 

(၅၅-၅၆) ဟာနေသော ဓမ္မ၊ ဓမ္မကို ပိုင်စိုးသူ ... ထူးခြားပြီး ဖျက်ဆီး၍မရသော အမှန်တရား၏နယ်ပယ် ဖြစ်သည်။

(၄၇) စစ်မှန်သော သတ်မှတ်ချက် သဘောသဘာဝ မရှိသည့် ခြင်္သေ့ ဟိန်းဟောက်သံနှင့်အတူ ပြီးပြည့်စုံသော အဆုံးမှတ်တွင် တည်ရှိသည်။

(၁၅၇) သူသည် အနက်ရှိုင်းဆုံးသစ္စာ၏ ကြည်လင်မှုနှင့် ကြီးမြတ်မှု ဖြစ်သည်။

အလ္လာသည် ကရုဏာရှိသော အယ်လ်-ရာမန်၊ သနားတတ်သော အယ်လ်-ရာဟင် ကဲ့သို့ ဖြစ်သည်ဟု အမြဲညွှန်းဆိုပါသည်။ ဖန်တီးရန် ကရုဏာရှိသည့် ဆိုလိုရင်းဖြင့် ကရုဏာရှိပြီး အခြားသူများကို ဆင်းရဲဒုက္ခမှ ကယ်တင်ရန် သနားကြင်နာပါသည်။ ဇုန်ချန်း တွင် အသွင်အပြင်ကို ပြုလုပ်သည့် ကြည်လင်သော သိရှိမှု ရစ်ဂ်ပါ ၏ အရည်အသွေးကို “ကရုဏာ” ဟု ဖော်ပြပါသည်။ ထို့ပြင် ရှင်းလင်းကြည်လင်သော စိတ်ဖြစ်သည့် မန်ဇူသီရိသည်- 

(၃၈) ကြီးမြတ်သော မေတ္တာဖြင့် ဖွဲ့စည်းကာ ကြီးမြတ်သော ကရုဏာ ရှေ့ထားသည့်စိတ်ထားဖြစ်သည်။

(၈၈) အကန့်အသတ်ရှိသော သတ္တဝါအားလုံး၏ ရည်မှန်းချက်များကို ပြည့်ဝစေသူ၊ အကျိုးရှိစေလိုသူ၊ အကန့်အသတ်ရှိသော သတ္တဝါအားလုံးအပေါ် မိဘကဲ့သို့ ချစ်ခင်သူဖြစ်ပါသည်။

ထို့ပြင် အလ္လာကဲ့သို့ပင် ရှင်းလင်းကြည်လင်သော စိတ်ဖြစ်သည့် မန်ဇူသီရိသည်- 

(၁၅၂) ကပ်လှူမှုများနှင့် ထိုက်တန်သူ၊ ချီးကျူးခံထိုက်သူ၊ ကန်တော့ခံထိုက်သူ... လေးစားမှု ပြသထိုက်သူ၊ ကိုးကွယ်ရန် အထိုက်တန်ဆုံး၊ အားထားရန် ထိုက်တန်သူ ဖြစ်ပါသည်။

အလ္လာ၊ ကြည်လင်ရှင်းလင်းသောစိတ်၊ အမှန်တရားကို ဖော်ပြမှု၊ ကရုဏာ စသည်တို့နှင့် ပတ်သက်သော ဤအချက် အားလုံးက ဗုဒ္ဓဘာသာနှင့် အစ္စလာမ်ဘာသာအကြား ဘုံအခြေခံတစ်ခုကိုသာမက အခြေခံ တူညီသော ကျင့်ဝတ်စည်းမျဉ်း များကို ဖော်ပြပါသည်။ အစ္စလာမ်ဘာသာတွင် ဓိကာ ရွတ်ဖတ်ခြင်းနှင့် ဗုဒ္ဓဘာသာတွင် မန္တရား ရွတ်ဖတ်ခြင်း၊ ကုသိုလ်ဖြစ်လုပ်ငန်း၊ လေ့လာသင်ယူမှု၊ ရိုးသားသော အသက်မွေးမှု စသည်တို့ကို အလေးထားမှု ကဲ့သို့ အခြားသော လက္ခဏာရပ်များလည်း ဖော်ပြနိုင်ပါသည်။ ဤတူညီသော အချက်အားလုံးကို လေးစားပြီး အားလုံးပါဝင်သော ပုံစံဖြင့် ချဉ်းကပ်ကာ၊ အကဲဖြတ်မှုမပါဝင်ဘဲ၊ အချင်းချင်း တရားတော်များကို မိမိပိုင် မျိုးကွဲတစ်ခုကဲ့သို့ ထည့်သွင်းရန် မကြိုးစားကြဘူးဆိုလျှင် ဘာသာရေး ညီညွတ်မှု ခိုင်မာသော အခြေခံတစ်ခု ရရှိလာပါသည်။

Top