Arrow left နောက်သို့
နည်းလမ်း
ဆောင်းပါး ၁၅ / ၁၅

ကမ္ဘာကြီးကို ဘယ်လိုပြောင်းလဲမည်နည်း

အခြားဘာသာစကားများ
How%20to%20change%20the%20world

နိဒါန်း

သင်က တက်ကြွလှုပ်ရှားသူတစ်ဦးဆိုလျှင် ဂုဏ်ယူပါသည်။ ဗုဒ္ဓမြတ်စွာသည်လည်း တစ်ဖက်ကကြည့်လျှင် တက်ကြွလှုပ်ရှားသူတစ်ဦး ဖြစ်ပါ၏။ ဘုရားရှင်၏ဘဝဇာတ်လမ်းအရ ထိုကာလ ကမ္ဘာ့အခြေအနေကိုလည်း ဘုရားရှင် မနှစ်သက်ခဲ့ပါ။ သူ၏ လူငယ်ဘဝအများစုကို ခမည်းတော်၏နန်းတော်ထဲတွင် လုံခြုံစွာပိတ်လှောင်ခံထားရပြီးနောက် ပထမဆုံးအကြိမ် အပြင်ထွက်လေ့လာသောအခါမှသာ နန်းတော်နံရံများကို ကျော်လွန်သည့် များလှစွာသော ဆင်းရဲဒုက္ခကို သတိပြုမိလာပါသည်။ ယနေ့ခေတ်တွင် သင်ကသတင်းများ တွေ့မိသောအခါ ခံစားရသလိုပင်ဖြစ်ပါသည်။

ဆင်းရဲဒုက္ခနှင့် ကြုံဆုံရခြင်းသည် ဗုဒ္ဓမြတ်စွာ၏ အဆင်ပြေနေသော ကမ္ဘာ့အမြင်ကို ချေမှုန်းပစ်သော်လည်း ကြောက်ရွံ့မှု သို့မဟုတ် စိတ်မဝင်စားမှုတို့ဖြင့် လျစ်လျူရှုသွားအောင် မပြုလုပ်ခဲ့ပါ။ တကယ်တော့ ဗုဒ္ဓမြတ်စွာ၏ တုံ့ပြန်မှုက တက်ကြွလှုပ်ရှားသူတစ်ဦး၏ တုံ့ပြန်မှု ဖြစ်လာကာ သက်ရှိအားလုံး၏ ဆင်းရဲဒုက္ခ အဆုံးသတ်ရေးထက် မနည်းသော ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့ပါသည်။ ထို့ကြောင့် နိုင်ငံရေး မတည်ငြိမ်မှုများရှိကာ ကျွန်ုပ်တို့အလွန် တန်ဖိုးထားသော လူသားတန်ဖိုးများ ပိုမိုဆုံးရှုံးလာနေသလိုရှိသည့် ကမ္ဘာကြီးတွင် နေထိုင်နေရသော ယနေ့ခေတ် လူငယ်လူရွယ်များစွာ ခံစားနေရသည့် အရေးတကြီးလိုအပ်သော ခံစားချက်ကို ဗုဒ္ဓမြတ်စွာနှင့် ဗုဒ္ဓတရားတော်များက တိုက်ရိုက်ဆွေးနွေးထားပါသည်။

ကမ္ဘာကြီးကို ဘယ်လိုပြောင်းလဲမည်နည်း

သို့ဆိုလျှင် ဗုဒ္ဓဘာသာအရ ကမ္ဘာကြီးကို ဘယ်လိုပြောင်းလဲကြမည်နည်း။

ဗုဒ္ဓဘာသာဒဿနကို လေ့လာသောအခါ ထိုအဖြေအတွက် ရှုထောင့်အမျိုးမျိုး စတင်ပေါ်ထွက်လာသည်ကို တွေ့ရပါသည်။ ပထမဦးစွာ လောကအခြေအနေကို မနှစ်မြို့ခြင်းမှာ မကောင်းသောကိစ္စမဟုတ်ပါ။ ထိုနှင့် ဆန့်ကျင်ဘက် ဖြစ်ပါသည်။ ဗုဒ္ဓဘာသာတွင် ဤသို့ခံစားချက် တစ်ဆစ်ချိုးပြောင်းလဲမှုကို “စွန့်ပယ်ခြင်း” ဟုခေါ်ပါသည်။ ယင်းမှာ ကျွန်ုပ်တို့သည် အားလုံးကို တွေ့မြင်ပြီးနောက် ကျွန်ုပ်တို့၏ မသက်မသာဖြစ်မှုကို ဖယ်ရှားရန် ကြိုးစားသော ပုံမှန်နည်းလမ်းများက အလုပ်မဖြစ်တော့သည်ကို သိရှိသောအချိန် ဖြစ်ပါသည်။ ထိုအခါ ကျွန်ုပ်တို့သည် ခြားနားသော အမြင်တစ်ရပ်ကို တက်ကြွစွာ စတင်ရှာဖွေလာပါသည်။

ဗုဒ္ဓမြတ်စွာ တွေ့ရှိခဲ့သော နည်းလမ်းသည် အတော်လေး ကွဲပြားခြားနားပါသည်။ ကိုယ်တော်မြတ်သည် မေးခွန်းမေးမြန်းကာ ကွဲပြားခြားနားစွာ ဖော်ပြသည်မှာ- ကမ္ဘာကြီးကို ပြောင်းလဲလိုလျှင် သင့်ကိုယ်သင် စတင်ပြောင်းလဲလိုက်ပါ။ ပထမအဆင့်မှာ “ငါ” ဆိုသည့် ကျဉ်းမြောင်းသောအမြင်ကို ပိုမိုခမ်းနားကြီးကျယ်သောအရာတစ်ခုအဖြစ်သို့ ပြောင်းလဲရန် ဖြစ်သည်။

ဤသို့ ပို၍ကြီးကျယ်သော မိမိကိုယ်ကိုသဘောထားအရ ကျွန်ုပ်တို့သည် မပြောပလောက်သော “ငါ” အတွက် မဟုတ်ဘဲ လူတိုင်းအတွက် ကမ္ဘာကြီးကို ပြောင်းလဲရပါမည်။ ဤကား ကြီးမားလှသော အတိုင်းအတာ မဟုတ်ပါလား။ သို့သော် ဤသို့ဆိုလျှင် အဆုံးစွန်ရည်မှန်းချက်သည် ငတ်မွတ်မှု၊ စစ်ပွဲ၊ အနာရောဂါ၊ စိတ်မသက်သာမှုနှင့် နာကျင်မှုများအားလုံး စသည့် လူတိုင်း၏ ဆင်းရဲဒုက္ခများ အဆုံးသတ်ရေးထက် မလျော့တော့ပါ။ အလွန်များပြားလှပါသည်။ ဤသို့ ကျယ်ပြန့်သော အမြင်ကြောင့် မိမိအကျိုးအတွက်သာ အတ္တဗဟိုပြုမှုဖြင့် ကမ္ဘာကြီးကို ပြောင်းလဲလိုသည့် ပြဿနာကို ရှောင်ရှားလိုက်ပါသည်။ ကမ္ဘာကြီးကို ဆင်းရဲဒုက္ခမှ ကင်းဝေးအောင်၊ သတ္တဝါအားလုံးကို ဗောဓိသတ္တအဖြစ် ဉာဏ်အလင်းရရှိအောင် ကြိုးပမ်းသူတစ်ဦး၊ အတိုင်းအဆမဲ့ ကရုဏာစိတ်ရှိသူတစ်ဦးအကြောင်းကို ဗုဒ္ဓဘာသာ ကျမ်းစာများတွင် ဖော်ပြထားပါသည်။ ကျွန်ုပ်တို့အားလုံးသည် ပျော်ရွှင်လိုခြင်း၊ မပျော်ရွှင်မှုကို အလိုမရှိခြင်း၌ တူညီသည်ဖြစ်ရာ မိမိအကျိုးအတွက်မျှသာ မဟုတ်ဘဲ အားလုံးအကျိုးအတွက် ကမ္ဘာကြီးကို ပြောင်းလဲရန် မဖြစ်မနေ ကြိုးပမ်းရပါမည်။

ဘာမှမရှိခြင်းနှင့် အပြန်အလှန်မှီခိုခြင်း

သို့ဆိုလျှင် ဘုရားလောင်း ဗောဓိသတ္တသည် ကမ္ဘာကြီးကို ပြောင်းလဲရန် အတိအကျဘာကို ဆောင်ရွက်ပါသနည်း။

ဗောဓိသတ္တသည် ကမ္ဘာကြီးကို တိုးတက်ကောင်းမွန်အောင် မည်ကဲ့သို့ကြိုးပမ်းခဲ့သည်ကို ဉာဏ်အလင်းရရှိရေး လမ်းကြောင်းအတွက် အဆင့်မြင့် ဗုဒ္ဓဘာသာ တရားတော်များ၌ များစွာဖော်ပြထားပါသည်။ သို့သော် အမြည်းသဘော တင်ပြရလျှင် ကျွန်ုပ်တို့သည် “ငါသည် ကမ္ဘာကြီးကို ဘယ်လိုပြောင်းလဲမည်နည်း” ဆိုသည့်မေးခွန်းမှ ဤ “ငါ” ဆိုသည်မှာ ဘယ်သူလဲ၊ ဘာလဲ ဆိုသည်ကို ပြောင်းလဲရပါမည်။ ထို့ပြင် “ကမ္ဘာကြီး” ဆိုသည်မှာ အတိအကျ ဘာကိုဆိုလိုပါသနည်း။ ဗုဒ္ဓဘာသာ၌ “ကမ္ဘာကြီး” နှင့် “ငါ” ကို ပုံသေအဖြစ် ကျွန်ုပ်တို့တွေးထင်ထားသလို မဟုတ်သည့် ရှုထောင့်ဖြင့် ဖော်ပြထားပါသည်။ ဗုဒ္ဓမြတ်စွာက ကျွန်ုပ်တို့အား မိမိယူဆချက်များကို မေးခွန်းထုတ်ရန် တိုက်တွန်းပါသည်။ ဘုရားရှင်သည် “ငါ” ဟုခေါ်သောအရာကို ဝေဖန်ဆန်းစစ်သောအခါ အမှန်တကယ် အတ္တဆိုသည့် ရုပ်၊ နာမ် ခိုင်မာသော အစိတ်အပိုင်း တစ်ခုမျှ မတွေ့ရှိနိုင်ကြောင်း သဘောပေါက်ခဲ့ပါသည်။ “ငါ” ဆိုသည်မှာ ပုံသေ၊ အမှီအခိုကင်းသောအရာ မဟုတ်သည့်အတွက် “ငါတို့” က ပြုပြင်လိုသည့် မပြောင်းလဲသော ကြီးမားသည့် “ကမ္ဘာကြီး” ဆိုသည်မှာ ရှိနိုင်ပါဦးမည်လား။ ကျွန်ုပ်တို့သည် ဤအရာများကို ပို၍ဝေဖန်ဆန်းစစ်လေ၊ ဘာမှမရှိခြင်း (အနတ္တ) အကြောင်း ပင်မဗုဒ္ဓဘာသာတရားတော်နှင့် ပို၍ရင်းနှီးလာလေ ဖြစ်ပါသည်။ ယင်းမှာ အရာဝတ္ထုများသည် ကိုယ်တိုင်ထူထောင်သော တည်ရှိမှု ကင်းမဲ့ခြင်း၊ အမှီအခိုဖြင့် ထွက်ပေါ်ခြင်း၊ အရာရာသည် ကျွန်ုပ်တို့ ဆောင်ရွက်သော ကိစ္စအနည်းငယ်အပေါ်၌သာ မဟုတ်ဘဲ အကြောင်းတရားနှင့် အခြေအနေ မြောက်မြားစွာအပေါ်၌ တည်မှီ၍ ပေါ်ထွက်ခြင်း စသည်တို့ဖြစ်ပါသည်။ ထိုသို့ နားလည်ပါက ညီမျှမှုအတွက် အကြောင်းရင်းအချို့ကို ဖြည့်ဆည်းရန် ကျွန်ုပ်တို့ တတ်နိုင်သမျှအားလုံးကို ဆောင်ရွက်ရပါမည်။ မိမိအတွက်၊ ကမ္ဘာကြီးအတွက်၊ မိမိလုပ်နေသောအရာအတွက် ပုံကြီးချဲ့မနေတော့ပါ။

ဗုဒ္ဓမြတ်စွာ ကျရှုံးခဲ့ပါသလား။

သို့သော် ဤနေရာတွင် အလွန်စိန်ခေါ်မှုရှိသော အချက်တစ်ချက် ရှိပါသည်။ ဗုဒ္ဓမြတ်စွာသည် ကြီးမားသောကရုဏာနှင့် ဉာဏ်ပညာအခြေခံဖြင့် သတ္တဝါအားလုံးအကျိုးအလို့ငှာ သဗ္ဗညုတဉာဏ်တော်ကို ရရှိတော်မူပါသည်။ သို့တိုင် ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်ပါ။ စစ်ပွဲများ ပြင်းထန်ခြင်း၊ မတရားမှုများ ဆက်ဖြစ်နေခြင်းနှင့် ဆင်းရဲဒုက္ခတို့ကို နေရာတိုင်းတွင် မြင်နေရပါသည်။ သို့ဆိုလျှင် မဟာတက်ကြွလှုပ်ရှားသူ ဗုဒ္ဓမြတ်စွာသည် ဘာဖြစ်ခဲ့ပါသနည်း။ ဘုရားရှင်၏ ရည်မှန်းချက်သည် သတ္တဝါအားလုံးကို ဆင်းရဲဒုက္ခမှ လွတ်မြောက်စေလိုခြင်းဟုဆိုလျှင် ထိုရည်မှန်းချက်သည် အောင်မြင်ခဲ့သည်ဟု ဆိုနိုင်ပါမည်လား။

ဤမေးခွန်းသည် အလွန်အရေးကြီးသလို ထိုအတွက်အဖြေ၏ နက်ရှိုင်းမှုသည် ဗုဒ္ဓတရားတော်များကို နက်ရှိုင်းစွာ နားလည်သဘောပေါက်မှုအပေါ်၌ မူတည်ပါသည်။ ဗုဒ္ဓမြတ်စွာသည် မှော်အစွမ်းဖြင့် ဝှေ့ယမ်းလိုက်သလို ကမ္ဘာကြီးကို နေ့ချင်းညချင်း အမှန်တကယ် မပြောင်းလဲခဲ့သလို ပြောင်းလဲ၍မရပါ။ သို့သော် ဂန္ဒီ သို့မဟုတ် မာတင်လူသာကင်းကဲ့သို့ အခြား မဟာတက်ကြွလှုပ်ရှားသူများလိုပင် တွေးကြည့်လျှင် ဘုရားရှင်၏ အကျိုးသက်ရောက်မှုသည် ရုတ်ချည်းရလဒ်ကြောင့် မဟုတ်ဘဲ ကမ္ဘာကြီး၏ စိန်ခေါ်မှုများကို လုံးဝဆန်းသစ်သော နည်းလမ်းတစ်ရပ်ဖြင့် ဖြေရှင်းခိုင်းလိုက်ပါသည်။ အပြန်အလှန်မှီခိုနေသော ကျယ်ပြောလှသည့် ကွန်ရက်ထဲတွင် ကမ္ဘာကြီးသည် ဗုဒ္ဓမြတ်စွာ၏ ဉာဏ်တော်ကြောင့် ပြောင်းလဲပြီးသားဖြစ်နေပြီဟု ကျွန်ုပ်တို့ဆိုနိုင်ပါသည်။ ကျွန်ုပ်တို့အားလုံး ဗုဒ္ဓတရားတော်များကို လက်ခံကျင့်သုံးရန် လိုအပ်နေသေးသည်မှာ မှန်ပါသည်။ သို့သော် ယင်းတို့အားလုံးမှာ ရှိပြီးသားဖြစ်နေပါသည်။ ဗုဒ္ဓမြတ်စွာသည် လူတိုင်းအချိန်မရွေး အသုံးချရန်အတွက် အားကောင်းသောနည်းလမ်းအစုကို ကျွန်ုပ်တို့၏ ဆင်းရဲဒုက္ခကြုံနေသော လောကကြီးကို ပြောင်းလဲရန်အတွက် ထည့်သွင်း ဟောကြားတော်မူထားပါသည်။

အနည်းငယ် နက်နဲစွာရှုမြင်ပါက ကျွန်ုပ်တို့ “ကမ္ဘာကြီး” ဟုခေါ်သည့်အရာသည် တစ်ခုတည်း မဟုတ်ကြောင်း ဗုဒ္ဓမြတ်စွာ ဟောတော်မူထားပါသည်။ ဤကမ္ဘာမတိုင်မီကလည်း ကမ္ဘာများစွာ ရှိသလို နောင်လည်း များစွာရှိလာပါဦးမည်။ စကြဝဠာများ၊ အပြိုင်ကမ္ဘာများပင် ယခုရှိနေကြောင်း အချို့တရားတော်များက ဆိုပါသည်။ ကျွန်ုပ်တို့ကမ္ဘာ သို့မဟုတ် အခြားဖြစ်နိုင်သော ကမ္ဘာတိုင်း၏ အခြေအနေသည် ပုံသေမဟုတ်သလို ယင်းတို့၏ အနာဂတ်လည်း မဟုတ်ပါ။ သို့သော် သေချာသည့်အချက်တစ်ခုမှာကား ဤသည်မှာ အမြဲတမ်း ပြောင်းလဲနေသောကမ္ဘာ ဖြစ်သည့်အတွက် ကျွန်ုပ်တို့ပြုသမျှ အပြုသဘောသက်ရောက်မှုတိုင်းသည် တန်ဖိုးမဖြတ်နိုင်ပါ။ ထို့ပြင် ကျွန်ုပ်တို့၏ ရုပ်ပိုင်းဆိုင်ရာ အားထုတ်မှု များကသာလျှင် အရေးကြီးသည် မဟုတ်ပါ။ အကြောင်းမှာ အပြောင်းအလဲသည် ပြင်ပအခြေအနေများမှတစ်ဆင့်သာလျှင် ပေါ်ထွက်ခြင်း မဟုတ်သည့်အတွက်ကြောင့် ဖြစ်ပါသည်။ ဗုဒ္ဓတရားတော်များအရဆိုလျှင် ကျွန်ုပ်တို့၏ အတွေးများ၊ ဆန္ဒများနှင့် ရည်မှန်းချက်များစသည့် စိတ်ပိုင်းဆိုင်ရာ ဆောင်ရွက်ချက်များသည်လည်း ကိုယ်ကာယ အပြုအမူများကဲ့သို့ပင် အစွမ်းရှိပါသည်။

ဉာဏ်အလင်းရရှိခြင်းက အရာရာကို ပြောင်းလဲသည်

နိဂုံးချုပ်အားဖြင့် တစ်စုံတစ်ယောက်သည် အလုံးစုံဉာဏ်အလင်းရရှိသောအခါ ညီမျှမှု လုံးဝပြောင်းလဲသွားပါသည်။ သဗ္ဗညုတဉာဏ်တော်ရှင် ဗုဒ္ဓမြတ်စွာ၏ ဆောင်ရွက်ချက်သည် နေရာ၊ အချိန် သို့မဟုတ် မြင်တွေ့နိုင်စွမ်း သတ်မှတ်ချက်များဖြင့် ချည်နှောင်ထားသည် မဟုတ်ပါ။ ယင်းတို့ကြောင့် ရရှိသည့် အကူအညီသည် လူ့မျက်စိဖြင့် အမြဲတမ်း မမြင်တွေ့နိုင်သော်လည်း မည်သို့ဆိုစေ ဆက်လက်ဖြစ်ပေါ်နေပါသည်။

ထို့ကြောင့် ကျွန်ုပ်တို့၏ မူလမေးခွန်းအတွက် အဖြေမှာ အလွန်မရှုပ်ထွေးတော့ပါ။ လက်ရှိပြဿနာအပေါ် ရှုမြင်မှုကို ချဲ့ထွင်လိုက်လျှက် “ငါ” နှင့် “ကမ္ဘာကြီး” သည် အပြန်အလှန် ဆက်စပ်ကာ ဖြစ်နိုင်ခြေများစွာဖြင့် အစဉ်မပြတ် ပြောင်းလဲနေသည်ဟု ရှုမြင်လိုက်သောအခါ စစ်မှန်သော အပြောင်းအလဲ စတင်ပါသည်။ ပြောင်းလဲခြင်းသည် ကိုယ်တွင်းမှ စတင်သော်လည်း ထိုမျှနှင့် ရပ်တန့်မနေကြောင်း ဗုဒ္ဓမြတ်စွာက ဖော်ပြခဲ့ပါသည်။ ကျွန်ုပ်တို့သည်လည်း ကရုဏာနှင့် ဉာဏ်ပညာ အရည်အသွေးကောင်းများ ထားရှိနိုင်ပါက တည်တံ့သောအပြောင်းအလဲကို ကျွန်ုပ်တို့အမှန်တကယ် ဖော်ဆောင်နိုင်ပါသည်။ ထိုလမ်းကြောင်းက ခက်ခဲပင်ပန်းလျှင် မည်သို့ပြုမည်နည်း။ ထိုအခါတွင် သင်သည် စတင်ရန် အကောင်းဆုံးနေရာတစ်ခုဖြစ်သည့် တစ်ချိန်က ဗုဒ္ဓမြတ်စွာရောက်ခဲ့သော နေရာကို အတိအကျ ရောက်ရှိနေခြင်း ဖြစ်ပါသတည်း။

Top