ဗုဒ္ဓဘာသာနှင့် အစ္စလာမ်ဘာသာတို့၏ ခြားနားသော နည်းလမ်းနှင့် ဘုံရည်မှန်းချက်

အာရှတိုက်၏ ဒေသများစွာတွင် ဗုဒ္ဓဘာသာနှင့် အစ္စလာမ်ဘာသာ လောကတို့သည် ဆက်နွှယ်နေပါသည်။ သူတို့သည် အတူတကွ နေထိုင်ရန် လိုအပ်သော်လည်း သူတို့၏တွေ့ဆုံမှုသည် တစ်ခါတစ်ရံ အလွန်ပင် မငြိမ်းချမ်းလှပါ။ မည်သို့ဆိုစေ နှစ်ဖက်စလုံးတွင် သဘာဝပတ်ဝန်းကျင် ပျက်ယွင်းခြင်း၊ လေထုညစ်ညမ်းခြင်းနှင့် ကမ္ဘာကြီး ပူနွေးလာခြင်းတို့ကဲ့သို့ တူညီသော ပြဿနာများ အတူရှိကြပါသည်။ ဗုဒ္ဓဘာသာနှင့် အစ္စလာမ်ဘာသာတွင် ဤပြဿနာများကို ဖြေရှင်းရန် လူတို့ကို ထက်မြက်ပြီး ကရုဏာထားသော နည်းဖြင့် စိတ်ဓာတ်မြှင့်တင်သည့် မဟာဗျူဟာ အမျိုးမျိုး ပေးအပ်ထားပါသည်။ တစ်ဦး၏ နည်းလမ်းများကို တစ်ဦးက ပိုမိုသိရှိခြင်းဖြင့် ပိုပြီးနားလည်ကာ အပြန်အလှန် လေးစားမှု ရှိလာပါသည်။ ထိုအခါ နှစ်ဖွဲ့စလုံးသည် ခေတ်သစ်ဘဝတွင် ဤစိန်ခေါ်မှုများကို ရင်ဆိုင်ရန် အချင်းချင်း ညီညွတ်စွာ ပူးပေါင်းဆောင်ရွက်လာနိုင်ပါသည်။

ကမ္ဘာ့ပြဿနာများအတွက် ဗုဒ္ဓဘာသာနှင့် အစ္စလာမ်ဘာသာတို့က ဖြေရှင်းသော နည်းလမ်းများသည် ၎င်းတို့၏ ယုံကြည်မှု စနစ်များမှ ပေါ်ထွက်လာပါသည်။ ဤနည်းလမ်းများကို နားလည်ရန်အတွက် ဘာသာတစ်ခုချင်း၏ အခြေခံ ယူဆချက်များကို နားလည်ရန် လိုပါသည်။

အကြောင်းနှင့် အကျိုး၏ မူလဇစ်မြစ်

အစ္စလာမ်ဘာသာ

အစ္စလာမ်ဘာသာသည် ကယ်တင်ရှင်ဘုရားရှိသည့် ဘာသာဖြစ်သည်။ ကယ်တင်ရှင်ဘုရားသည် စကြဝဠာ၏ အစီအစဉ်နှင့် အကြောင်းအကျိုး နိယာမအပါအဝင် စကြဝဠာကို ဖန်တီးပါသည်။

ဗုဒ္ဓဘာသာ

ဗုဒ္ဓဘာသာသည် ကယ်တင်ရှင်ဘုရား မရှိပါ။ ဘုရားမကိုးကွယ်ခြင်း၊ ဘုရား မရှိခြင်းဟု မဆိုလိုပါ။ ကယ်တင်ဖန်တီးမှု မရှိခြင်း ဖြစ်ပါသည်။ ရုပ်လောကတွင်ရော တစ်ဦးချင်းနှင့် အုပ်စုလိုက် ကြုံတွေ့ရမှုများတွင်ပါ အစ၊ အဆုံး မရှိဘဲ အရာအားလုံးသည် အကြောင်းနှင့် အကျိုးကြောင့် ဖြစ်ပေါ်လာပါသည်။ မည်သူမျှ အကြောင်းအကျိုးကို မဖန်တီးပါ။ သဘာဝအရ ထိုနည်းအတိုင်း ဖြစ်နေပါသည်။

အနှစ်ချုပ်

စနစ်နှစ်ခုစလုံးသည် အကြောင်းနှင့် အကျိုးကို လက်ခံသည်။ ထို့ကြောင့် ကမ္ဘာ့ပြဿနာများကို ဖြေရှင်းရန် ချဉ်းကပ်မှုသည် ယင်းတို့၏ အကြောင်းတရားများကို ရှာဖွေ ဖယ်ရှားရန် သို့မဟုတ် အနည်းဆုံးတော့ လျှော့ချရန် ဖြစ်သည်ကို သဘောတူကြပါသည်။

အကြောင်းနှင့် အကျိုးကို ချိတ်ဆက်မှု

အစ္စလာမ်ဘာသာ

ရှုပ်ထွေးသော အကြောင်းတရားများက ရှုပ်ထွေးသော အကျိုးတရားများ ဖြစ်စေသည်ကို “ကံသတ်မှတ်ချက်” ဟုခေါ်ပါသည်။ ဤသို့ အကြောင်းနှင့်အကျိုး ဆက်စပ်မှုကို ဘုရားကဖန်တီးပြီး “ဘုရားအလိုတော်” အရ အကြောင်းတရားမှ အကျိုးတရားသို့ ဦးတည်သွားပါသည်။

ဗုဒ္ဓဘာသာ

ရှုပ်ထွေးသော အကြောင်းတရားများနှင့် ရှုပ်ထွေးသော အကျိုးတရားများ၏ ချိတ်ဆက်မှုသည် မှီခို၍ ဖြစ်ပေါ်မှုကြောင့်သာ ပေါ်ပေါက်လာပါသည်။ မည်သူကမျှ မဖန်တီးပါ။ တစ်နည်းဆိုရလျှင် အကြောင်းတရားနှင့် အကျိုးတရား နှစ်ခုစလုံးတွင် အကြောင်းတရား သို့မဟုတ် အကျိုးတရား အနေနှင့် မှီခိုမှုရှိသော၊ ကိုယ်တိုင် ဖော်ထုတ်သော တည်ရှိမှု ရှိပါသည်။ တစ်စုံတစ်ခုသည် ယင်း၏အကျိုးသက်ရောက်မှု အပေါ်တွင် မှီခို၍သာ အကျိုးတရား ဖြစ်နိုင်ပါသည်။

အနှစ်ချုပ်

စနစ်နှစ်ခုစလုံးတွင် အကြောင်းတရားနှင့် အကျိုးတရားသည် သတ်မှတ်နိယာမကို လိုက်နာပြီး မည်သည့်အရာမျှ အကြောင်းရင်းမရှိဘဲ ကြုံသလို မဖြစ်ပေါ်သည်ကို သဘောတူညီပါသည်။ စကြဝဠာတွင် အစီအစဉ် ရှိပါသည်။ ထို့ကြောင့် ကမ္ဘာ့ပြဿနာများကို ဖြေရှင်းရန် သင့်တော်သလို အဆင့်ဆင့်ဆောင်ရွက်ပါက ပြဿနာများ ဖြေရှင်းနိုင်မည်ကို ဘာသာနှစ်ခုစလုံးက သဘောတူပါသည်။

ဆန္ဒအလျှောက်ဆောင်ရွက်မှုနှင့် ရွေးချယ်ဆောင်ရွက်မှု

အစ္စလာမ်ဘာသာ

ဘုရားသည် လူသားများကို အသိဉာဏ်ဖြင့် ဖန်ဆင်းထားပါသည်။ အသိဉာဏ် ဆိုသည်မှာ အထူးသဖြင့် ကျိုးကြောင်း ဆီလျော်သော အတွေးနှင့် ယုတ္တိ ဆိုသည့် အတွေးအခေါ်များ ဖြစ်ပါသည်။ အသိဉာဏ်၏ လက္ခဏာရပ်တစ်ခုမှာ ဆန္ဒအလျောက် ဖြစ်ပြီး ရွေးချယ်မှု ပြုလုပ်နိုင်စွမ်းနှင့် ခွန်အား ဖြစ်ပါသည်။ ဈေးဝယ်လျှင် ပြန်သုံးနိုင်သော ပိတ်သားအိတ်ကို သုံးမလား၊ တစ်ခါသုံး ပလတ်စတစ်အိတ်များ ယူလာမလား စသည့် ရွေးချယ်မှုမျိုး ဖြစ်ပါသည်။ နိုင်ငံအဆင့်တွင် ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှု လျှော့ချရန်နှင့် လျှော့ချပါက မည်မျှအတိုင်းအတာအထိ ဆိုသည်ကို ဆန္ဒအလျှောက် ရွေးချယ်နိုင်ပါသည်။

ဤရွေးချယ်မှုများနှင့် ရင်ဆိုင်ရသောအခါ ရွေးချယ်လိုက်သော အရာတိုင်းသည် ဘုရားအလိုတော်နှင့်အညီ မလွဲမသွေ ရလဒ်ဖြစ်လာပါမည်။ ဤနည်းဖြင့် ရလဒ်ကို ဘုရားဖန်တီးသည့် အကြောင်းတရားနိယာမဖြင့် ကြိုတင်ဆုံးဖြတ်ပါသည်။ သို့သော် ရွေးချယ်မှု ကိုယ်၌က ကြိုတင်ဆုံးဖြတ်ထားသည်မဟုတ်ပါ။ ဤနည်းဖြင့် ဆန္ဒအလျှောက် ရွေးနိုင်ပါသည်။

ဗုဒ္ဓဘာသာ

လုပ်ဆောင်မှုတစ်ခု သေချာစေသော စိတ်၏အစိတ်အပိုင်းများထဲတွင် ခွဲခြားသိရှိသောပညာ ပါဝင်ပါသည်။ ၎င်းသည် ဖြစ်နိုင်သော ရွေးချယ်မှုများကို အာရုံစိုက်ကာ တစ်ခုချင်းစီ၏ အားသာချက်များနှင့် အားနည်းချက်များကို ခွဲခြားသလို ၎င်းတို့၏ အရည်အသွေးကောင်းများနှင့် အားသာချက်များကို အားနည်းချက်နှင့် ပြစ်ချက်များမှ ခွဲထုတ်လိုက်ပါသည်။ မိမိတို့၏ ခွဲခြားသိမှုတွင် အခြေခံကာ မိမိ၏ရွေးချယ်မှုအတွက် ဆုံးဖြတ်နိုင်လာပါသည်။

အခြားရှုထောင့်အရ ဤသို့သော စိတ်၏ အစိတ်အပိုင်းကို အသိဉာဏ်ဖြင့် သိရှိမှု ဟု ခေါ်ပါသည်။ ၎င်းသည် တစ်စုံတစ်ခု အမှန် သို့မဟုတ် အမှား၊ အပြုသဘော သို့မဟုတ် အပျက်သဘော၊ အကျိုးပြု သို့မဟုတ် အန္တရာယ် စသည်ဖြင့် ပြတ်သားစွာ ခွဲခြားပါသည်။ ယင်းမှာ တိကျမှု ရှိချင်မှလည်း ရှိပါမည်။ ပြန်လည် အသုံးပြုနိုင်သော ပိတ်သားအိတ်များ သို့မဟုတ် တစ်ခါသုံး ပလတ်စတစ်အိတ်များဖြင့် ဈေးဝယ်သွားလျှင် ဘာက သဘာဝ ပတ်ဝန်းကျင်အတွက် ပိုကောင်းသည်ကို ခွဲခြားသိမှုတွင် အခြေခံကာ ဆုံးဖြတ်ရွေးချယ်ပါသည်။ ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှု လျှော့ချရာတွင်လည်း ထိုအတိုင်း ဖြစ်ပါသည်။ ကျွန်ုပ်တို့ဆုံးဖြတ်လိုက်သည့် ရလဒ်သည် အကြောင်းနှင့် အကျိုး နိယာမအတိုင်း လိုက်နာပါမည်။

ဗုဒ္ဓဘာသာတွင် ကံ ဆိုသည်မှာ မိမိ၏ စိတ်လိုက်မာန်ပါ အပြုအမူဖြစ်ပါသည်။ မိမိ၏ ယခင်အပြုအမူနှင့် ယခင် ရွေးချယ်မှုများ၏ အထပ်ထပ် ဖြစ်ပေါ်သောပုံစံများဖြင့် စိတ်လိုက်မာန်ပါ ဖြစ်ပါသည်။ သို့သော် တစ်ခုခုကို ဆောင်ရွက်လိုသော ခံစားရမှုနှင့် ဆုံးဖြတ် လုပ်ဆောင်မှုကြားတွင် နေရာလွတ် ရှိပါသည်။ ထိုအခါ မိမိရွေးချယ်သည့် ပုံစံအတိုင်း စိတ်လိုက်မာန်ပါ ထပ်မံ ပြုလုပ်မလား ဆိုသည်ကို ဆုံးဖြတ်ရန် ခွဲခြားသိရှိသောပညာကို အသုံးပြုနိုင်ပါသည်။ ဤသို့ဖြင့် ဆန္ဒအလျှောက် ပြုလုပ်နိုင်ပါသည်။ သို့သော် အမှန်တကယ် ဆောင်ရွက်လိုက်သည်နှင့် အကြောင်းနှင့်အကျိုး နိယာမအတိုင်း လိုက်နာက ရလဒ်ပေါ်ထွက်လာပါမည်။

အနှစ်ချုပ်

စနစ်နှစ်ခုစလုံးက ကျွန်ုပ်တို့သည် မိမိပြုမူပုံကို ရွေးချယ်ရန် ဆန္ဒအလျှောက် ဖြစ်သည်ကို သဘောတူပါသည်။ လူတိုင်းတွင် ရေရှည်အတွက် အကျိုးအရှိဆုံး ဖြစ်စေမည့် ပြဿနာဖြေရှင်းနည်းများ ဖြစ်အောင် မှန်မှန်ကန်ကန် ရွေးချယ်နိုင်စွမ်း ရှိကြပါသည်။ ဤသည်မှာ လူတိုင်းတွင် အကျိုးပြုသောအရာနှင့် အကျိုးမပြုသောအရာကို ကျိုးကြောင်း ဆီလျော်စွာ ခွဲခြားနိုင်သော အခြေခံ လူသား အသိဉာဏ် ရှိသောကြောင့် ဖြစ်ပါသည်။ လူတိုင်းသည် အကောင်းဆုံးသော ဆုံးဖြတ်ချက် ချမှတ်မည်ဟု မဆိုလိုပါ။ အသိဉာဏ်ဖြင့် ဆုံးဖြတ်နိုင်သည့် စိတ်၏ အစိတ်အပိုင်းများ ရှိသည်ဟုသာ ဆိုလိုပါသည်။ သို့သော် ရွေးချယ်မှုတစ်ခုကို အကောင်အထည် ဖော်လိုက်သည်နှင့် ယုတ္တိကျသော ရလဒ် ပေါ်ထွက်လာပါမည်။

ရွေးချယ်မှုများအတွက် တာဝန်ယူမှု

အစ္စလာမ်ဘာသာ

ရင်သွေးတစ်ဦး ကိုယ်ဝန်ရှိတိုင်း ဖန်ဆင်းရှင်ဘုရားက ဝိညာဉ်တော်၏ အသက်တမန်တော်ကို မိခင်ဝမ်းထဲရှိ ကလေး၏ကိုယ်ထဲသို့ စေလွှတ်ပါသည်။ ထိုသို့ကိန်းအောင်းသည်နှင့် ဘုရား၏ဝိညာဉ်ကို “စိတ်ဝိညာဉ်” ဟု ခေါ်သည်ဟု မွတ်စလင်အများစုက ပြောကြားပါသည်။ စိတ်ဝိညာဉ်သည် ရွေးချယ်မှုပြုရန် အသိဉာဏ်ကို အသုံးချသည့် အစိတ်အပိုင်း ဖြစ်သောကြောင့် ရွေးချယ်မှုများအတွက် တာဝန်ရှိပါသည်။

ဗုဒ္ဓဘာသာ

မှီခိုမှုမရှိဘဲ တည်ရှိသည့် ဝိညာဉ်အကြောင်း ဗုဒ္ဓဘာသာက မပြောထားသော်လည်း ကျွန်ုပ်တို့ တစ်ဦးချင်းအနေနှင့် မရှိခြင်း၊ မိမိပြုသမျှ ရွေးချယ်မှုများအတွက် တာဝန်မရှိခြင်းဟူ၍ မပြောထားပါ။ “ငါရွေးချယ်လိုက်ပြီ” ဟု ယုံကြည်ချက်ဖြင့် ပြောလိုက်သည်မှာ မှန်ကန်ပါသည်။ အခြားတစ်ယောက်က ရွေးချယ်ပေးခြင်း သို့မဟုတ် မည်သူကမျှ မရွေးချယ်ခြင်း မဟုတ်ပါ။ သို့ရာတွင် ရွေးချယ်မှုပြုလုပ်ခြင်းသည် ခေါင်းထဲမှ အမှီအခိုကင်းစွာ ရှိနေသည့် “ငါ” က ရွေးချယ်စရာ ပုံသေမီနူးတစ်ခုကိုကြည့်ကာ ခွဲခြားသိရှိသော ပညာကို နည်းလမ်းတစ်ခုလိုသုံးပြီး ရွေးချယ်လိုက်ခြင်းကဲ့သို့ မဟုတ်ပါ။ မည်သည့်အခြေအနေတွင်မဆို ဆုံးဖြတ်ချက်ချသူ၊ ရွေးချယ်စရာများနှင့် ဆုံးဖြတ်ချက်တို့သည် အပြန်အလှန် မှီခိုနေပါသည်။ အမှီအခိုကင်းစွာ ရည်တည်နေသောအရာများ မဟုတ်ပါ။ ယင်းတို့သည် အချင်းချင်း အပြန်အလှန် တည်မှီနေရုံသာမက ရွေးချယ်မှုနှင့် ဆုံးဖြတ်မှုများ မပြုလုပ်ပါက မည်သည့် ဆုံးဖြတ်ချက်မျှ မရှိနိုင်ပါ။ သို့သော် ထိုသုံးခုစလုံးသည်လည်း မရေမတွက်နိုင်သော အကြောင်းတရားနှင့် အခြေအနေများအပေါ်တွင် မူတည်နေပါသည်။

အနှစ်ချုပ်

 စနစ်နှစ်ခုစလုံးတွင် ကျွန်ုပ်တို့သည် တစ်ဦးချင်းအနေနှင့် ကိုယ်ပိုင်ရွေးချယ်မှုများ ပြုလုပ်သောကြောင့် မိမိ၏ရွေးချယ်မှုအတွက် မိမိတွင် တာဝန်ယူမှု၊ တာဝန်ခံမှု ရှိသည်ကို သဘောတူပါသည်။ ထို့ကြောင့် သဘာဝပတ်ဝန်းကျင် ယိုယွင်းပျက်စီးခြင်းကဲ့သို့ ကမ္ဘာ့ပြဿနာများ ဖြေရှင်းခြင်းသည် ကျွန်ုပ်တို့အပေါ်တွင် မူတည်ပါသည်။

ရွေးချယ်မှုအပေါ် သက်ရောက်သော ဉာဏ်ပညာနှင့် အခြားအချက်များ

အစ္စလာမ်ဘာသာ

ဖန်ဆင်းရှင်ဘုရားသည် လူသားကို ထူးခြားမှုများဖြင့် ဖန်တီးထားပြီး လူသားထုအတွက် ဘုရား၏ မေတ္တာသည် သူဖန်တီးထားသော ထူးခြားမှု အားလုံးနှင့် နီးစပ်သောခံစားချက် ဖြစ်သည်။ ဘုရားအပေါ် လူသား၏ မေတ္တာသည်လည်း သူ့တွင်မရှိဘဲ လိုအပ်သော ပြီးပြည့်စုံမှုကို ရရှိအောင် တောင့်တမှု ဖြစ်သည်။ ဤသို့ တောင့်တမှုသည် ဘုရားကိုကိုးကွယ်မှု အဓိကပုံစံတစ်ခုအဖြစ် ဖော်ပြပြီး ယင်းသည် မိမိ၏ ကိုယ်ကျင့်တရားမှ တစ်ဆင့် လည်းကောင်း၊ ဘုရား၏ ဖန်တီးမှုများအပေါ် အမှုတော်ထမ်းခြင်းဖြင့် လည်းကောင်း ထူးခြားမှုကို တိုးတက်စေခြင်းနှင့် ဖော်ပြခြင်း ဖြစ်ပါသည်။ ထိုသို့ ပြုလုပ်ခြင်းဖြင့် ဘုရား၏အလိုတော်ကို မိမိ၏ယုံကြည်မှုနှင့် မိမိ၏ လက်ခံမှုတို့ကို ဖော်ပြပါသည်။ ဘုရားဖန်ဆင်းသည့် နိယာမနှင့် အညီ ပြုမူခြင်းဖြင့် ဘုရား၏ အလိုတော်ကို လက်ခံကာ ဘုရားအလိုတော်အတိုင်း လိုက်နာခြင်း၊ မလိုက်နာခြင်း ပြုသောအခါ သင့်တော်သော အကျိုးဆက်များ ဖြစ်လာစေပါသည်။

ဘုရားသည် နှလုံးသားဖြင့် လူသားကိုဖန်ဆင်းပါသည်။ အပြုသဘောနှင့် အပျက်သဘော နှစ်ခုစလုံးကို စိတ်ခံစားရမှု အပိုင်း ဖြစ်ပါသည်။ ယင်းသည် ဘရားအပေါ် သံသယများဖြင့် ပြည့်နေနိုင်သည့်အတွက် မျက်စိကန်းနေနိုင်ပါသည်။ သို့မဟုတ် ယုံကြည်မှု အပြည့်ဖြင့် အားကောင်းနေနိုင်ပါသည်။ အသိဉာဏ်၏ ဆန္ဒအလျှောက် ဖြစ်မှုတွင် အခြေခံကာ မိမိနှလုံးသားကို ဘုရား၏အလိုတော်ကို မလိုက်နာရာမှ အပျက်သဘော စိတ်ခံစားချက်များဖြင့် လှုပ်ရှားပါက မိမိ၏စိတ်ဝိညာဉ်ကို ဤစိတ်ခံစားချက်များ ရှိလာပါမည်။ ထိုအခါ အတ္တဗဟိုပြုကာ မိမိကိုယ်ကို အရေးကြီးမှု၊ တစ်ကိုယ်ကောင်းဆန်မှုနှင့် ဘုရားအလိုတော်ကို ဆန့်ကျင်သော ဤအပျက်သဘော စိတ်ခံစားချက်များ လွှမ်းမိုးသည့် ကိုယ်ပိုင်အတ္တစိတ်ဆန္ဒအတိုင်း လိုက်နာမိပါသည်။ မိမိအသိဉာဏ်ဖြင့် ချမှတ်သော ဆုံးဖြတ်ချက်လည် တစ်ကိုယ်ကောင်းဆန်မှု၊ ရေတိုအမြင်ပေါ်တွင် အခြေခံနိုင်သလို ဘုရား၏ ဖန်တီးမှုများကို မိမိ၏ ကိုယ်ကျင့်တရား ကောင်းမှုဖြင့် အမှုတော်ထမ်းကာ ဘုရားကိုလက်ခံနိုင်ပါသည်။

ဗုဒ္ဓဘာသာ

အစမထင်သည့် ကျွန်ုပ်တို့၏ စိတ်အစဉ်တွင် အခြားသူများကို အလေးထားခြင်း၊ မေတ္တာ၊ ကရုဏာ၊ ရက်ရောမှု၊ သည်းခံခြင်း တို့ကတစ်ဖက်၊ အတ္တဗဟိုပြုမှု၊ တစ်ကိုယ်ကောင်းဆန်မှု၊ အခြားသူများအပေါ် လောဘ၊ တဏှာ၊ မသိမှုတို့ကတစ်ဖက် စသည်ဖြင့် အပြုသဘောနှင့် အပျက်သဘော စိတ်ခံစားချက်များ ပါဝင်ပါသည်။ ခွဲခြားသိရှိသောပညာဖြင့် ရွေးချယ်မှုများသည် ဤစိတ်ခံစားချက် အမျိုးမျိုး၏ နှိုင်းရအားသာချက်များ အပေါ်တွင် အမှီပြုကာ ပေါ်ထွက်လာပါသည်။ ထို့ပြင် မည်သည့် အခိုက်အတန့်မှာမဆို ယင်းတို့၏ နှိုင်းရအားသာချက်များသည် ကိုယ်တွင်း၊ ကိုယ်ပ အခြေအနေများစွာ အပေါ်တွင် မူတည်ပါသည်။ အခြားသူများ ပြောဆို၊ ဆောင်ရွက်မှု၊ လူ့အသိုင်းအဝိုင်း၏ တန်ဖိုးများ၊ စီးပွားရေး ဖိအားတို့သာမက မိမိ၏ ကျန်းမာရေး၊ ပညာရေး၊ စိတ်ဖိစီးမှု အနည်းအများ၊ အလုပ်များမှု ပမာဏ စသည်တို့ ဖြစ်ပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့၏ ဆုံးဖြတ်ချက်များသည် အချက်အလက်များစွာ အပေါ်တွင် မူတည်ပြီး ပေါ်ထွက်လာပါသည်။

အနှစ်ချုပ်

စနစ်နှစ်ခုစလုံးက ကျွန်ုပ်တို့ အသိဉာဏ်သည် အပျက်သဘော စိတ်ခံစားချက်များ၊ တစ်ကိုယ်ကောင်းဆန်မှု၊ လောဘ၏ လွှမ်းမိုးခံရပါက ကမ္ဘာ့ ပြဿနာများကို ဖြေရှင်းမှု နှင့်ပတ်သက်ပြီး မသိနားမလည်သော၊ ကျိုးကြောင်းမဆီလျော်သော ဆုံးဖြတ်ချက်များ ချမှတ်သည်ကို သဘောတူပါသည်။ ထိုသို့မဟုတ်ဘဲ တစ်လောကလုံးအတွက် ကရုဏာဖြင့် အလေးထားမှု လွှမ်းမိုးသောအခါ ဆုံးဖြတ်ချက်များသည် ကျိုးကြောင်းဆီလျော်ကာ၊ အသိဉာဏ်ပါဝင်ပြီး ရေရှည်အကျိုး ဖြစ်လာပါသည်။

ကမ္ဘာ့ပြဿနာများ ဖြေရှင်းရန် စိတ်ဓာတ်စေ့ဆော်မှု ရယူခြင်း

အစ္စလာမ်ဘာသာ

ကမ္ဘာကြီးနှင့် လူသားထုအတွက် အသန့်ရှင်းဆုံးနည်းဖြင့် မေတ္တာထားသောအခါ မိမိ၏မေတ္တာသည် ကမ္ဘာကြီး သို့မဟုတ် လူသားများ အတွက်သာမက မိမိတွင် ထူးခြားမှုများ ဖန်တီးပေးသည့် ဘုရားအပေါ်တွင် မေတ္တာထားခြင်း ဖြစ်ပါသည်။ ထိုအခါ ကမ္ဘာ့ သဘာဝပတ်ဝန်းကျင်အတွက် မိမိ၏ အလေးထားမှုသည် ဘုရား၏ ဖန်တီးမှုကို အမှုတော်ထမ်းခြင်းဖြင့် ဘုရားအားကိုးကွယ်သည့်ပုံစံတစ်ခု ဖြစ်ပါသည်။

ဗုဒ္ဓဘာသာ

သက်ရှိအားလုံး သာယာဝပြောရေးကို အလေးထားမှုသည် အားလုံးသည် ပျော်ရွှင်လိုပြီး ပြဿနာနှင့် ဆင်းရဲဒုက္ခ မကြုံလိုသည့် အချက်တွင် တူညီသည်ကို ရှုမြင်မှု၌ အခြေခံပါသည်။ ထို့ပြင် ကျွန်ုပ်တို့အားလုံးသည် အချင်းချင်းနှင့် ကျွန်ုပ်တို့ နေထိုင်သော ကမ္ဘာ့ သဘာဝပတ်ဝန်းကျင် အပေါ်တွင် အပြန်အလှန် တည်မှီနေပါသည်။ ကျွန်ုပ်တို့ ဆောင်ရွက်သမျှသည် အားလုံး၏ ကောင်းကျိုးအပေါ် တစ်နည်းနည်းဖြင့် သက်ရောက်ကာ အခြားသူများ ဆောင်ရွက်သမျှသည် ကျွန်ုပ်တို့ အကျိုးပေါ်သို့ သက်ရောက်ပါသည်။ ထိုအခါ မေတ္တာသည် အားလုံးကို ပျော်ရွှင်စေလိုပြီး ပျော်ရွှင်ခြင်း အကြောင်းတရားများ ရစေလိုစိတ် ဖြစ်ပါသည်။ ကျွန်ုပ်တို့သည် မေတ္တာဖြင့် အားလုံးအတွက် ပျော်ရွှင်မှု ရရှိအောင် ဆောင်ရွက်နိုင်ပါသည်။

အနှစ်ချုပ်

ဗုဒ္ဓဘာသာရော အစ္စလာမ်ဘာသာပါ လူတို့ကို အခြားသူများ၏ သာယာဝပြောရေး အလေးထားရန် သင်ကြားပါသည်။ ဘာသာနှစ်ခုစလုံးက အားလုံးအပေါ် မေတ္တာထားရန်နှင့် ထိုမေတ္တာကို အများအကျိုးပြု လုပ်ငန်းများတွင် အကောင်အထည်ဖော်ရန် အလေးထားသင်ကြားပါသည်။

အကျဉ်းချုပ်

ကမ္ဘာ့ပြဿနာများကို ဖြေရှင်းရန် မည်သို့စိတ်ဓာတ်တွန်းအား ရရှိသည်ဖြစ်စေ အရေးကြီးသည့်အချက်မှာ လောကအကျိုးအတွက် အားလုံးအတူတကွ လုပ်ကိုင်ရန် ဖြစ်ပါသည်။ ဗုဒ္ဓဘာသာနှင့် အစ္စလာမ်ဘာသာတို့သည် ဤကြိုးပမ်းချက်၏ အရေးကြီးမှုအပေါ် အပြည့်အဝ သဘောတူညီကြပါသည်။

Top