Study buddhism shantideva

ရှန်တီဒေဝ

ရှန်တီဒေဝ (၈ ရာစု) သည် တိဘက်ဒေသ အစဉ်အလာအားလုံးတွင်တွေ့ရသည့် အထူးသဖြင့် ပါရမီခြောက်ပါး (ပြီးပြည့်စုံမှုခြောက်ပါး) ကျင့်ကြံမှုနှင့်ပတ်သက်၍ ဗောဓိသတ္တ တရားတော်များ၏ အိန္ဒိယဒေသမှ ရင်းမြစ်တစ်ခုဖြစ်ပါသည်။

ရှန်တီဒေဝကို အရှေ့အိန္ဒိယ ဘင်္ဂလားဒေသရှိ နယ်မြေတစ်ခုမှ ဘုရင်ကြီး၏ သားတော်အဖြစ် ရှစ်ရာစုနှစ်တွင် ဖွားမြင်ပါသည်။ သူနန်းတက်ခါနီးတွင် မန်ဇူသီရိကို အိပ်မက်မက်ရာ “ရာဇပလ္လင်သည် သင့်အတွက် မဟုတ်ပါ” ဟု မိန့်ကြားသွားသည်။ မန်ဇူသီရိ၏ အကြံပေးစကားကို လိုက်နာကာ သူသည် နန်းစွန့်ပြီးနောက် တောထွက်လေသည်။ တောထဲတွင် ဗုဒ္ဓဘာသာဝင် မဟုတ်သော ဂုရုကြီးများစွာနှင့် ဆုံတွေ့ကာ ဆည်းပူးသင်ယူပြီး အပြင်းအထန် တရားရှုမှတ်သည့်အတွက် နက်နက်နဲနဲ စူးစိုက်မှု၏ အဆင့်မြင့်မားစွာ ရရှိအောင်မြင်ပါသည်။ သို့သော် စကြမုနိ ကဲ့သို့ပင် နက်နဲသော စူးစိုက်မှု အခြေအနေများထဲသို့ ခိုဝင်ခြင်းဖြင့် ဆင်းရဲဒုက္ခ၏ ဇစ်မြစ်များကို မဖယ်ရှားပေးကြောင်း သဘောပေါက်ခဲ့သည်။ မန်ဇူသီရိကို အားထားကာ သူသည် နောက်ဆုံးတွင် ဘုရားရှင်အားလုံး၏ အသိဉာဏ် ကိန်းအောင်းသည့် အမှန်တကယ် သိမြင်မှု ရရှိကာ မန်ဇူသီရိထံမှ တရားတော်များကို လက်ခံခဲ့ပါသည်။

ထို့နောက် ရှန်တီဒေဝသည် တောထဲမှထွက်လာကာ နာလန္ဒာတက္ကသိုလ် ကျောင်းတိုက်သို့ ကြွသွားရာ ကျောင်းထိုင်ဘုန်းကြီးက သင်္ကန်းဝတ်ပေးသည်။ ထိုနေရာတွင် ကြီးမြတ်သော သုတ္တန်နှင့် တန္တရများကို လေ့လာခဲ့ပြီး အပြင်းအထန် ကျင့်ကြံပါသည်။ သို့သော် သူ့ကျင့်ကြံမှုများအားလုံးကို သိုဝှက်ထားပါသည်။ လူတိုင်းက သူသည် မအိပ်၊ မစား၊ ရေအိမ်မသွားဘဲ နေသည်ဟု ထင်ကြသည်။ တကယ်တော့ သူသည် အမြဲတမ်း ရှင်းလင်းပေါ့ပါးသော တရားရှုမှတ်သည့် အခြေအနေတွင် ရှိနေပါသည်။

နောက်ဆုံးတွင် ကျောင်းတိုက် သံဃာများက သူ့ကို အသုံးမဝင်ဘူးဟု ယူဆကာ ထုတ်ပယ်ရန် ဆုံးဖြတ်ခဲ့ပါသည်။ ကြိုတင်သတ်မှတ်ချက် အနေနှင့် သူသည် မူရင်းကျမ်းစာအတိုင်း တရားဟောရမည်ဟု ပြောပါသည်။ ထိုအခါ သူတတ်နိုင်မည် မဟုတ်ဟု တွေးကြပါသည်။ သူတို့သည် သူမတက်နိုင်လောက်ဘူးထင်ကာ လှေကားမပါသော ပလ္လင်အမြင့်ကြီးတစ်ခုကို တည်ဆောက်ပါသည်။ သို့သော် ထိုပလ္လင်သည် ရှန်တီဒေဝ အရပ်လောက်အထိ ဆင်းသက်လာပြီး သူအလွယ်တကူ တက်သွားနိုင်ပါသည်။

ထို့နောက် ဘုရားလောင်းတို့၏ ပြုမူဆောင်ရွက်မှုကို လေ့လာခြင်း၊ ဗောဓိစရိယဝတ္တရ ကို စတင်ဟောကြားပါသည်။ ဘာမှမရှိခြင်း (အနတ္တ) အကြောင်း အခန်းကိုးမှ စာပိုဒ်တစ်ခုသို့ ရောက်သောအခါ သူသည် ကောင်းကင်ထက်သို့ ဖြေးဖြေးချင်း မြင့်တက်သွားပါသည်။ ထိုကျမ်းစာပိုဒ်မှာ-

(၉.၃၄) နှစ်ခွဖြစ်သောစိတ်တွင် (အမှန်တည်ရှိသည့်) လုပ်ငန်းဆောင်ရွက်သော ဖြစ်စဉ် သို့မဟုတ် (အမှန်တည်ရှိသည့်)လုပ်ငန်း မဆောင်ရွက်သော ဖြစ်စဉ် (၎င်း၏ ဘာမှမရှိခြင်း) သည် အခြားအစားထိုးစရာများ မရှိတော့သည့်အတွက် ပျောက်ကွယ်သွားသောအခါ (မဖြစ်နိုင်သောအရာအတွက်) စိတ်ရည်မှန်းချက် မပါဝင်မှု (အခြေအနေ) ထဲသို့ အလုံးစုံ ငြိမ်းချမ်းမှု ရရှိလာပါသည်။

ထို့နောက်တွင် ကျမ်းစာရွတ်ဖတ်နေသော သူ့အသံကိုသာ ကြားရပါတော့သည်။ သူကိုယ်တိုင်မူ မြင်ကွင်းမှ ပျောက်ကွယ်သွားပါသည်။ နောက်ပိုင်းတွင် သံဃာများက ကျမ်းစာကို မှတ်မိထားသမျှ ပြန်လည်ရေးသားခဲ့ပါသည်။

သူ၏တရားထဲတွင် ရှန်တီဒေဝသည် နာလန္ဒာ၌ သူရေးသားခဲ့သော အခြားကျမ်းနှစ်ကျမ်းကိုလည်း ရည်ညွှန်းခဲ့ပါသည်။ ယင်းတို့မှာ- (၁) လေ့ကျင့်မှု စာပေါင်းချုပ်၊ သိက္ခာသမုစာရ နှင့် (၂) သုတ္တန် ပေါင်းချုပ်၊ သုတ္တသမုစာရ တို့ဖြစ်ပြီး ၎င်းတို့ကို ဘယ်မှာထားမှန်း မသိကြပါ။ နောက်ဆုံးတွင် ရှန်တီဒေဝက တစ်စုံတစ်ယောက်ထံ ကိုယ်ထင်ပြကာ သံဃာတစ်ပါး၏ အခန်းထဲမှ မျက်နှာကြက် အတန်းများထဲတွင် ဝှက်ထားကြောင်း ပြောပါသည်။ ရှန်တီဒေဝက သူပြန်မလာတော့ကြောင်း ပြောသွားပါသည်။

သုတ္တန် ပေါင်းချုပ်၊ သုတ္တသမုစာရ သည် သုတ္တန်များ၏ အဓိကအချက်များကို အနှစ်ချုပ် ဖော်ပြထားပြီး လေ့ကျင့်မှု စာပေါင်းချုပ် တွင် သုတ္တန် ကျင့်ကြံမှုများကို အကျဉ်းချုပ်ဖော်ပြပါသည်။ ဒုတိယကျမ်းစာနှင့် ဘုရားလောင်းတို့၏ ပြုမူဆောင်ရွက်မှုကို လေ့လာခြင်း တို့၏ တိဘက်ဘာသာပြန်ဆိုထားသောမူကို ဘုရားရှင်၏ နှုတ်ကပတ်တော်များအား အိန္ဒိယဘာသာဖြင့် အကျယ်ဖွင့်ဆိုချက်များ၏ တိဘက်ဘာသာပြန်စုစည်းမှု ထန်ယူ ထဲတွင် တွေ့ရပါသည်။ ကူနူလားမား ယင်းပိုချီ၏ အဆိုအရ သုတ္တန် ပေါင်းချုပ် ကို တိဘက်ဘာသာသို့ ပြန်ဆိုခဲ့သော်လည်း ထန်ယူ ထဲတွင် မတွေ့ရှိရပါ။

ဘုရားလောင်းတို့၏ ပြုမူဆောင်ရွက်မှုကို လေ့လာခြင်း တွင်ပါဝင်သော အထူးသဖြင့် အခန်းကိုးအား အကျယ် ဖွင့်ဆိုချက်များစွာ ရှိပါသည်။ ဤကျမ်းသည် တိဘက်ရှိ ဗုဒ္ဓဘာသာ ဂိုဏ်းအားလုံးအတွက် အခရာ ကျသောကြောင့် တိဘက်ဘာသာပြန်မူများသည် အစဉ်အလာအားလုံးမှ ယူထားပါသည်။ ဂယ်လဂ် အစဉ်အလာတွင် ဆုန်ခပ၏ အဆင့်အလိုက် လမ်းကြောင်းကို ခမ်းနားစွာ ရှင်းလင်းတင်ဆက်ခြင်း (လမ်-ရင်း ချန်-မို) သည် အထူးသဖြင့် မိမိနှင့် အခြားသူများ ဖလှယ်ရေး တရားတော်များအတွက် လေ့ကျင့်မှု စာပေါင်းချုပ် နှင့် ဘုရားလောင်းတို့၏ ပြုမူဆောင်ရွက်မှုကို လေ့လာခြင်း တို့ကို များစွာ အားထားပါသည်။ ဆုန်ခပသည် ဘုရားလောင်းတို့၏ ပြုမူဆောင်ရွက်မှုကို လေ့လာခြင်း ကို သီးခြားအကျယ်မဖွင့်သော်လည်း သူ၏ အဆင့်အလိုက် လမ်းကြောင်းကို ခမ်းနားစွာ ရှင်းလင်းတင်ဆက်ခြင်း တွင် ထိုအထဲမှ အချက်များစွာကို ဖော်ပြထားပါသည်။ သူ၏ ကောက်ယူနိုင်သော အဓိပ္ပာယ်နှင့် တိကျသော အဓိပ္ပာယ်တို့ကို အကောင်းဆုံး ရှင်းပြချက်များ အနှစ်ချုပ် (Drang-nges legs-bshad-snying-po) တွင် အခန်းကိုးမှ အချက်များစွာကို ဖော်ပြထားပါသည်။ သူ၏ အလယ်အလတ်လမ်းစဉ် [(အကြောင်း နာဃဇုန၏ ပင်မ စာပိုဒ်များ) အတွက် ချန္ဒရာကာတိ၏ နောက်ဆက်တွဲ မှ] ရည်မှန်းချက်များကို အလုံးစုံ ရှင်းလင်းဖော်ပြခြင်း (dBu-ma dgongs-pa rab-gsal) သည်လည်း ၎င်းကို များစွာရည်ညွှန်းထားပါသည်။

၁၉၇၈ ခုနှစ် ဇန်နဝါရီလ၊ အိန္ဒိယနိုင်ငံ၊ ဗုဒ္ဓဂါယာတွင် ၁၄ ပါးမြောက် ဘုန်းတော်ကြီး ဒလိုင်းလားမားဟောကြားသည့် ဘုရားလောင်းတို့၏ ပြုမူဆောင်ရွက်မှုကို လေ့လာခြင်း အကြောင်း တရားတော်မှ ကောက်နုတ်ချက်ကို ဒေါက်တာအလက်ဇင်းဒါးဘာဇင်း ဘာသာပြန်ဆို တည်းဖြတ်ပါသည်။ အက်ရှာလင်း မြန်မာဘာသာသို့ ပြန်ဆိုသည်။
ဓာတ်ပုံရင်းမြစ်- : himalayanart.org
Top