တိဘက်မွတ်စလင်များအကြောင်း စစ်တမ်း
၁၉၅၉ ခုနှစ်မတိုင်မီက တိဘက်အလယ်ပိုင်း ဒေသတွင် နေထိုင်သော တိဘက်မွတ်စလင် ၃၀၀၀ ခန့် ရှိပါသည်။ ၎င်းတို့သည် ၁၄ ရာစုနှင့် ၁၇ ရာစုအကြားတွင် ကက်ရှ်မီးယား၊ လာဒါ စသည့်ဒေသများနှင့် နီပေါ၊ တရုတ်စသည့် နိုင်ငံများမှနေ၍ တိဘက်သို့ လာရောက်သော မွတ်စလင်ကုန်သည်များက တိဘက် အမျိုးသမီးများနှင့် အိမ်ထောင်ကျကာ အခြေချခဲ့သည့် မျိုးဆက်များ ဖြစ်ပါသည်။ သူတို့သည် တိဘက်ဘာသာစကား ပြောဆိုပြီး တိဘက်ဓလေ့ထုံးစံ အများစုကို လိုက်နာပါသည်။ လာဆာတွင် သူတို့အတွက် ဗလီ လေးခု၊ ရှီဂါဆီတွင် နှစ်ခုနှင့် ဆယ်တန်တွင် တစ်ခု ရှိပြီး တိဘက် ဗိသုကာပုံစံဖြင့် တည်ဆောက်ထားပါသည်။ ထို့ပြင် ကိုရမ်ကျမ်း နှင့် အူဒူ ဘာသာစကား သင်ကြားရန် လာဆာတွင် အစ္စလာမ်ဘာသာ ကျောင်းနှစ်ကျောင်း၊ ရှီဂါဆီတွင် တစ်ကျောင်း ရှိပါသည်။ အိန္ဒိယနိုင်ငံမှ ပြည်ပရောက်များတွင်လည်း မွတ်စလင်နှင့် ဗုဒ္ဓဘာသာ တိဘက်လူမျိုး အသိုင်းအဝိုင်းများသည် ဘာသာရေး သည်းခံမှုဖြင့် ညီညွတ်စွာ နေထိုင်ကြပါသည်။
ကက်ရှ်မီးယားနှင့် လာဒါမှ မူလဇာတိ
ကက်ရှ်မီးယား၊ လာဒါနှင့် တိဘက်တို့အကြား ရှည်ကြာသော ကုန်သွယ်မှု သမိုင်းကြောင်း ရှိပါသည်။ ထိုကာလအတွင်း ထိုဒေသများမှ ကုန်သည်များသည် တိဘက်အနောက်ပိုင်းနှင့် အလယ်ပိုင်းတို့တွင် အခြေချနေထိုင်ပါသည်။ အစ္စလာမ် ဘာသာကို ကက်ရှ်မီးယားနှင့် လာဒါသို့ ဆူဖီဆရာတော်များက ၁၄ ရာစုနှောင်းပိုင်းတွင် မိတ်ဆက်ခဲ့ပြီးနောက် အခြေချနေထိုင်သူများထဲတွင် မွတ်စလင်များ ပါဝင်လာပါမည်။ သို့သော် တိဘက်သို့ ကက်ရှ်မီးယားနှင့် လာဒါ မွတ်စလင်များ အဓိက ရွှေ့ပြောင်းဝင်ရောက်မှုသည် ပဉ္စမမြောက် ဘုန်းတော်ကြီး ဒလိုင်းလားမားလက်ထက် ၁၇ ရာစုအလယ်အတွင်း ဖြစ်ပေါ်ခဲ့ပါသည်။ ကက်ရှ်မီးယားမှ ကျယ်ပြန့်သော ငတ်မွတ်ခေါင်းပါးမှုကြောင့် သူတို့သည် တိဘက်သို့ အဓိကလာရောက်ခဲ့ပြီး လာဆာတွင် အခြေချနေထိုင်ပါသည်။
ပဉ္စမမြောက် ဘုန်းတော်ကြီး ဒလိုင်းလားမားက ပေးအပ်သော အထူးအခွင့်အရေးများ
ဘာသာအယူဝါဒ အားလုံးကို သည်းခံရေး မူဝါဒအရ ပဉ္စမမြောက် ဘုန်းတော်ကြီး ဒလိုင်းလားမားသည် မွတ်စလင် အသိုင်းအဝိုင်းကို အထူးအခွင့်အရေးများ ပေးအပ်ခဲ့ပါသည်။ သူတို့သည် သူတို့အတွင်းရေးများကို ကြီးကြပ်ရန် ငါးဦးပါ ကော်မတီကို ရွေးချယ်တင်မြှောက်နိုင်သည်။ သူတို့၏အငြင်းပွားမှုများကို ရှာရီယာ ဥပဒေအတိုင်း လွတ်လပ်စွာ ဖြေရှင်းနိုင်သည်။ တိဘက်မြို့တော်များတွင် ဈေးဆိုင်ဖွင့်ကာ ကုန်သွယ်နိုင်သည်။ အခွန်ကင်းလွတ်ခွင့် ရှိပါသည်။ ထို့ပြင် တိဘက် ဗုဒ္ဓဘာသာဝင်တို့၏ မြင့်မြတ်သော စကာဒါဝါ ပွဲတော်ကာလအတွင်း သားငါးစားသုံးနိုင်ပြီး မုန်လမ် ဆုတောင်းပွဲတော်အတွင်း တာဝန်ရှိသော သံဃာများရှေ့မှောက်တွင် သူတို့၏ဦးထုပ်ကို ချွတ်စရာ မလိုပါ။ ထို့ပြင် ပဉ္စမမြောက် ဘုန်းတော်ကြီး ဒလိုင်းလားမားသည် လာဆာမှ မွတ်စလင်အသိုင်းအဝိုင်းကို ဗလီတစ်ခုနှင့် သင်္ချိုင်းတစ်ခု သတ်မှတ်ပေးထားသလို ၎င်း၏ခေါင်းဆောင်များကို အစိုးရအခမ်းအနား အားလုံးသို့ ဖိတ်ခေါ်ပါသည်။
လာဒါနှင့် ကုန်သွယ်ရေးမစ်ရှင်
၁၆၈၄ ခုနှစ် တိဘက်-လာဒါ ငြိမ်းချမ်းရေး သဘောတူစာချုပ်အရ တိဘက်အစိုးရသည် လာဒါမှ ကုန်သွယ်ရေးအဖွဲ့ကို လာဆာသို့ သုံးနှစ်တစ်ကြိမ် လာခွင့်ပြုပါသည်။ ဤသည်မှာ တိဘက်သည် အခြားနိုင်ငံခြားသားများကို ပိတ်ဆို့လိုက်ချိန် အထိ ဆက်လက် ဆောင်ရွက်ပါသည်။ ဤအဖွဲ့များနှင့် လိုက်ပါလာသော ကက်ရှ်မီးယားနှင့် လာဒါ မွတ်စလင် ကုန်သည်များစွာသည် တိဘက်တွင် ဆက်လက်နေထိုင်ကာ မူလနေထိုင်ပြီးသား သူတို့အသိုင်းအဝိုင်းနှင့် ပူးပေါင်းကြပါသည်။
ကက်ရှ်မီးယား မွတ်စလင် ကုန်သည်များသည် နီပေါနိုင်ငံတွင်လည်း အခြေချ နေထိုင်ကာ ထိုနိုင်ငံနှင့် တိဘက်မှ ကက်ရှ်မီးယား မွတ်စလင်များအကြား ကုန်သွယ်မှု ပြုလုပ်ပါသည်။ ပရစ်ဗီနာရာယန်းသည် ၁၇၆၉ ခုနှစ်တွင် ခတ္တမန္ဒု တောင်ကြားကို အောင်နိုင်ပြီးနောက် သူတို့ကို နီပေါနိုင်ငံမှ နှင်ထုတ်သောအခါ အများစုသည် တိဘက်သို့ ရွှေ့ပြောင်းလာပါသည်။ ၁၈၅၆ ခုနှစ် တိဘက်-နီပေါ သဘောတူညီချက် ရရှိပြီးနောက်ပိုင်းတွင် သူတို့သည် နီပေါ၊ အိန္ဒိယနိုင်ငံတို့နှင့် ကုန်သွယ်မှု ပြန်လည်စတင်ပါသည်။
၁၈၄၁ ခုနှစ်တွင် ကက်ရှ်မီးယားမှ ဒေါ့ရာစစ်တပ်သည် တိဘက်ကို ကျူးကျော်ပါသည်။ သူတို့ ကျရှုံးပြီးနောက် သုံ့ပန်းအဖြစ်ခေါ်ဆောင်ခံရသော ကက်ရှ်မီးယားနှင့် လာဒါ မွတ်စလင် စစ်သား အများအပြားသည် မပြန်တော့ဘဲ ဆက်လက်နေထိုင်ရန် ရွေးချယ်ခဲ့ကြပါသည်။ ဟိန္ဒူဘာသာဝင် ဒေါ့ရာ သုံ့ပန်းအချို့သည်လည်း တိဘက်တွင် အခြေချရန်ဆုံးဖြတ်ကာ အစ္စလာမ်ဘာသာကို လက်ခံခဲ့ပါသည်။ သူတို့သည် ဆီးသီးနှင့် ပန်းသီး စိုက်ပျိုးမှုကို စတင်ဆောင်ရွက်ခဲ့ပါသည်။
ဟွေ မွတ်စလင် အခြေချနေထိုင်သူများ
၁၇ ရာစုအစောပိုင်းမှစတင်ကာ နင်ရှာပြည်နယ်မှ တရုတ်လူမျိုး ဟွေ မွတ်စလင် ကုန်သည်များသည် တိဘက် အရှေ့မြောက်ဒေသ အမ်ဒိုမှ စီလင် (တရုတ်ဘာသာဖြင့် ရှီနင်) တွင် အခြေချ နေထိုင်ပါသည်။ ၎င်းတို့သည် တိဘက် လူမျိုးများနှင့် အိမ်ထောင်ကျပြီး တရုတ်နှင့် တိဘက်အလယ်ပိုင်းဒေသအကြား ကုန်သွယ်မှု ပြုခဲ့ကြပါသည်။ ၎င်းတို့ထဲမှ အများအပြားသည် နောက်ပိုင်းတွင် လာဆာ၌ အခြေချကာ ကိုယ်ပိုင် ဗလီနှင့် သင်္ချိုင်းရှိသော သီးခြား မွတ်စလင် အသိုင်းအဝိုင်းတစ်ခု ဖွဲ့စည်းခဲ့ပါသည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံ လက်အောက်တွင် အခြေအနေများ သိသိသာသာ ပြောင်းလဲသွားပါသည်။ တိဘက် မွတ်စလင်များသည် ဗုဒ္ဓဘာသာဝင်များကဲ့သို့ပင် ခွဲခြားဆက်ဆံမှုမျိုး ရင်ဆိုင်ရပါသည်။ အမ်ဒိုရှိ မြို့တော်အများစုကို ယခုအခါ တရုတ်လူမျိုး ဟွေ မွတ်စလင်များက အဓိက ဝင်ရောက်နေထိုင်ပြီး ဒေသခံ တိဘက်လူမျိုးများသည် မြင့်မားသော စတက် မြက်ခင်းပြင်များဆီသို့ ရောက်ရှိသွားပါသည်။ ထို့ပြင် ဟွေ ကုန်သည်များစွာသည် တိဘက် အလယ်ပိုင်းတွင် အခြေချ နေထိုင်လာပါသည်။ သို့သော် ထိုဒေသမှ တိဘက် မွတ်စလင်များနှင့် မတူဘဲ ဒေသခံလူထုနှင့် မပေါင်းစည်းသလို ၎င်းတို့၏ တရုတ်ဘာသာစကားနှင့် ဓလေ့ထုံးစံများကို ဆက်လက်ထိန်းသိမ်းကြပါသည်။