ကျွန်ုပ်တို့အားလုံးတွင် ဗောဓိစိတ္တ ထားရှိရန် အခြေခံ အရည်အချင်းများ ရှိကြသည်
“ဗောဓိစိတ္တ” ဆိုသည်မှာ သက္ကတဘာသာ စကားလုံး ဖြစ်ပြီး ဘာသာပြန်ရန် သိပ်မလွယ်ကူပါ။ ဒုတိယစကားလုံး ဖြစ်သော “စိတ္တ” သည် “စိတ်” ကိုဆိုလိုပါသည်။ သို့သော် ဗုဒ္ဓဘာသာတွင် စိတ်အကြောင်း ပြောသောအခါ စိတ်ရော နှလုံးသားကိုပါ ပြောပါသည်။ ထိုနှစ်ခုကို အနောက်တိုင်း တွေးခေါ်မှုပုံစံတွင် ခွဲခြားထားသော်လည်း ဗုဒ္ဓဘာသာတွင် မခွဲခြားထားပါ။ ထို့ကြောင့် စိတ်၏ ကျိုးကြောင်းဆီလျော်သောအပိုင်း ဖြစ်သည့် စူးစိုက်မှု၊ နားလည်သဘောပေါက်မှု စသည့် ကျွန်ုပ်တို့၏ အသိဉာဏ် ဖွံ့ဖြိုးရန်သာ ရည်မှန်းခြင်း မဟုတ်ဘဲ စိတ်ခံစားချက်အပိုင်းအားလုံးဖြစ်သည့် ကျွန်ုပ်တို့၏ နှလုံးသားကိုလည်း ဖွံ့ဖြိုးရန် လိုပါသည်။ သို့မှသာ ဗောဓိစိတ္တ၏ ပထမစကားလုံးဖြစ်သည့် “ဗောဓိ” သို့ ရောက်ရှိနိုင်ပါသည်။
“ဗောဓိ” ဆိုသည်မှာ အဆင့်အမြင့်ဆုံး ဖွံ့ဖြိုးတိုးတက်မှုနှင့် စင်ကြယ်မှု အခြေအနေကို ဖော်ပြသည့် စကားလုံး ဖြစ်ပါသည်။ ထို့ကြောင့် စင်ကြယ်မှု ဆိုသည်မှာ စိတ်၏ အတားအဆီးရော၊ စိတ်ခံစားချက်ဆိုင်ရာ အတားအဆီးရော မိမိမှာ ရှိသည့် အပိတ်အဆို့နှင့် အတားအဆီး အားလုံးကို ဖယ်ရှားရန် ဆိုလိုပါသည်။ ထို့ပြင် ရှုပ်ထွေးမှု၊ နားလည်သဘောပေါက်ခြင်း မရှိမှု၊ စူးစိုက်ခြင်း မရှိမှု တို့ကို ဖယ်ရှားရန်လည်း ဆိုလိုပါသည်။ ထို့ပြင် စိတ်ခံစားချက် အပိုင်းတွင် စင်ကြယ်ရန်၊ ကျွန်ုပ်တို့၏ အနှောင့်အယှက်ပေးသော စိတ်ခံစားချက်ကို ဖယ်ရှားရန်လည်း ဆိုလိုပါသည်။ အနှောင့်အယှက်ပေးသော စိတ်ခံစားချက်များထဲတွင် လောဘ၊ ဒေါသ၊ တဏှာ၊ အတ္တကြီးမှု၊ မောက်မာမှု၊ မနာလိုမှု၊ မသိမှု... စသည်တို့ ပါဝင်ပါသည်။ ပါဝင်သောအချက် များမှာ မပြီးဆုံးနိုင်အောင် အလွန်များပါသည်။ ယင်းတို့သည် ဘဝတွင် တကယ်ဒုက္ခပေးသောအရာများ ဖြစ်ပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့ ရည်မှန်းထားသည်မှာ ကျွန်ုပ်တို့၏ စိတ်နှင့် နှလုံးသားတွင် ဤသို့ဒုက္ခပေးသောအရာ အားလုံးကို ဖယ်ရှားသည့် အခြေအနေတစ်ရပ် ဖြစ်ပါသည်။
“ဗောဓိ” စကားလုံး၏ အခြားအပိုင်းမှာ “ဖွံ့ဖြိုးမှု” ဖြစ်ပါသည်။ ဤနေရာတွင်လည်း ကျွန်ုပ်တို့အားလုံးထံတွင် အခြေခံ အရည်အချင်းဖြစ်သည့် အားလုံးတွင် ခန္ဓာတစ်ခု ရရှိထားသည်ဟု ဆိုလိုပါသည်။ ကျွန်ုပ်တို့သည် ဆက်သွယ်ပြောဆိုနိုင်သည်။ ကျွန်ုပ်တို့၏ ခန္ဓာကိုယ်ဖြင့် ကိစ္စရပ်များ ဆောင်ရွက်နိုင်ပါသည်။ ထို့ပြင် ကျွန်ုပ်တို့ အားလုံးတွင် စိတ် (အကြောင်းကိစ္စများကို နားလည်နိုင်စွမ်း) နှင့် နှလုံးသား (အခြားသူများကို နွေးထွေးပျူငှာသော ခံစားချက်) နှင့် အသိဉာဏ် (အကျိုးရှိသောအရာနှင့် အန္တရာယ် ရှိသောအရာကို ခွဲခြားနိုင်စွမ်း) တို့ ရှိပါသည်။
ထို့ကြောင့် ကျွန်ုပ်တို့ထံတွင် ဤအချက်အားလုံး၊ ဤအရည်အသွေးကောင်းအားလုံး ရှိပါသည်။ ယင်းတို့ကို အသုံးချရန်မှာ ကျွန်ုပ်တို့အပေါ်တွင်သာ မူတည်ပါသည်။ ကျွန်ုပ်တို့ ပြုမူ၊ ပြောဆို၊ တွေးတောပုံတွင် ယင်းတို့ကို မိမိနှင့် အခြားသူများ အတွက် ပြဿနာဖြစ်အောင် အသုံးပြုနိုင်ပါသည်။ သို့တည်းမဟုတ် မိမိနှင့် အခြားသူများအတွက် အကျိုးရှိပြီး ပိုမိုပျော်ရွှင်အောင် အသုံးပြုနိုင်ပါသည်။ ကျွန်ုပ်တို့ ပြုမူ၊ ပြောဆို၊ တွေးတောသမျှသည် ရှုပ်ထွေးပြီး အနှောင့်အယှက် ပေးသော စိတ်ခံစားချက်များ လွှမ်းမိုးမှုအောက်တွင် ဖြစ်နေပါက ပြဿနာများ ပေါ်ထွက်စေမှာ သေချာပါသည်။ ဒေါသလွှမ်းမိုးပြီး ပြုမူဆောင်ရွက်သောအခါ နောင်တွင် နောင်တရမည့်အရာများ ကျူးလွန်မိသည် မဟုတ်ပါလား။ အတ္တကြီးစွာ ပြုမူသောအခါ ပြဿနာကြီးများ တစ်ခါတစ်ရံ ဖြစ်လာပါသည်။ အတ္တကြီးသူကို မည်သူမျှလည်း မနှစ်သက်ပါ။
ဤသည်မှာ တစ်ပိုင်းဖြစ်သည်။ အခြားတစ်ပိုင်းမှာ ကျွန်ုပ်တို့သည် မေတ္တာ၊ ကရုဏာ၊ အခြားသူများကို ထည့်သွင်း စဉ်းစားမှု စသည့် အပြုသဘော အရည်အသွေးများဖြင့် ပြုမူ၊ ပြောဆို၊ တွေးတောပါက ဘဝတွင် ပိုမိုပျော်ရွှင်မှု၊ ပိုမိုကျေနပ်မှုတို့ ရရှိလာပါသည်။ ကျွန်ုပ်တို့ကို အခြားသူများက နှစ်သက်လာပါသည်။ အခြားသူများကိုလည်း ပို၍အကျိုးရှိစေပါသည်။ ဥပမာအားဖြင့် ကျွန်ုပ်တို့၏ မိတ်ဆွေအပေါင်းအသင်းများနှင့် ဆက်ဆံရေးများတွင် ဤအချက်ကို အလွန်ရှင်းလင်းစွာ မြင်တွေ့နိုင်ပါသည်။ သူတို့ကို အမြဲဝေဖန်ကာ စိတ်ဆိုးဒေါသထွက်နေပါက ကျွန်ုပ်တို့နှင့် မည်သူမျှ ခင်မင်လိုမည် မဟုတ်တော့ပါ။ သို့သော် သူတို့ကို ကြင်နာပြီး ကောင်းမွန်စွာ ဆက်ဆံသောအခါ ကျွန်ုပ်တို့နှင့် ခင်မင်လိုကြပါသည်။ အိမ်မှာ မွေးထားသည့် ခွေးကလေး၊ ကြောင်ကလေးများကို ဆက်ဆံပုံတွင်လည်း ဤသို့မြင်နိုင်ပါသည်။ သူတို့ကို အမြဲ အော်ဟစ်ပြစ်တင်နေသည်ကို မနှစ်သက်ကြပါ။ ကောင်းမွန်စွာ ဆက်ဆံသည်ကို နှစ်သက်ကြပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့၏ အခြေခံ အရည်အချင်းများသည် ဖွံ့ဖြိုးတိုးတက်နိုင်ပါသည်။ အပြုသဘောဖြစ်အောင် ပို၍ဖွံ့ဖြိုးစေနိုင်ပါသည်။
ထို့ကြောင့် ဗောဓိစိတ္တသည် ဗောဓိ အနေအထားသို့ ရောက်ရှိအောင် ရည်မှန်းသည့် ကျွန်ုပ်တို့၏ စိတ်နှင့်နှလုံးသားများ၏ အနေအထား၊ အခြေအနေတစ်ရပ် ဖြစ်ပါသည်။ ကျွန်ုပ်တို့မှာရှိသည့် ဒုက္ခပေးသောအရာများ၊ ဤအားနည်းချက်များ အားလုံးကို ထာဝရ အလုံးစုံ ဖယ်ရှားရန်နှင့် ကျွန်ုပ်တို့၏ အပြုသဘော အရည်အသွေးအားလုံးကို တတ်နိုင်သမျှ အပြည့်စုံဆုံးဖြစ်အောင် ဖော်ထုတ်ရန် ရည်မှန်းပါသည်။ ဤသည်မှာ အတော်လေး ခြားနားသည့် စိတ်နှလုံး အခြေအနေ တစ်ခု ဖြစ်ပါသည်။
အလွန်အပြုသဘောဆောင်သော စိတ်ခံစားချက်များဖြင့် ယင်းသို့ဖော်ထုတ်နိုင်ပါသည်။ ထိုစိတ်ခံစားချက်များသည် အဘယ်နည်း။ အခြေခံအားဖြင့် ကျွန်ုပ်တို့သည် ဤအခြေအနေကို ရည်မှန်းသည်မှာ ၎င်းသည် အဆင့်အမြင့်ဆုံး ဖြစ်ပြီး မိမိသည် အမြင့်ဆုံး ဖြစ်လိုသောကြောင့် မဟုတ်ပါ။ မိမိသည် အပျော်ရွှင်ဆုံး ဖြစ်လိုပြီး ၎င်းသည် အပျော်ရွှင်ဆုံး ဖြစ်နိုင်သောကြောင့်သာ မဟုတ်ပါ။ လူ၊ တိရစ္ဆာန် အစရှိသည့် ကမ္ဘာပေါ်မှ မရေမတွက်နိုင်သော သတ္တဝါအားလုံးကို ထည့်သွင်းစဉ်းစားခြင်း ဖြစ်ပါသည်။ ထို့ပြင် ကျွန်ုပ်တို့အားလုံးသည် ပျော်ရွှင်လိုပြီး မည်သူမျှ မပျော်ရွှင်မှုကို အလိုမရှိသည့် အချက်တွင် တူညီကြသည်ကို နားလည်ပါသည်။ တိရစ္ဆာန်များမှာပင်လျှင် ထိုအတိုင်း မှန်ကန်သည် မဟုတ်ပါလား။ သို့သော် ကျွန်ုပ်တို့အများစုသည် ပျော်ရွှင်မှု ဖြစ်ပေါ်စေမည့်အရာကို အမှန်တကယ် မသိကြပါ။ ထို့ပြင် အမျိုးမျိုး ကြိုးစားကြည့်ကာ တစ်ခါတစ်ရံတွင် ပျော်ရွှင်မှုထက် ပြဿနာများကိုသာ ပိုဖြစ်စေပါသည်။ တစ်ယောက်ယောက် အတွက် လက်ဆောင်ကောင်းတစ်ခု ဝယ်ပေးပြီး သူတို့က မနှစ်သက်ပါ။ ထို့ကြောင့် အလွန်ရိုးရှင်းပါသည်။ အားလုံးကို ကျေနပ်စေရန် ခက်ခဲသည် မဟုတ်ပါလား။ သို့သော်လည်း ကြိုးစားကြည့်ရန် လိုပါသည်။
အခြားသူများကို အကောင်းဆုံး အကျိုးပြုရန် ရည်ရွယ်ချက်ဖြင့် ဉာဏ်အလင်းရရှိမှုကို ရည်မှန်းခြင်း
အရေးအကြီးဆုံးမှာ မိမိရည်မှန်းချက်ဖြစ်ပါသည်။ ကျွန်ုပ်တို့သည် အခြားသူများကို ကူညီလိုပါသည်။ အားလုံးသည် ပြဿနာများနှင့် ထိုပြဿနာတို့၏ အကြောင်းရင်းများမှ ကင်းလွတ်နိုင်ပါက မည်မျှကောင်းမည်နည်း။ ယင်းမှာ ကရုဏာနှင့် လုံးဝသက်ဆိုင်ပါသည်။ ကရုဏာသည် အခြားသူများကို ဆင်းရဲဒုက္ခနှင့် ဆင်းရဲဒုက္ခ၏ အကြောင်းရင်းများမှ လွတ်ကင်းစေလိုစိတ် ဖြစ်ပါသည်။
အားလုံးသည် ပျော်ရွှင်နိုင်ပြီး ပျော်ရွှင်မှု၏ အကြောင်းရင်းများ ရှိမည်ဆိုပါက မည်မျှကောင်းမည်နည်း။ ဤသည်မှာ ဗုဒ္ဓဘာသာတွင် မေတ္တာ၏ အဓိပ္ပာယ် ဖြစ်ပါသည်။ မေတ္တာသည် “သင်ငါ့ကိုချစ်လျှင် ငါသင့်ကိုချစ်မည်” ဆိုသည့် သူတို့ထံမှ တစ်ခုခု ပြန်လိုချင်မှုတွင် အခြေခံခြင်း မဟုတ်ပါ။ ထိုသို့မဟုတ်ပါ။ “သင်က လူကောင်းဆိုလျှင် ကျွန်ုပ်သင့်ကို ချစ်မည်။ သင်ဆိုးလျှင် သင့်ကိုလုံးဝ မချစ်တော့ပါ” ဆိုသည့် တစ်ဖက်လူ၏ အပြုအမူပေါ်တွင် အခြေမခံပါ။ အခြားသူများ ပြုမူပုံသည် အရေးမကြီးပါ။ ထိုအချက်သည် အဓိကမကျပါ။ အဓိကကျသည်မှာ အားလုံးပျော်ရွှင်နိုင်လျှင် ကောင်းမွန်သည် ဆိုသည့်အချက် ဖြစ်ပါသည်။ ဤသည်မှာ မေတ္တာတရား ဖြစ်ပါသည်။
အားလုံးအတွက် ဤပျော်ရွှင်မှု ရရှိစေပြီး သူတို့၏ မပျော်ရွှင်မှုနှင့် ပြဿနာများကို ဖယ်ရှားပေးရန် ထူးထူးခြားခြား တစ်ခုခု ဆောင်ရွက်လျှင်လည်း အလွန်ကောင်းပါသည်။ ယခုအခါ မိမိသည် အလွန်အကန့်အသတ် ရှိပါသည်။ ရှုပ်ထွေးမှု ရှိသည်။ အနှောင့်အယှက်ပေးသော စိတ်ခံစားချက်များ ရှိသည်။ တစ်ခါတစ်ရံ ပျင်းရိသည်။ အလုပ်ရှာခြင်း၊ အိမ်ထောင်ဖက်ရှာခြင်းတို့တွင် ပြဿနာများ... ဘဝတွင် ရင်ဆိုင်ရသော အခက်အခဲအားလုံး ရှိပါသည်။ သို့သော် ဤအားနည်းချက်များ၊ အခက်အခဲများ အားလုံးကို မိမိတွင် ထာဝရ မရှိတော့အောင် ဖယ်ရှားနိုင်သည့် အခြေအနေသို့ ရောက်ရှိပါက၊ မိမိအစွမ်းအစများ အပြည့်ဝဆုံး အနေအထား သို့ရောက်ရှိပါက အားလုံးကို ကူညီရန် အကောင်းဆုံး အခြေအနေတွင် ရောက်ရှိသွားပါမည်။
ထို့ကြောင့် ဤနေရာတွင် ရည်မှန်းသည့် ဗောဓိစိတ္တသည် “ဉာဏ်အလင်းရရှိမှု” ဆိုသည့် ကျွန်ုပ်တို့၏အနာဂတ် အခြေအနေတစ်ခုကို ရည်မှန်းခြင်း ဖြစ်ပါသည်။ ထိုအခြေအနေသို့ ရောက်အောင် အကောင်းဆုံး ကြိုးစားရန်၊ ဤသို့ ဉာဏ်အလင်းရရှိမှု လမ်းကြောင်း တစ်လျှောက်လုံးတွင် အားလုံးကို အကောင်းဆုံး အကျိုးပြုသွားရန်နှင့် ထိုသို့ရရှိသည်နှင့် အပြည့်စုံဆုံး အနေအနေသို့ ရောက်ရှိရန်အတွက် ရည်မှန်းခြင်း ဖြစ်ပါသည်။
ယခုအခါ မည်သူမျှ အရာရာစွမ်းနိုင်သော နတ်ဘုရား မဖြစ်နိုင်ပါ။ ထိုသို့ ဖြစ်နိုင်ပါက မည်သူမျှ ဆင်းရဲဒုက္ခ ထပ်မံ ကြုံတွေ့တော့မည် မဟုတ်ပါ။ သို့သော် ကျွန်ုပ်တို့သည် အတတ်နိုင်ဆုံး ကြိုးစား၍ရပါသည်။ သို့သော် အခြားသူများက အကူအညီကို လက်ခံလိုပြီး လမ်းဖွင့်ထားရန်လိုပါသည်။ ထို့ပြင် အခြားသူများကို ရှင်းလင်းစွာ ရှင်းပြနိုင်သော်လည်း သူတို့ကိုယ်တိုင် နားလည်ရပါမည်။ သူတို့အတွက် နားလည်ပေး၍ မရနိုင်ပါ။ အကြံဉာဏ်ကောင်းများ ပေးနိုင်သော်လည်း သူတို့က ရယူရပါမည်။
ထို့ကြောင့် အခြားသူများကို ကူညီရန် အကောင်းဆုံး အခြေအနေတွင် ရှိလိုသည်မှာ ကျွန်ုပ်တို့၏ ရည်မှန်းချက် ဖြစ်သော်လည်း သူတို့ အမှန်တကယ် ကူညီခံရမှုမှာ သူတို့၏အားထုတ်မှုပေါ်တွင် မူတည်သည်ကို လက်တွေ့ကျသော နားလည်မှု ပါဝင်ပါသည်။ သို့သော် ရှုပ်ထွေးမှုအားလုံး ဖယ်ရှားလိုက်သည့် အခြေအနေသို့ ရောက်ရှိပါက ကျွန်ုပ်တို့သည် အခြားသူများကို အထိရောက်ဆုံး ကူညီနိုင်မည့်နည်းကို အကောင်းဆုံး နားလည်နိုင်စွမ်း ရှိလာပါမည်။ တစ်စုံတစ်ယောက် ယခုကြုံနေသည့်အရာတွင် ပါဝင်ပတ်သက်သော အချက်အာလုံးကို ကျွန်ုပ်တို့ နားလည်လာပါမည်။
ကျွန်ုပ်တို့ အားလုံးသည် မိသားစု၊ သူငယ်ချင်း၊ နေထိုင်ရာ လူမှုအဖွဲ့အစည်း၊ ရှင်သန်ရာ ခေတ်ကာလ စသည့် အချက်များစွာ၏ သက်ရောက်မှု ခံရပါသည်။ တစ်ခါတစ်ရံ စစ်မက်ဖြစ်ပွားသည်။ တစ်ခါတစ်ရံ စီးပွားရေး အခက်အခဲ ရှိသည်။ တစ်ခါတစ်ရံ ကြွယ်ဝချမ်းသာသည်။ ထိုအရာအားလုံး ကျွန်ုပ်တို့အပေါ် သက်ရောက်ပါသည်။ ဗုဒ္ဓဘာသာသည် ရှေးဘဝ၊ နောက်ဘဝအကြောင်း ပြောထားပါသည်။ ထိုအမြင်အရ ကျွန်ုပ်တို့သည် ယခင်ဘဝများ၏ သက်ရောက်မှုလည်း ခံရပါသည်။ ထို့ကြောင့် တစ်ယောက်ယောက်ကို ကူညီလိုပါက၊ သူတို့ကို အကြံဉာဏ်ကောင်း အမှန်ပင် ပေးလိုပါက သူတို့ကို သိရှိနားလည်ရန် လိုပါသည်။ သူတို့အပြုအမူ၊ သူတို့ ဆောင်ရွက်သည့်နည်းလမ်း၊ သူတို့၏ ခံစားပုံ စသည့် အရာအားလုံးကို နားလည်ရပါမည်။ ဆိုလိုသည်မှာ သူတို့ကို စိတ်ဝင်စားရန်၊ အလေးထားရန်၊ သူတို့ပုံစံကို သတိရှိနေရန် ဖြစ်ပါသည်။
သင်တို့အချင်းချင်း တစ်ယောက်နှင့်တစ်ယောက် ဆက်ဆံရေးတွင် ထိုအချက်ကို အလွယ်တကူ နားလည်နိုင်မည် ထင်ပါသည်။ သူငယ်ချင်း တစ်ယောက်နှင့် ရှိနေပြီး သူတို့ကို စိတ်ဝင်စားခြင်း မရှိဘဲ သင့်အကြောင်းကိုသာ ပြောနေပါက သူတို့ကို တကယ် စိတ်မဝင်စားပါ။ ဥပမာအားဖြင့် တစ်ယောက်ယောက်နှင့် ရှိနေစဉ်တွင် ဖုန်းထဲမှ အခြားသူများကို စာပို့နေပါက သင့်မိတ်ဆွေကို အာရုံမစိုက်ပါ။ ဤသို့ အလေးမထားသည့်အတွက် သူတို့က အနည်းငယ် စိတ်မရှည်ဘဲ ဝမ်းနည်းနေနိုင်သည်ကိုပင် သင်က သတိမပြုမိတော့ပါ။ ထို့ကြောင့် အားလုံးကို အမှန်တကယ် ကူညီလိုပါက အခြားသူများက မိမိကို အလေးအနက်ထားကာ အာရုံစိုက်စေလိုသည့်အတိုင်း သူတို့ကို အလေးထားရမည်။ စိတ်ဝင်စားရမည်။ ဖြစ်နေသောအရာကို သတိပြုပြီး သင့်တော်သလို တုံ့ပြန်ရမည်။
မိမိနှင့် အခြားသူများကို အညီအမျှ နားလည်ခြင်း
ဤအချက်အားလုံးသည် မိမိနှင့် အခြားသူများ ညီမျှမှုကို နားလည်မှုအပေါ်တွင် အခြေခံထားပါသည်။ ကျွန်ုပ်မှာ ခံစားချက် ရှိသလိုပင် လူတိုင်းတွင် ခံစားချက် ရှိပါသည်။ ကျွန်ုပ်ကို အလေးအနက် ထားစေချင်သလို လူတိုင်းသည် အလေးအနက်ထားသည်ကို ခံယူလိုပါသည်။ လူတို့သည် ကျွန်ုပ်ကို လျစ်လျူရှုသောအခါ သို့မဟုတ် ထည့်မစဉ်းစား သောအခါ ဝမ်းနည်းမိသလိုပင် အခြားသူများကို ကျွန်ုပ်က လျစ်လျူရှုသောအခါ သို့မဟုတ် ဆိုးရွားစွာ ဆက်ဆံသောအခါ သူတို့လည်း ဝမ်းနည်းပါသည်။ ကျွန်ုပ်သည် နှစ်သက်ခံချင်သလို အားလုံးသည်လည်း နှစ်သက်ခံချင်ပါသည်။ မည်သူမျှ ငြင်းပယ်၊ လျစ်လျူရှုမခံလိုပါ။ ကျွန်ုပ်လည်း ယင်းကိုမနှစ်သက်ပါ။ ထို့ပြင် ကျွန်ုပ်တို့သည် အပြန်အလှန် ချိတ်ဆက်ကာ ဤနေရာတွင် အတူတကွ ရှိနေပါသည်။
တစ်ခါတစ်ရံ ထိုအချက်ကို ရုပ်လုံးပေါ်အောင် ဟာသနမူနာလေးတစ်ခု ပြောရပါသည်။ သင်သည် အခြားလူ ဆယ်ယောက်နှင့်အတူ ဓာတ်လှေကားထဲတွင် ရှိနေပြီး ဓာတ်လှေကား ပိတ်မိသည် ဆိုပါစို့။ အခြားသူများနှင့် တစ်နေ့လုံး ဓာတ်လှေကားထဲတွင် သင်ထိုသို့ ပိတ်မိပါသည်။ ကျန်လူများနှင့် သင်မည်သို့ ဆက်ဆံမည်နည်း။ ငါ၊ ငါ၊ ငါ ဟုသာ တွေးနေပြီး ဤနေရာကျဉ်းကလေးထဲမှ အခြားသူများကို မစဉ်းစားပါက ပဋိပက္ခနှင့် ငြင်းခုန်မှုများစွာ ဖြစ်လာပြီး အလွန် မနှစ်မြို့ဖွယ် အချိန်ဖြစ်လာပါတော့မည်။ သို့သော် “ငါတို့အားလုံး အခြေအနေတစ်ခုတည်းမှာ အတူပိတ်မိနေပြီ။ အချင်းချင်း ထည့်စဉ်းစားပြီး ဘယ်လိုပူးပေါင်းရမယ်ဆိုတာ တွေးရမယ်။ ဒါမှ ဒီဒုက္ခကနေ ရှင်သန်လွတ်မြောက်နိုင်မယ်" ဟု သဘောပေါက်လာပါက ဓာတ်လှေကားထဲတွင် ပိတ်မိသည်မှာ မည်မျှပင် စိတ်ပျက်ဖွယ်ကောင်းသည့်တိုင် အခြေအနေကို စီမံထိန်းချုပ်လာနိုင်ပါသည်။
ဤနမူနာကို ချဲ့ထွင်လိုက်ပါက ကျွန်ုပ်တို့သည် ဤကမ္ဘာပေါ်တွင် ဓာတ်လှေကား အကြီးကြီးတစ်ခုထဲမှာကဲ့သို့ အားလုံးပိတ်မိနေပါသည်။ အချင်းချင်း မပူးပေါင်းပါက အားလုံးသည် တူညီသော အခြေအနေတွင် ရောက်နေသည့် အတွက် စိတ်ဆင်းရဲစရာကာလ ဖြစ်နေပါမည်။ ထို့ပြင် ဓာတ်လှေကားထဲမှ လူဆယ်ယောက်နှင့်ဖြစ်စေ၊ ဤကမ္ဘာပေါ်မှ လူအားလုံးနှင့်ဖြစ်စေ ကျွန်ုပ်တို့ အချင်းချင်း ပြုမူပုံသည် အားလုံးအပေါ် သက်ရောက်မှု ရှိနေပါသည်။ ထို့ကြောင့် အားလုံးနှင့် ပူးပေါင်းဆောင်ရွက်လိုစိတ် ရှိရပါမည်။ “ဓာတ်လှေကားထဲမှာ ပိတ်မိတဲ့ အခြေအနေဆိုးကနေ ငါဘယ်လို ထွက်လို့ရမလဲ” ဟု တွေးမည့်အစား “ဒီအခြေအနေဆိုးကနေ ငါတို့အားလုံး ဘယ်လိုထွက်လို့ရမလဲ" ဟု တွေးရပါသည်။ ဓာတ်လှေကားသာမက ဘဝတွင်လည်း ထိုအတိုင်း ဖြစ်ပါသည်။
မိမိပြဿနာများကို ဖြေရှင်းမှု အနေနှင့် မည်သို့ တွေးနိုင်သနည်း (ငါ သည် ဘာမှ မထူးခြားပါ။ ဓာတ်လှေကားထဲတွင် ပိတ်မိနေသူတစ်ဦးသာ ဖြစ်ပါသည်)။ တကယ်တော့ ပြဿနာမှာ မိမိပြဿနာသာ မဟုတ်ပါ။ အားလုံး၏ ပြဿနာ ဖြစ်ပါသည်။ ကျွန်ုပ်တို့သည် လောဘ၊ ဒေါသ၊ အတ္တ၊ မသိမှု... စသည့်ပြဿနာများအကြောင်း ပြောနေသည်ကို အမှတ်ရပါ။ ယင်းတို့သည် အားလုံး၏ ပြဿနာ ဖြစ်ပါသည်။ မည်သူမျှ ယင်းတို့ကို တစ်ဦးတည်းပိုင်ဆိုင်ခြင်း မဟုတ်ပါ။
သက်ရှိအားလုံးထံသို့ မိမိစိတ်နှလုံးကို ဖြန့်ကျက်ခြင်း
ထို့ကြောင့်လည်း ဗောဓိစိတ္တအကြောင်း ပြောသောအခါ အားလုံးနှင့်ဆိုင်သော စိတ်နှလုံးကို ပြောခြင်း ဖြစ်ပါသည်။ မျက်နှာသာပေးမှု၊ တစ်စုံတစ်ယောက်ကို ချန်ထားမှုတို့ မပါဝင်ဘဲ အားလုံးကို တွေးကြည့်ခြင်း ဖြစ်ပါသည်။ ထို့ကြောင့် ဤသည်မှာ အလွန်တရာ ကြီးမားလှသော စိတ်သဘောထား အခြေအနေ ဖြစ်ပါသည်။ ကျွန်ုပ်တို့စိတ်ကို ဖြန့်ကျက်ခြင်းအကြောင်း ပြောသောအခါ ဤနည်းသည် အကြီးမားဆုံး ဖြန့်ကျက်ခြင်း ဖြစ်ပါသည်။ ဥပမာအားဖြင့် ဤကမ္ဘာပေါ်ရှိ လူသားများကိုသာ မဟုတ်ဘဲ ကမ္ဘာမြေနှင့် စကြဝဠာထဲရှိ သက်ရှိအားလုံးကို တွေးခြင်းဖြစ်ပါသည်။ ဥပမာအားဖြင့် သဘာဝပတ်ဝန်းကျင် ယိုယွင်းမှုအကြောင်း တွေးပါက ယင်းသည် သဘာဝပတ်ဝန်းကျင်ထဲတွင် နေထိုင်သည့် လူတို့ကိုသာ ထိခိုက်ခြင်းမဟုတ်ဘဲ သတ္တဝါအားလုံးကိုလည်း ထိခိုက်မှုရှိသည်မဟုတ်ပါလား။
ထို့ကြောင့် ကျွန်ုပ်တို့ အလေးထားသူနှင့် ပတ်သက်၍ ဤသို့ကျယ်ပြန့်သောနယ်ပယ် ထားရှိပါသည်။ ခဏတာ အမြန် ဖြေရှင်းမှုတစ်ခုသာ မဟုတ်ဘဲ ရေရှည် အဖြေရှာမှုများ အနေနှင့် အမြင်ကျယ်ကျယ် ထားပါသည်။ ထို့ပြင် မိမိကိုယ်ပိုင် အစွမ်းအစများ အနေနှင့် စဉ်းစားသောအခါ မိမိအစွမ်းအစများ ပေါ်ထွက်ရန် အကျယ်ပြန့်ဆုံးနယ်ပယ်ကို စဉ်းစားပါသည်။ အမှန်တကယ် ဖြစ်နိုင်သလောက် အနည်းငယ်မျှသာ မဟုတ်ပါ။
ထို့ပြင် စောစောကပြောသလို မိမိကိုယ်ကို လေးစားမှုတွင် အခြေခံပါသည်။ အခြားသူအားလုံးကဲ့သို့ပင် ကျွန်ုပ်တို့ အားလုံးတွင် ဤအခြေအနေကို အမှန်ပင် ရရှိနိုင်သော အခြေခံအချက်များ ရှိသည်ကို သိရှိထားပါသည်။ ထို့ကြောင့် မိမိကိုယ်ကို အလေးအနက်ထားသလို အခြားသူများကို အလေးအနက် ထားပါသည်။ မိမိရော အခြားသူများကိုပါ လေးစားပါသည်။ ကျွန်ုပ်တို့အားလုံးသည် လူသားများ ဖြစ်ပြီး အားလုံးသည် ပျော်ရွှင်ချင်ကြပါမည်။ ဝမ်းနည်းခြင်းကို မည်သူမျှ အလိုမရှိပါ။ ထို့ပြင် ၎င်းသည် ကျွန်ုပ်တို့ ဆောင်ရွက်သမျှ၊ ဘဝတွင် နေထိုင်ပုံတို့ပေါ်တွင် မူတည်နေပါသည်။
တရားရှုမှတ်ခြင်းမှတစ်ဆင့် အကျိုးပြုသော စိတ်အခြေအနေနှင့် အလေ့အထများ ဖော်ထုတ်ခြင်း
ဗုဒ္ဓဘာသာသည် ဤစိတ်အခြေအနေများ ထားရှိရန် နည်းလမ်းအမျိုးမျိုး ပေးထားပါသည်။ “အားလုံးကို ချစ်ခင်ပါ” ဟုပြောပြီး ဆက်မပြောတော့ခြင်းမျိုး မဟုတ်ပါ။ အားလုံးကို ချစ်ခင်ရမည် ဆိုသည်မှာ အလွန်ကောင်းသော်လည်း မည်ကဲ့သို့ ချစ်ခင်ရပါမည်နည်း။ ဤအတွက် ကျွန်ုပ်တို့တွင် တရားရှုမှတ်ခြင်း ရှိလာပါသည်။ တရားရှုမှတ်ခြင်း ဆိုသည်မှာ အကျိုးပြုသော အလေ့အထကို တည်ဆောက်သည်ဟု ဆိုလိုပါသည်။ အားကစားတစ်ခု လှုပ်ရှားလိုလျှင်ဖြစ်စေ၊ ဂီတတူရိယာတစ်ခု တီးခတ်လိုလျှင်ဖြစ်စေ လေ့ကျင့်ရသလိုပင် ဖြစ်ပါသည်။ ကျွမ်းကျင်လာသည်အထိ အထပ်ထပ် ဆောင်ရွက်ရပါသည်။ အလေ့အကျင့် များလာပါက သင်ယူမိလာကာ အချိန်အတော်ကြာလျှင် စဉ်းစားနေစရာပင် မလိုတော့ပါ။ အားကစား သို့မဟုတ် ဂီတတူရိယာကို အလွယ်တကူ လှုပ်ရှားတီးခတ် လာနိုင်ပါသည်။
ထို့အတူ ကျွန်ုပ်တို့၏ သဘောထားများကို လေ့ကျင့်ရာတွင်လည်း ထိုနည်းအတိုင်း ဖြစ်ပါသည်။ ဤနည်းဖြင့် တရားရှုမှတ်ပါသည်။ ခံစားချက်တစ်ခု၊ စိတ်အခြေအနေတစ်ခုကို ဖော်ထုတ်ရန် ထိုသို့ဖြစ်လာသည်အထိ ကြိုးစားရပါသည်။ အားကစား လေ့ကျင့်သလိုပင် ပထမဦးစွာ သွေးပူလေ့ကျင့်ခန်း ပြုလုပ်ပြီးမှသာ အမှန်တကယ် လေ့ကျင့်ပါသည်။ ထို့အတူ ကျွန်ုပ်တို့၏ စိတ်အခြေအနေဖြင့် သွေးပူလေ့ကျင့်ခန်းအချို့ ပြုလုပ်ပါသည်။
အပြုသဘော စိတ်အခြေအနေ ပေါ်ထွက်ရန်အတွက် ပထမဦးစွာ ကျွန်ုပ်တို့၏ အတွေးများသည် ပျံ့လွင့်နေကာ ခံစားချက်များ ရောထွေးနေပါက စိတ်နှင့် စိတ်ခံစားချက်များကို တည်ငြိမ်နေရန် လိုပါသည်။ ထိုအတွက် ဝင်လေထွက်လေကို ငြိမ်သက်စွာ အာရုံစိုက်ခြင်းဖြင့် ဆောင်ရွက်လေ့ ရှိပါသည်။ ကျွန်ုပ်တို့၏ အသက်ရှူခြင်းသည် အမြဲရှိနေပြီး ယင်းကိုအာရုံစိုက်ပါက ဝင်လေထွက်လေ၏ ညီညာသော စည်းချက်အတိုင်း တည်ငြိမ်အောင် ကူညီပါသည်။ အတွေးများ “ပျံ့လွင့်” နေပါက ခန္ဓာကိုယ်နှင့် ချိတ်ဆက်ပေးပါသည်။ ဤသည်မှာ အခြေခံ သွေးပူလေ့ကျင့်ခန်း ဖြစ်ပါသည်။
ထို့နောက် ကျွန်ုပ်တို့၏ စိတ်ဓာတ်စေ့ဆော်မှုနှင့် ပတ်သက်၍ စဉ်းစားပါသည်။ ဘာကြောင့် တရားရှုမှတ်ပါသနည်း။ ဤသည်မှာလည်း သွေးပူလေ့ကျင့်ခန်းအပိုင်း ဖြစ်ပါသည်။ အားကစား လေ့ကျင့်ခြင်း၊ ဂီတတူရိယာ တီးခတ်ရန် သင်ယူခြင်းလိုပင် “ဘာကြောင့်ဒါကိုလုပ်ရသလဲ” ဟု အမှန်တကယ် နားလည်ကာ စစ်ဆေးကြည့်ရန် အလွန် အရေးကြီးပါသည်။ ပျော်၍လုပ်သည်ဟု ဆိုလျှင်ပင် လေ့ကျင့်မှုသည် များစွာအားထုတ်ရသည့်အတွက် ၎င်းကို မိမိကိုယ်ကို ပြန်လည်သတိပေးရန် လိုပါသည်။ ထို့ကြောင့် တရားရှုမှတ်ခြင်းမှတစ်ဆင့် အပြုသဘော အလေ့အထကို ဘာကြောင့် တည်ဆောက်လိုသည်ကို ပြန်လည်အတည်ပြုပါသည်။ ထိုအခါ အကြောင်းရင်းမှာ ၎င်းသည် ကျွန်ုပ်တို့ ဘဝပြဿနာများ ပိုမိုကောင်းမွန်စွာ ဖြေရှင်းနိုင်အောင် ကူညီသောကြောင့် ဖြစ်ပါသည်။ သာဓကအနေနှင့် ကျွန်ုပ်သည် အလွယ်တကူ ဒေါသမထွက်တော့ပါ။ အမြဲတမ်း ဒေါသထွက်နေပါက မည်သူ့ကိုမျှ အကူအညီ မပေးနိုင်တော့ပါ။ စိတ်လှုပ်ရှားစွာ ဝမ်းနည်းနေပါက မည်သူ့ကိုမျှ အထောက်အကူ မပြုတော့ပါ။
ထို့ကြောင့် ဤသွေးပူလေ့ကျင့်ခန်းအားလုံး ဆောင်ရွက်ရပါသည်။ ထို့နောက် အမှန်တကယ် တရားရှုမှတ်ပါသည်။ လိုချင်သော စိတ်အခြေအနေ ပေါ်ထွက်အောင် အတွေးအချို့ကို အသုံးပြုပါသည်။ ယင်းကို မိမိပုဂ္ဂိုလ်ရေးဘဝနှင့် ချိတ်ဆက်လိုပါက ဤအချက်မှာ အလွန်အရေးကြီးပါသည်။ မတိကျသော သီအိုရီကို တွေးနေခြင်းမဟုတ်ဘဲ မိမိဘဝတွင် အထောက်အကူပြုမည့် နည်းလမ်းများကို တွေးနေခြင်း ဖြစ်ပါသည်။
နမူနာဖြစ်ရပ်
မိမိ၏ မိတ်ဆွေတစ်ယောက်သည် မိမိအပေါ် အလွန်မနှစ်မြို့ဖွယ်ရာ ပြုမူသည် ဆိုပါစို့။ ထိုသူသည် မိမိအား ကြမ်းတမ်းစွာ ပြောသည် သို့မဟုတ် မခေါ်မပြောဘဲ နေသည်။ လျစ်လျူရှုသည်။ သို့မဟုတ် အခြားသူများနှင့် လှောင်ပြောင်ပါသည်။ ယင်းမှာ လူတိုင်း ကြုံရသော ဆိုးရွားသည့်ကိစ္စ ဖြစ်ပါသည်။ အထူးသဖြင့် ထိုသူသည် မိမိသူငယ်ချင်းဟု တွေးထားပါက ထိုလူမျိုးကို အမှန်ပင် ဆိုးရွားပြီး အလွန် စိတ်အနှောင့်အယှက် ဖြစ်သော ခံစားချက်ဖြင့် ကျွန်ုပ်တို့ တုံ့ပြန်ပါသည်။
တရားရှုမှတ်ရာတွင် ကျွန်ုပ်တို့စိတ်သည် ဝင်လေထွက်လေကို အာရုံစိုက်ပြီးနောက် အနည်းငယ် ပို၍ တည်ငြိမ်လာသောအခါ ထိုအချက်ကို လေ့လာပါသည်။ ကျွန်ုပ်တို့၏ သူငယ်ချင်း၊ အတန်းဖော်များသည် ကျွန်ုပ်တို့ကဲ့သို့ပင် ပျော်ရွှင်လိုပြီး မပျော်ရွှင်မှုကို အလိုမရှိကြောင်း ပြန်လည် အတည်ပြုပါသည်။ ထို့ပြင် မိမိအား မနှစ်မြို့ဖွယ်ရာ ဆက်ဆံစေသည့် သူတို့ကို အမှန်ပင် ဝမ်းနည်းစေသောအရာ ရှိရပါမည် သို့မဟုတ် မိမိနှင့်ပတ်သက်၍ သူတို့သည် ရှုပ်ထွေးနေပါသည်။ သူတို့သည် မိမိ၏ အရည်အသွေး ကောင်းများကို တကယ်တန်ဖိုးမထားသောကြောင့် မိမိအား လှောင်ပြောင်ပါသည်။ သူတို့ကို ဒေါသထွက်ကာ စိတ်ဓာတ်ကျနေခြင်းသည် လုံးဝအထောက်အကူ မပြုပါ။ ထိုသို့ဖြစ်မည့်အစား သူတို့ကို ဝမ်းနည်းစေသော အရာအားလုံးမှ လွတ်မြောက်နိုင်ပါစေဟု ဆန္ဒပြုပါသည်။ ထိုအခါ ကျွန်ုပ်တို့အားလုံး ပျော်ရွှင်သောကြောင့် သူတို့သည် ကျွန်ုပ်အား ကောင်းမွန်စွာ ဆက်ဆံလာပါမည်။
ထို့ကြောင့် သူတို့ကို ဒေါသထွက်မည့်အစား မေတ္တာနှင့် ကရုဏာထားပါသည်။ “သူတို့ကို ဝမ်းနည်းစေသော အရာအားလုံးမှ လွတ်ကင်းလျှင် အလွန်ကောင်းပါမည်။ သူတို့ ပျော်ရွှင်ပါစေ။ သူတို့ပျော်ရွှင်ပါက အလွန်မနှစ်မြို့ဖွယ် နည်းဖြင့် ပြုမူတော့မည် မဟုတ်ပါ။” ဤနည်းဖြင့် သူတို့အပေါ် ဒေါသမဟုတ်ဘဲ မေတ္တာ ထားပါသည်။ ထိုအခါ သူတို့အခြေအနေကို ပို၍သည်းခံနိုင်လာပါသည်။ ပိုမိုတည်ငြိမ်ပြီး ချစ်ခင်၊ ခွင့်လွှတ်ကာ ပြုမူပါက သူတို့ကိုလည်း တည်ငြိမ်စေရန် ကူညီပါသည်။ အခြေအနေကို ကိုင်တွယ်ဖြေရှင်းရန် ပိုမိုလွယ်ကူလာပါသည်။
မိမိထံသို့ပစ်လိုက်သော အမှိုက်ကို ပုဂ္ဂိုလ်ရေးအရ မယူဆခြင်း
တစ်ခါက ဗုဒ္ဓမြတ်စွာသည် သာဝက တစ်ပါးကို “တစ်ယောက်ယောက်က သင့်ကို တစ်ခုခုပေးရန် ကြိုးစားသောအခါ သင်ကလက်မခံလျှင် ထိုအရာသည် မည်သူနှင့် သက်ဆိုင်သနည်း” ဟုမေးသည်။ ၎င်းသည် သင်လက်မခံသည့်အတွက် သင့်ကိုပေးရန် ကြိုးစားသူနှင့်သာ ဆိုင်ပါသည်။ ထို့ကြောင့် တစ်ယောက်ယောက်က သင့်ကို မကောင်းသောစိတ်များ၊ အပျက်သဘော ခံစားချက်များ၊ ဝေဖန်မှုများ စသည်တို့ လာပေးသောအခါ ယင်းကို ပုဂ္ဂိုလ်ရေးအရ လက်မခံရန် အရေးကြီးပါသည်။ တစ်နည်းအားဖြင့် ၎င်းသည် တစ်ဖက်လူကို အမှန်ပင် ဝမ်းနည်းစေသောအရာဟု မြင်ရန်လိုပါသည်။ တစ်ယောက်ယောက်က ကျွန်ုပ်တို့ကို ဝေဖန်ပြစ်တင်ပါက သူတို့သည် ကျွန်ုပ်တို့ကြိုးစားရန်လိုသည့် အရာတစ်ခုကို ထောက်ပြသလား လေ့လာကြည့်နိုင်ပါသည်။ ထို့ကြောင့် ယင်းကို လျစ်လျူမရှုပါ။ သို့သော် ဘောလုံးဖမ်းသည့် ဂိမ်းထဲမှ ဘောလုံးဖမ်းသူကဲ့သို့ ပစ်လာသမျှ အမှိုက်ထုပ်များ၊ ဆိုးရွားသော အတွေးများကို လိုက်ဖမ်းသကဲ့သို့ မဖြစ်ရန် အရေးကြီးပါသည်။
တစ်ခါတစ်ရံတွင် ထိုသို့ ပြုမူမိတတ်ပါသည်။ ဆိုးရွားသော စကားလုံးများ၊ ညစ်ညမ်းသော အကြည့်များ စသည့် ကျွန်ုပ်တို့ထံ ပစ်လာသမျှ အမှိုက်တိုင်းကို စိုးရိမ်တကြီး ဖမ်းယူမိတတ်ပါသည်။ ဆောင်ရွက်ရန် မလွယ်ကူသော်လည်း ကျွန်ုပ်တို့ထံ ဖြစ်လာသောအရာတိုင်းကို ပုဂ္ဂိုလ်ရေးအရ မိမိအား ငြင်းပယ်မှုဟု မယူဆဘဲ တစ်ဖက်လူတွင် ရှိနေသည့် ပြဿနာကဲ့သို့ သဘောထားရပါမည်။ တစ်နည်းအားဖြင့် တစ်ဖက်လူကို ဆိုးသွမ်းသည်ဟု ရှုမြင်မည့် သဘောထားမျိုးအစား “အို၊ တစ်ခုခုကြောင့် သူတို့ဝမ်းနည်းနေတယ်။ သူတို့ တစ်ခုခုမှားနေပြီ” ဟု ရှုမြင်ရပါသည်။
ဤသည်မှာ နှစ်နှစ်အရွယ်၊ သုံးနှစ်အရွယ် ကလေးတစ်ယောက်ကို ပြုစုစောင့်ရှောက်ပါက ကလေးငယ်သည် အလွန်မောပန်းပြီး အိပ်ရာမဝင်လိုခြင်းနှင့် တူပါသည်။ “ကဲ၊ အိပ်ချိန်တန်ပြီ” ဟု ပြောသောအခါ ကလေးငယ်က “မုန်းလိုက်တာ” ဟုပြောသည်။ ယင်းကို ပုဂ္ဂိုလ်ရေးအရ ယူဆပါသလား။ ကလေးငယ်သည် မောပန်းနေသောကြောင့် ကလေးငယ် ပစ်လိုက်သော ဆိုးရွားသည့် စကားလုံးများကို ပုဂ္ဂိုလ်ရေးအရ မယူဆဘဲ ကလေးငယ်ကို တည်ငြိမ်စေရန် ပို၍သည်းခံကာ ပို၍ချစ်ခင်မှု ရှိလာပါသည်။
တရားရှုမှတ်ရာတွင် ကျွန်ုပ်တို့အား ပြဿနာများ ဖြစ်စေသော တစ်ဖက်လူကို ဤသို့ ပို၍အပြုသဘောဆောင်သော နည်းဖြင့် ရှုမြင်ကာ ထိုသူအား ဤခက်ခဲသော အခြေအနေတွင် ပို၍သည်းခံ၊ ပို၍မေတ္တာထားကာ အပြုသဘောထားမျိုး ပို၍ထားရှိပါသည်။ ဤနည်းဖြင့် လက်တွေ့ဘဝတွင် ဤကိစ္စမျိုး ကြုံလာသောအခါ ယင်းကိုပိုမိုကောင်းမွန်စွာ ဖြေရှင်းနိုင်ပါသည်။ အနှစ်ချုပ်ရလျှင် ဗောဓိစိတ္တဆိုသည့် မယုံနိုင်လောက်သော ဤစိတ်အခြေအနေသည် ကျွန်ုပ်တို့ ရရှိအောင် ကြိုးစားရန်လိုသည့်အရာ ဖြစ်ပါသည်။ ဤစိတ်နှင့်အတူ အခြားသူများကို အတတ်နိုင်ဆုံး ကူညီရန် တာဝန်ယူကာ မိမိ၏ အားနည်းချက်အားလုံးကို တတ်နိုင်သလောက် ဖယ်ရှားပြီး မိမိ၏အစွမ်းအစအားလုံး ပေါ်ထွက်အောင် တရားရှုမှတ်ခြင်းနှင့် အခြားနည်းလမ်းများဖြင့် ကြိုးစားပါသည်။ အားလုံးပျော်ရွှင်အောင် ကူညီရန် ကြိုးစားပါက မိမိသည်လည်း အပျော်ရွှင်ဆုံး ဖြစ်လာပါမည်။ မိမိအတွက် ပျော်ရွှင်ရန်သာ ကြိုးစားပြီး အခြားသူများကို လျစ်လျူရှုခြင်း သို့မဟုတ် သူတို့ကို အသုံးချခြင်း ပြုလုပ်ပါက ကျွန်ုပ်တို့သည် ဆင်းရဲဒုက္ခရောက်ပါလိမ့်မည်။
ယခုကဲ့သို့ ငယ်ရွယ်စဉ် ကျောင်းသားဘဝတွင် သင်တို့၏ အစွမ်းအစများ၊ စွမ်းရည်များကို လေးစားတတ်အောင် သင်ယူရန်နှင့် အပျက်သဘော ဦးတည်ရာ သို့မဟုတ် ဦးတည်ရာမဲ့ခြင်း မရှိဘဲ အပြုသဘော ဦးတည်ရာ ဖန်တီးနိုင်မည့် အခြေခံအချက်အားလုံးရှိသည်ကို သဘောပေါက်ရန် အချိန်ကောင်း ဖြစ်ပါသည်။ ဤကမ္ဘာပေါ်တွင် ကျွန်ုပ်တို့သာလျှင် ရှိသည်မဟုတ်ပါ။ သတင်းအချက်အလက်နှင့် လူမှုကွန်ရက် မီဒီယာခေတ်တွင် အားလုံး ဆက်သွယ်နေပါသည်။ ထို့ပြင် ကျွန်ုပ်တို့သည် အားလုံးကို အပြုသဘောဖြင့် သက်ရောက်မည့် ပိုပြီးအပြုသဘောဆန်သော နည်းလမ်းများဖြင့် ဖွံ့ဖြိုးတိုးတက်နိုင်ပါသည်။
ဗောဓိစိတ္တအကြောင်း အနည်းငယ် ရှင်းပြပြီးပါပြီ။ ယခုမေးခွန်းမေးရန် အချိန်ရောက်ပါပြီ။
ဗုဒ္ဓဘာသာ ရှုထောင့်အရ မေတ္တာဆိုတာဘာလဲ
ချစ်ခြင်းမေတ္တာအကြောင်းကို အထူးသဖြင့် အမျိုးသားနှင့် အမျိုးသမီး ဆက်ဆံရေးများတွင် ဗုဒ္ဓဘာသာရှုထောင့်မှနေ၍ တစ်ခုခုရှင်းပြစေလိုပါသည်။
မေတ္တာအကြောင်းကို ဗုဒ္ဓဘာသာ ရှုထောင့်မှ ပြောရလျှင် မေတ္တာသည် စောစောက ဆွေးနွေးရာတွင် ဖော်ပြခဲ့သလို တစ်စုံတစ်ယောက်ကို ပျော်ရွှင်မှုနှင့် ပျော်ရွှင်မှုအကြောင်းရင်းများ ရရှိစေလိုစိတ် ဖြစ်ပါသည်။ ဆိုလိုသည်မှာ တစ်ဖက်လူကို သူတို့၏ ကောင်းကွက်ရော ဆိုးကွက်ပါ လုံးဝလက်ခံခြင်း ဖြစ်ပါသည်။ ထို့ပြင် သူတို့ပျော်ရွှင်စေလိုသော ဆန္ဒသည် သူတို့က မိမိအား ပြုမူဆက်ဆံပုံအပေါ်၌ မူတည်ခြင်း မရှိပါ။ မည်သို့ ဖြစ်စေကာမူ သူတို့ကို နေရာအချို့ ပေးရသည်ဟု ဆိုလျှင်ပင် သူတို့အား ပျော်ရွှင်စေလိုပါသည်။
မေတ္တာသည် တစ်ခါတစ်ရံတွင် ဆန္ဒနှင့် ရောစပ်ပါသည် (ဆန္ဒဆိုသည်မှာ ကျွန်ုပ်တို့မှာ တစ်ခုခုမရှိဘဲ ရယူလိုခြင်း ဖြစ်သည်)။ တစ်ခါတစ်ရံ တဏှာနှင့် ရောစပ်ပြီး (တဏှာဆိုသည်မှာ တစ်ခုခုရှိသော်လည်း လက်မလွှတ်ချင်ပါ) တစ်ခါတစ်ရံ လောဘ (သူငယ်ချင်း သို့မဟုတ် ချစ်ခင်သူ တစ်စုံတစ်ယောက် ထံမှ ပို၍ပို၍ လိုချင်နေမှု) နှင့် ရောစပ်ပါသည်။ ဤအရာအားလုံးသည် သူတို့၏ အရည်အသွေးကောင်းများကိုသာ ကြည့်ပြီး ပုံကြီးချဲ့ကာ သူတို့၏ အားနည်းချက် မှန်သမျှကို လျစ်လျူရှုမှုပေါ်တွင် အခြေခံပါသည်။ ထို့ပြင် သူတို့၏ အရည်အသွေးကောင်းများမှာ သူတို့သည် မိမိကို နှစ်သက်သည်၊ ထိုသူနှင့် အတူရှိသောအခါ ပျော်ရွှင်သည်၊ သူတို့သည် ချောမောလှပသည်၊ ဆွဲဆောင်မှုရှိသည် စသည်တို့ ဖြစ်ပါသည်။ ထို့ကြောင့် ထိုသူ၏ အစိတ်အပိုင်း အသေးလေးကိုသာ ကြည့်နေပြီး ထိုအရာက အခြားအရာအားလုံးထက် ပိုအရေးကြီးအောင် ပြုလုပ်လိုက်ပါသည်။ ဤသည်မှာ လက်တွေ့မကျသော သဘောထား ဖြစ်ပါသည်။ ထိုသူက မိမိအား ဆက်ဆံပုံပေါ်တွင် မူတည်နေပါသည်။ သူတို့ ကောင်းမွန်စွာ ဆက်ဆံပါက သူတို့ကို ချစ်ခင်သည်။ သူတို့ကောင်းမွန်စွာ မဆက်ဆံပါက သူတို့ကို မချစ်ခင်တော့ပါ။ ဤသည်မှာ တည်ငြိမ်သော မေတ္တာအမျိုးအစား မဟုတ်ပါ။
ကျွန်ုပ်ပြောခဲ့သလိုပင် ဗုဒ္ဓဘာသာတွင် တည်ငြိမ်သော မေတ္တာဟု ပြောသောအခါ တစ်ယောက်ယောက်၏ ကောင်းသောဘက်နှင့် ဆိုးသောဘက် နှစ်ခုစလုံးကို အသိအမှတ် ပြုပါသည်။ အကြောင်းမှာ အားလုံးတွင် အားသာချက်၊ အားနည်းချက်များ ရှိပြီး မည်သူမျှ ပြီးပြည့်စုံခြင်း မရှိသောကြောင့် ဖြစ်ပါသည်။ ပြဿနာမှာ ကျွန်ုပ်တို့အများစုသည် အိပ်ရာဝင်ပုံပြင်များကို ယုံကြည်နေဆဲ ဖြစ်ပါသည်။ ပုံပြင်ထဲတွင် ဆွဲဆောင်မှုရှိသော မင်းသားလေး သို့မဟုတ် မင်းသမီးလေးက မြင်းဖြူကလေးစီးပြီး လုံးဝ ပြီးပြည့်စုံနေပါသည်။ ကျွန်ုပ်တို့သည် မင်းသားလေး သို့မဟုတ် မင်းသမီးလေးကို အမြဲ လိုက်ရှာနေပါသည်။ မိမိ ချစ်မိသူတိုင်းကို မင်းသားလေး သို့မဟုတ် မင်းသမီးလေး ဟူ၍ မှန်းဆပါသည်။ ကံဆိုးချင်တော့ ယင်းမှာ ပုံပြင်သာဖြစ်ပြီး ခရစ္စမတ်ဖခင်ကြီးလိုပင် တကယ့်အစစ်အမှန်ကို ရည်ညွှန်းခြင်း မဟုတ်ပါ။
ဤသို့ သိရသည်မှာ သိပ်တော့ ပျော်စရာမကောင်းပါ။ လက်ခံရ ခက်ခဲပါသည်။ “ဒီတစ်ယောက်က မင်းသားလေး သို့မဟုတ် မင်းသမီးလေး မဟုတ်ပေမယ့် နောက်တစ်ယောက်ကတော့ ဟုတ်လောက်တယ်” ဆိုပြီး လက်မလျှော့ကြပါ။ ကျွန်ုပ်တို့သည် မှန်းဆမှုများဖြင့် မြင်းဖြူလေးပေါ်မှ မင်းသားလေး သို့မဟုတ် မင်းသမီးလေးကို ရှာဖွေနေသမျှ ကာလပတ်လုံး ကျွန်ုပ်တို့၏ အခြားသူများနှင့် ဆက်ဆံရေး၊ အချစ်ရေးများသည် ပြဿနာများ ရှိနေပါမည်။ အကြောင်းမှာ မည်သူမျှ ထိုကဲ့သို့ ပြီးပြည့်စုံသော လက်တွဲဖော်တစ်ယောက် မဖြစ်နိုင်သောကြောင့် ဖြစ်ပါသည်။ သူတို့သည် မင်းသားလေး သို့မဟုတ် မင်းသမီးလေးကဲ့သို့ မပြုမူသောအခါ ကျွန်ုပ်တို့ ဒေါသထွက်ပါသည်။ တကယ်တော့ သူတို့သည် သူလိုကိုယ်လို လူသားတစ်ယောက် ဖြစ်ပြီး အားသာချက်၊ အားနည်းချက်များ ရှိသည်ဆိုသော အမှန်တရားကို ကျွန်ုပ်တို့ လက်မခံပါ။ ထို့ကြောင့် မေတ္တာစစ်၊ တည်ငြိမ်သောမေတ္တာ ဆိုသည်မှာ တစ်ဖက်လူ၏ အမှန်တရားကို လက်ခံမှုအပေါ်တွင် မူတည်ပါသည်။
မိမိချစ်ရသူနှင့် ပတ်သက်ပြီး တစ်ခါတစ်ရံ မေ့နေတတ်သည့် အမှန်တရား တစ်ခုမှာ မိမိသည် သူတို့ဘဝ၏ တစ်ခုတည်းသောအရာ မဟုတ်ခြင်း ဖြစ်ပါသည်။ သူတို့သည် မိမိအပြင် အခြား သူငယ်ချင်းများ၊ မိသားစုဝင်များ၊ အခြားတာဝန်များ ရှိသေးသည်ဆိုသည့်အချက်ကို ကျွန်ုပ်တို့ တစ်ခါတစ်ရံ မျက်ခြေပြတ်သွားပါသည်။ သူတို့ဘဝ၏ အခြားအစိတ်အပိုင်းများ ရှိနေပြီး မိမိတစ်ဦးတည်းသာ မဟုတ်ပါ။ ထို့ကြောင့် သူတို့ဘဝတွင် အခြားသူများ၊ အခြားအရာများနှင့် အချိန်ဖြုန်းသောအခါ ကျွန်ုပ်တို့က မနာလိုဖြစ်ပြီး ဝမ်းနည်းသည်မှာ အတော် သဘာဝမကျပါ။ သူတို့ မပျော်ရွှင်သောအခါတွင် သို့မဟုတ် ကျွန်ုပ်တို့နှင့် အတူမရှိလိုသော အခါတွင် ကျွန်ုပ် ကြောင့်သာ မဟုတ်ပါ။ ဤလူခံစားသမျှ၊ ဆောင်ရွက်သမျှ အရာရာတိုင်း၏ အကြောင်းရင်းသည် ကျွန်ုပ် မဟုတ်ပါ။ သူတို့ မပျော်ရွှင်ပါက သူ့မိသားစုမှ ကိစ္စကြောင့် ဖြစ်နိုင်သလို အခြားသူငယ်ချင်းများကြောင့်လည်း ဖြစ်နိုင်ပါသည်။ ဖျားနေခြင်း၊ နေသိပ်မကောင်းခြင်းတို့ကြောင့်လည်း ဖြစ်နိုင်ပါသည်။ အကြောင်းရင်းများစွာကြောင့် သက်ရောက်မှု ရှိနိုင်ပါသည်။ ဤလူ ခံစားရသောအရာတိုင်းအတွက် ကျွန်ုပ်သည် တစ်ခုတည်းသော အကြောင်းရင်းဟု ဘာကြောင့် တွေးမိပါသနည်း။
ထို့အတူ ဤလူနှင့် ရေရှည်ဆက်ဆံရေး ရှိထားပါက ကျွန်ုပ်တို့ နေ့စဉ် အပြန်အလှန် ဆက်သွယ်မှုတွင် အကြောင်းအရာများစွာ ဖြစ်နေပါသည်။ တစ်ခါတစ်ရံ “သူငါ့ကို ဒီနေ့ဖုန်းမဆက်ဘူး။ ငါစာပို့တာ ပြန်မပို့ဘူး” ဟု ဖြစ်တတ်ပြီး ဤအဖြစ်အပျက်ကို ရေးကြီးခွင်ကျယ် ချဲ့ကားမိပါသည်။ အချိန်ကြာလာပြီ ဖြစ်သည့် ဆက်ဆံရေး တစ်ခုလုံး၏ ရေရှည်အဆက်အစပ်ဖြင့် မမြင်တော့ပါ။ ဤအဖြစ်အပျက် တစ်ခုကြောင့် သူတို့ မိမိအား မချစ်တော့ဘူးဟု ကောက်ချက်ချပါသည်။ သို့သော် ဤသည်မှာ အလွန်အမြင်ကျဉ်းပါသည်။ ကိစ္စလေး တစ်ခုကိုသာ ကြည့်ပြီး ဆက်ဆံရေးကြီး တစ်ခုလုံးနှင့် မသက်ဆိုင်သယောင် ဖြစ်သွားပါသည်။
တကယ်တော့ အားလုံး၏ ဘဝ၊ စိတ်ခံစားချက် စသည်တို့သည် အတက်အကျ ရှိပါသည်။ ကျွန်ုပ်တို့ရော၊ အားလုံးရော ထိုအတိုင်း မှန်ကန်ပါသည်။ ထို့ကြောင့် မိမိချစ်သူသည် တစ်ခါတစ်ရံ မိမိနှင့် အတူရှိလိုသော်လည်း တစ်ခါတစ်ရံ အတူမရှိလိုသည်မှာ သဘာဝဖြစ်ပါသည်။ တစ်ခါတစ်ရံ သူတို့ပျော်ရွှင်ပြီး တစ်ခါတစ်ရံ စိတ်မကြည်လင်ပါ။ စိတ်မကြည်လင်ပါက သို့မဟုတ် မိမိပို့သောစာကို ချက်ချင်း ပြန်ပို့ရန် အခြားကိစ္စများကြောင့် မအားလပ်နေပါက သူတို့ မချစ်တော့ဘူးဟု အလိုအလျောက် မဆိုလိုပါ။ ယင်းမှာ ဘဝ၏အစိတ်အပိုင်းသာ ဖြစ်ပါသည်။
ဤကား ကျွန်ုပ်တို့၏ မေတ္တာရေးတွင် တည်ငြိမ်လိုပါက သင်ယူနားလည်ရန် အလွန်အရေးကြီးသည့် အချက်အချို့ ဖြစ်ပါသည်။ ထိုသို့မဟုတ်ပါက စိတ်ခံစားချက် ဂယက်ထနေပါမည်။
အိန္ဒိယနိုင်ငံမှ ဗုဒ္ဓဘာသာ ဆရာတော်ကြီးတစ်ပါး ပေးသည့် အလွန်ကောင်းသော နမူနာတစ်ခုမှာ ကျွန်ုပ်တို့၏ အခြားသူများနှင့် ဆက်ဆံရေးသည် လေထဲလွင့်နေသော သစ်ရွက်များနှင့် တူပါသည်။ ဆောင်းဦးရာသီတွင် သစ်ရွက်များ ကြွေကျပါသည်။ တစ်ခါတစ်ရံ လေနှင့်အတူ စုစည်းလွင့်ပါသွားပြီး တစ်ခါတစ်ရံ တစ်ရွက်တည်း လွင့်သွားပါသည်။ ဘဝသည်လည်း ထိုအတိုင်းဖြစ်ပါသည်။ တစ်စုံတစ်ယောက်နှင့် ဆက်ဆံရေးတိုင်းသည် တစ်ဘဝလုံး တည်တံ့နိုင်သလို တည်တံ့ချင်မှလည်း တည်တံ့ပါမည်။
တစ်ဖက်လူကို ကျွန်ုပ်တို့အိမ် ပြတင်းပေါက်တွင် လာနားသော ကျေးငှက်တစ်ကောင်ကဲ့သို့ ကြည့်ရန်လည်း အရေးကြီးပါသည်။ လှပသော ကျေးငှက်ကလေး ပြတင်းပေါက်တွင် ရောက်လာသည်မှာ အလွန်ကောင်းပါသည်။ ဤငှက်ကလေးနှင့် ခဏတာ အတူရိရသည်မှာ မည်မျှ လှပပြီး မည်မျှ ပျော်စရာကောင်းပါသနည်း။ သို့သော် ငှက်ကလေးသည် လွတ်လပ်နေသည့်အတွက် အဝေးသို့ ပျံသွားပါလိမ့်မည်။ အိမ်ပြတင်းပေါက်သို့ နောက်တစ်ခါ လာနားမည်ဆိုပါက အလွန် ကံကောင်းပါသည်။ သို့သော် ငှက်ကိုဖမ်းပြီး လှောင်အိမ်ထဲ ထည့်ထားပါက ငှက်ကလေးသည် အလွန်ဝမ်းနည်းပြီး သေသွားနိုင်ပါသည်။
ထို့အတူ မိမိဘဝထဲသို့ ရောက်လာပြီး မိမိကချစ်ခင်သူတစ်ယောက်နှင့်လည်း ထိုအတိုင်း ဖြစ်ပါသည်။ သူတို့သည် ကျေးငှက်ကလေးနှင့် တူပါသည်။ မိမိဘဝထဲသို့ ရောက်လာပြီး ပျော်ရွှင်မှုနှင့် လှပမှုများစွာ ယူဆောင်လာပါသည်။ သို့သော် သူတို့သည် ကျေးငှက်လိုပင် လွတ်လပ်ပါသည်။ သို့သော် ကျွန်ုပ်တို့က သူတို့ကို တွယ်တာပြီး မိမိပိုင်ပစ္စည်းကဲ့သို့ ဆုပ်ကိုင်ပါက “ဘာကြောင့် ဖုန်းမဆက်တာလဲ။ ဘာကြောင့် လာမတွေ့တာလဲ။ ဘာကြောင့် ကြာကြာမနေတာလဲ” စသည်ဖြင့် သူတို့ကို အမြဲတမ်း အနှောင့်အယှက် ပေးမိပါသည်။ ယင်းမှာ ငှက်ကလေးကို လှောင်အိမ်ထဲ ထည့်သည်နှင့် တူပါသည်။ ထိုငှက်ကလေးသည် တတ်နိုင်သလောက် လွတ်အောင်ကြိုးစား ပါလိမ့်မည်။ ထို့ပြင် အပြစ်ရှိသလိုခံစားရပြီး ကျွန်ုပ်တို့နှင့် အတူနေထိုင်သူလိုပင် ထိုငှက်ကလေးသည် ကျွန်ုပ်တို့နှင့် နေထိုင်ပါက အလွန်မပျော်မရွှင် ဖြစ်နေပါမည်။
မိမိ ချစ်မိသူတစ်ယောက်၊ မိမိဘဝထဲသို့ ဝင်လာသူတစ်ယောက်ကို ကျေးငှက်တစ်ကောင်လို သဘောထားသည်မှာ အလွန်အထောက်အကူပြုသော အတွေး ဖြစ်ပါသည်။ ကျွန်ုပ်တို့သည် ပို၍ တွယ်တာမှု လျော့နည်းပြီး ဖြေလျော့ထားလေ ကျေးငှက်ကလေးသည် ပြတင်းပေါက်သို့ ပြန်လာဖို့များလေ ဖြစ်ပါသည်။