ခေတ်သစ်လောကတွင် အကြမ်းမဖက်ရေးနှင့် ဘာသာရေး တန်ဖိုးများ အကြောင်းကို ကျွန်ုပ်အား ယနေ့ ဟောပြောခိုင်းပါသည်။ ဤခေါင်းစဉ်များသည် ဆေးပညာ အသက်မွေးလုပ်ငန်းနှင့် သင်ကြားရေးလုပ်ငန်းခွင် ဝင်ရန်စီစဉ်ထားသည်ဟု ကျွန်ုပ်နားလည်ထားသည့် သင်တို့လို ကျောင်းသားများအတွက် အထူးသဖြင့် ဆီလျော်ပါသည်။ အကြောင်းမှာ အခြားသူများကို ကူညီရမည့် သင်တို့အလုပ်တွင် အကြမ်းမဖက်သော ပုံစံဖြင့် သင်တို့ဘက်က ကူညီရန် အလွန်အရေးကြီးသည်မှာ သေချာပါသည်။ အကူအညီပေးခြင်းသည် အကြမ်းဖက်ခြင်း၏ ဆန့်ကျင်ဘက် ဆိုသည်မှာ ရှင်းနေပါသည်။ ထို့ပြင် သင်ကိုယ်တိုင် ဘာသာရေး တန်ဖိုးအချို့ ရှိပါက အလုပ်ကို ပို၍အဓိပ္ပာယ် ရှိစေပါသည်။ ငွေရရုံအတွက်သာ မဟုတ်ဘဲ လူတို့ကို အဓိပ္ပာယ်ရှိသောနည်းဖြင့် အမှန်တကယ် ကူညီနိုင်မည့် အခွင့်အလမ်းကို တန်ဖိုးထားတတ်အောင် ကူညီပေးနိုင်ပါသည်။
ဗုဒ္ဓဘာသာသည် အခြားဘာသာအားလုံးကဲ့သို့ပင် အကြမ်းမဖက်မှု အကြောင်းကို များစွာပြောထားပါသည်။ အကြမ်းမဖက်မှု ဆိုသည်ကို စနစ်အသီးသီးက နည်းလမ်းအမျိုးမျိုးဖြင့် အဓိပ္ပာယ် ဖွင့်ဆိုထားပါမည်။ အကြမ်းဖက်မှုကို ဆောင်ရွက်ချက်၊ အကြမ်းဖက်သော ဆောင်ရွက်ချက် တစ်ခုခုအနေနှင့် လည်းကောင်း၊ အကြမ်းမဖက်မှု ဆိုသည်မှာ ထိုအပြုအမူမျိုးမှ ရှောင်ရှားမှု ဖြစ်သည်ဟု လည်းကောင်း မကြာခဏ တွေးမိပါသည်။ သို့သော် ဗုဒ္ဓဘာသာတွင် ၎င်းကို ချဉ်းကပ်ပုံမှာ ကျွန်ုပ်တို့၏ စိတ်အခြေအနေနှင့်ပို၍ ပတ်သက်ပါသည်။ ဤသည်မှာ အကြမ်းဖက်သော အပြုအမူ အချို့ ဆောင်ရွက်လေ့ ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ကြမ်းတမ်းသော စိတ်အခြေအနေမှ ပေါ်ထွက်လာခြင်းပင် မဟုတ်ပါလား။ ထို့ကြောင့် တစ်ယောက်ယောက်ကို မနာကျင်အောင် ရှောင်ရှားရုံနှင့်၊ သင့်စိတ်တွင် သူတို့ကို အန္တရာယ်ပေးလိုသော အလွန်ကြမ်းတမ်းသည့် အတွေးများ ရှိနေပါက ယင်းမှာ အလုပ်မဖြစ်ပါ။ ထို့ကြောင့် အကြမ်းဖက်သော စိတ်အခြေအနေကို နားလည်ရန်နှင့် ယင်းကိုကျော်လွှားသည့် နည်းလမ်းများကို လေ့လာရန် အရေးကြီးပါသည်။
အကြမ်းဖက်မှု သုံးမျိုးနှင့် အကြမ်းမဖက်မှု
ကြမ်းတမ်းသော စိတ်အခြေအနေဖြစ်သည့် အကြမ်းဖက်မှုကို ဗုဒ္ဓဘာသာ တရားတော်များတွင် သုံးမျိုးခွဲခြားထားပါသည်။ အကြမ်းဖက်မှု ဆိုသော စကားလုံးကို နောက်တစ်နည်း ဘာသာပြန်လျှင် “ရက်စက်ကြမ်းကြုတ်မှု” ဖြစ်နိုင်ပါသည်။ အကြမ်းဖက်မှု အကြောင်း ပြောသောအခါ ဖိအားပေးခြင်း၊ သန်မာခြင်းအကြောင်း ပြောနေခြင်း မဟုတ်ပါ။ အကြောင်းမှာ တစ်စုံတစ်ယောက်သည် ၎င်းကိုယ်တိုင်ဖြစ်စေ၊ အခြားသူများကိုဖြစ်စေ အန္တရာယ် မပေးအောင် ဖိအားပေးသော နည်းလမ်းများကို တစ်ခါတစ်ရံ အသုံးပြုရသောကြောင့် ဖြစ်ပါသည်။ သင့်သားသမီးသည် လမ်းပေါ်တွင် ပြေးနေပြီး အလွယ်တကူ ကားတိုက်သေဆုံးနိုင်ပါက “အို၊ ကလေးရေ၊ လမ်းပေါ်မှာ မပြေးပါနဲ့” ဟု ပြောနေမည် မဟုတ်ပါ။ ကလေးငယ်ကို အင်အားသုံးပြီး ဆွဲခေါ်လိုက်ရနိုင်ပါသည်။ ထို့ကြောင့် ယင်းမှာ အကြမ်းဖက်မှုဟု မဆိုလိုပါ။ အကြမ်းဖက်မှုသည် အန္တရာယ် ဖြစ်စေလိုခြင်းဖြစ်ပြီး ကျွန်ုပ်တို့သည် နည်းအမျိုးမျိုးဖြင့် အန္တရာယ် ပေးနိုင်ပါသည်။ ထို့ကြောင့် ဗုဒ္ဓဘာသာတွင် ဤအမျိုးအစား သုံးမျိုးကို ဖော်ပြထားပါသည်။ ထိုထက်ပို၍လည်း ရှိနိုင်မည် ထင်ပါသည်။
အခြားသူများအပေါ် အကြမ်းမဖက်ခြင်း
အကြမ်းဖက်မှု ပထမအမျိုးအစားသည် အခြားသူများကို အကြမ်းဖက်သော နည်းဖြင့် တွေးတောခြင်း ဖြစ်သည်။ ၎င်းသည် အခြားသူများကို ထိခိုက်ပျက်စီးစေလိုသော ဆန္ဒဖြင့် ကရုဏာ မရှိသည့် ရက်စက်ခြင်းဟု ဆိုလိုပါသည်။ ကရုဏာသည် အခြားသူများကို ဆင်းရဲဒုက္ခနှင့် ဆင်းရဲဒုက္ခ၏ အကြောင်းရင်းများမှ လွတ်ကင်းစေလိုသော ဆန္ဒ ဖြစ်ပါသည်။ ဤနေရာတွင် အခြားသူများကို ဆင်းရဲဒုက္ခမှ ကင်းလွတ်စေမည့်အစား မိမိကြောင့်ဖြစ်စေ၊ အခြားသူများကြောင့်ဖြစ်စေ၊ သဘာဝအလျှောက် ဖြစ်ပေါ်၍ဖြစ်စေ သူတို့ကို ဆင်းရဲဒုက္ခ ဖြစ်စေလိုပါသည်။ ပြဿနာများ ဖြစ်စေလိုပါသည်။ ထို့ပြင် ထိုစိတ်အခြေအနေကို ကျော်လွှားရန်အတွက် အားလုံးသည် တူညီမှုရှိပုံကို တွေးတောရန် လိုပါသည်။ အားလုံးသည် ပျော်ရွှင်လိုပြီး မပျော်ရွှင်မှုကို အလိုမရှိကြသည့် အရာတွင် တူညီပါသည်။
ထို့ကြောင့် တစ်ယောက်ယောက်က ကျွန်ုပ်တို့ကို အန္တရာယ် ပေးသောအခါ၊ ဥပမာအားဖြင့် သင်က စာသင်ခန်းတွင် စာသင်နေပြီး ကျောင်းသားတစ်ယောက်က အခြားသူများကို အန္တရာယ်ပေးကာ နှောင့်ယှက်ပါက သူ့ကို ဒေါသ၊ သည်းမခံမှု၊ အခြားသော မသက်မသာဖြစ်ကာ မကျေလည်သည့် စိတ်အခြေအနေများဖြင့် အပြစ်ပေးသည့်အနေနှင့် တွေးမည့်အစား ဤကလေးငယ်သည် ဖျားနာနေသည်ဟု တွေးလျှင် ပို၍အထောက်အကူ ပြုပါသည်။ ကလေးငယ်သည် ပျော်ရွှင်လိုသော်လည်း ဘယ်လိုပျော်ရွှင်ရမည်ကို ရှင်းလင်းမှန်ကန်စွာ မသိပါ။ အလွန် အနှောင့်အယှက်ဖြစ်သော နည်းဖြင့်၊ ရှုပ်ထွေးသော စိတ်အခြေအနေဖြင့် သူတို့ကို ပို၍ပျော်ရွှင်စေမည်ဟု တွေးကာ ထိုသို့ ပြုမူလိုက်ပါသည်။ ထို့ကြောင့် ကလေးငယ်အပေါ် ထိုသို့သော သဘောထား ရှိပါက ကျွန်ုပ်တို့သည် ကလေးငယ်ကို ဆိုးသွမ်းသည့်အတွက် အပြစ်ပေးရမည်ဟု မတွေးတော့ပါ။ ကရုဏာ ရှိလာပါသည်။ ဤကလေးငယ်သည် အတန်းထဲတွင် အလွန် ဆိုးသွမ်းနှောင့်ယှက်စေသော သူ၏ရှုပ်ထွေးမှုနှင့် ပြဿနာများကို ကျော်လွှားစေလိုသည့် ဆန္ဒ ဖြစ်ပါသည်။
ယခုအခါ ကျွန်ုပ်တို့သည် ဘာမှမလုပ်ဘဲ သည်အတိုင်း နေရမည်ဟု မဆိုလိုပါ။ အကြမ်းမဖက်ခြင်း ဆိုသည်မှာ ဘာမှမလုပ်ခြင်း မဟုတ်ဘဲ ဤအနှောင့်အယှက် ပေးသော ကလေးငယ်ကို ဒေါသမထွက်ရန်၊ အန္တရာယ် မပေးရန် ဆိုလိုပါသည်။ ထို့ကြောင့် ဤကလေးငယ် အနှောင့်အယှက် ဆက်မပေးအောင် ကျောင်းမှလက်ခံနိုင်သော နည်းလမ်းများဖြင့် တစ်ခုခု ဆောင်ရွက်ရပါတော့မည်။ သို့သော် ထိုနောက်ကွယ်မှ စိတ်ဓာတ်စေ့ဆော်မှု၊ ထိုနောက်ကွယ်မှ စိတ်အခြေအနေသည် ဤကလေးငယ် ဆိုးသောကြောင့် အပြစ်ပေးလိုစိတ်နှင့် အလွန်ခြားနားပါသည်။
“စိတ်ဓာတ်စေ့ဆော်မှု” ဆိုသော စကားလုံးကို နားလည်ရန် အလွန်အရေးကြီးပါသည်။ ၎င်းတွင် အပိုင်းနှစ်ပိုင်း ရှိပါသည်။ တစ်ခုမှာ ကျွန်ုပ်တို့၏ ရည်မှန်းချက် သို့မဟုတ် ရည်ရွယ်ချက် ဖြစ်ပြီး အခြားတစ်ခုမှာ ထိုရည်မှန်းချက် အောင်မြင်အောင် တွန်းပို့သော စိတ်ခံစားချက် ဖြစ်ပါသည်။ ရည်မှန်းချက်သည် ကလေးငယ်ကို ကူညီရန်ဖြစ်သည်။ ဥပမာပြရလျှင် ထိုသို့ကူညီရန်အတွက်လည်း ဆရာဖြစ်နေပါသည်။ ကျန်းမာရေးလုပ်ငန်းထဲ ဝင်လျှင်လည်း ထိုအတိုင်း ဖြစ်ပါသည်။ ကျွန်ုပ်တို့၏ ရည်မှန်းချက်သည် လူနာကို ကူညီရန် ဖြစ်ပါသည်။ ထိုရည်မှန်းချက် အောင်မြင်အောင် တွန်းပို့သည့် စိတ်အခြေအနေသည် အဘယ်နည်း။ ငွေရှာရန် သို့မဟုတ် အခြားသူက ကျွန်ုပ်တို့ကို အမှန်ပင် ကျေးဇူးတင်စေရန် ဆိုပါက အလွန်အတ္တဆန်သော စိတ်ဓာတ်စေ့ဆော်မှု မဟုတ်ပါလား။ အတ္တဗဟိုပြုမှု ဖြစ်ပါသည်။ ထို့ပြင် ကျွန်ုပ်တို့အတွေးသည် မိမိအတွက်သာ အများစု အာရုံစိုက်သည့်အတွက် တစ်ဖက်လူကို အကောင်းဆုံး ဖြစ်မည့်အရာကို သေချာ အာရုံမစိုက်တော့ပါ။ တစ်စုံတစ်ယောက်သည် ခွဲစိတ်ရန် အမှန်တကယ် မလိုဘဲ လိုအပ်သည်ဟု ညွှန်းလိုက်ကာ ခွဲစိတ်ကုသမှုမှနေ၍ ငွေပိုမိုရရှိမည့်အတွက် ထိုသို့ညွှန်းဆိုသည့် ဆရာဝန်ကဲ့သို့ပင် ဖြစ်ပါသည်။ သို့သော် တစ်ဖက်လူကို ကူညီရန် ဤရည်မှန်းချက် အောင်မြင်ရန်အတွက် တွန်းအားပေးလိုသည်မှာ ကရုဏာ ဖြစ်ပါသည်။ တစ်ဖက်လူကို တွေးပေးခြင်း၊ သူတို့ သာယာဝပြောရေးကို တွေးပေးခြင်း၊ သူတို့အတွက် အကောင်းဆုံးကို တွေးပေးခြင်း ဖြစ်ပါသည်။
ယခုအခါ ကျန်းမာရေးလုပ်ငန်းတွင် တစ်စုံတစ်ယောက်ကို ကူညီရန်အတွက် ဆေးထိုးခြင်း၊ ခွဲစိတ်ခြင်း စသည့် အတော်နာကျင်သော ကုသမှုကို အသုံးပြုရပါသည်။ (ခွဲစိတ်ပြီးချိန်တွင် နာကျင်ပါသည်။) သို့သော် ယင်းမှာ ထိုသူကို နာကျင်စေလိုသည့် ရည်ရွယ်ချက် မဟုတ်သောကြောင့် အကြမ်းဖက်မှု မဟုတ်ပါ။ ရည်ရွယ်ချက်မှာ သူတို့နာကျင်မှု၊ သူတို့ပြဿနာ၊ သူတို့ဖျားနာမှုတို့မှ နေပြန်ကောင်းလာအောင် ကူညီရန် ဖြစ်ပါသည်။
ထို့ကြောင့် ဆိုးသွမ်းသော ကျောင်းသားတစ်ယောက်ကို စည်းကမ်းကြပ်မတ် သောအခါတွင်လည်း ထိုအတိုင်း ဖြစ်ပါသည်။ ကျောင်းသားသည် မိမိကဲ့သို့ လူသားတစ်ယောက် ဖြစ်သည်ကို သဘောပေါက်သည့်အတွက် ကျွန်ုပ်တို့သည် သူ့ကိုကူညီလိုပါသည်။ သူသည် ပျော်ရွှင်လိုပြီး မပျော်ရွှင်မှုကို အလိုမရှိပါ။ ဘဝတွင် ပိုမိုပျော်ရွှင်မည့်နည်းကို ကျွန်ုပ်သည် သူ့အား သင်ကြားပြသပေးနိုင်ပါသည်။ အနာဂတ်တွင် ဤကလေးသည် မည်သည့်လုပ်ငန်းကို လုပ်ကိုင်သည်ဖြစ်စေ ဤသူတွင် စည်းကမ်းရှိပါက၊ အခြားသူများနှင့် ပူးပေါင်းဆောင်ရွက်နည်းကို သိရှိပါက မည်မျှ အကျိုးရှိမည်နည်း။ ဤသည်တို့မှာ အနာဂတ်တွင် မည်သူ့ကိုမဆို လူတိုင်းကို ကူညီမည့်ကိစ္စများ ဖြစ်ပါသည်။
ထို့ပြင် စည်းကမ်းဆိုသည်မှာ မိမိကိုယ်ကို ထိန်းချုပ်မှုဟု ဆိုလိုပါသည်။ ကလေးငယ်သည် ဆိုးသွမ်းလိုသောအခါ သူ့ကိုယ်သူ ထိန်းချုပ်ရမည်ဟု သင်ကြားပေးပါ။ ထို့ပြင် ကလေးကို စည်းကမ်းကြပ်မတ်သောအခါ ကျွန်ုပ်တို့၏ ရည်မှန်းချက်၊ ရည်ရွယ်ချက်သည် သူတို့ကိုယ်တိုင် စည်းကမ်းသတ်မှတ်တတ်အောင် ကူညီရန် ဖြစ်ပါသည်။ ထို့ပြင် ကလေးကို စည်းကမ်းကြပ်မတ်သောအခါ ထိုစိတ်အခြေအနေ ရှိပါက ကလေးကို များစွာဆက်သွယ်နိုင်သည့်သဘော ရှိပါသည်။ ယင်းမှာ မိဘသည် ကလေးကို စည်းကမ်းကြပ်မတ်သောအခါ ကလေးကို မုန်းတီးမှု မရှိသကဲ့သို့ပင် မဟုတ်ပါလား။
ထို့ကြောင့် ကျွန်ုပ်တို့သည် ဆေးပညာနှင့် သင်ကြားရေးကဲ့သို့ အကူအညီပေးသည့် လုပ်ငန်းများ လုပ်ကိုင်ပါက သင်ယူလေ့ကျင့်ရန် အရေးကြီးသည့်အချက်များဟု ထင်ပါသည်။ ချစ်ခင်သော သဘောထား၊ ကရုဏာ သဘောထားတို့ဖြင့် လူနာများကို ကူညီရန်၊ တပည့်များကို ကူညီရန်၊ ပိုမိုသာယာပျော်ရွှင်သောဘဝ နေထိုင်ရန်၊ ပြဿနာများ ကင်းစေရန် စိတ်ထဲတွင် ထားရှိရပါမည်။ ပြင်ပတွင်လည်း ပညာရှင် ပီသရပါမည်။ အလေးအနက်ထားရန်နှင့် တစ်ခါတစ်ရံ အတော်လေး တင်းကြပ်ရန် ဆိုလိုပါသည်။ ထိုအခါ ကျွန်ုပ်တို့အလုပ်ကို ဤသို့အကြမ်းမဖက်သော ပထမ အဓိပ္ပာယ်အရ အကြမ်းမဖက်သောနည်းဖြင့် လုပ်ကိုင်နိုင်ပါသည်။
ထို့ကြောင့် အခြားသူများကို အန္တရာယ် ပေးလိုသည့် ကရုဏာ ကင်းမဲ့မည့်အစား ကရုဏာဖြင့် သူတို့ကို အန္တရာယ်နှင့် ဆင်းရဲဒုက္ခတို့မှ ကင်းလွတ်စေလိုပါသည်။ တစ်စုံတစ်ယောက်ကို ကူညီရန် အကောင်းဆုံးနည်းလမ်းကို သိရှိရန် အလွန်ခက်ခဲသည်မှာ မှန်ပါသည်။ ထို့ပြင် ကလေးငယ်တိုင်း၊ လူနာတိုင်းသည် တစ်သီးပုဂ္ဂလ ဖြစ်ပါသည်။ ထို့ကြောင့် တစ်ယောက်အတွက် အဆင်ပြေသောအရာသည် နောက်တစ်ယောက်အတွက် အဆင်ပြေချင်မှပြေပါမည်။ ထို့ကြောင့် ဆရာဝန် ဆိုပါက လူနာတိုင်းကိုလည်းကောင်း၊ သင်ကြားရေးဆရာ ဆိုပါက တပည့်တိုင်းကိုလည်းကောင်း တစ်ဦးချင်းအနေနှင့် လေးစားရန်လည်း အလွန်အရေးကြီးပါသည်။ ယခုဆိုလျှင် နေ့စဉ်နေ့တိုင်း လူနာများစွာ၊ စာသင်ခန်းများတွင် ကျောင်းသားများစွာကို ကြည့်ရှုရန် မလွယ်ကူပါ။ သို့သော် တစ်ဦးချင်းကို အမှန်တကယ် သိရှိရန် မဖြစ်နိုင်ပါက အရေးကြီးသည်မှာ မိမိစိတ်အခြေအနေသည် သူတို့ကို အကျိုးလိုလားရပါမည်။ ထို့ပြင် သူတို့ကို အကျိုးလိုလားခြင်းသည် သူတို့ကို လေးစားမှုတွင် အခြေခံပါသည်။ ထို့ပြင် အနီးကပ် သူငယ်ချင်း သို့မဟုတ် သင့်ကလေးငယ်၊ သင့်မိဘ၊ သင့်ညီအစ်ကို မောင်နှမ စသည်တို့ကဲ့သို့ သင့်ဆွေမျိုးကို ထားရှိသည့် အကျိုးလိုလားမှုနှင့် လေးစားမှုတို့အတိုင်း သူတို့အသက်အရွယ်၊ မိမိအသက်အရွယ်အလိုက် သူတို့ကို ရှုမြင်ကြည့်ပါ။
အလွန်အကျိုးရှိသော လမ်းညွှန်ချက်တစ်ခုမှာ ဤပုဂ္ဂိုလ်သည် မိမိကဲ့သို့ လူသားတစ်ဦးဖြစ်ပြီး ခံစားချက်များ ရှိသည်ဟု အမှတ်ရနေရန် ဖြစ်မည်ဟု ထင်ပါသည်။ ကျွန်ုပ်သည် ပျော်ရွှင်ချင်သလို သူတို့လည်း ပျော်ရွှင်ချင်သည်။ ကျွန်ုပ်သည် နှစ်သက်ခံချင်သလို သူတို့လည်း နှစ်သက်ခံချင်ပါသည်။ ထို့ပြင် သူတို့အပေါ် ကြမ်းတမ်းသော အတွေးများထားကာ ကြမ်းတမ်းစွာ၊ အလွန်အေးစက်စွာ ပြုမူပါက ကျွန်ုပ်ကို အခြားတစ်ယောက်က ထိုသို့ပြုမူလျှင် နာကျင်သကဲ့သို့ သူတို့သည်လည်း နာကျင်ပါမည်။ ထို့ကြောင့် ဤသို့ အခြားသူများကို လေးစားသောစိတ်သည် တစ်ဦးချင်းအနေနှင့် အလွန်အရေးကြီးပါသည်။
မိမိကိုယ်ကို အကြမ်းမဖက်ခြင်း
အကြမ်းမဖက်မှု ဒုတိယ အမျိုးအစားသည် ယခုရှင်းပြခဲ့သော တစ်မျိုးနှင့် အနည်းငယ် ဆက်စပ်ပါသည်။ အကြောင်းမှာ ယခုအခါ မိမိကိုယ်ကို ဦးတည်သော အကြမ်းမဖက်မှုအကြောင်း ပြောပါမည် (ပထမတစ်မျိုးက အခြားသူများကို ဦးတည်ပါသည်)။ ဤနေရာတွင် မိမိကိုယ်ကို မပျက်စီးစေခြင်းအကြောင်းကို ပြောပါမည်။ မိမိကိုယ်ကို မပျက်စီးစေသောအခါ မိမိကိုယ်ကို ဆိုးသွမ်းမှု သို့မဟုတ် အန္တရာယ် ဖြစ်စေလိုသောစိတ်ဖြင့် မိမိကိုယ်ကို ချစ်ခင်မှု ကင်းမဲ့ခြင်း ဖြစ်ပါသည်။ ဥပမာအားဖြင့် “ငါမကောင်းဘူး”၊ “ငါညံ့တယ်”၊ “ငါတော်တော် လိုသေးတယ်” စသည့် အတွေးများ ဖြစ်ပါသည်။
အထူးသဖြင့် မိမိသည် ဆရာဝန်ဖြစ်ပြီး မိမိလူနာတစ်ဦးသည် မလွဲမရှောင်သာ ဖြစ်တတ်သည့်အတိုင်း သေဆုံးသွားပါက “အို၊ ငါသည် အလွန်ဆိုးတဲ့ ဆရာဝန်ပဲ။ ငါမကောင်းဘူး” ဟု တွေးကာ အပြစ်ရှိသူလို ခံစားရကာ မိမိကိုယ်ကို တစ်နည်းမဟုတ် တစ်နည်းဖြင့် အပြစ်ပေးခြင်းမျိုး ဖြစ်ပါသည်။ အကြောင်းမှာ တစ်ယောက်ယောက်ကို မကူညီနိုင်ဘဲ သေဆုံးသွားသည့်အတွက် အတော်လေး စိတ်ပိုင်းဆိုင်ရာနှင့် စိတ်ခံစားချက် ပြင်းထန်လေ့ရှိပါသည်။ ကျွန်ုပ်တို့သည် ဘုရားမဟုတ်ပါ။ အားလုံးကို မကူညီနိုင်ပါ။ ဘုရားရှင်သည်ပင်လျှင် အားလုံးကို မကူညီနိုင်ပါ။ ထို့ပြင် သဘာဝအားဖြင့် ကျွန်ုပ်တို့သည် မကြာခဏ ကျရှုံးပါသည်။ လူနာကို မကုသနိုင်ခြင်း သို့မဟုတ် ကလေးတစ်ယောက်ကို မသင်ပေးနိုင်ခြင်း ဖြစ်နိုင်ပါသည်။ သို့သော် ဤသည်မှာ အမှန်တရား၏ သဘောသဘာဝ ဖြစ်ပါသည်။ တစ်ယောက်ယောက်ကို ကူညီနိုင်ရန်အတွက် သူတို့ဘက်က လက်ခံမှု ရှိရပါမည်။ အချို့ရောဂါများကို ကုသ၍မရနိုင်ပါ။ ကုနိုင်လျှင်လည်း တစ်ခါတစ်ရံ အမှားဖြစ်တတ်ပါသည်။ တကယ်တော့ ကျွန်ုပ်တို့သည် လူသားများ ဖြစ်ပါသည်။ အချို့ကျောင်းသားများတွင် ပြင်းထန်သော စိတ်ခံစားချက်၊ လူမှု ပြဿနာ၊ မိသားစု ပြဿနာ တစ်ခုခု ရှိတတ်ပါသည်။ ယင်းမှာ ကျွန်ုပ်တို့က သူတို့အား ကူညီနိုင်စွမ်းကို အမှန်ပင် ကျော်လွန်နေပါသည်။
ထို့ကြောင့် မိမိကိုယ်ကို ပျက်စီးစေနိုင်သည့်၊ တစ်နည်းအားဖြင့် မိမိကိုယ်ကို အကြမ်းဖက်မိနိုင်သည့် နည်းများကို သတိထားရပါမည်။ မိမိကိုယ်ကို ပျက်စီးစေနိုင်သည့် နည်းများမှာ ဥပမာအားဖြင့် မဖြစ်နိုင်သောအရာကို “ငါသည် လုံးဝပြီးပြည့်စုံရမယ်” ဟုတွေးကာ မိမိကိုယ်ကို အလွန်အမင်း တွန်းအားပေးခြင်း ဖြစ်သည်။ ကျွန်ုပ်တို့ ဆောင်ရွက်သမျှကို အတတ်နိုင်ဆုံး ကောင်းအောင် ကြိုးစားရမည် ဖြစ်သော်လည်း မည်သူမျှ ပြီးပြည့်စုံခြင်း မရှိပါ။ ထို့ပြင် တစ်ခုမဟုတ်တစ်ခု မအောင်မြင်သောအခါ နောင်တရပါသည်။ အနာဂတ်တွင် ပိုကောင်းချင်ပါသည်။ သို့သော် ထိုအတွက်ကြောင့် ဆိုးရွားသော စိတ်ဓာတ်ကျမှု မဖြစ်အောင် အမှန်ပင် ကြိုးစားအားထုတ်ဖို့ လိုပါသည်။ အကြောင်းမှာ စိတ်ဓာတ်ကျပါက မိမိအလုပ်ကို ထိခိုက်ပါမည်။ အလုပ်တွင် စွမ်းဆောင်ရည်ကို ထိခိုက်ပါမည်။
ယခုအခါ “ကျွန်ုပ်သည် မိမိကိုယ်ကို စိတ်ဓာတ်မကျအောင် သို့မဟုတ် အလွန်နာကျင်ခံစားရခြင်း မရှိအောင် ဘယ်လို ကာကွယ်နိုင်မလဲ” ဟု ပြောချင်ပြောနိုင်ပါသည်။ သင့်တပည့် တစ်ဦးသည် အလွန်တော်သော်လည်း အကြောင်း တစ်ခုကြောင့် ကျောင်းထွက်သွားရသည် ဆိုပါစို့။ သဘာဝအားဖြင့် ဝမ်းနည်းစရာ ဖြစ်သော်လည်း အဓိကအချက်မှာ စိတ်ဓာတ် မကျရန်လိုပါသည်။ ထို့ကြောင့် စိတ်ဓာတ်မကျအောင် မိမိကိုယ်ကို ဘယ်လိုကူညီနိုင်မလဲ။ ထိုအခါ အခြားသူများနှင့် ဆက်ဆံရေး အနေနှင့် ဆွေးနွေးသည့်ကိစ္စသို့ ပြန်ရောက်လာပါသည်။ အခြားသူများကို အမှန်ပင် ကူညီလိုပြီး အန္တရာယ် မပေးရန် အရေးအကြီးဆုံး အချက်တစ်ချက်မှာ မိမိကိုယ်ကို လေးစားသလို သူတို့ကို လေးစားရန် ဖြစ်ပါသည်။ “ငါ့မှာ စွမ်းရည်တွေ ရှိတယ်။ အဲဒီလိုမှ မရှိရင် ဆရာ ဒါမှမဟုတ် ဆရာဝန် ဖြစ်လာမှာ မဟုတ်ဘူး" ဟု အမြဲ အတည်ပြုရန် အရေးကြီးပါသည်။ “ငါလုပ်နေသည့်အလုပ်ကို လုပ်ရာတွင် ရည်ရွယ်ချက်ကောင်းသည်” ဟု မိမိ၏ စိတ်ဓာတ်စေ့ဆော်မှုကို အတည်ပြုရပါသည်။ ထို့ပြင် “လူသားတစ်ယောက် အနေနှင့် ငါသည် ပြီးပြည့်စုံမှု မရှိပါ။ မည်သို့ဖြစ်စေကာမူ အကောင်းဆုံး ကြိုးစားသည့်အတွက် ငါ့ကိုယ်ငါ လေးစားသည်” ဟု အတည်ပြုပါ။ ထိုအခါ စိတ်ဓာတ်မကျအောင် ကူညီပေးပါသည်။
မိမိကိုယ်ကို ရိုးသားစွာ လေ့လာသောအခါ မိမိအကောင်းဆုံး အမှန်တကယ် မကြိုးစားကြောင်း၊ ယခုထက် ပိုကောင်းခဲ့သင့်ကြောင်း တွေ့ရှိပါက ဘာဖြစ်မည်နည်း။ တကယ်တော့ ထိုအခြေအနေတွင် နောင်တရမှာ သေချာပါသည်။ “အနာဂတ်တွင် ပိုကြိုးစားတော့မည်” ဟု အတည်ပြုရန် အရေးကြီးပါသည်။ သို့သော် အကောင်းဆုံး မကြိုးစားသည့် ဤကျရှုံးမှုမျိုး ထပ်မဖြစ်အောင် ကာကွယ်ရန် ယင်း၏ အကြောင်းရင်းများကို လေ့လာရန် လိုပါသည်။ မိမိသည် အလွန်ပင်ပန်းနေခဲ့သောကြောင့် ထိုသို့ဖြစ်နိုင်ပါသည်။ ထိုအတွက် မိမိကိုယ်ကို မပျက်စီးစေဘဲ ကြင်နာရန် လိုပါသည်။ အနားယူမှု မည်မျှလိုကြောင်း မိမိ၏ အကန့်အသတ်များကို သိရှိရန် လိုပါသည်။ ယင်းတို့ကို လေးစားရပါမည်။ ထိုအတွက် စိတ်မကောင်း မဖြစ်ပါနှင့်။ လူတိုင်းတွင် အကန့်အသတ်များ ရှိပါသည်။ အရေးပေါ် အခြေအနေတိုင်းတွင် ပိုမိုဆောင်ရွက် နိုင်သော်လည်း အရာရာသည် အရေးပေါ် မဟုတ်ပါ။ တစ်ခါတစ်ရံ “နားဖို့လိုတယ်” ဟု ပြောလိုက်ရပြီး လိုအပ်လျှင် အနားယူကြည့်ရပါသည်။ တစ်ခါတစ်ရံ မဖြစ်နိုင်ပါ။ သို့သော် ထိုသို့ဖြစ်နိုင်ပါက အပြစ်ရှိသူလို မခံစားရစေဘဲ အနားယူရပါမည်။
ယခုအခါ လုပ်ငန်းခွင်နှင့် မိသားစု တည်ဆောက်ခြင်းကို အတူတကွ ညီမျှအောင် ကြိုးစားပါက အမြဲတမ်း မလွယ်ကူပါ။ မိမိတို့၏ ကလေးများတွင် လိုအပ်ချက်ကြီးများ ရှိပါသည်။ သို့သော် ဤလိုအပ်ချက်များသည် ကျွန်ုပ်တို့ အချိန်ဇယား စသည်ကို စီစဉ်ပုံတွင် ဦးစားပေး ဖြစ်ရန် လိုပါသည်။ သို့မှသာ အလုပ်ပိခြင်း၊ အလွန်ပင်ပန်းခြင်း၊ တစ်ခုခုကို ကောင်းစွာ မဆောင်ရွက်နိုင်ခြင်း တို့ကို ရှောင်ရှားနိုင်ပါမည်။ ထို့ပြင် ခြေကုန်လက်ပန်းကျသည်အထိ ဆက်လက် လှုပ်ရှားနေစရာလည်း မလိုပါ။ ကျွန်ုပ်တို့၏ လိုအပ်ချက်များကို လျစ်လျူရှုခြင်းသည် မိမိကိုယ်ကို အကြမ်းဖက်ခြင်းပင် ဖြစ်ပါသည်။ ထို့ကြောင့် မိမိကိုယ်ကို အကြမ်းမဖက်မှုသည် အလွန့်အလွန် အရေးကြီးပါသည်။
အခြားသူများ၏ ကံဆိုးမှုကို ဝမ်းမသာခြင်း
တတိယမြောက် အကြမ်းမဖက်မှု အမျိုးအစားသည် အခြားသူများ၏ ကံဆိုးမှုအတွက် ဝမ်းမသာခြင်း ဖြစ်ပါသည်။ တစ်နည်းဆိုသော် အကြမ်းဖက်မှုကို ရက်စက်ကြမ်းကြုတ်သော စိတ်အခြေအနေနှင့် တွေးပါက ၎င်းသည် ရက်စက်ရာရောက်ပါသည်။ အခြားသူများ၏ အခက်အခဲများတွင်၊ တစ်နည်းဆိုသော် တစ်စုံတစ်ယောက် ကျရှုံးသောအခါတွင် သာယာသော ကြမ်းတမ်းသည့် စိတ်အခြေအနေ ဖြစ်ပါသည်။ ယခုအခါ “အင်း၊ ဒါမျိုးကို ငါမလုပ်ရဘူး” ဟု တွေးနိုင်ပါသည်။ သို့သော် နိုင်ငံရေး နမူနာများကို တွေးကြည့်ပါက၊ ယှဉ်ပြိုင်သူ နှစ်ဦးရှိပြီး သင်မနှစ်သက်သူက မဲရှုံးခြင်း သို့မဟုတ် ဖယ်ရှားခံရခြင်းကြောင့် ရှုံးသွားသောအခါ ကျွန်ုပ်တို့ အလွန်ပျော်ရွှင်ကြပါသည်။ သူတို့၏ ကံဆိုးမှုကို ဝမ်းသာနေသည် မဟုတ်ပါလား။ ထို့အတူ ဤအခြေအနေမျိုးတွင် ကျွန်ုပ်တို့က အကောင်းဆုံးဟု ထင်ထားသူက အနိုင်ရသွားသောကြောင့် သူတို့ပျော်ရွှင်မှုကို ဝမ်းမြောက်နိုင်ပါသည်။ သို့သော် တစ်ဖက်သား၏ ဆုံးရှုံးမှုကို ဝမ်းသာစရာ မလိုပါ။ အကြောင်းမှာ သူတို့မှာ မိသားစု ရှိသလို သူတို့အပေါ် မှီခိုနေသူများလည်း ရှိပါမည်။ ထိုသူတို့သည်လည်း လူသားများ ဖြစ်သည့်အတွက် ဝမ်းနည်းနေကြပါမည်။ သူတို့ အနိုင်မရသည်ကို ပျော်ရွှင်သော်လည်း သူတို့ကို ဘဝတွင် ပျော်ရွှင်စေလိုပါသည်။ သူတို့ကို ကံဆိုးစေလိုခြင်း (မကောင်းသော အရာများ ဖြစ်စေလိုခြင်း) မရှိရပါ။
ထို့ကြောင့် ကြမ်းတမ်းသောအတွေး သုံးမျိုးကို တိုက်ထုတ်မည့် မကြမ်းမဖက်သောနည်း သုံးမျိုးကို ဤသို့ လေ့လာခဲ့ပါသည်-
- ကရုဏာ မရှိခြင်း – အခြားသူများကို ပျက်စီးမှုနှင့် ဆင်းရဲဒုက္ခ ရှိစေလိုခြင်း
- မိမိကိုယ်ကို ချစ်ခင်မှု မရှိခြင်း – သိလျှက်နှင့်ဖြစ်စေ၊ မသိစိတ်မှဖြစ်စေ မိမိကိုယ်ကို အန္တရာယ် ပေးလိုခြင်း
- အခြားသူများ ကံဆိုးသည်ကို ဝမ်းမြောက်ခြင်း – အခြားသူတစ်ယောက် ကျရှုံးမှု သို့မဟုတ် ဆိုးရွားသော ကိစ္စတစ်ခုခု ကြုံတွေ့ရမှုကို ပျော်ရွှင်ခြင်း။
စောစောက ပြောသလိုပင် ကျွန်ုပ်တို့ ဆောင်ရွက်ချက် အမျိုးအစားသည် အကြမ်းမဖက်ဘဲ ပြင်းထန်နိုင်ပါသည်။ ဗုဒ္ဓဘာသာ သုတ္တန်များထဲမှ ဂန္ထဝင် နမူနာတစ်ခု ရှိပါသည်။ တရားရှုမှတ်သူနှစ်ဦးသည် မြစ်ကမ်းဘေးတွင် ထိုင်နေကြပါသည်။ ထိုစဉ် လူတစ်ယောက် ရောက်လာကာ ဤမျှရေစီးအလွန်သန်သော မြစ်ထဲသို့ ထိုသူသည် ခုန်ဆင်းပြီး ဖြတ်ကူးချင်နေပါသည်။ ဤမြစ်ကို မည်သူမျှ ဖြတ်မကူးနိုင်ပါ။ မည်သူမဆို ကျိန်းသေရေနစ်သွားပါမည်။ ထို့ကြောင့် တရားရှုမှတ်သူတစ်ဦးက မျက်နှာတွင် အလွန် တည်ငြိမ်စွာဖြင့် ထိုင်နေပြီး ထိုသူမြစ်ထဲကျသွားပြီး ရေနစ်မည်ကို ဘာမှ မပြုလုပ်ပါ။ တရားရှုမှတ်နေသော အခြားတစ်ယောက်ကမူ ထရပ်ပြီး ထိုသူ မြစ်ထဲမဆင်းရန် ယုံကြည်အောင် ပြောမနေတော့ပါ။ ထိုသူကို မေ့သွားအောင် လက်သီးနှင့် ထိုးပစ်ကာ မြစ်ထဲမဆင်းအောင် တားမြစ်လိုက်သည်။ ဘုရားရှင်သည် ဤအဖြစ်အလုံးစုံကို မြင်တွေ့ပါသည် (ဘုရားရှင်သည် အတူပါလာပြီး ဤအဖြစ်အပျက်ကို မြင်ပါသည်)။ ထို့နောက် မျက်နှာတွင် အပြုံးမပျက် ငြိမ်းချမ်းစွာထိုင်ပြီး တရားရှုမှတ်သူကို အကြမ်းဖက်မှု ကျူးလွန်သူဟု ဆိုပါသည်။ ထိုသူကို လက်သီးနှင့်ထိုးကာ အနာတရ မဖြစ်အောင် ကာကွယ်သူသည် အကြမ်းမဖက်သော အပြုအမူ ဖြစ်ပါသည်။ အဘယ်ကြောင့်နည်း။ စိတ်ဓာတ်စေ့ဆော်မှု၊ စိတ်အခြေအနေအရ ထိုသူကို ဆင်းရဲဒုက္ခ မဖြစ်စေလိုသော၊ ရေမနစ်စေလိုသော ကူညီမှုကြောင့် ဖြစ်ပါသည်။
ဘာသာရေး တန်ဖိုးများ
ယခုအခါ ဤအချက်အားလုံးသည် ယခုမနက် ကျွန်ုပ်တို့ဆွေးနွေးသည့် ခေါင်းစဉ်၏ ဒုတိယအပိုင်း ဖြစ်သော ခေတ်သစ်ကမ္ဘာတွင် ဘာသာရေး တန်ဖိုးများအကြောင်းနှင့် ဆက်စပ်ပါသည်။ “ဘာသာရေး” ဆိုသည့် စကားလုံးသည် အဓိပ္ပာယ် သတ်မှတ်ရန် ခက်ခဲသော စကားလုံး ဖြစ်ပါသည်။ ဆိုလိုရင်း အမျိုးမျိုး ရှိပါသည်။ အင်္ဂလိပ်ဘာသာနှင့် ရုရှားဘာသာတို့တွင် မတူညီသော အဓိပ္ပာယ်ကို ဆောင်နိုင်သည်မှာ သေချာပါသည်။ သို့သော် ဗုဒ္ဓဘာသာအရ အဓိပ္ပာယ် သတ်မှတ်ထားပုံ သို့မဟုတ် အလားတူ စကားလုံးအနေနှင့် လေ့လာကြပါစို့။ ထို့ပြင် ဗုဒ္ဓဘာသာတွင် ကျွန်ုပ်တို့သည် ဓမ္မအကြောင်း ပြောပါသည်။ “ဓမ္မ” ဆိုသည်မှာ ကာကွယ်သော နည်းလမ်းဟု ဆိုလိုပါသည်။ ဆင်းရဲဒုက္ခနှင့် ပြဿနာများ ရှောင်ရှားရန် ဆောင်ရွက်သောအရာ ဖြစ်ပါသည်။ ထို့ပြင် ရုတ်တရက် ဖြစ်ပေါ်သော အခြေအနေများအဖြစ် စဉ်းစားခြင်း မဟုတ်ပါ။ ဥပမာအနေနှင့် ကားမောင်းရင်း သို့မဟုတ် စက်ဘီးစီးရင်း တစ်ယောက်ယောက်ကို မတိုက်မိအောင် ဘေးသို့ကွေ့လိုက်ခြင်းမျိုး ဖြစ်ပါသည်။ ယင်းမှာ ဓမ္မ မဟုတ်ပါ။
ထို့ကြောင့် နေ့စဉ်ဆောင်ရွက်သော လတ်တလော ကိစ္စများအကြောင်း ပြောနေခြင်း မဟုတ်ပါ။ ယင်းကို ဘာသာရေးဟု မခေါ်ဆိုပါ။ အနာဂတ်တွင် တစ်ခုခုကို ကာကွယ်လိုသောအနေနှင့် စဉ်းစားခြင်းသာ ဖြစ်ပါသည်။ ဗုဒ္ဓဘာသာ အပါအဝင် ဘာသာတရား အများစုတွင် ဤသို့ အနာဂတ်ဘဝအကြောင်း တွေးခြင်း ဖြစ်ပြီး အချို့ဘာသာများတွင် နောင်ဘဝကို တွေးတောရာ၌ ယခုဘဝတွင် ရုပ်ပိုင်းဆိုင်ရာ အောင်မြင်မှုကိုသာ အဓိက အလေးထားခြင်း မဟုတ်ပါ။ သေဆုံးချိန်တွင် အားလုံးကို ထားခဲ့ရသောကြောင့် ဖြစ်ပါသည်။ ယခုဘဝသည် အနာဂတ်၏ များပြားလှသော အချိန်နှင့် နှိုင်းယှဉ်ပါက အလွန်တိုတောင်းပါသည်။
ယခုအခါ နောင်ဘဝ ရှိသည်ကို ယုံကြည်ပါက အလွန်ကောင်းသော်လည်း ကျွန်ုပ်တို့ အများစုက ယင်းကိုယုံချင်မှ ယုံပါမည်။ ထိုအခါ ဘာသာရေးဆန်သူ ဖြစ်ပါဦးမည်လား။ ယခုဘဝ ရုပ်ဝတ္ထုကြွယ်ဝမှု အနေနှင့် မိမိကိုယ်တိုင်၊ မိမိ၏ မိသားစုအတွက်သာ မကဘဲ ပိုမိုရှည်ကြာသော ကာလ ဥပမာ၊ နောက်မျိုးဆက်များအတွက်လည်း တွေးပါက ထိုသို့ကျိန်းသေ ဖြစ်နိုင်သည်ဟု ထင်ပါသည်။ တစ်နည်းဆိုသော် ကျွန်ုပ်တို့ စွမ်းဆောင်နိုင်သမျှ အသေးအဖွဲပင် ဖြစ်စေကာမူ ပိုမိုကောင်းမွန်သော ကမ္ဘာကြီး ဖြစ်အောင် ဖြည့်ဆည်းကြိုးစားကြပါ။ ဤနေရာတွင်လည်း ဗုဒ္ဓမြတ်စွာ အသုံးပြုသော နမူနာတစ်ခုမှာ ဆန်စေ့တစ်စေ့ချင်းစီသည် ဆန်အိတ်ကြီး တစ်အိတ်ကို ပြည့်စေပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့ထဲမှ အချို့သည် ထိုဆန်အိတ်ကြီးထဲသို့ ဆန်လက်တစ်ဆုပ်စာလုံး ဖြည့်ဆည်းနိုင်ပြီး အချို့မှာ ဆန်စေ့ တစ်စေ့သာ ဖြည့်ဆည်းချင် ဖြည့်ဆည်းနိုင်ပါသည်။ သို့သော် သူတို့အားလုံးမှာ ဖြည့်ဆည်းပေးနေပါသည်။ ယင်းမှာ လိုရင်းအချက် ဖြစ်သည်။ အများကြီး မဖြည့်ဆည်းပေးနိုင်သည်ကို တွေ့ရပါကလည်း အနည်းဆုံးတော့ ကြိုးစားရပါမည်။
ထို့ကြောင့် ဆရာ သို့မဟုတ် ကျန်းမာရေးလုပ်သား ဖြစ်လာရန် လေ့ကျင့်နေသူတို့အတွက် ပိုမိုကောင်းမွန်သော ကမ္ဘာတစ်ခု ဖြစ်အောင် ဖြည့်ဆည်းသည့်အနေနှင့် တွေးရန် အခွင့်အရေးကောင်းတစ်ခု ဖြစ်ပါသည်။ ဆရာများအနေနှင့် သင်တို့သည် အနာဂတ်ကို သွားနေပြီး သူတို့ကိုယ်ပိုင် ဖြည့်ဆည်းမှုများ ပြုလုပ်မည်ဟု မျှော်လင့်ရသည့် မျိုးဆက်များကို လေ့ကျင့်ပေးနေပါသည်။ ဆရာဝန်များအနေနှင့်လည်း သင်တို့သည် ဖျားနာသူများကို အနာဂတ်တွင် ဆက်လက် ဖြည့်ဆည်းနိုင်အောင် ကုသပေးနေပါသည်။ ထို့ကြောင့် သူတို့ကို ပျော်ရွှင်စေလိုခြင်း၊ မပျော်ရွှင်မှု မဖြစ်စေလိုခြင်းနှင့် တွဲဖက်နေပါသည်။ ထို့ကြောင့် သူတို့အပေါ် အကြမ်းဖက်သော သို့မဟုတ် ကြမ်းကြုတ်သော အတွေးများ မရှိသလို သူတို့ကို လေးစားပါသည်။ “ငါသည် အနာဂတ်အတွက် ဖြည့်ဆည်းနိုင်သည်” ဟူ၍ မိမိကိုယ်ကို လေးစားပြီး မိမိ၏ လူနာများ၊ မိမိ၏ တပည့်များကိုလည်း “သူတို့သည်လည်း ဖြည့်ဆည်းနိုင်သည်” ဟူ၍ လေးစားပါသည်။ သို့ဆိုလျှင် ဖြည့်ဆည်းမှု ဆိုသည်မှာ အဘယ်နည်း။ ပိုကောင်းသော ကမ္ဘာဖြစ်စေရန်မှာ ဘာကိုဆိုလိုပါသနည်း။ ၎င်းသည် လူတို့ကို ပိုမိုပျော်ရွှင်စေရန် အခြေခံအားဖြင့် မြှင့်တင်ပေးသည်ဟု ဆိုလိုပါသည်။ ပိုမိုပျော်ရွှင်သည် ဆိုရာတွင် ရုပ်ပိုင်းဆိုင်ရာ အဆင့်သည် အရေးကြီးသော်လည်း ဤမျှသာ မကပါ။ ဘဝတွင် ကြုံလာသမျှကို ဖြေရှင်းရန် စိတ်ငြိမ်းချမ်းမှု၊ နည်းပညာ ကျွမ်းကျင်မှုများသာမက စိတ်ခံစားချက် အရည်အချင်းများပါ အသုံးပြုနိုင်စေရေးအတွက် ဖြစ်ပါသည်။
ထို့ကြောင့် ယင်းတို့ကို ဘာသာရေး တန်ဖိုးများဟု ယူဆပါသည်။ ဘဝတွင် အရေးကြီးသည်ဟု ယူဆသော အရာများ၊ ဘဝတွင် ဆောင်ရွက်နေသော အရာများဟုလည်း ဆိုနိုင်ပါသည်။ အကျဉ်းချုပ်အားဖြင့် သင်တို့ကဲ့သို့ ငယ်ရွယ်သူများ အနေနှင့် စိတ်ဓာတ်စေ့ဆော်မှု အကြောင်းကို အလွန်လေးနက်စွာ တွေးတောရန် အထူးသဖြင့် အလွန်အရေးကြီးသည်ဟု ထင်ပါသည်။ ငါသင်ယူနေသောအရာကို ဘာကြောင့် သင်ယူသလဲ။ ဘဝတွင် ဘာကိုအောင်မြင်လိုသလဲ။ အနာဂတ်တွင် ငါ့မိသားစုအတွက် ဘာကိုအောင်မြင်လိုသလဲ။ အနာဂတ် မျိုးဆက်များအတွက် နောက်ဆုံးတွင် ဘာကို ချန်ရစ်ခဲ့လိုပါသလဲ။ ထို့ပြင် ဘာကြောင့် ဤသို့ဖြစ်ချင်သလဲ။ ဤသည်မှာ အတွင်းစိတ်ကို လေ့လာမှုများစွာ လိုအပ်နိုင်ပါသည်။ သို့သော် ကြိုးစားရ အလွန်ထိုက်တန်ပါသည်။ ဤမေးခွန်းများအတွက် ကျွန်ုပ်တို့၏ အဖြေများသည် စိတ်ကျေနပ်ဖွယ် သိပ်မရှိသည်ကို တွေ့ရနိုင်ပါသည်။ “ကျွန်ုပ်၏ စိတ်ဓာတ်စေ့ဆော်မှုကို ပြုပြင်ရန် လိုပါသလား” ဟု ဆုံးဖြတ်ရန် အသုံးပြုသော အမျိုးအစား သတ်မှတ်ချက်သည် ကျွန်ုပ် ဆောင်ရွက်နေသော အရာသည် ကျွန်ုပ်နှင့် အခြားသူများကို ပျော်ရွှင်မှု ဖြစ်စေသလား၊ ပြဿနာများ ဖန်တီးပေးသလားဟု မြင်နိုင်ရန် ဖြစ်ပါသည်။ ဤသို့ အကဲဖြတ်ရာတွင် ရေရှည် အကျိုးသက်ရောက်မှုက ခဏတာ ရေတိုသက်ရောက်မှုများထက် ပို၍အရေးကြီးပါသည်။ သို့သော် ဘဝတွင် ကျွန်ုပ်တို့ ဆောင်ရွက်နေသည့်အရာကို ရှင်းလင်းမှု ရှိပါက မိမိဘဝတွင် ကောင်းမွန်သော လမ်းကြောင်းဖြင့် သွားနေသည်ကို မြင်တွေ့ရပါက ကောင်းမွန်မှန်ကန်မှုနှင့် စိတ်ကျေနပ်မှု များစွာခံစားရစေပါသည်။
လူတို့ကို တစ်ခါတစ်ရံ စိတ်ဓာတ်ကျစေသော အချက်တစ်ချက်မှာ သူတို့ဘဝသည် အဓိပ္ပာယ် မရှိကြောင်း၊ ဦးတည်ရာ မဲ့နေကြောင်း တွေ့ရှိခြင်း ဖြစ်သည်ဟု ထင်ပါသည်။ ကျွန်ုပ်တို့သည် အသေက်မွေးဝမ်းကြောင်းတစ်ခု လိုက်စားနေသော်လည်း နှလုံးသားက ထိုအထဲတွင် မရှိပါ။ ကမ္ဘာ့ပြဿနာများ၊ မိမိနိုင်ငံ၏ ပြဿနာများ၊ မိမိခရိုင်၏ ပြဿနာများ၊ မိမိနှင့် မိသားစု၏ ပြဿနာများ အားလုံးသည် အလွန်ဆိုးရွားလှသည်ဟု ခံစားရပါသည်။ ယင်းမှာ အလွန်ဝမ်းနည်းဖွယ် ဖြစ်ပါသည်။ ပျော်ရွှင်သော ဘဝ မဟုတ်ပါ။ ထို့ပြင် ဤသို့စိတ်ပျက်သော ခံစားချက်ကို ကြိုးစားကျော်လွှားရန် မိမိကိုယ်ကို လေးစားမှု လိုအပ်ပြန်ပါသည်။ ကျွန်ုပ်တို့သည် “ပြင်ပအခြေအနေ မည်သို့ရှိစေကာမူ မိမိကိုယ်ကို တိုးတက်အောင်နှင့် ပိုမိုကောင်းမွန်သော လူသားတစ်ယောက် ဖြစ်အောင် စွမ်းဆောင်နိုင်သည်” ဟု ထပ်မံ အတည်ပြုရန် လိုပါသည်။ ဤသို့ အသိအမှတ်ပြုခြင်းဖြင့် မိမိအတွက် ပိုမိုပျော်ရွှင်သူ ဖြစ်စေရန် အရေးကြီးသည်သာမက ဤစိတ်အခြေအနေ တစ်ခုလုံးသည် မိမိအနီးရှိ အားလုံးကိုလည်း သက်ရောက်မှု ရှိပါသည်။ ထို့ကြောင့် အခြားသူများကို ဆေးပညာအရဖြစ်စေ၊ သင်ကြားရေးအရ ဖြစ်စေ ကူညီရန် ဆောင်ရွက်ရာတွင်... ဤသည်မှာ အဓိပ္ပာယ် ရှိသော ကိစ္စတစ်ခု ဖြစ်ပါသည်။ အနာဂတ်ကို မည်သူမျှ မသိသော်လည်း လူတို့ကျန်းမာနေပါက၊ ပညာတတ်နေပါက အရာရာ ပိုကောင်းလာမည်ဟု မျှော်လင့်ချက် ရှိပါသည်။ ဤသို့စိတ်ကူးရသည်မှာ ခက်ခဲကောင်း ခက်ခဲနိုင်ပါသည်။ သို့သော် အနာဂတ်တွင် အခက်အခက်များ ပိုရှိလာသည့်တိုင် ယင်းတို့ကို ဖြေရှင်းရန် လူတို့ကို ပိုမိုကောင်းမွန်စွာ ကူညီပြင်ဆင်ပေးနိုင်ပါသည်။
ဤသည်ကား ခေတ်သစ်ကမ္ဘာတွင် အကြမ်းမဖက်မှုနှင့် ဘာသာရေးတန်ဖိုးများအကြောင်း ကျွန်ုပ်၏အတွေးများ ဖြစ်ပါသည်။
မေးခွန်းများ
ခေတ်သစ်ကမ္ဘာတွင် ကရုဏာသည် ဗုဒ္ဓဘာသာ တန်ဖိုးများထဲတွင် ပါဝင်သည်ကို နားလည်ပါသည်။ သို့သော် လက်တွေ့ဘဝ အခြေအနေမှာ ခက်ခဲပြီး ကလေးများသည် တစ်ခါတစ်ရံ မိဘမဲ့ ကြီးပြင်းရသလို အတော်လေး ဆိုးသွမ်းပါသည်။ ကျွန်ုပ်တို့အတွက် ဆရာနေရာမှ ဆိုလျှင် သူတို့ကို ကရုဏာလိုအပ်ကြောင်း တစ်နည်းနည်းဖြင့် သက်သေပြရန် အလွန်ခက်ခဲပါသည်။ ပိုအားနည်းသူများကို ကာကွယ်ရန်၊ အန္တရာယ် မပေးရန်၊ ပိုပြီး အားနည်းသူများကို မဆိုးသွမ်းရန် သင်ယူလေ့လာဖို့ လိုပါသည်။ ထို့အတူ ကျွန်ုပ်တို့ ဆရာများသည်လည်း ဤသတင်းစကားကို အထူးသဖြင့် အလွန် ခက်ခဲသော လူမှုစီးပွား အခြေအနေများတွင် ကြီးပြင်းခဲ့သည့် အတော်လေး အကြမ်းဖက်သော ကျောင်းသားများထံသို့ မည်ကဲ့သို့ ပေးပို့ရမည်နည်း။
ဤသို့ဆိုးသွမ်းသော ကလေးများကို ကူညီနိုင်မည့် နည်းလမ်းတစ်ခုမှာ သူတို့ကို ရက်ရောခွင့်၊ ပေးဆပ်ခွင့် ပြုခြင်း ဖြစ်မည် ထင်ပါသည်။ တစ်နည်းဆိုသော် (ဥပမာ၊ ကလေးငယ်ကဲ့သို့) တစ်စုံတစ်ယောက်ကို အခြားကလေးများအား ပေးဆပ်ခွင့် ပေးလိုက်ပါက၊ တစ်နည်းဆိုသော် သူတို့သည် စာရွက်များ သို့မဟုတ် အိမ်စာများကို ဝေပေးခြင်း သို့မဟုတ် ရက်ရောက်သော အလုပ်တစ်ခုခု ဆောင်ရွက်ခြင်းဖြင့် အခြားသူများကို ကူညီရန် တစ်ခုခု ဆောင်ရွက်ပေးခြင်း ဖြစ်ပါသည်။ ထိုအခါ ထိုကလေးငယ်ကို မိမိကိုယ်ကို တန်ဖိုးထားမှု ခံစားရစေပါသည်။ တစ်နည်းဆိုသော် ကလေးငယ် တစ်ယောက်သည် အလွန်ခက်ခဲသော နောက်ခံဘဝမှလာပြီး ချစ်ခင်မခံရကြောင်း ခံစားရသောအခါ ဤသို့ ငြင်းပယ်ခံရသည့် ခံစားချက်ကို အလွန်ဆိုးသွမ်းသော အပြုအမူဖြင့် ထွက်ပေါက်ရှာလေ့ရှိပါသည်။ “ကျွန်ုပ်သည် နောက်ခံမကောင်းသည့်အတွက် ဘဝတွင် ယေဘုယျအားဖြင့် ဆိုးသွမ်းသူဟု ယူဆခံရပါက ကျွန်ုပ် မည်မျှ မကောင်းဘူး ဆိုသည်ကို အားလုံးအပေါ် ပြသရမည်” ဆိုသည့်သဘော ဖြစ်ပါသည်။ ထို့ကြောင့် တစ်နည်းဆိုသော် သူတို့သည် လူမှုရေးနှင့် ဆန့်ကျင်ပြီး ပြုမူပါသည်။ လူမှုအသိုင်းအဝိုင်းတွင် မပါဝင်တော့ပါ။ ရာဇဝတ်မှု စသည် ကျူးလွန်ပါသည်။ ဤသို့ အတော်အတွေ့များပါသည်။ သို့သော် သူတို့သည် အကောင်းဆုံး နည်းဖြင့်၊ ဆိုလိုသည်မှာ အလွန်ထိရောက်သော နည်းဖြင့် ပေးဆပ်ခြင်း မဟုတ်သည့်တိုင် တစ်ခုခု ပေးဆပ်နိုင်ကြောင်း သူတို့သည် လူကောင်းဖြစ်သည်ကို ပြသခွင့် ပေးလိုက်ပါက သူတို့သည် အပျက်သဘော မဟုတ်ဘဲ အပြုသဘော တစ်ခုခု ရှိနေသည့်သဘော ပေးအပ်လိုက်ပါသည်။
ဗုဒ္ဓဘာသာအမြင်အရ ဤသည်မှာ ပေးကမ်းခြင်းဖြင့် အပြုသဘော အင်အား သို့မဟုတ် ကုသိုလ်ကို စုစည်းလိုက်ပါသည်။ သို့သော် ဤအတွက် ဗုဒ္ဓဘာသာဖြင့် ရှင်းပြချက် ပေးစရာမလိုပါ။ စိတ်ပညာသဘောအရ ကျွန်ုပ် ရှင်းပြခဲ့သည်မှာ တစ်ခါတစ်ရံ အထောက်အကူ ပြုမည်ဟု ထင်ပါသည်။ သို့သော် သူတို့ကို အပြုသဘော ကောင်းတာလုပ်ခွင့် ပေးခြင်းဖြင့် ဤသည်မှာ အပြစ်ပေးခြင်း ဖြစ်သည်ဟု ထင်မသွားစေရန် အလွန်အရေးကြီးပါသည်။
ကျွန်ုပ်တို့ဘဝတွင် တစ်ခါတစ်ရံ တစ်ယောက်ယောက်ကို စည်းကမ်းကြပ်မတ်မှု ပြုလုပ်ရပါသည်။ သို့သော် ပြန်လည် စည်းကမ်းသတ်မှတ်ခြင်းလည်း ရှိပါသည်။ တစ်ယောက်ယောက်ကို ထပ်ပြီး စည်းကမ်းကြပ်မတ်ရချိန် ဖြစ်ပါသည်။ ဤလုပ်ငန်းတွင် စည်းကမ်းကြပ်မတ် ခံရသူအတွက် အကျိုးအရှိဆုံးမှာ အပြစ်ပေးခြင်းလား၊ လူမှုရေး လုပ်ငန်းကဲ့သို့ အလုပ်တစ်ခုခုလား။ သို့မဟုတ် ထိုသူအတွက် ကျင့်ဝတ်အသိပညာပေးခြင်း တစ်ခုခုလား။ ကလေးများ မဟုတ်ဘဲ စည်းကမ်းကြပ်မတ်ပေးလိုသည့် အကျဉ်းထောင်မှလူများ၊ ရာဇဝတ်သားများအတွက် ဆိုပါစို့။
ဤမေးခွန်းကို ယေဘုယျဖြေရန် ခက်ခဲပါသည်။ အားလုံးသည် တစ်ဦးချင်းစီ ဖြစ်နေပါသည်။ အကျဉ်းထောင်တွင် သင်ကြားမှုကို ကျွန်ုပ်ကိုယ်တိုင် ပါဝင်ခြင်း မရှိသော်လည်း ကျွန်ုပ်၏ ဗုဒ္ဓဘာသာဝင် လုပ်ဖော်ကိုင်ဖက်များက ပါဝင်ဖူးပါသည်။ သူတို့တွေ့ရှိချက် တစ်ခုမှာ ထောင်ထဲတွင် အားလုံးမဟုတ်သော်လည်း လူအများအပြား၏ ဘဝကို လေ့လာစစ်ဆေးရန် အချိန်များစွာယူပါသည်။ သူတို့သည် သူတို့ဘဝကို စစ်ဆေးရန်၊ သူတို့ဘဝတွင် ဆောင်ရွက် ထားခဲ့သည်များ၊ ဘဝတွင် အလိုရှိသောအရာ တို့ကို လေ့လာစစ်ဆေးရန် အချိန်များစွာ ယူရသောကြောင့် ဖြစ်ပါသည်။ ထို့ကြောင့် အကျဉ်းသားများစွာသည် သူတို့ဒေါသကို ဖြေရှင်းရန်၊ သူတို့၏ အကြမ်းဖက်လိုစိတ်ကို ဖြေရှင်းရန် သင်ယူရာတွင် အတော်စိတ်ဝင်စားပါသည်။ ထို့ကြောင့် ဗုဒ္ဓဘာသာ အခြေခံ တရားရှုမှတ်နည်းဖြစ်သည့် ဥပမာ၊ ဝင်လေထွက်လေ အာရုံစိုက်ခြင်းကဲ့သို့ တည်ငြိမ်အောင် ပြုလုပ်ခြင်းကို အလွန်လက်ခံလိုစိတ် ရှိပါသည်။ ထို့ကြောင့် အကျဉ်းသားများသည် ဤအကူအညီမျိုးကို လက်ခံကြပါသည်။ အားလုံးကတော့ အကူအညီကို လက်ခံလိုသည် မဟုတ်ပါ။ သူတို့ လက်မခံလိုပါက ဘာမှ မတတ်နိုင်ပါ။ သူတို့ဘဝကို ပြောင်းလဲတိုးတက်လိုစိတ် မရှိသောအခါ သူတို့ကို ရုပ်ပိုင်းဆိုင်ရာ ပြစ်ဒဏ်ပေးခြင်းဖြင့် သူတို့သည် ပို၍ရန်လိုကာ ဒေါသပိုဖြစ်စေပါသည်။
စိတ်ပညာတွင် အသုံးပြုသော လေ့ကျင့်နည်းအချို့သည် ဤနေရာတွင် အလွန်အသုံးဝင်မည် မဟုတ်သော်လည်း ဤသို့တွေးမိပါသည်။ ဆယ်ကျော်သက်အရွယ် ကလေးငယ်တစ်ယောက်သည် ပူးပေါင်းဆောင်ရွက်မှုမရှိဘဲ အလွန်ဆိုးသွမ်းကာ လူတစ်စု၊ ခေါင်းဆောင်တစ်ဦးနှင့်အတူ ခရီးသွားရာတွင် လားတစ်ကောင် ပါဝင်ပါသည်။ ထိုလားသည် အလွန်ခေါင်းမာသော တိရစ္ဆာန်ဖြစ်ပြီး ခိုင်းရအလွန်ခက်ပါသည်။ သူတို့သည် ဤလားအတွက် တာဝန်ယူထားသောကြောင့် ၎င်းနှင့် ပတ်သက်နေရပါသည်။ သူတို့၏ ဒေါသနှင့် သည်းမခံမှု စသည်တို့ကို ကျော်လွှားကာ ဤလားနှင့်အတူ အလုပ်လုပ်နိုင်အောင် သင်ယူပါသည်။ ထို့ကြောင့် ဤလားတစ်ကောင်နှင့် အလုပ်လုပ်သည်မှာ အပြုသဘော တစ်ခုခုကို ဆောင်ရွက်ရန် တာဝန်အချို့ ပေးလိုက်သည့်သဘောဟု ဆိုလိုပါသည်။
တိရစ္ဆာန်ကို ဂရုစိုက်ရန် ကလေးငယ်အား တာဝန်ပေးခြင်းသည်... တစ်ခါတစ်ရံ တိရစ္ဆာန်က သူတို့ကို မဝေဖန်ဘဲ လူတို့က သူတို့ကို ဝေဖန်ပါသည်။ ခွေးတစ်ကောင်ကို... မည်မျှပင် စည်းကမ်းကြပ်မတ်ထားသော်လည်း ခွေးကသင့်ကို နှစ်သက်ပါသည်။ ထပ်မံ၍ သူတို့ကို ယခုအခါ ခွေးတစ်ကောင်နှင့် ရင်းနှီးခွင့် ပေးသောအခါ တစ်စုံတစ်ဦးကို ယဉ်ပါးစေသော၊ တည်ငြိမ်အောင် ကူညီသော၊ တာဝန်ယူမှု ရှိစေသော သက်ရောက်မှုအချို့ တစ်ခါတစ်ရံ ရှိနိုင်ပါသည်။ သို့သော် အလွန်ကြမ်းတမ်းသူအချို့ ရှိပါသည်။ သူတို့ကို... ခွေးတစ်ကောင် ပေးလိုက်လျှင် ခွေးကိုနှိပ်စက်တတ်ရာ အတော်လေး သတိထားရပါမည်။
ကျွန်ုပ်၏ သူငယ်ချင်းတစ်ယောက်သည် စိတ်ပညာရှင်ဖြစ်ပြီး ကြမ်းတမ်းသော ဆယ်ကျော်သက်များ၊ လမ်းပေါ်တွင် နေထိုင်လေ့ ရှိသော အိမ်ရာမဲ့များ၊ သူတို့နှင့် ဆက်စပ်သော အခက်အခဲများနှင့် အဓိကထား ဆက်ဆံရပါသည်။ သူပြောပြသည်မှာ သူအသုံးပြုသည့် လမ်းညွှန်ချက်တစ်ခုသည် ကျွန်ုပ်တို့ပြောနေသည့် ဤကလေးငယ်များကို ဆက်ဆံရာတွင် အလွန်အကြမ်း မဖက်ဘဲ လူသားတစ်ယောက်ကဲ့သို့ အကျိုးလိုလားပြီး လေးစားမှုရှိရန် ဖြစ်ပါသည်။ သူတို့ကို အလေးအနက်ထားပါ။ သူတို့ကို အမှန်တကယ် နားထောင်ပြီး သူတို့ပြဿနာများကို လေ့လာသင်ယူရန် အချိန်ပေးပါ။ သို့သော် အမှန်တကယ် ရှောင်ရှားရမည့် ကိစ္စတစ်ခုမှာ သူတို့ကိုနားထောင်နေပါက “အို၊ ခင်ဗျားအချိန် ပြည့်ပြီ။ အခု သွားလို့ရပြီ” ဟု မပြောပါနှင့်။ ဤသည်မှာ ငြင်းပယ်မှု ဖြစ်သည့်အတွက် သူတို့က အလွန်ကြမ်းတမ်းစွာ တုံ့ပြန်လေ့ ရှိပါသည်။
ထို့ကြောင့် ဤနေရာတွင် သင်ခန်းစာမှာ- ထိန်းမရသော ကျောင်းသားကို ဖြေရှင်းရမည်ဆိုပါက ထိုကျောင်းသားကို အချိန်ပေးပါ။ ကျောင်းသားကို နားထောင်ပေးရပါမည်။ သူတို့ပြဿနာများကို နားလည်အောင် ကြိုးစားပေးရပါမည်။ (အဖြေတစ်ခု ထွက်မလာသည့်တိုင် စာနာစိတ်ဖြင့် နားထောင်လျှင် အသုံးဝင်ပါသည်။) သို့သော် အချိန်ကန့်သတ်ချက် မထားဘဲ ဤကလေးငယ်ကို လူသားတစ်ဦးကဲ့သို့ လေးစားပါ။
သူတို့ကို စည်းကမ်းကြပ်မတ်ရန် အမှန်တကယ် ဘာလုပ်ရမည်ကို ပြောရအလွန်ခက်ပါသည်။ သင်တို့ လူမှုအသိုင်းအဝိုင်းတွင် လက်ခံသောအရာ၊ လက်မခံသောအရာကို ကျွန်ုပ်မသိပါ။ သို့သော် ဒေါသကြောင့် အပြစ်ပေးခြင်းသည် အထောက်အကူ မပြုပါ။
လူတို့နှင့် နေ့စဉ် ပေါင်းသင်းဆက်ဆံရေးတွင် စိတ်အနှောင့်အယှက် မဖြစ်အောင် မည်သို့ကျော်လွှားရမလဲ။
မနှစ်မြို့သော၊ စိတ်အနှောင့်အယှက်ဖြစ်မိသော အခြေအနေတိုင်းကို လေ့လာဆန်းစစ်ပါက အကြောင်းတရားနှင့် အခြေအနေ များစွာကြောင့် ပေါ်ထွက်လာသည်ကို တွေ့ရပါမည်။ လူမှုအခြေအနေ၊ စီးပွားရေး အခြေအနေ၊ ပါဝင်ပတ်သက်နေသူတို့၏ နေအိမ်မှ အဖြစ်အပျက်၊ သူတို့၏ နောက်ခံအကြောင်းရပ် စသည်တို့ ဖြစ်ပါသည်။ စိတ်အနှောင့်အယှက်ဖြစ်ကာ ဒေါသထွက်မိပါက စိတ်ထဲတွင် ထိုအဖြစ်အပျက် သို့မဟုတ် စိတ်အနှောင့်အယှက် ဖြစ်သော အရာမှန်သမျှကို အခိုင်အမာ စက်ဆုပ်ဖွယ် မကောင်းဆိုးရွားကြီး တစ်ခုအဖြစ်သို့ ဖန်တီးလိုက်ပါသည်။ ၎င်းက တည်မှီသည့် အကြောင်းတရားနှင့် အခြေအနေအားလုံးကို မျက်ခြေပြတ်သွားပါသည်။ အမှန်တကယ် ရှိနေသောအရာထက် ပို၍အပျက်သဘော အရည်အသွေးများဖြင့် မှန်းဆမိပါသည်။ ထိုသို့မဖြစ်စေလိုသည့်အတွက် ဒေါသဆိုသည်မှာ ၎င်းကို စိတ်လှုပ်ရှားမှု အားကောင်းစွာဖြင့် ငြင်းပယ်မှု ဖြစ်ပါသည်။
ယခုအခါ ငြင်းပယ်မှုအကြောင်း တွေးကြည့်ပါက... ထိုနောက်ကွယ်မှ ဖြစ်စဉ်သည် “ဒီဆင်းရဲဒုက္ခ၊ ဒီအခက်အခဲကို မရှိစေချင်ဘူး၊ ပျောက်သွားစေချင်တယ်” ဖြစ်ပါသည်။ ယင်းမှာ ကရုဏာ ဖြစ်ပါသည်။ ထို့ကြောင့် ဒေါသနှင့် စိတ်အနှောင့်အယှက် ဖြစ်မှုကို အမြဲတမ်း တွန်းလှန်သည်မှာ မေတ္တာ ဖြစ်ပါသည်။ မေတ္တာသည် တစ်ဖက်လူကို ပျော်ရွှင်မှုနှင့် ပျော်ရွှင်မှု၏ အကြောင်းတရားများ ရရှိစေလိုစိတ် ဖြစ်ပါသည်။ သူတို့သည် ဤအခြေအနေများ အားလုံးကြောင့်၊ မပျော်ရွှင်သောကြောင့် ဆိုးရွားစွာ ပြုမူနေခြင်း ဖြစ်ပါသည်။ သူတို့သည် စိတ်အနှောင့်အယှက်ပေးသည့် ဆိုးရွားစွာ ပြုမူခြင်းကို ရပ်တန့်စေရန်အအတွက် သူတို့ကို ပျော်ရွှင်စေလိုပါသည်။ သူတို့ ပျော်ရွှင်ရန်အတွက် သူတို့ကို ပျော်ရွှင်စေပြီး ထိန်းမရစွာ ပြုမူစေသည့် အခြေအနေအားလုံးကို သင်ယူလေ့လာကာ ပြောင်းလဲနိုင်မည့်အရာကို လေ့လာရပါမည်။
ထို့ပြင် ကျွန်ုပ်တို့ အသုံးပြုသည်မှာ ထိုနည်းလမ်းအချို့ ဖြစ်ပါသည်။ အခြေခံအားဖြင့်- ဤအရာသည် ဤမည်သော အကြောင်းကြောင့် ပေါ်ပေါက်လာသည်ဟု လေ့လာဆန်းစစ်ပါသည်။ သူတို့ကို ဤအကြောင်းရင်းများကြောင့် ဖြစ်ပေါ်စေသည့် ဤနည်းဖြင့် မပြုမူအောင် ရပ်တန့်စေလိုပါသည်။ ထို့ကြောင့် သူတို့အပြုအမူအပေါ် သက်ရောက်မည့် အပြောင်းအလဲကို ဘာလုပ်ပေးနိုင်မည်နည်း။
ဆရာများအနေနှင့် ကျွန်ုပ်တို့သည် ယဉ်ကျေးမှု၊ လူမှုရေး၊ ဘာသာရေး နောက်ခံအမျိုးမျိုးမှ ကလေးများနှင့် ထိတွေ့ရပါသည်။ ထိုကလေး အမျိုးမျိုးအတွက် သူတို့ကို စည်းကမ်းကြပ်မတ်ပြီး ပညာသင်ကြားနိုင်ရန် သူတို့အားလုံးကို သည်းခံခြင်းရှိရုံနှင့် လုံလောက်ပါသလား။
အရေးအကြီးဆုံး အချက်တစ်ချက်မှာ ကလေးများအပေါ်တွင် စိတ်ဝင်စားခြင်း ဖြစ်မည်ထင်ပါသည်။ ဆိုလိုသည်မှာ ဤကလေးများ၏ ဘာသာရေး နောက်ခံများ၊ လူမှုရေး နောက်ခံများနှင့် ရင်းနှီးရန် ဖြစ်ပါသည်။ သင်က ပညာပေးရမည့်သူများအကြောင်း ပိုပြီး နားလည်လေ၊ သူတို့ အမှန်တကယ် လိုအပ်သောအရာကို ပို၍နားလည်လေ ဖြစ်ပါသည်။ ပညာသင်ကြားပေးသည့် အဓိကအချက်သည် သူတို့ကို စာမေးပွဲအောင်နိုင်ရန်သာမဟုတ်ဘဲ လူကောင်းများ ဖြစ်လာအောင် ကူညီရန် ဖြစ်ပါသည်။ ထို့ကြောင့် သူတို့အကြောင်း လေ့လာပါ။ သူတို့အကြောင်း၊ သူတို့မိသားစု၊ သူတို့နောက်ခံသမိုင်း အကြောင်း စာစီစာကုံးလေးများ ရေးခိုင်းနိုင်ပါသည်။ သူတို့အကြောင်း တစ်ခုခု ပြောခိုင်းပါ။ ထိုအခါ သူတို့ကို အနည်းငယ် ပိုမိုသိရှိလာပါသည်။
ငြင်းပယ်ခံရမည် စိုးသောကြောင့် သူတို့၏ ထင်မြင်ချက်၊ သူတို့ကိုယ်သူတို့ တစ်ခုခု ပြောရန် လိုသောအခါ တုံ့ဆိုင်းနေသူများကို တစ်ခါတစ်ရံ တွေ့မိပါသည်။ မေးလိုသည်မှာ သူတို့၏ တံခါးပိတ်ထားသောစိတ်နှင့် ကြောက်ရွံ့မှုကို ဘယ်လို ကူညီ ကျော်လွှားပေးရမည်နည်း။
ဤသည်မှာ ဆယ်ကျော်သက်အရွယ်တွင် သက်တူရွယ်တူများ၏ အတည်ပြုချက်ကို အလွန်အလေးထားသည့် ကာလတွင် ဆယ်ကျော်သက်များနှင့် အထူးသဖြင့် ကြီးလေးသည့် ပြဿနာတစ်ခု ဖြစ်မည်ထင်ပါသည်။ သူတို့ရှက်ရွံ့မှုကို မည်ကဲ့သို့ ကျော်လွှားခိုင်းမည်နည်း။ တကယ်တော့ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးသင် ပညာရေးတွင် အသုံးပြုသော နည်းလမ်း တစ်ခုမှာ သင်ခန်းစာတစ်ခုပြီးလျှင် ကျောင်းသားအားလုံး နှစ်ယောက်တစ်တွဲစီ ခွဲကာ အချင်းချင်း ဆွေးနွေးပါသည်။ ယုတ္တိကျစွာ ဆွေးနွေး ငြင်းခုန်ရပါသည်။ သင်ကြားလိုက်သည်ကို နားလည်မှု ရှိ၊ မရှိ သိနိုင်အောင် ဆွေးနွေးခြင်း ဖြစ်ပါသည်။ ထိုအခါ တစ်တန်းလုံးရှေ့တွင် စကားပြောရခြင်း ကဲ့သို့ အချို့ မကြင်နာသော ကျောင်းသားအချို့က သူတို့ကို လှောင်ရယ်မှုမျိုး ရှိမည် မဟုတ်ပါ။ သို့သော် နှစ်ယောက်တစ်တွဲ ဖြစ်နေသောအခါ တစ်ခုခု ပြောရပါမည်။ ဆရာသည် လှည့်ပတ်ကြည့်ရှုပြီး တစ်ဖွဲ့ချင်းစီကို တစ်မိနစ်၊ နှစ်မိနစ် နားထောင်ကာ သူတို့သည် အကြောင်းအရာကို အမှန်တကယ် ပြောနေသလား၊ အခြားအကြောင်း ပြောနေသလား အကဲခတ်နိုင်ပါသည်။ ဤနည်းသည် ကျောင်းသားက အားထုတ်မှုမပါဘဲ ထိုင်နေပြီး အာရုံမစိုက်ဘဲ ဘာမှမရလိုက်ခြင်းမျိုးကို မဖြစ်စေသည့်အတွက် အလွန်ကောင်းသော ပညာသင်ကြားနည်း ဖြစ်ပါသည်။ သူတို့ တစ်ခုခု ပြောရပါသည်။ တစ်ဖက်လူကို သူတို့ အမှန်တကယ် အလေးထားပြီး နားထောင်မှုဖြင့် ဆွေးနွေးသည်ကို ပြသရပါသည်။ ထို့ပြင် ရှက်နေ၍ မရပါ။ သို့သော် သူတို့သည် ဆွေးနွေးဖော် တစ်ဦးတည်းကိုသာ အမြဲမရွေးချယ်ရန် ပြုလုပ်ပေးရပါမည်။ ပြောင်းလဲမှု ရှိရပါမည်။ ဤသည်မှာ ဘုန်းတော်ကြီးသင် ပညာရေးစနစ်တွင် အသုံးပြုသော နည်းတစ်နည်း ဖြစ်ပါသည်။ အသုံးဝင်နိုင်ပါသည်။