ဘာသာရေးစစ်ပွဲသစ်များအတွက် ဖြေရှင်းနည်းသစ်များ လိုအပ်သည်

ဘာသာရေး အမျိုးသားရေး စိတ်ကူးစံဝါဒသစ်ပေါ်တွင် အားယူထားသည့် စစ်ပွဲသစ်များသည် ကမ္ဘာတစ်ဝန်းမှ နိုင်ငံသားများ အတူတကွ အတူယှဉ်တွဲနေထိုင်ရေးကို ဖျက်ဆီးနေပါသည်။

ဤစိတ်ကူးစံဝါဒသစ် ဗိုင်းရပ်စ်သည် ခရစ်ယာန်ဘာသာ အခြေခံဝါဒီပုံစံဖြင့် ၁၉၂၀ ပြည့်လွန်နှစ်များတွင် ပထမဆုံး ပေါ်ပေါက်ခဲ့ပါသည်။ ထို့နောက်တွင် မွတ်စလင်ပါတီများနှင့် သက်ဦးဆံပိုင် အုပ်ချုပ်သူများက အာရပ် အသိုင်းအဝိုင်းများကို တားဆီးမှုအနေနှင့် အရှေ့အလယ်ပိုင်းဒေသတွင် လက်ခံကျင့်သုံးခဲ့ပါသည်။ အခြေခံဝါဒီသည် အိန္ဒိယနိုင်ငံ၏ ခါလစ္စတန် လှုပ်ရှားမှုဖြင့် အရှိန်ရလာပြီး အီရန်နှင့် ပါကစ္စတန် နိုင်ငံတို့မှ အစ္စလာမ်ဘာသာဝင် အစိုးရများထံ၌ နိုင်ငံရေး အောင်မြင်မှု ရလာပါသည်။ ယခုအခါ ဘာသာရေး အခြေခံဝါဒီပုံစံသည် မလေးရှား၊ သီရိလင်္ကာ၊ အိန္ဒိယ၊ မြန်မာ၊ နိုင်ဂျီးရီးယား၊ ပါကစ္စတန်၊ ပြင်သစ်၊ ဂျာမနီ၊ အမေရိကန်ပြည်ထောင်စုနှင့် အခြားနိုင်ငံများ၌ နိုင်ငံခြားသားမုန်းတီးသော ဘာသာရေး အမျိုးသားရေးဝါဒများအဖြစ် ပုံစံပြောင်းသွားပါသည်။

ဘာသာရေး အမျိုးသားရေးဝါဒီ စစ်ပွဲသစ်များသည် ပရိုတက်စတင့် ပြုပြင်ပြောင်းလဲရေးအပြီး ၁၅၂၄-၁၆၄၈ ကာလ ခရစ်ယာန် ဥရောပ ဘာသာရေး စစ်ပွဲများနှင့် မတူပါ။ ထိုစစ်ပွဲမားသည် ၁၆၄၈ ခုနှစ်၌ ဝက်စ်ဖေးလီးယား ငြိမ်းချမ်းရေးဖြင့် အဆုံးသတ်သွားပါသည်။ ဘာသာရေးကို နိုင်ငံရေးမှ ခွဲခြားထားသော ခွဲထွက်ရေးဝါဒနှင့် အမျိုးသားရေး နိုင်ငံတော်များ အတွက် ကမ္ဘာလုံးဆိုင်ရာစံနမူနာ ဖြစ်လာသည့် ကိုလိုနီဝါဒဖြင့် ပြန့်နှံ့ခဲ့ပါသည်။

လက်ရှိ ဘာသာရေးစစ်ပွဲများမှာမူ ဘာသာရေး တိုင်းတပါးသား ကြောက်ရွံ့မှုနှင့် ဒဏ္ဍာရီအရ မြင့်မြတ်မှု စိတ်ကူးစံဝါဒတွင် အခြေခံပါသည်။ ဤသည်မှာ ရောဂါအသစ်ဖြစ်ပြီး ကိုလိုနီခေတ် မတိုင်မီက ဘာသာရေး ရှုထောင့်များတွင် မရှိခဲ့ပါ။ ထိုစဉ်က ဂျပန်နိုင်ငံမှ မြေထဲပင်လယ်အထိ ရောက်သည့် ရှေးခေတ် ပိုးလမ်းမကို နမူနာကြည့်လျှင် အတူယှဉ်တွဲနေထိုင်မှု၊ သည်းခံမှုနှင့် ကုန်သွယ်မှုတို့ကို အားပေးခဲ့ပါသည်။

ဘာသာရေး စစ်ပွဲသစ်များသည် သီးခြားဝါဒ၏ ဘာသာရေးကို လူထုဝန်းကျင်မှ ဖယ်ရှားမှုတွင် အခြေခံပါသည်။ သီးခြားဝါဒတွင် ဘာသာတရားများသည် ပျောက်ကွယ်သွားမည် ဖြစ်သော်လည်း ဖိနှိပ်မှုကြောင့် လူများစု တိုင်းရင်းသားများ၏ နိုင်ငံရေး အစီအစဉ်များ ဆက်လက်ဆောင်ရွက်ရန် ၎င်းတို့၏ ချယ်လှယ်မှု ဖြစ်လာပါမည်။

ထို့ကြောင့် ဘာသာရေးသည် စစ်ပွဲအားလုံး၏ အကြောင်းရင်း ဖြစ်သည်ဆိုသော နာမည်ကျော် သီအိုရီသည် သမိုင်းအရ မှားနေပါသည်။ ယင်းကို အတိတ်က ဘာသာများအချင်းချင်း ပြန်အလှန် ငြိမ်းချမ်းစွာ ပူးပေါင်းဆောင်ရွက်မှု နမူနာပေါင်း မြောက်မြားစွာက သက်သေပြနေပါသည်။ သို့သော် ခေတ်သစ်ကာလတွင် လူနည်းစု နိုင်ငံသားများကို ဆိုးရွားကြောင်း ပုံဖော်ရန် သူတို့၏ အရေအတွက် အနည်းငယ်သည် လျင်မြန်စွာ ကြီးထွားလာပြီး လူများစုကို လွှမ်းမည်ဆိုသည့် စိတ်ကူးယဉ် ကြောက်ရွံ့မှုကို ဖြန့်ဝေခြင်းဖြင့် ဘာသာတရားများကို အသုံးပြုပါသည်။ အဆိုပါ ကြောက်ရွံ့မှုများမှာ သိပ္ပံနည်းကျအရ မှားနေပြီး လူဦးရေစာရင်းဇယားအရ မဖြစ်နိုင်ပါ။

၁၉၄၅ ခုနှစ်နောက်ပိုင်း သမိုင်းကြောင်းတွင် နိုင်ငံတည်ဆောက်မှု အရှိန်အဟုန်ကို တွေ့ရပြီးနောက် ကက်ရှ်မီးယား၊ ပါလက်စတိုင်း၊ မြောက်အိုင်ယာလန်၊ ကာဒစ္စတန်၊ ထိုင်းနိုင်ငံတောင်ပိုင်းနှင့် ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်းတို့တွင် ယခုတိုင် မပြေလည်သည့် အမျိုးသားရေး ပဋိပက္ခများ မွေးဖွားပေးခဲ့ပါသည်။ ဖြစ်ရပ်အားလုံးတွင် သူပုန်များက ဘာသာရေး နိုင်ငံတော်များ ထူထောင်လိုစိတ် မရှိကြပါ။ ဤပဋိပက္ခများသည် ခေတ်သစ် အမျိုးသားရေးဝါဒ၏ မပြေလည်သေးသော နိုင်ငံရေး အကြွင်းအကျန်များ ဖြစ်သောကြောင့် နိုင်ငံရေးအရ အဖြေရှာမှုများ လိုအပ်ပါသည်။

စစ်အေးခေတ်နောက်ပိုင်း ဘာသာရေး အမျိုးသားရေးဝါဒများသည် မူဝါဒချမှတ်သူများအတွက် မည်သည့် စာသင်ခန်းတွင် သင်ကြားသော ဖြေရှင်းနည်းများမှာမျှ မရှိသည့် မမြင်နိုင်သော ခေါင်းခဲစရာများ ဖန်တီးလိုက်ပါသည်။ ယင်းတို့ကို ရပ်ရွာ ဘာသာရေး အစီအစဉ်များဖြင့် အမျိုးသားရေး ဝါဒီများက ဦးဆောင်ပါသည်။ အစ္စရေး၊ ပါကစ္စတန်၊ အိန္ဒိယ၊ မလေးရှား၊ အင်ဒိုနီးရှားနှင့် အမေရိကန်ပြည်ထောင်စုတို့တွင် အာဏာရရှိရေး လမ်းကြောင်းထဲ ဝင်လာပါသည်။ ပင်မ သီးခြားအမျိုးသားရေးဝါဒ ဖြစ်စဉ်သည် ဘာသာရေးဘက်သို့ လှည့်လာပါသည်။ ကျွန်ုပ်တို့သည် ခေတ်သစ်ကာလ ထည့်သွင်းမှုရှိပြီး အားလုံးပါဝင်သော နိုင်ငံတစ်ခုအတွက် အခြေခံဖြစ်သည့် အားလုံးနှင့်ဆိုင်သော နိုင်ငံသားဖြစ်မှုကို ယူဆ၊ ကျင့်သုံးကာ လေးစားမှုကို ပျက်စီးမသွားအောင် ကာကွယ်ရန် ဤသို့ ရောယှက်နေသော “ထုံးစံသစ်” ကို လေ့လာဆန်းစစ်ကာ နားလည်ရန် လိုပါသည်။

ဘာသာရေး-အမျိုးသားရေးဝါဒီများ၏ လှုပ်ရှားမှု ကြီးထွားလာမှုနှင့် ကြီးမားသော စီးပွားရေး ရုပ်ဝါဒ၏ သက်ရောက်မှု တို့ကြောင့် ဖြစ်လာသည့် အာရှတိုက်မြို့ပြဒေသများ၏ အနာဂတ်သည် အနည်းဆုံးတော့ ထိခိုက်ခံရပါမည်။ လူမှုရေး သီအိုရီဖော်ထုတ်သူများရော၊ ဘာသာရေး ဘုန်းတော်ကြီးများပါ ဤစိန်ခေါ်မှုအတွက် အဖြေရှာမှုများ အသင့်မပေးထားပါ။ လိုအပ်နေသည်မှာ အပြန်အလှန် စည်းကမ်းကြပ်မတ်သော ချဉ်းကပ်မှု ဖြစ်ပါသည်။

လက်ရှိ မူဝါဒက ဘာသာရေး အမျိုးသားရေးဝါဒီများ ကြီးထွားလာမှုနှင့် အကြမ်းဖက်မှု ပေါ်ထွက်လာမှုကို လုံခြုံရေးကိစ္စ အနေနှင့် ကိုင်တွယ်ဖြေရှင်းပါသည်။ ဤသည်မှာ မလုံလောက်ပါ။ ထို့ပြင် ဆင်းရဲဒုက္ခအတွက် အဖြေရှာမှုသည် ၎င်း၏အကြောင်းရင်းကို ရှာဖွေမှုဖြစ်သည်ဆိုသော ဗုဒ္ဓဘာသာ တရားတော်ကိုလည်း လျစ်လျူရှုပါသည်။

အရှေ့တောင်အာရှသည် စူပါအင်အားကြီး နိုင်ငံများ၏ ပထဝီနိုင်ငံရေး ပြိုင်ဆိုင်မှု အကြားတွင် ပိတ်မိနေပါသည်။ နိုင်ငံသားအချင်းချင်း တိုက်ခိုက်စေသည့် အကြမ်းဖက် ဘာသာရေး အမျိုးသားရေးဝါဒ စွဲကပ်လာသည့် ခရစ်ယာန်၊ မွတ်စလင်၊ ဗုဒ္ဓဘာသာ လူဦိးရေများကလည်း ပိတ်မိစေပါသည်။ ထိုအခါ ကောင်းစွာ လေ့ကျင့်ထားသော လူသားရင်းမြစ်နှင့် ကောင်မွန်သော အခြေခံအဆောက်အအုံတို့ကြောင့် ပို၍အရေးကြီးလာသော ကမ္ဘာ့စီးပွားရေး ဗဟိုချက် ဖြစ်သည့် ဤဒေသ၏ အနာဂတ်သည် အန္တရာယ် ရှိလာပါသည်။ အာဆီယံနိုင်ငံများသည် စစ်အေးတိုက်ပွဲကို ကျော်လွှား နိုင်ခဲ့ပါသည်။ ဒေသတွင်း ဘာသာရေး အမျိုးသားရေးဝါဒများကြောင့် သူတို့ဘာသာ ဖျက်ဆီးခွင့်ပြုနိုင်မည် မဟုတ်ပါ။

ဘာသာရေး အမျိုးသားရေးဝါဒ ကြီးထွားလာမှုသည် နိုင်ငံသားဖြစ်မှုအပေါ် ကြီးစွာသော ခြိမ်းခြောက်မှု ဖြစ်ပြီး အကြမ်းဖက်သော အနာဂတ်ကို မြင်နေရပါက အသိပညာပေးခြင်းမှတစ်ဆင့် တန်ပြန်ဆောင်ရွက်ရမည်ဟု ဖော်ပြပါသည်။ လက်ရှိ နည်းပညာ အားပြုသော ပညာရေးနှင့် လူမှုကွန်ရက်က ပုံဖော်ထားသော နေ့စဉ်ဘဝသည် လူမျိုးရေး ဆိုးရွားစွာ ပုံဖော်မှုနှင့် ကြောက်ရွံ့မှုတို့ကို ဖြေရှင်းရန် လုံလောက်အောင် မနက်ရှိုင်းပါ။ ကြီးထွားလာသော အမြင်ကျဉ်းမြောင်းမှု၊ ဘာသာအချင်းချင်း လျစ်လျူရှုမှု၊ သည်းမခံမှုနှင့် နောက်ဆက်တွဲ အကြမ်းဖက်မှုများကို တန်ပြန် တိုက်ထုတ်နိုင်အောင် သင်ရိုးများတွင် လူသားဆန်သော အကြောင်းရပ်များကို ပါဝင်အောင် ပြန်လည်ရေးဆွဲရပါမည်။ ကျွန်ုပ်တို့၏ ဘိုးဘေးများသည် လွတ်လပ်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုအတွက် အစတေးခံပြီး အသက်ပင်စွန့်ခဲ့ကြကာ ယခုမျိုးဆက်အတွက် ပိုပြီးငြိမ်းချမ်းသောကမ္ဘာတစ်ခု ချန်ထားရစ်ခဲ့ပါသည်။ ကျွန်ုပ်တို့၏ သားသမီးများ၏ အနာဂတ်ကို အကြမ်းဖက်မှုများ မထားရစ်ခဲ့သင့်ပါ။

ထိုအတွက် ထွက်ပေါက်သည် အဘယ်နည်း။ သီးခြားဝါဒီများသည် လူထုဝန်းကျင်တွင် ဘာသာရေးကို လက်ခံနိုင်အောင် သင်ယူရပါမည်။ တစ်ချိန်တည်းမှာပင် ဘာသာရေး ခေါင်းဆောင်များသည် ဘာသာရေးတွင် လူထု၏အခန်းကဏ္ဍနှင့် ဘာသာရေး တို့ကို ကူညီချိန်ညှိပေးရပါမည်။ ထို့ပြင် ဘာသာအားလုံး၏ ခေါင်းဆောင်များသည် မိမိဘာသာဝင်များကြောင့် ဖြစ်လာသည့် အကြမ်းဖက်ဆောင်ရွက်မှုများကို ရှုတ်ချသင့်ပါသည်။ ကိုယ်ကျိုးစီးပွား ရှာသူများအတွက် မဟုတ်ဘဲ နိုင်ငံသား အခွင့်အရေးများကို ကာကွယ်သည်မှာ အမျိုးသားရေး ဦးစားပေးကိစ္စတစ်ရပ် ဖြစ်ပါသည်။

ကမ္ဘာလုံးဆိုင်ရာဖြစ်စဉ်သည် ကွဲပြားစုံလင်မှု၊ ဒီမိုကရေစီနှင့် လူသားတိုင်း၏ မရှိမဖြစ် လိုအပ်ချက်များ လုံခြုံမှုတို့ကို တောင်းဆိုပါသည်။ ဘာသာရေး အမျိုးသားရေးဝါဒီ စစ်ပွဲအသစ်များက ကျွန်ုပ်တို့သည် သီးခြားလောကထဲသို့ ဝင်နေသည့် အန္တရာယ်လက္ခဏာ ဖြစ်ပါသည်။ ယင်း၏ ဇစ်မြစ်များသည် ဘာသာရေးတွင် အမြစ်တွယ်ခြင်း မဟုတ်ဘဲ ဘာသာရေးပေါ်မှ သီးခြားကမ္ဘာ၏ သက်ရောက်မှုတွင် မူတည်ပါသည်။ ဥရောပ ဘာသာရေး စစ်ပွဲဟောင်းများသည် သီးခြားဝါဒ၊ ဖွံ့ဖြိုးတိုးတက်မှုနှင့် အခြေခံဝါဒီများဆီသို့ ဦးတည်သွားပါသည်။ သီးခြားဝါဒီနှင့် ဘာသာရေး အခြေခံဝါဒများသည် သူတို့လမ်းသူတို့ လျှောက်ခဲ့ပါသည်။ လက်ရှိ အရေးပေါ် လုပ်ငန်းမှာ ကမ္ဘာလုံးဆိုင်ရာ လောကအတွက် လူသားဆန်မှု အသစ်တစ်ခု ရှာဖွေရန် ဖြစ်ပါသည်။ စီးပွားရေး အဖွဲ့အစည်း တစ်ခု သို့မဟုတ် အကြမ်းဖက်မှုကို တုံ့ပြန်ကာကွယ်မှုသာ မဟုတ်ဘဲ လွတ်လပ်မှု၊ ကရုဏာ၊ တရားမျှတမှုနှင့် ကျိုးကြောင်းဆီလျော်မှုတို့ကို ထိန်းသိမ်းသည့် ထည့်သွင်းမှုရှိသော လူ့ယဉ်ကျေးမှုတစ်ရပ် ထူထောင်ရေး ဖြစ်ပါသည်။ ဤရည်မှန်းချက်ကို နိုဘယ်ဆုရ အိန္ဒိယ စာရေးဆရာကြီး ရာဘင်ဒရာနတ်တဂိုးက ဤသို့ဖော်ပြခဲ့ပါ၏-

လွတ်လပ်သော အသိဉာဏ်ပညာ ရှိသောနေရာ၊ ကျဉ်းမြောင်းသော ပြည်တွင်း နံရံများကြောင့် အစိတ်စိတ်အမွှာမွှာ ပြိုကွဲနေခြင်း မရှိသော လောက၊ နက်ရှိုင်းသော သစ္စာတရားမှ စကားလုံးများ ထွက်ပေါ်သောနေရာ၊ မနားတမ်း ကြိုးပမ်းမှုက ပြီးပြည့်စုံမှုအထိ အားထုတ်သောနေရာ၊ ရှင်းလင်းသော ကျိုးကြောင်းဆီလျော်မှုသည် သွေ့ခြောက်သော ကန္တာရ သဲမြေ အရိုးစွဲနေသော အလေ့အထထဲသို့ လမ်းပျောက်သွားခြင်း မရှိသောနေရာ၊ စိတ်သည် အမြဲကျယ်ပြန့်နေသော အတွေးအခေါ်နှင့် ဆောင်ရွက်မှုထဲသို့ ဦးဆောင်သောနေရာ၊ ထိုသို့သော လွတ်လပ်မှု ဘုံဗိမာန်ထဲသို့ အကျွန်ုပ်၏နိုင်ငံအား နိုးထခွင့်ပြုပါ အရှင်ဘုရား။
Top