ဗုဒ္ဓဘာသာနှင့် အစ္စလာမ်ဘာသာတွင် မေတ္တာတရား ကျင့်ကြံထားရှိမှု နှိုင်းယှဉ်ချက်

ဘာသာတိုင်း၏ တူညီသော ဘုံရည်မှန်းချက်

ဘာသာတရားတိုင်းတွင် မေတ္တာ၊ သည်းခံခြင်း၊ ခွင့်လွှတ်ခြင်း၊ အတ္တဗဟိုပြုမှုနှင့် တစ်ကိုယ်ကောင်းဆန်မှုကို ကျော်လွှားခြင်း စသည့် တူညီသော သတင်းစကားများ ရှိပါသည်။ ယင်းသည် ဘာသာတိုင်း တူညီသည့် အချက်ဖြစ်သလို မတူညီသော ဘာသာများအကြား တွေ့ဆုံဆွေးနွေးရန် အခြေခံလည်း ဖြစ်ပါသည်။ ဤအရည်အသွေးများကို သင်ကြားရန် ၎င်းတို့ နောက်ကွယ်ရှိ ဒဿနများနှင့် နည်းလမ်းများသည် ခြားနားသော်လည်း ရည်မှန်းချက်မှာ တူညီပါသည်။ ကမ္ဘာ့ ဘာသာတရား အားလုံးသည် ဘဝအရည်အသွေး တိုးတက်ရန်နှင့် တစ်ဦးချင်းနှင့် လူမှုအဖွဲ့အစည်းကို ပျော်ရွှင်မှု ရရှိစေရန် ရည်မှန်းကြ ပါသည်။ ဤအချက်ကို ဘုံအခြေခံအဖြစ် ယူဆပြီး ဒဿနဆိုင်ရာ ခြားနားချက်များ ရှိသည်ကို အသိအမှတ် ပြုပါက မေးစရာရှိသည်မှာ ယနေ့ကမ္ဘာကြီးတွင် အလွန်လိုအပ်နေသော ဘာသာရေး ညီညွတ်မှုကို မည်ကဲ့သို့ အားပေးမြှင့်တင် မည်နည်း။

ဗုဒ္ဓဘာသာနှင့် အစ္စလာမ်ဘာသာ လောကအနေနှင့် လေ့လာပါက ၎င်းတို့သည် အိန္ဒိယ၊ ဗဟိုအာရှနှင့် အရှေ့တောင်အာရှ စသည့် ကမ္ဘာ့နေရာဒေသ များစွာတွင် သမိုင်းကြောင်းအရရော လက်ရှိတွင်ပါ အပြန်အလှန် ကူးလူးဆက်သွယ်မှုများ ရှိပါသည်။ ယခုအခါ မွတ်စလင် ရွှေ့ပြောင်းနေထိုင်သူများစွာသည် ဥရောပနှင့် မြောက်အမေရိကသို့ လာရောက်နေကြပါသည်။ သူတို့သည် ဤလူမှု အဖွဲ့အစည်းများ၊ ယဉ်ကျေးမှုများနှင့် ပိုမိုနီးစပ်သော ဆက်သွယ်မှု ရှိနေပါသည်။ သူတို့သည် ဂျူးနှင့် ခရစ်ယာန်ဘာသာ နောက်ခံများမှ လူများနှင့်သာမက ဗုဒ္ဓဘာသာဝင်များနှင့်လည်း ထိတွေ့ဆက်ဆံရပါသည်။ ယခုရောက်လာသူ အချို့သည် ဗုဒ္ဓဘာသာ နောက်ခံဖြစ်နိုင်သလို ဤဘာသာနှစ်ခု၏ နှိုင်းယှဉ်ပုံကို စိတ်ဝင်တစား သိရှိလိုကြမည် ထင်ပါသည်။

ဤသည်မှာ ဘာသာတစ်ခုနှင့်တစ်ခု ညီညွတ်ရေးအတွက် ဒလိုင်းလားမား ဆရာတော်ကြီး အလွန်အလေးထားသည့် နယ်ပယ်တစ်ခုလည်း ဖြစ်ပါသည်။ ဤသို့သော ညီညွတ်မှုအတွက် အခြေခံသည် အသိပညာပေးရေး ဖြစ်သည်ဟု ဆရာတော်ကြီးက အမြဲမိန့်ဆိုပါသည်။ လူတို့သည် တစ်ပုံစံတည်းဖြစ်ကာ အခြားဘာသာများနှင့် ပတ်သက်၍ လွဲမှားသိရှိနေသောအခါ ကြောက်ရွံ့မှုနှင့် မယုံကြည်မှုတို့ ရှိလာပါသည်။ လူတို့သည် ဆရာတော်ကြီးက “ဆိုးသွမ်းသူများ” ဟုခေါ်ဆိုသည့် အလွန်သေးငယ်သော လူတစ်စုကိုသာ ကြည့်ပြီး ဘာသာတစ်ခုလုံးကို ထိုအတိုင်း သတ်မှတ်လိုက်တတ်ပါသည်။

ယင်းမှာ အတော်ကံဆိုးပါသည်။ ထို့ကြောင့် ဘာသာရေး ညီညွတ်မှု၏ အခြေခံသည် အသိပညာပေးရေး ဖြစ်ပါသည်။ အသိပညာပေါ်တွင် အခြေခံကာ တစ်ဦး၏ ဒဿနများနှင့် တူညီသည့် အပြုသဘော အရည်အသွေး ပြုစုပျိုးထောင်နည်း များကို တစ်ဦးက နားလည်လျှင် လေးစားမှု ရှိနိုင်ပါသည်။ မေတ္တာ၊ ကရုဏာ၊ ခွင့်လွှတ်ခြင်း စသည့် အားလုံးနှင့်ဆိုင်သော အရည်အသွေးများ ရှိပါသည်။ ထိုအတွက် ဤဘာသာနှစ်ခုကို လေ့လာကာ မေတ္တာ ထားရှိပုံအကြောင်း ပြောဆိုထား သည်များကို အစ္စလာမ်ဘာသာမှနေ၍ စတင်လေ့လာကြပါစို့။

အစ္စလာမ်ဘာသာမှ အခြေခံ စည်းမျဉ်းများ

ဘုရားကို လိုက်နာရန် သန့်ရှင်းသော ပင်ကိုတွန်းအား

အစ္စလာမ်ဘာသာတွင် အရာအားလုံးအတွက် အချက်အချာကျသည်မှာ ဖန်ဆင်းရှင် ဘုရား ဖြစ်သည်။ ဘုရားသည် အမျိုးသားနှင့် အမျိုးသမီးတို့ကို ဘုရားထံ၌ အပ်နှံကာ ဘုရားအလိုတော်အတိုင်း လိုက်နာရန် သန့်ရှင်းသော ယုံကြည်ချက် သို့မဟုတ် တိမ်းညွှတ်ချက် သို့မဟုတ် ပင်ကို တွန်းအားဖြင့် ဖန်တီးခဲ့ပါသည်။ ကျွန်ုပ်တို့ အမြင်အရ ထိုအချက်သည် အနည်းငယ်ဆန်းနေသော်လည်း ဇီဝဗေဒ အမြင်ဖြင့် တွေးကြည့်ပါက ကျွန်ုပ်တို့ကို မိဘများက ဖန်ဆင်းခဲ့ပါသည်။ မွေးကင်းစ ကလေးငယ်သည် မိခင်နှင့် ဆက်သွယ်ရန် ပင်ကိုတွန်းအား ရှိပါသည်။ သို့မှသာ နို့တိုက်သတ္တဝါဖြစ်သော မွေးကင်းစ ကလေးငယ်သည် မိခင်နို့ အလိုအလျောက်စို့ကာ အာဟာရဓာတ် စသည်ကို ရရှိပါမည်။ မိမိကို ဖန်ဆင်းသူနှင့် နီးကပ်လိုသောတွန်းအား ရှိနေပါသည်။

ထို့ကြောင့် အစ္စလာမ်ဘာသာတွင် တွေ့ရသော တွန်းအားသည် ပိုအဆင့်မြင့်လာသော်လည်း ဖန်ဆင်းရှင်ထံ နီးကပ်ကာ ဘုရားအလိုတော်ကို လိုက်နာအပ်နှံရန် သံလိုက်ကဲ့သို့ ဤပင်ကိုစိတ်အနေနှင့် ဆိုပါက အထူးအဆန်း စိတ်ကူးတစ်ခု မဟုတ်ပါ။ တိရစ္ဆာန် လောကကို ကြည့်မည်ဆိုပါက မွေးကင်းစ ကလေးငယ်သည် မိခင်နောက်သို့ လိုက်ပါမည်။ ဤသည်မှာ ပင်ကိုအသိဖြစ်ပြီး ထိုအကြောင်းကိုပင် ဆွေးနွေးနေခြင်း ဖြစ်ပါသည်။

သို့သော် ဘုရားသည် လူသားများကို လွတ်လပ်သော ဆန္ဒနှင့် အသိဉာဏ်တို့ဖြင့်လည်း ဖန်တီးထားပါသည်။ အသိဉာဏ်နှင့် လွတ်လပ်သော ဆန္ဒ၏ လွှမ်းမိုးမှုအောက်တွင် စိတ်ဝိညာဉ်သည် ဘုရားအား လိုက်နာရန် သို့မဟုတ် ဘုရားအလိုတော်ကို မလိုက်နာရာမှ ပေါ်ထွက်သည့် အပျက်သဘော စိတ်ခံစားချက်များ လွှမ်းမိုးခံရရန် ရွေးချယ်နိုင်ပါသည်။ ယင်းမှာ အလွန်ပင် အတ္တ ဗဟိုပြုပါသည်။ ဤသို့ပင် ကလေးဘဝက ဖွံ့ဖြိုးလာခဲ့ပါသည်။ လွတ်လပ်သော ဆန္ဒ ရှိသလို မိဘ စသူတို့ကို မလိုက်နာမှုလည်း ရှိပါသည်။

ထိုအခါ ဘုရားတားမြစ်သည့် အပျက်သဘော အပြုအမူများ ဖြစ်လာပြီး နှလုံးသားတွင် အမဲစက်များ စွန်ထင်းကာ စုစည်းလာပါသည်။ ထိုအခါ မိမိနှလုံးသားနှင့် မိုဟာမက်၏ သတင်းစကားအကြားတွင် နံရံခြားသွားပါသည်။ မိမိ၏ နှလုံးသားသည် ဘုရား၏ အမှန်တရားကို ပိတ်ဆို့လိုက်ပြီး လွတ်လပ်သော ဆန္ဒလည်းရှိသည့် စိတ်ဝိညာဉ် ဖြစ်သောကြောင့် နှလုံးသားမှ အစွန်းအထင်းများ ဖယ်ရှားရန် အသိဉာဏ်ကို လွတ်လပ်သော ဆန္ဒဖြင့် အသုံးပြုနိုင်သော စိတ်ဝိညာဉ်လည်း ဖြစ်ပါသည်။ အသိဉာဏ်ကြောင့် ဘုရား၏ အလိုတော် ဟုတ်၊ မဟုတ်ကို ခွဲခြားသိမြင်လာကာ လိုက်နာရန်၊ မလိုက်နာရန် ရွေးချယ်နိုင်ပါသည်။

ဤသို့ နှလုံးသား တံခါးဖွင့်ရန် ကြိုးပမ်းချက်ကို ရုန်းကန်မှုဟု ဖော်ပြပါသည်။ ဤသည်မှာ “ဂျီဟတ်” စကားလုံး၏ အဓိပ္ပာယ် ဖြစ်ပါသည်။ ဂျီဟတ် စကားလုံးကို အစ္စလာမ်ဘာသာ၏ ပုံစံအမျိုးမျိုးတွင် အသုံးပြုနိုင်သော အဆင့်များစွာ ရှိသော်လည်း အဓိက အဓိပ္ပာယ်မှာ အပျက်သဘော ခံစားချက်များ၏ လွှမ်းမိုးမှု၊ ဘုရားအလိုတော်ကို မလိုက်နာမှု၊ ယုံကြည်ချက် မရှိမှု သို့မဟုတ် လောဘ၊ ဒေါသ လွှမ်းမိုးမှုအောက်မှ ကျော်လွှားကာ ကျင့်ဝတ်နှင့်အညီ နေထိုင်ရန် ကိုယ်တွင်း ရုန်းကန်မှု သို့မဟုတ် တိုက်ပွဲတစ်ခု ဖြစ်ပါသည်။

အစ္စလာမ်ဘာသာ၏ နယ်ပယ်သုံးရပ်

ဘုရားအလိုတော်ကို လိုက်နာခြင်းဆိုသည်မှာ အဘယ်နည်း။ ဘုရားကို ရိုးသားစွာ ကိုးကွယ်မှုဟု ဆိုလိုပါသည်။ အစ္စလာမ် ဘာသာတွင် ဤသည်မှာ အစ္စလာမ် ဘာသာ၏ နယ်ပယ်သုံးရပ်ဟု ခေါ်ပါသည်။ ယင်းတို့သည် ဘုရားအလိုတော်ကို အပ်နှံခြင်း သို့မဟုတ် အညံ့ခံခြင်း၊ ယုံကြည်ချက်နှင့် နောက်ထပ်အရေးကြီးသည်မှာ “ထူးချွန်မှု” ဟု အစ္စလာမ်ဘာသာတွင် ခေါ်ဆိုသည့် အယူအဆ ဖြစ်ပါသည်။

အပ်နှံခြင်း

အပ်နှံခြင်း ဆိုသည်မှာ ဘုရားမှလွဲ၍ အခြားဘုရား မရှိကြောင်း၊ မိုဟာမက်သည် ဘုရား၏ တမန်တော် ဖြစ်ကြောင်း အလုံးစုံ မှန်ကန်သည်ဟု လက်ခံခြင်း ဖြစ်သည်။ ယင်းသည် ဘုရား၏ ဥပဒေသဖြစ်သော ရှာရီးယား ဥပဒေသများကို သိရှိလိုက်နာသည်ဟုလည်း ဆိုလိုပါသည်။ “ရှာရီးယား” ဆိုသည်မှာ အာရဗီ စကားလုံးဖြစ်ပြီး ကျင့်ဝတ်နှင့်အညီ နေထိုင်နည်းဟု ဆိုလိုပါသည်။ ဘုရားအလိုတော်ကို လိုက်နာရာတွင် အလွန်အရေးကြီးသည်မှာ ရှာရီးယား ဥပဒေသတွင် ဖော်ပြထားသည့်အတိုင်း ကျင့်ဝတ်နှင့်အညီ နေထိုင်ရန် ဖြစ်ပါသည်။ ထိုအထဲတွင် တစ်နေ့ငါးကြိမ် ဆုတောင်းခြင်းလည်း ပါဝင်ကာ ၎င်းသည် လူမှုအဖွဲ့အစည်း၏ အလွန်အားကောင်းသည့် စုစည်းမှုအင်အားတစ်ရပ် ဖြစ်ပါသည်။

အလွန် တင်းကျပ်သော အစ္စလာမ် အသိုင်းအဝိုင်းများတွင် အရာရာသည် တစ်နေ့ငါးကြိမ် ရပ်တန့်ပါသည်။ ဘုန်းတော်ကြီး သီနက်ဟန် ၏ ဆီးပင်ရွာတွင် သတိပေးခေါင်းလောင်းသံ ထားရှိပြီး ကျွန်ုပ်တို့ ဆောင်ရွက်နေသောအရာကို သတိရှိစေရန် မကြာခဏ မြည်ဟီး သတိပေးပါသည်။ ယင်းကို အဆင့်များစွာဖြင့် နားလည်နိုင်သော်လည်း ဤနေရာတွင် သီးခြား ရွာငယ်လေးတစ်ခုသာ မဟုတ်ဘဲ လူမှုအဖွဲ့အစည်းကြီး တစ်ခုလုံးသည် ကျင့်ဝတ်နှင့်ညီစွာ နေထိုင်သည့် ဘုရား အလိုတော်အား လိုက်နာရန် မိမိကိုယ်ကို တစ်နေ့ငါးကြိမ် ရပ်တန့် သတိပေးခြင်း ဖြစ်ပါသည်။

ကျွန်ုပ်သည် ဘုန်းတော်ကြီး ဒလိုင်းလားမားကိုယ်စား အာဖရိကတစ်ခွင်နှင့် အစ္စလာမ်ဘာသာ လောကတို့တွင် ခရီးအနည်းငယ် သွားခဲ့ပါသည်။ ဇမ်ဇီဘာနိုင်ငံတွင် စိတ်ဝင်စားဖွယ် အချက်တစ်ချက်မှာ သူတို့သည် ဆေးစွဲသူများကို ဆေးဖြတ်ရန် တင်းကျပ်သော အစ္စလာမ်ဘာသာ စည်းကမ်းများကို အသုံးပြုပါသည်။ လူတစ်ယောက်သည် ဆေးစွဲသော ဘဝဖြင့် အလွန်တင်းကျပ်သော အချိန်ဇယားကို လိုက်နာခြင်းမဟုတ်ဘဲ ထိုအတွက် ကျင့်ဝတ်အခြေခံ ရှိပါက ဘဝတွင် အလွန်စနစ်တကျဖြစ်အောင် ကူညီပါသည်။ ဆေးစွဲသောအခါ ဘဝသည် စနစ်မကျတော့ပါ။ ထိုအခါ တွေးစရာများစွာ ရှိလာပါသည်။ အကြောင်းမှာ တိဘက်တွင်လည်း အလားတူ ပြဿနာတစ်ရပ် ရှိပါသည်။ ဆေးစွဲသူများအား တိဘက်ဘာသာဖြင့် ငွန်ဒရို ဟု ခေါ်သည့်အရာကို အောင်မြင်အောင် ဆောင်ရွက်ခိုင်းပါက အလွန်အထောက်အကူပြုပါသည်။ ထိုသို့ ဆောင်ရွက်ရာတွင် ရှိခိုးခြင်း စသည်တို့ပါဝင်ပြီး တင်းကျပ်သော ပုံမှန်အချိန်ဇယားကို ပေးထားပါသည်။

ထို့ကြောင့် ဘုရားအလိုတော်အား လိုက်နာပြီး ကျင့်ဝတ်နှင့်အညီ နေထိုင်ခြင်း ဆိုသည်မှာ-

  • တစ်နေ့လျှင် ငါးကြိမ် ဆုတောင်းရန်
  • လူမှုအဖွဲ့အစည်း အထွေထွေ သာယာဝပြောရေး အနေနှင့် မွတ်စလင်အားလုံး ဆောင်ရွက်သောအချက် ဖြစ်သည့် ဆင်းရဲသားများအတွက် အခွန်ပေးဆောင်ရန်။
  • ရာမာဒန် ဥပုသ်လအတွင်း ဥပုသ်စောင့်ရန်။ အစားအသောက် စသည်ကို ကိုယ်တွင်း တွယ်တာမှုအား ရုန်းကန်မှု ဂျီဟတ် ပုံစံတစ်ခုဟုလည်း ရှုမြင်ပါသည်။ ဤကာလအတွင်း အစားအသောက်နှင့် ဖျော်ဖြေရေး စသည်ကို မတွယ်တာဘဲ ဘုရား၏ လ အတွင်း အလွန်သတိရှိသော နေထိုင်မှုဖြင့် ဤစည်းကမ်းကို လိုက်နာပါသည်။
  • အစ္စလာမ်ဘာသာ၏ မြင့်မြတ်သော နေရာများကို သွားရောက်ကာ မိုဟာမက်၏ ရှင်သန်စဉ်က အဖြစ်အပျက် အချို့ကို ပြန်လည်အသက်ဝင်စေခြင်း ဆိုသည့် ဘုရားဖူးသွားခြင်းလည်း ရှိပါသည်။ ဤနည်းဖြင့် ကိုရမ်ကျမ်းတွင် ဖော်ပြထားသော တရားများကို သတိရှိစေပါသည်။

ယုံကြည်ချက်နှင့် ထူးချွန်မှု

ဒုတိယနယ်ပယ်ဖြစ်သည့် ယုံကြည်ချက် ဆိုသည်မှာ အစ္စလာမ်ဘာသာ၏ အခြေခံ အမှန်တရားများနှင့် ဘုရား၏ နှုတ်ကပတ်တော် ဖြစ်သော ကိုရမ်ကျမ်း၏ မမှားယွင်းမှုကို လက်ခံသောနည်းလမ်း ဖြစ်သည်။

တတိယနယ်ပယ်သည် မေတ္တာအကြောင်း ဆွေးနွေးမှုနှင့် အလွန်ဆီလျော်ပါသည်။ ယင်းကို “မေတ္တာ” ဟု ဘာသာပြန်လေ့ ရှိပြီး ကိုယ်ကျင့်တရားနှင့် ဘုရားအမှုတော်ထမ်းမှုတို့တွင် ထူးချွန်မှု ဟု ဆိုလိုပါသည်။ ဘုရားသည် လူသားထုကို ဤသို့သော ကိုယ်ကျင့်တရား အရည်အသွေးနှင့် ဘုရား၏ အမှုတော်ကို ထမ်းနိုင်စွမ်းသော ထူးချွန်မှုဖြင့် ဖန်ဆင်းထားပါသည်။ ဘုရားသည် လူသားထုတွင် သူဖန်ဆင်းထားသော ထူးချွန်မှုကို နီးစပ်သော ခံစားချက်ရှိပြီး မေတ္တာထားပါသည်။ ဤသို့ ထူးချွန်သော အရည်အသွေးများထဲတွင် အခြားသူများအား မေတ္တာထားပြီး ဂရုစိုက်နိုင်စွမ်း ပါဝင်ပါသည်။ ဘုရား၏ အမှုတော် ထမ်းခြင်းဆိုသည်မှာ ဘုရားဖန်ဆင်းထားသော အရာအားလုံးကို မေတ္တာဖြင့် ပြုမူသည်ဟု ဆိုလိုပြီး ဤသို့ဆောင်ရွက်သည်မှာ ဘုရားအား ကိုးကွယ်မှုတစ်ခု ဖြစ်ပါသည်။

ဤသည်မှာ မေတ္တာနှင့် ပတ်သက်၍ အလွန်စိတ်ဝင်စားဖွယ် အယူအဆနှင့် ချဉ်းကပ်မှုဖြစ်ပါသည်။ ဘုရား၏ ဖန်ဆင်းမှုများကို ချစ်ခင်ခြင်းဖြင့် ဘုရားအား အမှုတော်ထမ်းခြင်း ဖြစ်သလို ဘုရား၏ ဖန်ဆင်းမှုများအား အမှုတော်ထမ်းခြင်းဖြင့် ကျွန်ုပ်တို့ အားလုံးထံ၌ ဘုရားဖန်ဆင်းထားသော ထူးချွန်မှုကို ပြည့်ဝစေခြင်း ဖြစ်ပါသည်။ အာရဗီဘာသာတွင် မေတ္တာအတွက် စကားလုံးတစ်လုံးမှာ ထူးချွန်မှုနှင့် နီးကပ်သော ခံစားချက်ဟု ဆိုလိုပြီး နောက်စကားလုံး တစ်လုံးမှာ အခြားသူများအပေါ် မိမိအပြုအမူနှင့် ဆောင်ရွက်ချက်များတွင် ဖော်ပြသော နီးကပ်မှု ခံစားချက်ဟု ဆိုလိုပါသည်။ စကားလုံးများ၏ အဓိပ္ပာယ်တွင် မူတည်၍လည်းကောင်း၊ ကိုရမ်ကျမ်း တစ်ခုတည်းကို အခြေခံ၍လည်းကောင်း များစွာ သင်ယူရပါသည်။ မေတ္တာအတွက် အသုံးပြုသော စကားလုံးများကို လေ့လာရာ- ထူးချွန်မှုနှင့် နီးကပ်မှု၊ အခြားသူများအပေါ် မိမိအပြုအမူနှင့် ဆောင်ရွက်ချက်များတွင် ဖော်ပြသော နီးကပ်မှု ဆိုသည့် အဓိပ္ပာယ်များ ရရှိပါသည်။

အခြားသူများကို မေတ္တာဖြင့် ပြုမူခြင်းသည် လွတ်လပ်သော ဆန္ဒဖြင့် ဆောင်ရွက်ချက် ဖြစ်ပါသည်။ လူတို့သည် အသိဉာဏ်ကိုသုံးကာ ဤနည်းလမ်းကို ရွေးချယ်နိုင်ပါသည်။ ဘုရားနှင့် နီးကပ်မှုကို လိုက်နာရန် ဤအတွင်းစိတ် ယုံကြည်ချက်ကို လိုက်နာရပါသည်။ အလွန်စိတ်ဝင်စားဖွယ် ကောင်းပါသည်။ ဘုရားသည် ကျွန်ုပ်တို့ကို ဖန်ဆင်းသည်။ ကျွန်ုပ်တို့ကို ဖန်ဆင်းသူနှင့် နီးကပ်စေရန် သံလိုက်ဓာတ်ဖြင့် ဆွဲဆောင်သည်။ လွတ်လပ်သော ဆန္ဒဖြင့် ရွေးချယ်နိုင်အောင် ဖန်တီးပေးသည်။ စိတ်တိမ်းညွှတ်မှုကဲ့သို့ အရာအားလုံးလည်း ရှိနေပါသည်။ ဤပင်ကို သဘာဝကို ဖြည့်ဆည်းနိုင်အောင် ဘုရားနှင့် နီးကပ်မှုသည် အခြားသူများအပေါ် မေတ္တာ၊ အမှုတော်ထမ်း ကူညီမှုတို့ဖြင့် ဖြစ်ပါသည်။ ဤသည်မှာ ဆင်းရဲသားများအတွက် အခွန်ပေးခြင်း သို့မဟုတ် မွတ်စလင် လူမှုအဖွဲ့အစည်းအတွင်း လူမှုအကူအညီ ပေးသော အခြားနည်းများဖြင့် ဖြစ်နိုင်ပါသည်။ အားလုံး ညီမျှမှုရှိသည့် ခံစားချက် ရှိပါသည်။ လူတိုင်းတွင် ဘုရားနှင့် နီးကပ်စေသော ဤပင်ကို ယုံကြည်ချက် စွဲထင်နေသည့် စိတ်ဝိညာဉ်နှင့် နှလုံးသား ရှိပါသည်။

တရားသူကြီးအနေနှင့် အပြစ်ပေးသော ဘုရားနှင့် ခွင့်လွှတ်သော ကရုဏာရှိသည့် ဘုရား

အစ္စလာမ်ဘာသာတွင် ကျင့်ဝတ်နှင့်အတူ ဘုရားသည် လူတိုင်းကို တူညီမျှတစွာ အကဲဖြတ်ပြီး ဘုရားအလိုတော်အား အပ်နှံသူများကိုသာ ချစ်ခင်ပါသည်။ ဤအချက်က ကျင့်ဝတ်နှင့်ညီသော ဘဝဖြင့် နေထိုင်စေသည်ဟု ရှာရီးယား ဥပဒေသက ဆိုပါသည်။ လူမှုအဖွဲ့အစည်း တစ်ခုလုံး၏ သာယာဝပြောရေးအတွက် ဘုရားသည် မလိုက်နာသူ၊ အန္တရာယ် ပေးသူများကို အပြစ်ပေးပါသည်။ ထို့ကြောင့် ဘုရားထံ အမှုတော်နှင့် မေတ္တာ၏ သင်္ကေတ အနေနှင့် လူသားထုသည် ရှာရီးယား ဥပဒေသကို သင်ဝင်စေရန်လိုပါသည်။ ဤနည်းဖြင့် ဥပဒေသများနှင့် တရားဥပဒေသည် မွတ်စလင် လူမှုအဖွဲ့အစည်းတွင် အလွန်ပင် အရေးကြီးသော ကဏ္ဍမှ ပါဝင်ပါသည်။

ယုဒ-ခရစ်ယာန် လောကတွင်လည်း ဓမ္မဟောင်းကျမ်းမှလာသည့် ကျွန်ုပ်တို့၏ အနောက်တိုင်း လူမှုအဖွဲ့အစည်းအားလုံးတွင် တရားဥပဒေ စိုးမိုးမှု ရှိပါသည်။ တရားစီရင်မှုနှင့် ဆုလာဘ် ရှိပါသည်။ ကျွန်ုပ်တို့ ဥပဒေ လိုက်နာပါက လူမှုအဖွဲ့အစည်းသည် စောင့်ရှောက်ပြီး မလိုက်နာပါက အပြစ်ပေးပါသည်။ ဤသည်မှာ အနောက်တိုင်း ရှုထောင့်မှနေ၍ ထူးဆန်းသော အယူအဆ မဟုတ်ပါ။

မိမိ၏ အတ္တဗဟိုပြုမှုကို ဆန့်ကျင်သော ဂျီဟတ် ဖြစ်သည့် ဤအတွင်းစိတ် ရုန်းကန်မှုတွင် ပါဝင်ကာ ဘုရားနှင့် ဘုရား၏ မေတ္တာတို့မှ ဝေးရာသို့ ရောက်ရှိစေသော်လည်း ရိုးသားစွာ နောင်တရပါက ဘုရား၏ ခွင့်လွှတ်ခြင်းကို ရရှိပါသည်။ ဤသည်မှာ အစ္စလာမ်ဘာသာတွင် အလွန်အဓိကကျသောအချက် ဖြစ်သည်။ ဘုရားသည် ကရုဏာရှိပြီး အစဉ်အမြဲ ခွင့်လွှတ်ပါသည်။ ဘုရားသည် နောင်တရလိုသော အပြစ်ကျူးလွန်သူတို့၏ နှလုံးသားထဲသို့ဝင်ပြီး သူတို့ကို နောင်တရအောင် ကူညီပြီးနောက် သူတို့ကို ခွင့်လွှတ်လိုက်ပါသည်။

ဤအချက်ကို ဗုဒ္ဓဘာသာနှင့် နှိုင်းယှဉ်ကြည့်နိုင်ပါသည်။ နောင်တသည် နောင်ရတသော ခံစားချက် ပါဝင်ပါသည်။ မိမိပြုခဲ့သည်ကို နောင်တရပြီး မိမိကြောင့် အန္တရာယ် ဖြစ်သွားသူများကို နောင်တရပြီး အာဃာတထားမှုများ ဖယ်ရှားလိုက်ပါသည်။ ထို့နောက် မိမိပြုခဲ့သော အပြစ်ကို ကုစားရန် တစ်ခုခုဆောင်ရွက်သည့် ကုသိုလ်ပြုခြင်းဖြင့် ပေးဆပ်ပါသည်။ ထို့နောက် ထိုအပြစ်ကို ထပ်မကျူးလွန်တော့ရန် ဆုံးဖြတ်ပါသည်။ ဤသည်မှာ ကိုရမ်ကျမ်း၏ ဖော်ပြချက်နှင့် ဆင်တူပါသည်။

ရှာရီးယားဥပဒေသနှင့် ခွင့်လွှတ်ခြင်း

ရှာရီးယားဥပဒေသ တရားရုံးများတွင်လည်း ခွင့်လွှတ်ခြင်း ပါဝင်ပါသည်။ ဤသည်မှာ ကျွန်ုပ်တို့ သိပ်မကြားဖူးသော ရှာရီးယားတွင် ပါဝင်သည့်အကြောင်းအရာတစ်ခု ဖြစ်ပါသည်။ ပြစ်ဒဏ်များ အကြောင်းကိုသာ ကြားဖူးခဲ့ပါသည်။ ယင်းတို့သည် သိပ်မပေါ်လွင်ဘဲ ရာဇဝတ်မှု ကျူးလွန်ခံရသူ သို့မဟုတ် ကျူးလွန်ခံရသူ၏ မိသားစုသည် ရွေးချယ်စရာ ရှိပါသည်။ သူတို့သည် တင်းကျပ်သော ပြစ်ဒဏ် ခံရနိုင်သလို လျော်ကြေး၊အဖြစ် ရှေးခေတ်ကဆိုလျှင် ဆိတ်များ၊ ကုလားအုတ်များ သို့မဟုတ် ငွေဒဏ် သို့မဟုတ် ကျေအေးခြင်းတို့ ရရှိရန်လည်း ရွေးချယ်နိုင်ပါသည်။ သူတို့သည် ခွင့်လွှတ်ပေးနိုင်ပါသည်။ မိသားစု သို့မဟုတ် ကျူးလွန်ခံရသူသည် သူတို့အပေါ် ရာဇဝတ်မှု ကျူးလွန်သူအား ခွင့်လွှတ်ပါက ထိုသူကို လွတ်ငြိမ်းချမ်းသာစေပါသည်။

ဥပဒေရေးရာအရ ခွင့်လွှတ်ခြင်းသည် ဘုရားထံ ထူးချွန်သော အမှုတော်ထမ်းခြင်းလည်း ဖြစ်ပါသည်။ ဤသည်မှာ အတော်လေး ထူးခြားသလို ရှာရီးယား ဥပဒေသ လိုက်နာမှုအနေနှင့်လည်း စိတ်ဝင်စားဖွယ်ကောင်းပါသည်။ တစ်ခါတစ်ရံ အနောက်တိုင်းသားများသည် အလွန်ပင် ရှုပ်ထွေးနေကြပါသည်။ ဤသို့တင်းကျပ်သော ဥပဒေသ ရှိနေချိန်တွင် ခွင့်လွှတ်ခြင်းကိုလည်း မသိပါက လူ့အဖွဲ့အစည်းက ၎င်းကို ဘာကြောင့် အလိုရှိပါသနည်း။ ဆိုမာလီယာကဲ့သို့ ဒေသများကို ကြည့်လျှင် လူမှုအဖွဲ့အစည်းသည် စစ်ခေါင်းဆောင်များနှင့် ပဋိပက္ခများ ပြည့်နေပြီး အလွန်ကြောက်မက်ဖွယ် ဖြစ်နေသည်မှာ လူတို့သည် ဥပဒေစိုးမိုးမှုအချို့ လိုအပ်နေပါသည်။ သူတို့၏ ယဉ်ကျေးမှုမှ ပေါ်ထွက်လာသည်မှာ ရှာရီးယား ဖြစ်ပါသည်။ ထိုသို့ရှိနေပါက သူတို့လုံခြုံစိတ်ချသည်ဟု ခံစားရနိုင်ပါသည်။ သူခိုးတစ်ယောက်သည် လက်ဖြတ်ခံရတော့မည်ကို သူတို့သိနေပါသည်။ ဤအချက်က ထောင်ချပစ်သည်ထက်ပင် ခိုးဝှက်မှုကို အမှန်ပင် အားမပေးပါ။ ဤကား အလွန်ဆွဲဆောင်မှုရှိသော ဥပဒေအချို့၏ ကတိကဝတ်ဖြစ်ပါသည်။

ထို့ပြင် အာဖရိကတစ်ခွင် ခရီးသွားလာသောအခါ အများဆုံး တိုးတက်နေသည့် ဘာသာမှာ အစ္စလာမ်ဘာသာ ဖြစ်သည်ကို တွေ့ရပါသည်။ ဘာကြောင့်လဲဟု မေးစရာရှိပါသည်။ ထိုသို့ဖြစ်ရသည့် အကြောင်းမှာ လူတိုင်းညီမျှသည်ဆိုသော မိတ်သဟာယဖြစ်သည့် ညီမျှမှု ခံစားချက်ကြောင့် ဖြစ်သည်ဟု ဆိုပါသည်။ အနောက်တိုင်း အနေနှင့် စဉ်းစားသောအခါ ကိုလိုနီအုပ်စိုးမှုခေတ်တွင် လူဖြူကိုလိုနီနယ်ချဲ့များနှင့် အာဖရိကလူမျိုးများအကြား ညီမျှမှုကို လုံးဝမခံစားရပါ။ ဤသည်မှာ အာဖရိက နိုင်ငံများစွာတွင် အစ္စလာမ်ဘာသာ၏ ဆွဲဆောင်မှုကြီးတစ်ခု ဖြစ်ပါသည်။

အစ္စလာမ်ဘာသာတွင် စကြဝဠာနှင့် လူသားထုအတွက် အသန့်ရှင်းဆုံးနည်းဖြင့် မေတ္တာထားနိုင်သောအခါ ထိုမေတ္တာသည် စကြဝဠာနှင့် လူသားထုအတွက်သာ မဟုတ်ပါ။ အစ္စလာမ် ဘာသာတွင် ၎င်းသည် ဘုရား၏ မေတ္တာနှင့် ဘုရားဖန်ဆင်းသော ထူးချွန်မှု ဖြစ်ပါသည်။ ဤသည်မှာ မေတ္တာ နောက်ကွယ်ရှိ ဒဿနအတွေးဖြစ်ပါသည်။ ၎င်းသည် လူတစ်ဦးက ဤတစ်ဦးကို ချစ်ခင်ပြီး နောက်တစ်ဦးကို မချစ်ခင်ခြင်းမျိုး မဟုတ်ပါ။ ကောင်းကျိုးနှင့် ဤသို့သော ထူးချွန်မှုအတွက် ကြိုးစားနေသမျှ ကာလပတ်လုံး မိမိ၏ မေတ္တာသည် အားလုံးအတွက် ဖြစ်ပါသည်။ ဘုရားသည် ဤထူးချွန်မှု အရည်အသွေးနှင့် ကောင်းမွန်မှုကို လူတိုင်းထံတွင် ဖန်ဆင်းထားပြီး ထိုအခါ လူတို့သည် လူတိုင်းကို မေတ္တာထားနိုင်စေပါသည်။ လောဘ၊ ဒေါသဖြင့် ကြမ်းတမ်းစွာ ပြုမူပါက ပထမဆုံး နောင်တရအောင် အားပေးပြီး ကျင့်ဝတ်နှင့်အညီ ပြန်လည်နေထိုင်စေပါသည်။ ဤသည်မှာ အစ္စလာမ်ဘာသာ၏ နောက်ကွယ်မှ ဒဿနဆိုင်ရာ အခြေခံ ဖြစ်ပါသည်။

ဗုဒ္ဓဘာသာမှ အခြေခံ စည်းမျဉ်းများ

ဗုဒ္ဓဘာသာကို လေ့လာပါက မေတ္တာထားရှိပုံနှင့် ပတ်သက်၍ အတော်လေး မတူညီသော အယူအဆ ရှိသော်လည်း အလွန်စိတ်ဝင်စားဖွယ် ကောင်းသည်မှာ ဤဘာသာနှစ်ခုတွင် တူညီသောအချက်များစွာ ရှိနေခြင်း ဖြစ်ပါသည်။

အစ သို့မဟုတ် ဖန်ရှင်းရှင် မရှိသည့် ဗုဒ္ဓသဘောသဘာဝ၏ ပင်ကို အရည်အသွေး

ဗုဒ္ဓဘာသာ၌ သက်ရှိအားလုံးထံတွင် အစမထင်သော ကြည်လင်သည့် ဗုဒ္ဓသဘောသဘာဝ ရှိပါသည်။ ၎င်းသည် ဘုရားဖြစ်စေနိုင်ပါသည်။ အစ္စလာမ်ဘာသာတွင် ကြည်လင်သော ပင်ကို သဘောသဘာဝသည် လူတို့ကို ဘုရားနှင့် နီးစပ်စေပါသည်။ ဆူဖီ ဂိုဏ်းအချို့တွင် ဘုရားနှင့်ပင် ပေါင်းစည်း စေပါသည်။ သို့သော် ဘုရားဖြစ်လာခြင်း လုံးဝမဟုတ်ပါ။ ဗုဒ္ဓဘာသာတွင်မူ ဤပင်ကို သဘောသဘာဝဖြစ်သည့် ဗုဒ္ဓ သဘောသဘာဝသည် လူတိုင်းကို ဘုရားဖြစ်စေနိုင်ပါသည်။ ဤကား ခပ်ဆင်ဆင် ဖြစ်စဉ်တစ်ခုအပေါ် မတူညီသော ဒဿန အမြင်များနှင့် ရှင်းပြချက်များ ဖြစ်ပါသည်။

ဗုဒ္ဓဘာသာတွင် သက်ရှိတို့ထံ၌ ဤဗုဒ္ဓသဘောသဘာဝကို မည်သူမျှ ဖန်ဆင်းခြင်း မဟုတ်ပါ။ အစမထင်သည့် အချိန်ကတည်းက သဘာဝအရ ရှိနေပါသည်။ အစ္စလာမ်ဘာသာတွင် ၎င်းကို ဘုရားက ဖန်ဆင်းပါသည်။ ဘုရားသည် အစရှိသလားဟု မေးပါက ဘုရားသည်လည်း အစမရှိသည့်အတွက် ယင်းမှာ အခြားတစ်နည်းဖြင့် ရှုမြင်ခြင်း ဖြစ်ပါသည်။ အပြီးသတ် အဖြေအနေနှင့် အစမရှိကြောင်း သိလာသော်လည်း ဗုဒ္ဓဘာသာတွင် ထိုနည်းဖြင့် ဖန်ဆင်းရှင် ဘုရားမရှိပါ။

ဗုဒ္ဓဘာသာအရ လူတို့တွင် ပင်ကို ကရုဏာနှင့် အသိဉာဏ်ကဲ့သို့ အရည်အသွေးကောင်းများလည်း ရှိပါသည်။ အကျိုးပြုသော အရာနှင့် အန္တရာယ် ရှိသောအရာကို ခွဲခြားသိရှိသော အသိဉာဏ် ဖြစ်ပါသည်။ ဗုဒ္ဓဘာသာနှင့် အစ္စလာမ်ဘာသာသည် ထိုအချက်ကို သဘောတူပါသည်။ သိပ္ပံပညာကလည်း ဤသည်မှာ ကျွန်ုပ်တို့၏ ပင်ကိုသိစိတ်များ ဖြစ်သည်ဟု သဘောတူ ပါသည်။ မိမိကိုယ်ကို ရှင်သန်ရန်နှင့် မိမိမျိုးစိတ်ထဲမှ အခြားသူများကို ဂရုစိုက်သော ပင်ကိုသိစိတ် ဖြစ်ပါသည်။ ဤအချက်သည် မကွဲလွဲပါ။ ကျွန်ုပ်တို့အားလုံးသည် အကျိုးပြုသောအရာနှင့် အန္တရာယ် ရှိသောအရာကို ခွဲခြားသိရှိနိုင်စွမ်း ရှိပါသည်။

ကျင့်ဝတ်သီလ

ဗုဒ္ဓဘာသာတွင် ကျင့်ဝတ်သီလသည် မည်သည့်ပြုမူမှုက ဆင်းရဲဒုက္ခ ဖြစ်စေပြီး မည်သည့်အရာက ပျော်ရွှင်စေသည်ကို နားလည်မှုအပေါ်တွင် အခြေခံပါသည်။ ယင်းတို့ကို ဗုဒ္ဓမြတ်စွာက ဟောကြားထားပါသည်။ အစ္စလာမ်ဘာသာမှာကဲ့သို့ ဘုရားက ဥပဒေသများနှင့် ကျင့်ဝတ်ဆိုင်ရာ အကြောင်းနှင့်အကျိုးကို ဖန်တီးခြင်းမျိုး မဟုတ်ပါ။ ဗုဒ္ဓဘာသာတွင် ခွဲခြားသိရှိသောပညာဖြင့် အကျိုးပြုသောအရာနှင့် အန္တရာယ် ရှိသောအရာကို ခွဲခြမ်းစိတ်ဖြာ နိုင်ပါသည်။ ဤနည်းဖြင့် အသိဉာဏ်ကို အသုံးပြုခြင်း ဖြစ်ပါသည်။ အစ္စလာမ်ဘာသာတွင်မူ ယင်းကို ခြားနားစွာ ယူဆထားပါသည်။ ဖန်ဆင်းမှုအားလုံးကို ချစ်ခင်ပြီး ကျင့်ဝတ်နှင့်အညီ နေထိုင်ရန် ဘုရားအလိုတော်ကို လိုက်နာရန် သို့မဟုတ် မလိုက်နာရန် ဆုံးဖြတ်ရာတွင် အသိဉာဏ်ကို အသုံးပြုပါသည်။

အစ္စလာမ်ဘာသာတွင် ဘုရားသည် ကျင့်ဝတ်နှင့်ညီသော အပြုအမူအတွက် ဥပဒေ ဖန်တီးထားပြီး ဆုပေး၊ ဒဏ်ပေးဖြင့် အကဲဖြတ်မှု ပေးထားပါသည်။ ဗုဒ္ဓဘာသာအရဆိုလျှင် အပျက်သဘော အပြုအမူနောက်မှ ဆင်းရဲဒုက္ခ အလိုလို လိုက်ပါလာပြီး အပြုသဘော အပြုအမူနောက်မှ ပျော်ရွှင်မှု အလိုလို လိုက်ပါလာပါသည်။ အနှောင့်အယှက်ပေးသော စိတ်ခံစားချက်များနှင့် မသိမှုတို့၏ လွှမ်းမိုးမှုဖြင့် ဆောင်ရွက်သောအခါ အကြောင်းအကျိုး သဘာဝ နိယာမများအရ ဆင်းရဲဒုက္ခ ဖြစ်စေပါသည်။ အစ္စလာမ်ဘာသာတွင်မူ ထိုအတွက် ဘုရားက ဒဏ်ခတ်ပါသည်။ ရလဒ်တူညီသော်လည်း ခြားနားစွာ ရှင်းပြထားခြင်း ဖြစ်ပါသည်။

ထို့အတူ ဗုဒ္ဓဘာသာတွင် ဤသို့ အနှောင့်အယှက်ပေးသော စိတ်ခံစားချက်များဖြင့် မပြုမူရန် ရှောင်ရှားပါက အပြုသဘောဟု ယူဆပါသည်။ အခြားသူများကို မေတ္တာ၊ ကရုဏာတို့ဖြင့် ကူညီပါက ပျော်ရွှင်မှု ဖြစ်စေပါသည်။ အစ္စလာမ် ဘာသာ ရှုထောင့်တွင် ဘုရား၏ ဆုလာဘ်ဖြစ်ပါသည်။ ဘုရားထံ ပိုမိုနီးစပ်ပြီး မိမိ၏ ပင်ကို ဖြူစင်သော သဘောသဘာဝလည်း ဖြစ်ပါသည်။ သို့သော် အကြောင်းနှင့်အကျိုး ဆောင်ရွက်ပုံနှင့် ပတ်သက်၍ ကွဲပြားပါသည်။ ဤသည်မှာ အမှန်တကယ် နားလည်နိုင်ရန် ခက်ခဲသော မေးခွန်းအချက်တစ်ခု ဖြစ်ပါသည်။ ဗုဒ္ဓဘာသာတွင် ဤသည်မှာ သဘာဝအတိုင်း ဖြစ်နေသည်ဟု ပြောပါသည်။ ဗုဒ္ဓမြတ်စွာ ဟောကြားထားသော အခြားအချက်များတွင် အခြေခံကာ မှန်ကန်သော သတင်းအချက်အလက် ဖြစ်သည်ဟု ယုံကြည်ရပါသည်။ အစ္စလာမ်ဘာသာတွင် ၎င်းကို ဘုရားက ဖန်ဆင်းကြောင်း၊ မမှားယွင်းနိုင်သော အမှန်တရားဖြစ်ကြောင်း လက်ခံလိုက်ရပါသည်။

ဗုဒ္ဓမြတ်စွာကို ယုံကြည်ကိုးကွယ်အားထားခြင်း

ဗုဒ္ဓဘာသာတွင် တကယ်တော့ ယုံကြည်ချက်သည် ဘုရားရှင်က မှန်ကန်သော သတင်းအချက်အလက် ရင်းမြစ်ဖြစ်သည်ဟု ပြသရန် ယုတ္တိနှင့် ကျိုးကြောင်းဆီလျော်မှုတွင် အခြေခံပါသည်။ မည်သို့ဆိုစေ ဘုရားရှင်သည် မိမိဟောကြားထားသည်အား မေးခွန်းထုတ်ရန်နှင့် ဝေဖန်ဆန်းစစ်ရန် မိန့်ဆိုပါသည်။ အစ္စလာမ်ဘာသာတွင် အလုံးစုံ အပ်နှံကာ ယုံကြည်ခိုင်းပါသည်။ ယင်းမှာ အတော်ခြားနားပါသည်။ ဗုဒ္ဓမြတ်စွာသည် မှန်ကန်သော သတင်းအချက်အလက် ရင်းမြစ်ဖြစ်သည်ဟု ယုံကြည်သောအခါ ကိုးကွယ်အားထားမိပါသည်။ ကိုးကွယ်အားထားမှု ဆိုသည်မှာ အခြေခံအားဖြင့် ဗုဒ္ဓသဘောသဘာဝနှင့် ပိုမိုနီးစပ်အောင် ဘဝတွင် ချမှတ်သော စိတ်ချရသည့်လမ်းကြောင်းကို ဆိုလိုပါသည်။ ယင်းမှာ ကျွန်ုပ်တို့ကို အန္တရာယ် မကျရောက်အောင်နှင့် လမ်းမပျောက်အောင် ကာကွယ်ပေးပါသည်။

အစ္စလာမ်ဘာသာ ရှုထောင့်အရ ကျွန်ုပ်တို့သည် ဘဝတွင် ဦးတည်ချက်အချို့ ရှိရန်လိုသည်ဟု ရှင်းပြနိုင်ပါသည်။ သို့သော် အစ္စလာမ်ဘာသာနှင့် မတူသည်မှာ ဗုဒ္ဓဘာသာတွင် ကိုးကွယ်အားထားမှုသည် ဘုရားကို ကိုးကွယ်သည်ဟု မဆိုလိုပါ။ သို့သော် အများစုက ထိုသို့ ရှုမြင်နိုင်ပါသည်။ တရားတော်များအနေနှင့် ယင်းကို လေ့လာပါက “ဘုရားသည် အလွန်သပ္ပာယ်လေစွ” ဆိုပြီး မျက်ကန်းယုံကြည်မှု မဟုတ်သလို အစ္စလာမ်ဘာသာမှာကဲ့သို့ အပ်နှံမှုလည်း မဟုတ်ပါ။

ပိုမိုလေးနက်စွာ လေ့လာပါက ဘုရားထံ အပ်နှံခြင်းဆိုသည့် အမှန်တကယ် ဆိုလိုရင်းမှာ အလွန်စိတ်ဝင်စားဖွယ် ကောင်းလာပါသည်။ ၎င်းသည် ကျွန်ုပ်တို့က အရာရာ သိရှိသည်၊ အကောင်းဆုံးကို သိရှိသည် ဆိုသည့် မိမိ၏ အတ္တဗဟိုပြုမှု သို့မဟုတ် အတ္တစိတ်ကို ကျော်လွှားသည်ဟု ဆိုလိုပါသည်။ ဗုဒ္ဓဘာသာတွင် ယင်းကို မည်သို့ဆိုထားပါသနည်း။ ကျွန်ုပ်တို့သည် စကြဝဠာ၏ အလယ်ဗဟို ဖြစ်နေပြီး အရေးအကြီးဆုံး ဖြစ်သည် ဆိုသည့် ဤသို့သော အတ္တခရီးစဉ်ကြီးကို ကျော်လွှားရမည်ဟု ဆိုလိုပါသည်။

ဤနေရာတွင်လည်း ကျွန်ုပ်တို့ ဆောင်ရွက်ရမည့်အရာကို ခြားနားသော အသိတစ်ခုသာ ဖြစ်ပါသည်။ ဤအတ္တဆိုသည့် ခိုင်မာသော အယူအဆအား စွဲကိုင်ခြင်းကို စွန့်လွှတ်ရန် လိုပါသည်။ ဗုဒ္ဓဘာသာတွင် အတ္တ ရှိသည်မှန်သော်လည်း အမြဲတမ်း တစ်ကိုယ်ကောင်းဆန်၊ အမြဲတမ်း မှန်ကန်၊ အမြဲတမ်း ဦးစားပေးခံရပြီး အမြဲတမ်း အာရုံစိုက်ခံရသကဲ့သို့ ခိုင်မာသော အရာတစ်ခု မဟုတ်ပါ။ ဤသည်မှာ ကျွန်ုပ်တို့ကို ဘဝတွင် အလွန်ဒုက္ခပေးပြီး အခက်ကြုံစေပါသည်။ ယင်းကို စွန့်လွှတ် ဖယ်ရှားရပါမည်။ ယင်းတို့သည် မတူညီသည့် ဒဿနဆိုင်ရာ အသိအမြင် ယူဆချက်များဖြစ်သော်လည်း ရလဒ်မှာ အတော်လေး ဆင်တူပါသည်။

ဓမ္မကို ကိုးကွယ်ခြင်းနှင့် ကျင့်ဝတ်သီလအတွက် အခြေခံ

“ဓမ္မ” ဆိုသော စကားလုံးသည် အကာအကွယ်နည်းလမ်းဟု ဆိုလိုပြီး ကျွန်ုပ်တို့ကို ဆင်းရဲဒုက္ခမှ ကာကွယ်ပေးခြင်း ဖြစ်ပါသည်။ ဤအချက်ကို ဗုဒ္ဓမြတ်စွာ တရားတော်များတွင် ဖော်ပြထားပါသည်။ တရားတော်များထဲမှ အမှန်တရားကို ရှာဖွေရန် လေ့လာဆန်းစစ်ရပါသည်။ ယင်းသည် ကိုရမ်ကျမ်းနှင့် ရှာရီးယားဥပဒေသကဲ့သို့ မေးခွန်းထုတ်စရာမလိုသော ယုံကြည်ချက် မဟုတ်ပါ။ ဓမ္မဆိုသည်မှာ မြင့်မြတ်သောကျမ်းစာအုပ် သို့မဟုတ် တရားရေးစနစ် မဟုတ်ပါ။ တရုတ် ဘာသာတွင် “ဓမ္မ” ကို “ဥပဒေ” ဆိုသည့် တရုတ်စကားလုံးဖြင့် ဘာသာပြန်သည်မှာ စိတ်ဝင်စားဖွယ် ကောင်းပါသည်။ သူတို့သည် ဗုဒ္ဓဘာသာကို တရုတ်ဘာသာအမြင်မှကြည့်ကာ ကွန်ဖြူးရှပ် ယဉ်ကျေးမှုအနေနှင့် နားလည်ကြပါသည်။

မည်သို့ဖြစ်စေကာမူ အနောက်တိုင်းမှ ယုဒ-ခရစ်ယာန်-အစ္စလာမ် အစဉ်အလာများမှာကဲ့သို့ အိန္ဒိယ သို့မဟုတ် တိဘက် ဗုဒ္ဓဘာသာတွင် ဥပဒေသည် အဓိကကျသောကဏ္ဍမှ မပါဝင်ပါ။ လိုက်နာရသည့် ဥပဒေပင် မရှိပါ။ သို့တည်းမဟုတ် ဥပဒေကို လိုက်နာပါက လူကောင်းတစ်ယောက် ဖြစ်သည်ဟု ယူဆပါသည်။ ကျွန်ုပ်တို့ အနောက်တိုင်းတွင် ဤအချက်သည် သမ္မာကျမ်းစာ နောက်ခံမှသာမက ရှေးခေတ် ဂရိ လူ့အဖွဲ့အစည်းတွင်လည်း ရှိပါသည်။ ဥပဒေလိုက်နာပါက နိုင်ငံသားကောင်း တစ်ယောက် ဖြစ်ပါသည်။ ဥပဒေကို ဘုရားက ပြုလုပ်သည်ဖြစ်စေ၊ တရားရေးအဖွဲ့က သတ်မှတ်သည်ဖြစ်စေ ဤကျင့်ဝတ် ကဏ္ဍသည် အလွန်အဓိကကျပြီး လိုက်နာမှုတွင် အခြေခံပါသည်။

ဗုဒ္ဓဘာသာတွင် ထိုသို့မဟုတ်ဘဲ ကျင့်ဝတ်သည် လိုက်နာမှုတွင် အခြေမခံပါ။ ၎င်းသည် အပျက်သဘော ပြုမူပါက လူ့အဖွဲ့အစည်းအတွက်ရော မိမိအတွက်ပါ ပြဿနာများ ဖြစ်စေနိုင်သည်ဟု နားလည်ရန် ပြတ်သားသော ဆုံးဖြတ်ချက်ကို အခြေခံပါသည်။ ဥပမာအားဖြင့် အင်းဆက်ပိုးမွှားများ သတ်ဖြတ်သည်ကို လေ့လာပါက မိမိအနီးတစ် တဝီဝီ ကြားရသောအခါ ရိုက်သတ်လိုသည့် ပထမဆုံး သိစိတ်က ဝင်လာပြီးမှ ထိုပထမဆုံး သိစိတ်ကို တွေးတောကြည့်ရပါသည်။ ခွေးတစ်ကောင်နှင့် တူပါသည်။ ခွေးကို ရိုက်ပါက ပြန်အူပါသည်။ ပြန်ဟောင်ပါသည်။ ကျွန်ုပ်တို့သည် ခွေးနှင့်တူပါသလား။ မိမိမနှစ်သက်သော အရာတိုင်းကို ရိုက်ပုတ်ညှဉ်းဆဲပြီး သတ်ဖြတ်မိသည်မှာ ပထမဆုံးသိစိတ် ဖြစ်နေပါသလား။ သို့ဆိုလျှင်တော့ ဤအပျက်သဘောနှင့် မပျော်ရွှင်မှု၊ ပြဿနာများ နောက်ကွယ်မှ ဉာဏ်ပညာအချို့ ရှိသည်ကို မြင်နိုင်ပါသည်။ မနှစ်သက်မှု တစ်ခုခုကို မြင်သည်နှင့် ရိုက်မိသည်မှာ အလွန်တည်ငြိမ် ငြိမ်းချမ်းသောစိတ် မဟုတ်သည်မှာ သေချာပါသည်။

အိပ်ခါနီးအချိန်တွင် ခြင်တစ်ကောင် ပျံဝဲနေသည်ကို တွေးကြည့်ပါက ကျွန်ုပ်တို့ အလွန် စိတ်အနှောင့်အယှက် ဖြစ်ပါသည်။ အများစုက ခြင်ကိုလိုက်ရိုက်ပြီး ဖမ်းပစ်ချင်ပါမည်။ ခွဲခြားဆက်ဆံသည် ဆိုသည်မှာ ဤသို့သောကိစ္စမျိုး ဖြစ်သည်။ ခြင်ကိုသတ်ရန် ဥပဒေကို ဖီဆန်ခြင်း မဟုတ်သော်လည်း မွတ်စလင် ဘာသာဝင်ကောင်း သို့မဟုတ် ခရစ်ယာန် ဘာသာဝင်ကောင်းတစ်ဦး ဖြစ်သည့်အတွက် မသတ်ခြင်း ဖြစ်ပါသည်။

ဤသည်မှာ ခြားနားသော အယူအဆဖြစ်ပြီး ဤနည်းဖြင့် ကျင့်ဝတ်စောင့်ထိန်းသည်မှာ ကျွန်ုပ်တို့အတွက် တွေးစရာများစွာ ရရှိစေပါသည်။ ကျွန်ုပ်တို့၏ ကျင့်ဝတ်လျော်ညီသော အပြုအမူ နောက်ကွယ်တွင် ဘာရှိပါသနည်း။ ကျွန်ုပ်နေထိုင်ရာ ဘာလင်မြို့တွင် ဗုဒ္ဓဘာသာ ကျင့်ဝတ်အကြောင်း သင်ကြားသောအခါ ကျွန်ုပ်၏ ကျောင်းသားများကို သူတို့ဘာကြောင့် မခိုးဝှက်သနည်းဟု မေးခဲ့ပါသည်။ အချို့ကို ပိုဆိုးသည့် ပြန်လည်မွေးဖွားမှုများကို ကြောက်သည့်အတွက်ဟု ဖြေပါသည်။ ယင်းမှာ တကယ့် စိတ်ဓာတ်စေ့ဆော်မှု ဟုတ်ပါသလားဟု ကျွန်ုပ်ကမေးပါသည်။ မည်သူမျှ ထိုသို့အမှန်တကယ် မယုံကြည်ကြပါ။ ထိုအချက်ကို ဘေးဖယ်ကာ “ဘာကြောင့် မခိုးဝှက်သလဲ" ဟု ကျွန်ုပ်က မေးပါသည်။ ရလာသည့် အဖြေမှာ မမှန်ကန်သော ခံစားချက်ကြောင့် ဖြစ်နေပါသည်။ ယင်းမှာ အကြောင်းတရား ဖြစ်ပါသည်။

ဗုဒ္ဓဘာသာတွင်လည်း ထိုအတိုင်းပင် ပြောထားပါသည်။ ကျင့်ဝတ်လျော်ညီသော အပြုအမူ နောက်ကွယ်တွင် မိမိကိုယ်ကို ဂုဏ်သိက္ခာနှင့် တန်ဖိုးထားမှု ရှိနေပြီး ထိုနည်းဖြင့် မပြုမူရန် လုံလောက်သော လေးစားမှု ထားရှိပါသည်။ ၎င်းသည် ကျွန်ုပ်တို့အပေါ် ဆိုးရွားစွာ ထင်ဟပ်ပါသည်။ ကျွန်ုပ်တို့၏ မိသားစု၊ တန်ဖိုးများ၊ အရာအားလုံးအပေါ်တွင် ထင်ဟပ်ပါသည်။ ဤသည်မှာ ဗုဒ္ဓဘာသာတွင် ကျင့်ဝတ်လျော်ညီသော အပြုအမူအတွက် အခြေခံဟု ပြောထားပါသည်။ ဤအခြေခံအုတ်မြစ် ရှိပါက ကျွန်ုပ်တို့၏ အံ့အားသင့်ဖွယ် လူ့အသိဉာဏ်နှင့် အစွမ်းအစတို့ဖြင့် အကျိုးရှိသောအရာနှင့် အန္တရာယ်ရှိသောအရာကို ခွဲခြားသိရှိပြီး ရွေးချယ်နိုင်ပါသည်။ အန္တရာယ် ဖြစ်စေသောအရာကို မပြုလုပ်ရန် မိမိကိုယ်ကို လေးစားသည့်အတွက် ထိုသို့ မပြုမူချင်တော့ပါ။ ဤသည်မှာ ဗုဒ္ဓဘာသာတွင် ဖော်ပြထားသည့် အလွန်ကောင်းသော နည်းလမ်း ဖြစ်ပါသည်။ လိုက်နာသည့်ကိစ္စနှင့် မဆိုင်ပါ။ နောက်ဆုံးတွင် ကျွန်ုပ်တို့သည် ကျင့်ဝတ်လျော်ညီသော အပြုအမူ ရှိသော်လည်း ထိုအတွက် ချဉ်းကပ်ပုံမှာ မေးစရာဖြစ်ပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် ဘုရား၊ တရား၊ သံဃာကို ကိုးကွယ်အားထားစရာ ရှိပါသည်။

သံဃာကို ကိုးကွယ်အားထားခြင်း။ အစ္စလာမ်ဘာသာ၏ ညီအစ်ကိုမောင်နှမ ဖြစ်မှုနှင့် နှိုင်းယှဉ်ခြင်း

သံဃာဆိုသည်မှာ လမ်းကြောင်းပေါ်တွင် ရှိနေသူများ အသိုင်းအဝိုင်း ဖြစ်ပြီး အစဉ်အလာအရ ကျောင်းတိုက် အသိုင်းအဝိုင်းကို ကိုယ်စားပြုခြင်းမျှသာ မဟုတ်ဘဲ အဆင့်မြင့်သိမြင်ပြီးသူများကို ကိုယ်စားပြုပါသည်။ အစ္စလာမ်ဘာသာတွင် ထိုနည်း၎င်း ရှိပါသလား။ မွတ်စလင်အားလုံး၏ မိတ်သဟာယ ဖြစ်မှုသည် ပံ့ပိုးရေး အသိုင်းအဝိုင်းအဖြစ် ဆောင်ရွက်နိုင်ပါသည်။ သံဃာ၏ အဓိကလုပ်ငန်းမှာ ဘုရားဖြစ်စေမည့် လမ်းကြောင်းပေါ်တွင် အခြားသူများ ရှိနေသည် ဆိုသည့်အချက်ဖြင့် ကျွန်ုပ်တို့ကို အားပေးခြင်း ဖြစ်ပါသည်။ ဘုရှားရှင်တို့၏ အရည်အချင်းအားလုံး ရှိသည့် ဘုရားတစ်ဆူနှင့် ဆက်စပ်ရန် အလွန် ခက်ခဲသော်လည်း ကျွန်ုပ်တို့သာလျှင် မဟုတ်ဘဲ ထိုသို့ဖြစ်ရန် ကြိုးပမ်းနေပြီး တိုးတက်မှုအချို့ ရထားသူများ ရှိနေပါသည်။ ထိုအခါ အသိုင်းအဝိုင်း တစ်ခုအနေနှင့် ကျွန်ုပ်တို့အား ပံ့ပိုးမှုအချို့ ပေးအပ်ပါသည်။

အစ္စလာမ်ဘာသာတွင် မွတ်စလင်အားလုံး၏ ညီအစ်ကိုမောင်နှမ ဖြစ်မှု ရှိပါသည်။ မည်မျှပင် ဆင်းရဲ၊ ချမ်းသာ နေသည်ဖြစ်စေ လူတိုင်းသည် ဥပမာအားဖြင့် ဘုရားဖူးထွက်သောအခါ တူညီသော အဝတ်အစားများကို ဝတ်ဆင်ပါသည်။ ဤသို့ ညီမျှမှု ခံစားချက် ရှိပါသည်။ ဗုဒ္ဓဘာသာတွင် လမ်းကြောင်းပေါ်သို့ မရောက်သေးသူများအား ကျင့်ဝတ်ဆိုင်ရာ အကဲဖြတ်မှု မရှိသည်မှာ စိတ်ဝင်စားဖွယ် ကောင်းပါသည်။ ထို့ကြောင့် သူတို့ကို ခွင့်လွှတ်ရန် သို့မဟုတ် ဘာသာပြောင်းရန် မလိုအပ်ပါ။ အစ္စလာမ်ဘာသာတွင်မူ အနည်းငယ် ခြားနားပါသည်။

ဖုံးကွယ်နေသော ဗုဒ္ဓ သဘောသဘာဝ။ အစ္စလာမ်ဘာသာနှင့် ဆူဖီဝါဒ၏ အဓိကဖြစ်သော ဖုံးလွှမ်းမှုနှင့် ဆင်တူသော အချက်များ

ဗုဒ္ဓဘာသာက ကျွန်ုပ်တို့၏ ဗုဒ္ဓ သဘောသဘာဝ ရှိသော်လည်း စိတ်သည် အမှန်တရား၏ စစ်မှန်သော သဘောသဘာဝကို မသိမှု သို့မဟုတ် လျစ်လျူရှုမှုကြောင့် တိမ်သလ္လာ ဖုံးအုပ်နေသည်ဟု အလေးထား ပြောကြားပါသည်။ ကျွန်ုပ်တို့ထံတွင် ဤပိတ်ဆို့မှုများ ရှိနေပြီး ဗုဒ္ဓ သဘောသဘာဝကို မသိမှုတိမ်တိုက်က ပိတ်ဆို့ပါသည်။ ဤသည်မှာ အစ္စလာမ်ဘာသာ၏ ပြောကြားချက်နှင့် အလွန်ဆင်တူပါသည်။ ထို့ပြင် အနှောင့်အယှက်ပေးသော စိတ်ခံစားချက်များကြောင့် နှလုံးသားကို ဖုံးလွှမ်းကာ နှလုံးသားကို ပိတ်ဆို့သော ဖုံးလွှမ်းမှုအကြောင်း ပြောထားပါသည်။ အစ္စလာမ်ဘာသာ ဂိုဏ်းခွဲတစ်ခုဖြစ်သော ဆူဖီဝါဒတွင် ဖုံးလွှမ်းမှု ဖယ်ရှားခြင်းအကြောင်း ပြောထားပါသည်။ ဤသည်မှာ အလားတူ တင်စားမှုမျိုး ဖြစ်ပါသည်။ ဤမသိမှုသည် အတ္တဗဟိုပြုမှု၊ အနှောင့်အယှက်ပေးသော စိတ်ခံစားချက်များနှင့် အပျက်သဘော အပြုအမူတို့ ဖြစ်စေပါသည်။

ဗုဒ္ဓဘာသာတွင် ကျွန်ုပ်တို့၏ စစ်မှန်သော သဘောသဘာဝအပေါ် ဤပိတ်ဆို့မှုများ သို့မဟုတ် ဖုံးလွှမ်းမှုများအား အမှန်တရားကို နားလည်ခြင်း၊ မေတ္တာ၊ ကရုဏာ၊ ဗောဓိစိတ္တတို့ ထားရှိခြင်းတို့ဖြင့် ဖယ်ရှားနိုင်ပါသည်။ ဗောဓိစိတ္တ ဆိုသည်မှာ ကျွန်ုပ်တို့တစ်ဦးချင်းထံတွင် မဖြစ်ပေါ်သေးသော်လည်း ဗုဒ္ဓ သဘောသဘာဝ အခြေခံဖြင့် ဖြစ်ပေါ်နိုင်သည့် ဉာဏ်အလင်း ရရှိမှုကို အာရုံစိုက်သောစိတ် ဖြစ်ပါသည်။ ဤသည်မှာ ဘုရားအပေါ် အာရုံစိုက်ခြင်းနှင့် မကွဲပြားလှပါ။ ဖန်ဆင်းရှင်ဘုရားနှင့် ဗုဒ္ဓမြတ်စွာသည် အတော် ခြားနားသည်မှာ မှန်သော်လည်း မိမိ၏ နီးစပ် အောင်မြင်လိုသော ရည်မှန်းချက်ဖြစ်သည့် ပင်ကိုစင်ကြယ်သော သဘောသဘာဝအပေါ် အာရုံစိုက်မှုသည် ဗုဒ္ဓဘာသာဝင်များနှင့် မွတ်စလင်များအတွက် အလွန်အားကောင်းသော တွန်းအားတစ်ခု ဖြစ်ပါသည်။

ဗုဒ္ဓဘာသာမှ မေတ္တာ ထားရှိမှုကို အစ္စလာမ်ဘာသာနှင့် နှိုင်းယှဉ်ခြင်း

မေတ္တာ၏ အဓိပ္ပာယ်

ဗုဒ္ဓဘာသာတွင် မေတ္တာဆိုသည်မှာ အခြားသူများကို ပျော်ရွှင်မှုနှင့် ပျော်ရွှင်မှု၏ အကြောင်းတရားများ ရရှိစေလိုသောစိတ် ဖြစ်ပါသည်။ ၎င်းသည် သက်ရှိအားလုံး တစ်ဦးနှင့်တစ်ဦး ညီမျှပြီး အားလုံး ပျော်ရွှင်လိုသည်ဟု နားလည်မှုအပေါ်တွင် အခြေခံပါသည်။ မည်သူမျှ ဝမ်းမနည်းလိုကြပါ။ ယင်းမှာ ပျော်ရွှင်မှုကို ရှာမှီးသည့် ဘဝ၏ ရည်မှန်းချက်ဖြစ်သည်။ အပင်များသည် ကြီးထွားလာပြီး ပျော်ရွှင်မှုအတွက် နေရောင်ခြည်ကို အလိုရှိပါသည်။ ဘဝတွင် ယေဘုယျအားဖြင့် ပျော်ရွှင်မှု ရှာမှီးခြင်းအကြောင်းကို ကဗျာလင်္ကာများဖြင့် ထပ်မံ၍ လေ့လာနိုင်ပါသည်။

မေတ္တာ ထားရှိမှု

ဗုဒ္ဓဘာသာတွင် အခြားသူများကို ပျော်ရွှင်စေလိုခြင်းသည် သက်ရှိအားလုံးထံတွင် ဗုဒ္ဓ သဘောသဘာဝ ရှိသည့်အတွက် သူတို့သည် ပျော်ရွှင်နိုင်စွမ်း ရှိသည်ဆိုသော နားလည်မှုတွင် အခြေခံပါသည်။ ထို့ပြင် အားလုံးသည် ပျော်ရွှင်ပိုင်ခွင့် ရှိကြပါသည်။ ဤနေရာတွင်လည်း အစ္စလာမ်ဘာသာတွင် အလားတူအချက်မျိုး ရှိပါသည်။ ၎င်းသည်လည်း တစ်ဦးအပေါ်တစ်ဦး အပြန်အလှန် မှီခိုမှု၊ အခြားသူအားလုံးထံမှ ရရှိသည့် ကြင်နာမှုအား အသိအမှတ်ပြုကာ တန်ဖိုးထားမှု တို့အပေါ်တွင် အခြေခံပါသည်။ အစ္စလာမ်ဘာသာတွင် အခြားသူအားလုံးထံမှ ရရှိသည့် ကြင်နာမှုကို များစွာအလေးထားခြင်း မရှိသော်လည်း ကျွန်ုပ်တို့အားလုံးကို ဖန်ဆင်းသည့် ဘုရားထံမှ ရရှိသော ကြင်နာမှုကို အလေးထားပါသည်။ ဤသည်မှာ အားလုံး၏ ညီမျှမှုကို အနည်းငယ် ခြားနားသောရှုထောင့်မှ ကြည့်ခြင်း ဖြစ်ပါသည်။

ဗုဒ္ဓဘာသာတွင် မေတ္တာဆိုသည်မှာ အခြားသူများ၏ ပျော်ရွှင်မှုကို ထည့်သွင်းစဉ်းစားရာမှ ဖြစ်လာပါသည်။ ကျွန်ုပ်တို့သည် ဉာဏ်အလင်းရရှိခြင်းဖြင့် သူတို့ကို ကူညီနိုင်အောင် အမြဲကြိုးစားရပါသည်။ မေတ္တာထားခြင်းနှင့် အခြားသူများကို အမှုထမ်းခြင်းသည် ဘုရားရှင်အား ကိုးကွယ်မှုမဟုတ်သော်လည်း အစ္စလာမ်ဘာသာတွင်မူ မေတ္တာထားခြင်းနှင့် အခြားသူများကို အမှုထမ်းခြင်းသည် ဘုရားအား ကိုးကွယ်မှု ဖြစ်ပါသည်။ ကျွန်ုပ်တို့သည် အခြားသူများကို ကူညီနေခြင်းသာဖြစ်ပြီး ရလဒ်မှာ အတူတူဖြစ်ပါသည်။

အခြားသူများကို မေတ္တာထားရာတွင် ကိုယ်တိုင် ဘုရားဖြစ်စေမည့် အပြုသဘော အင်အားများ စုစည်းရပါသည်။ ဤနည်းဖြင့် ဘုရားအဖြစ်နှင့် ပိုမိုနီးစပ်လာပါသည်။ အစ္စလာမ်ဘာသာတွင်မူ ထိုသို့မဟုတ်ဘဲ ဘုရားကိုယ်တိုင်နှင့် ပိုမိုနီးစပ်လာစေခြင်း ဖြစ်ပါသည်။ ဘုရားအဖြစ်သို့ ရည်မှန်းချက်နှင့် ကိုယ်တိုင်ဘုရားဖြစ်လာခြင်းနှင့် ဘုရားနှင့် ပိုမိုနီးစပ်လာခြင်းတို့ကြားတွင် အတော်လေး ခြားနားပါသည်။ ဗုဒ္ဓဘာသာတွင် ကျွန်ုပ်တို့သည် ဘုရားရှင်ကို တစ်ဦးချင်းအနေနှင့် အာရုံမစိုက်ပါ။ ဘုရားရှင်သည် ဆရာသမား အနေနှင့် အလွန်အရေးကြီးသော်လည်း ကိုးကွယ်ရန် ဖန်ဆင်းရှင်ကဲ့သို့ မဟုတ်ပါ။

သဘာဝ အကြောင်းနှင့် အကျိုးကို ဘုရား၏ ပြစ်ဒဏ်နှင့် နှိုင်းယှဉ်ခြင်း

အခြားသူများကို မေတ္တာထားရန်အတွက် အတ္တဦးစားပေးမှုကို ကျော်လွှားရန် လိုပါသည်။ ဤသည်မှာ အစ္စလာမ်ဘာသာမှ အတ္တဗဟိုပြုမှုနှင့် ဘုရားအလိုတော် မလိုက်နာမှုကို ဆန့်ကျင်ရုန်းကန်သော ဂျီဟတ်နှင့် ဆင်တူပါသည်။ သို့သော် ဗုဒ္ဓဘာသာတွင် ဘုရားကို မိမိအပြစ်များ သို့မဟုတ် မသိမှုကြောင့် ပြုမူခြင်းများအတွက် ခွင့်လွှတ်စေခြင်း မဟုတ်ပါ။ အခြားသူများက မကောင်းသည့် အပျက်သဘောဖြင့် ပြုမူသည်ကို မြင်သောအခါ သူတို့သည် ဆိုးသွမ်းခြင်း သို့မဟုတ် မလိုက်နာခြင်းကြောင့် မဟုတ်ပါ။ သူတို့ပြုသောအရာနှင့် ထိုအရာ၏ အကျိုးဆက်ကို မသိမှုနှင့် အမှန်ပင် နားမလည်မှုကြောင့် ရှုပ်ထွေးနေသည့်အတွက် ဖြစ်ပါသည်။ ဤသည်မှာ နှိုင်းယှဉ်ရန် အခြေခံအနေနှင့်သာ အသုံးပြုခြင်း ဖြစ်ပါသည်။ သူတို့ကို ခွင့်လွှတ်ခြင်း မဟုတ်သော်လည်း သူတို့ကို နားလည်မှုထားရှိကာ ထိုနည်းဖြင့် မေတ္တာ၊ ကရုဏာ ထားရှိပါသည်။

ထို့ကြောင့် အဆိုးကံများကြောင့် ဆင်းရဲဒုက္ခ ဖြစ်သောအခါ ပြစ်ဒဏ်ခတ်ခြင်း မဟုတ်ဘဲ အကြောင်း၊ အကျိုး နိယာမ၏ သဘာဝ အကျိုးဆက်ကြောင့် ဖြစ်ပါသည်။ အခြားသူများကို အပြစ်ပေးခြင်းဖြင့် ဘုရားဥပဒေသကို သက်ဝင်စေခြင်း မဟုတ်ပါ။ တိဘက် သို့မဟုတ် အိန္ဒိယတွင် ဗုဒ္ဓဘာသာ အဖွဲ့အစည်းများထဲမှာပင်လျှင် ဥပဒေရေးရာစနစ် ရှိပါသည်။ သို့သော် ဘုရားဖန်ဆင်းသော မြင့်မြတ်သည့် ဥပဒေပေါ်တွင် အခြေမခံသလို ဘုရားအလိုတော်ကို သက်ဝင်စေရန် ကမ္ဘာမြေတွင် ဘုရားအမှုတော်ကို ထမ်းရွက်ခြင်း မဟုတ်ပါ။ ဤသည်မှာ အလွန်ခြားနားပါသည်။

နောင်တနှင့် ပတ်သက်၍ ဗုဒ္ဓဘာသာနှင့် အစ္စလာမ်ဘာသာ နှိုင်းယှဉ်ချက်

အစ္စလာမ်ဘာသာမှာလိုပင် ဗုဒ္ဓဘာသာတွင် နောင်တရမှု ရှိပြီး နှိုင်းယှဉ်ချက်များကို လေ့လာလျှင် အတော်စိတ်ဝင်စားဖွယ် ကောင်းပါသည်-

  • ဘာသာနှစ်ခုစလုံးတွင် ကျွန်ုပ်တို့၏ အမှားများကို အသိအမှတ်ပြုရန်လိုပါသည်။ ဗုဒ္ဓဘာသာတွင် မသိမှုကြောင့်ဖြစ်ပြီး အစ္စလာမ်ဘာသာကဲ့သို့ မလိုက်နာမှုကြောင့် အမှားပြုခြင်း မဟုတ်ပါ။
  • ကျွန်ုပ်တို့သည် နောင်တရပါသည်။ အစ္စလာမ်ဘာသာနှင့် ဆင်တူပါသည်။
  • ကျွန်ုပ်တို့သည် မကောင်းမှုကို ထပ်မံမကျူးလွန်ရန် ဆုံးဖြတ်ပါသည်။ အစ္စလာမ်ဘာသာနှင့် ဆင်တူပါသည်။
  • ကျွန်ုပ်တို့သည် ဘဝတွင် သွားနေသည့် အပြုသဘောလမ်းကြောင်းကို အတည်ပြုပါသည်။ ဤသည်မှာ ဖန်ဆင်းရှင်ဘုရားအား ကျွန်ုပ်တို့ကို ခွင့်လွှတ်စေခြင်းနှင့် သိပ်မတူပါ။ သို့သော် အပြုသဘော တစ်ခုခုကို အတည်ပြုရပါသည်။ ဖန်ဆင်းရှင်ဘုရား၏ ခွင့်လွှတ်မှုကို တောင်းဆိုခြင်းဖြင့် ထိုအပြုသဘော လမ်းကြောင်းဆီသို့ ဦးတည်သွားပါသည်။
  • နောက်ဆုံးတွင် အမှားအတွက် အပြုသဘော ဆောင်ရွက်ချက်အချို့ဖြင့် ကုစားပါသည်။ ဤသည်မှာ အစ္စလာမ်ဘာသာနှင့် ဆင်တူပါသည်။

ဗုဒ္ဓဘာသာတွင် အစ္စလာမ်ဘာသာနှင့် ဆင်တူသောအချက်များစွာ ရှိသလို ကွဲပြားသော အချက်များလည်း ရှိနေသည်မှာ ရှင်းပါသည်။ နောက်ဆုံးတွင် ဘာသာနှစ်ခုစလုံးသည် မေတ္တာ၊ ကရုဏာ၊ သည်းခံခြင်း၊ ခွင့်လွှတ်ခြင်း စသည်တို့ကို သင်ကြားပါသည်။ ကမ္ဘာ့ဘာသာကြီး နှစ်ခုအကြား တူညီသော ဤအချက်များကို အသိအမှတ်ပြု တန်ဖိုးထားနိုင် လာသောအခါ ဒဿန အမြင်ကွဲပြားမှုများ ရှိသည့်တိုင် တွေ့ဆုံဆွေးနွေးမှု၊ ဘာသာရေး ညီညွတ်မှုနှင့် အချင်းချင်း သင်ယူနိုင်မှုအတွက် အခြေခံ ရရှိလာပါသည်။

အမေးအဖြေများ

တစ်ဦးထံမှ တစ်ဦးက သင်ယူမှု

ဘုန်းတော်ကြီး ဒလိုင်းလားမားသည် အခြားဘာသာဝင်များနှင့် ပြောဆိုဆွေးနွေးသောအခါ အခြားသူများကို ဘာသာပြောင်းရန် မကြိုးစားဘဲ သူတို့ကိုယ်ပိုင် ယုံကြည်ချက်ကို စိတ်အားထက်သန်အောင် ပြုလုပ်ရန် မကြာခဏ အကြံပြုသည်ကို အမှတ်ရမိပါသည်။ သူတို့ကိုယ်ပိုင် ယုံကြည်မှုကို အခြားတစ်နည်းဖြင့် မြင်နိုင်ရန် ဉာဏ်ပညာကို အသုံးပြုလျှင် ပိုကောင်းပါသည်။ တွေ့ဆုံဆွေးနွေးမှုကို ဘယ်လိုချဉ်းကပ်ပါသလဲ။

စောစောက ပြောခဲ့သလိုပင် ဘုန်းတော်ကြီး ဒလိုင်းလားမားက ဘာသာများသည် တစ်ခုနှင့်တစ်ခု သင်ယူနိုင်သော အချက်များစွာ ရှိသည်ကိုလည်း ပြောထားပါသည်။ ဥပမာအားဖြင့် ဗုဒ္ဓဘာသာသည် စူးစိုက်မှု၊ မေတ္တာနှင့် ကရုဏာ စသည်တို့ ထားရှိရန် နည်းလမ်း မြောက်မြားစွာ ရှိပါသည်။ ဥပမာအားဖြင့် တွေးတောရှုမှတ်သော ဂိုဏ်းများက သူတို့သည် ဗုဒ္ဓဘာသာမှ များစွာ သင်ယူနိုင်သည်ကို တွေ့ရှိရပါသည်။ အထူးသဖြင့် ကက်သလစ် ကျောင်းတိုက်များတွင် လူတို့သည် သူတို့ဘာသာတွင် အသုံးပြုနိုင်အောင် တရားရှုမှတ်ခြင်းအကြောင်း လေ့လာကြသည်ကို တွေ့ရှိရပါသည်။

ဘုန်းတော်ကြီး ဒလိုင်းလားမားက အထူးသဖြင့် ခရစ်ယာန်ဘာသာနှင့် ပတ်သက်၍ အမြဲပြောသည်မှာ တိဘက် ဗုဒ္ဓဘာသာဝင်တို့သည် ကျောင်းတိုက်အသိုင်းအဝိုင်းတွင် ကျင့်ကြံသော လူမှုရေးလုပ်ငန်းများမှ သင်ယူနိုင်ကြပါသည်။ ဤသည်မှာ တိဘက်တွင် ဘုန်းတော်ကြီးသင် ပညာရေးကျောင်း၊ မိဘမဲ့ဂေဟာ၊ ဘိုးဘွားရိပ်သာ၊ ဆေးရုံ စသည်တို့အနေနှင့် ပထဝီဝင်ဆိုင်ရာ အကြောင်းရင်း များစွာကြောင့် များစွာမဖွံ့ဖြိုးသေးသည့်အချက် ဖြစ်ပါသည်။ ယင်းတို့ကို မာသာထရီဇာ၏ ဆောင်ရွက်ချက်များမှနေ၍ ကျွန်ုပ်တို့ ကျိန်းသေလေ့လာသင်ယူနိုင်သည်ကို တွေ့ရှိရပါသည်။

ဤသို့သော ဖလှယ်မှုမျိုး ရှိနေပါသည်။ ဇမ်ဇီဘာတွင် ကျွန်ုပ်တွေ့ရသော ဖြစ်စဉ်ကို ပြန်ပြောပြခဲ့သလို အစ္စလာမ်ဘာသာသည် ဆေးစွဲသူများ ကုသပေးရန် အလွန်အစီအစဉ်ကျသော ဘာသာရေးကျင့်ကြံမှုကို အသုံးပြုပါသည်။ ဤသည်မှာ အလွန် အထောက်အကူ ပြုပါသည်။ ဤနည်းဖြင့် ဘာသာများအကြား ဘာသာပြောင်းရန် မလိုဘဲ အလွန်အကျိုးရှိသော ဖလှယ်မှု ဖြစ်လာပါသည်။

ဘုန်းတော်ကြီး ဒလိုင်းလားမားက အထူးသဖြင့် စိတ်ဝင်စားသည်မှာ ဘာသာတိုင်းထံမှ အမှန်တကယ် အလေးအနက်ထားသော တွေးတောရှုမှတ်မှုများကို စုဝေးကာ သူတို့အတွေ့အကြုံ မှတ်ချက်များအား နှိုင်းယှဉ်ခြင်းဖြင့် တံခါးပိတ် ဆွေးနွေးပွဲများ ကျင်းပရန် ဖြစ်ပါသည်။ ယင်းသို့ဖြစ်လာနိုင်ပါက အလွန်မင်္ဂလာ ရှိပါမည်။

အားလုံးနှင့်ဆိုင်သော တန်ဖိုးများ                                                                                                                    

အစ္စလာမ်ဘာသာနှင့် ဤသို့အသေးစိတ် နှိုင်းယှဉ်ခြင်းဖြင့် ကျွန်ုပ်တို့သည် မိမိဘာသာ ကျေနပ်နှစ်သက်ကာ ဗုဒ္ဓဘာသာသည် အကောင်းဆုံး ဖြစ်သည်ဟု တွေးမနေသင့်ကြောင်း ပြောနေသည်နှင့် တူပါသည်။ ထိုနည်းဖြင့် ယုံကြည်ချက် အမျိုးအစားတိုင်းသည် မိမိဘာသာ လုံလောက်နေတတ်သောကြောင့် အလွန်အပြုသဘော ဆန်သည်ဟု ထင်ရပါသည်။ အစ္စလာမ်ဘာသာအတွက် တံခါးဖွင့်ပေးနိုင်ရန်မှာ အခြားအချက်များကို တံခါးဖွင့်ပေးခြင်း ဖြစ်ပါသည်။

မှန်ပါသည်။ ထိုအချက်ကို လုံးဝသဘောတူပါသည်။ ဘုန်းတော်ကြီး ဒလိုင်းလားမားက လူတိုင်းအတွက် အကောင်းဆုံး အစားအသောက် မရှိသလို လူတိုင်းအတွက် အကောင်းဆုံး ဘာသာတရား ဆိုသည်မှာ မရှိကြောင်း၊ သို့သော် အကောင်းဆုံးသော အရာ၊ မှန်ကန်သော လမ်းကြောင်းကို မိမိကိုယ်တိုင် ဆုံးဖြတ်နိုင်ကြောင်း မိန့်ကြားပါသည်။ အခြားသူများကို ထိုသို့ချမှတ်ပေး၍ မရနိုင်ပါ။ ဤအားလုံးနှင့်ဆိုင်သော တန်ဖိုးများကို ဘာသာအားလုံးတွင် တွေ့ရပြီး လူတိုင်းအတွက် မှန်ကန်ပါသည်။ ဘာသာတရား တစ်ခုခု မလိုက်နာသူများအတွက်ပင် မှန်ကန်ပါသည်။ ဤအချက်က အရေးကြီးပါသည်။ မေတ္တာ၊ ကရုဏာ၊ သည်းခံခြင်း၊ ခွင့်လွှတ်ခြင်း စသည့် အားလုံးနှင့်ဆိုင်သော တန်ဖိုးများကို ကိန်းအောင်းစေရန်၊ ဤဆွေးနွေးမှုကို ဆက်လက်ရှင်သန်စေရန်၊ ဤအားလုံးနှင့်ဆိုင်သော တန်ဖိုးများကို ပညာရေးစနစ်ထဲတွင် မိတ်ဆက်ပေးရန် ဆရာတော်ကြီးက အလွန်အလေးထားပါသည်။ တစ်ကမ္ဘာလုံး ထိုသို့အမှန်တကယ် ဖြစ်လာရန်မှာ ဤအခြေခံ တန်ဖိုးများကို ကျောင်းသားလူငယ်လေးများအား စတင်သင်ကြားပေးရန် ဖြစ်ပါသည်။ ဥပမာအားဖြင့် ဒေါသ သို့မဟုတ် စိတ်အနှောင့်အယှက် စဖြစ်သည်နှင့် တစ်ဆယ်အထိ ရေတွက်ရန် သို့မဟုတ် အသက်ရှူမှုကို ဝင်လေထွက်လေ ဆယ်ကြိမ် အာရုံစိုက်ရန် သို့မဟုတ် ရန်ဖြစ်မည့်အစား စကားပြောဆိုရန် စသည်ဖြင့် ရိုးရှင်းစွာ ဆောင်ရွက်နိုင်ပါသည်။

အိန္ဒိယနှင့် အမေရိကရှိ ပညာသင်ကြားသူအချို့သည် ယင်းသို့ ပညာရေးစနစ်များထဲသို့ တဖြေးဖြေး စတင်မိတ်ဆက်ရန် သင်ရိုးအချို့ ရေးဆွဲနေပါသည်။ ဆရာတော်ကြီး မိန့်ဆိုသည့်အတိုင်း တလေးတစားနှင့် လောကီဆန်သောနည်းဖြင့် ဖြစ်ပါသည်။ ဆိုလိုသည်မှာ ဘာသာတစ်ခု၊ နှစ်ခုအတွက် သီးသန့်မဟုတ်ဘဲ ဘာသာအားလုံးကို လေးစားသည့်အနေနှင့်ဟု ဆိုလိုပါသည်။

အစ္စလာမ်ဘာသာတွင် ဉာဏ်အလင်းရရှိမှု အယူအဆမျိုး ရှိပါသလား။

ဘုရားနှင့်ပိုမိုနီးစပ်ရန် သို့မဟုတ် ပေါင်းစည်းရန်ကြိုးစားသည့် အစ္စလာမ်ဘာသာကိုလေ့လာမှု သို့မဟုတ် ကျင့်ကြံမှုအကြောင်း ဆွေးနွေးသောအခါ အစ္စလာမ်ဘာသာတွင် ဉာဏ်အလင်းရရှိမှု ရှိပါသလား။ ရှိလျှင် မည်ကဲ့သို့ နားလည်ရပါမည်နည်း။

ဘုရားနှင့် ပိုမိုနီးစပ်ခြင်းသည် အစ္စလာမ်ဘာသာတွင် ယေဘုယျ တွေ့ရှိရပြီး ဘုရားနှင့် ပေါင်းစည်းခြင်းသည် အစ္စလာမ်ဘာသာခွဲ တစ်ခုဖြစ်သော ဆူဖီဂိုဏ်း အချို့အတွင်သာ ယုံကြည်ခြင်း ဖြစ်ပါသည်။ ဉာဏ်အလင်းရရှိမှုသည် ယင်းကို အဓိပ္ပာယ် သတ်မှတ်ပုံ၌ မူတည်ပါသည်။ ဗုဒ္ဓဘာသာနည်းဖြင့် သီးခြား အဓိပ္ပာယ် သတ်မှတ်ပါက အခြားသူများက ထိုအတွက် အမှန်တကယ် ရည်မှန်းနိုင်ကြောင်း မပြောနိုင်ပါ။ ကျွန်ုပ်၏ ဆရာသမားတစ်ဦးက အလွန်နှစ်သက်ဖွယ် ပြေထားသည်မှာ- ခရစ်ယာန် ကောင်းကင်ဘုံသို့ ရောက်ရှိရန် ဆုတောင်းပါက ဗုဒ္ဓဘာသာ ကောင်းကင်ဘုံသို့ ရောက်မည် မဟုတ်ပါ။ ဗုဒ္ဓဘာသာ ကောင်းကင်ဘုံသို့ ရောက်ရှိရန် ဆုတောင်းပါက ခရစ်ယာန် ကောင်းကင်ဘုံသို့ ရောက်မည် မဟုတ်ပါ။

ဘာသာတိုင်းတွင် အောင်မြင်ရန် ကြိုးစားသော ရည်မှန်းချက်တစ်ရပ် ရှိပါသည်။ ကျင့်ဝတ် အလျော်ညီဆုံး ကြင်နာသူ ဖြစ်စေ၊ ထိုထက်ပို၍ ဖြစ်စေ လူကောင်းဖြစ်ရန် ရည်မှန်းပါသည်။ သို့သော် ဤလမ်းကြောင်းကို လိုက်နာရာတွင် အခြားဘာသာက သတ်မှတ်ဖော်ပြထားသော ရည်မှန်းချက်များသို့ ရောက်ရှိမည်ဟု မပြောနိုင်ပါ။

သူတို့၏ ကောင်းကင်ဘုံ အယူအဆတွင် ဉာဏ်အလင်းရရှိမှု တည်ရှိသည်ဟု ဆိုလိုပါသလား။

အသက်ရှင်စဉ်တွင် လူကောင်းဖြစ်သလို နောက်ဆုံး အကဲဖြတ်ချက် မတိုင်မီ ကြားကာလနှင့်တူသော အချိန်လည်းရှိပါသည်။ ဖြစ်လာမည့် သဘောကို အကဲဖြတ်ခြင်းဖြစ်ပြီး နောက်ဆုံး အကဲဖြတ်သောအခါ ကောင်းကင်ဘုံ ရှိပါသည်။ ဤသည်မှာ အစ္စလာမ်ဘာသာ၏ အမြင့်မားဆုံး ရည်မှန်းချက် ဖြစ်ပါသည်။

ဗုဒ္ဓဘာသာ ကာလချက္ကရာ စာပေတွင် လေ့လာကြည့်ပါက အစ္စလာမ်ဘာသာကို အပြန်အလှန် ဆက်သွယ်မှု ရှိပြီးသားဟု ဖော်ပြထားပါသည်။ ကာလချက္ကရာ စာပေတွင် ထိုစဉ်က ဖော်ပြထားသည့် အချက်များထဲ၌ ထူးဆန်းသည့် အချက်နှစ်ချက်သာ ရှိပါသည်။ တစ်ချက်မှာ ကောင်းကင်ဘုံနှင့် ငရဲသည် ထာဝရ ဖြစ်ပြီး မမြဲခြင်း အယူအဆ မရှိကြောင်း ပြောပါသည်။ ဗုဒ္ဓဘာသာ ရှုထောင့်မှဆိုလျှင် ကောင်းကင်ဘုံတွင် ပြန်လည်မွေးဖွားမှုသည် အလွန်ကြာမြင့်စွာ တည်ရှိသော်လည်း ယင်းသည် အဆုံးသတ်သွားကာ နောက်ထပ် ပြန်လည်မွေးဖွားမှု ဖြစ်လာပါမည်။ ကာလချက္ကရာ ကျမ်းတွင် ဖော်ပြသည့် ထူးဆန်းသော နောက်တစ်ချက်မှာ မွတ်စလင်များက တိရစ္ဆာန်များကို ဟာလာနည်းဖြင့် စားသုံးရန် သတ်ဖြတ်ခြင်းသည် ဖန်ဆင်းရှင်ဘုရားထံ စတေးမှု နည်းတစ်နည်း ဖြစ်သည်ဟု ဆိုပါသည်။ တိရစ္ဆာန်ကို သတ်ဖြတ်သောအခါ “အလ္လာရှင်မြတ် အမည်နာမဖြင့် ဘစ္စမီလာ” ဟု ပြောပါသည်။ ယင်းကို အလ္လာရှင်မြတ်အား ယဇ်သွေးပူဇော်ခြင်းဟု ဗုဒ္ဓဘာသာဝင်တို့က အဓိပ္ပာယ် ကောက်ယူပြီး မမှန်ကန်ကြောင်း ယူဆပါသည်။ ဤသည်မှာ အစ္စလာမ်ဘာသာမှ အာဟာရ စည်းကမ်းများကို သိသာစွာ နားလည်မှု လွဲမှားနေပါသည်။ သူတို့ ကန့်ကွက်ထားသောအချက်များ မရှိပါ။ ဖန်ဆင်းရှင်အကြောင်း ဘာမျှ မဖော်ပြထားပါ။ တကယ်တော့ ထိုအချက်က များစွာ အရေးပါပါသည်။

လူတိုင်းသည် ဉာဏ်အလင်းရရှိနိုင်ပါသလား။

မတူညီသော အချက်များစွာ ပြောထားသည့် ကျမ်းစာများစွာ ရှိပါသည်။ သုတ္တန်တစ်ခုတွင် ဗုဒ္ဓ သဘောသဘာဝ ကင်းမဲ့သူများ ရှိသည်ဟု ဖော်ပြထားပါသည်။ ပြောင်းလဲသွားသော အချက်များစွာ ရှိသော်လည်း ဗုဒ္ဓ သဘောသဘာဝ မရှိပါက မပြောင်းလဲနိုင်ပါ။ ထိုအငြင်းပွားဖွယ် အယူအများ တစ်ချိန်က ရှိခဲ့ပါသည်။

ထိုသို့ ကြားဖူးသည်မှာ သူတို့ထံတွင် ဗုဒ္ဓ သဘောသဘာဝ မရှိဘူးဟု မဆိုလိုပါ။ ပထမဦးစွာ ဗုဒ္ဓ သဘောသဘာဝ ဆိုသည်ကို လေ့လာရန် လိုပါသည်။ ၎င်းသည် တစ်စုံတစ်ယောက် ဘုရားဖြစ်လာစေသော အချက်များ ဖြစ်ပြီး ထိုသူကို ဘုရားအဖြစ်သို့ အရည်အသွေးအမျိုးမျိုး ပြောင်းလဲပေးပါသည်။ ဤသည်မှာ “ကုသိုလ်အစု” ဟု ဘာသာပြန်လေ့ ရှိသော အပြုသဘော အင်အားအစုအဝေးနှင့် “ဉာဏ်ပညာအစု” ဟု ခေါ်လေ့ရှိသော နက်ရှိုင်းသော သတိရှိမှု အစုအဝေးတို့ ဖြစ်ပါသည်။ ကရုဏာတွင် လည်းကောင်း၊ နားလည်မှု စသည်ဖြင့် စိတ်၏ အလုပ်လုပ်ပုံတို့တွင် လည်းကောင်း အခြေခံပြီး အပြုသဘောနည်းဖြင့် ပြုမူရာမှ ဤအပြုသဘော အင်အားကို လူတိုင်း ရရှိနိုင်ပါသည်။

ဤအပြုသဘော အင်အားစုနှင့် ဆန့်ကျင်သည်မှာ အပျက်သဘော ဆောင်ရွက်ချက်များမှ “အပျက်စွမ်းအားစု” ဆိုသည့်အရာ ဖြစ်ပါသည်။ ကျွန်ုပ်တို့သည် အပျက်စွမ်းအားများ အားလုံးကို ဖယ်ရှားနိုင်သော်လည်း မေးစရာရှိသည်မှာ ဘုရားအဖြစ်သို့ မရောက်ရှိစေရန် အပြုသဘောစွမ်းအားများ အားလုံးကို တစ်နည်းနည်းဖြင့် ဖယ်ရှားနိုင်သလား ဖြစ်ပါသည်။ ထိုသို့ အပြုသဘောစွမ်းအား များစွာကို ဆုံးရှုံးနိုင်ခြင်း ရှိ၊ မရှိ ဆွေးနွေးငြင်းခုန်စရာ ဖြစ်သော်လည်း ထိုနေရာတွင် ပြောစရာအမြဲ ဖြစ်နေပါသည်။ ယခုဆွေးနွေးငြင်းခုန်မှုက ထိုအကြောင်း ဖြစ်ပါသည်။

နောက်ထပ် ဆွေးနွေးငြင်းခုန်မှု တစ်ခုမှာ ရဟန္တာ အဖြစ်သို့ လွတ်မြောက်ပြီးပါက လမ်းပိတ်သွားပါသလား။ သို့တည်းမဟုတ် ဘုရားဖြစ်လာနိုင်ပါသေးသလား။ တစ်စုံတစ်ယောက်သည် ဘုရားမဖြစ်နိုင်တော့ကြောင်း ပြောချိန်သည် ရဟန္တာ အဖြစ်နှင့် လမ်းပိတ်သွားသည်ဟု ယူဆသောအချိန် ဖြစ်ပါသည်။

ယင်းတို့၏ တကယ့် ဆိုလိုရင်းအကြောင်း နောက်ထပ်မှတ်ချက်များနှင့် ရှင်းပြချက်များကို ပိုမိုလေ့လာရန် အရေးကြီးပါသည်။ လူတစ်ယောက်သည် လွတ်မြောက်ရန် သတ်မှတ်ခံရပြီး လုံးဝ ဘုရားမဖြစ်နိုင်ကြောင်း၊ သူတို့သည် ကောင်းကင်ဘုံတွင် သနားစဖွယ် ရဟန္တာများကဲ့သို့ ဖြစ်သည်မှာ မည်မျှ ပျင်းစရာကောင်းကြောင်း ပြော၍ရပါသည်။ သို့သော် လူတို့သည် မတူညီကြောင်း ဘုရားရှင်က အလွန်ရှင်းလင်းစွာ မြင်ထားပါသည်။ ဗုဒ္ဓဝင်ကို လေ့လာပါက ဘုရားရှင်သည် သံဃာ အဖွဲ့နှင့်အတူ လူတို့၏နေအိမ်များသို့ ကြွချီပါသည်။ နေ့ဆွမ်း ဆက်ကပ်ပြီး လူတို့က ဘုရားနှင့် သံဃာများအား အလွန်ကောင်းမွန်သောဆွမ်း ကပ်လှူပါသည်။ ဆွမ်းဘုဉ်းပြီးသောအခါ ဘုရားရှင်အား တရားတောင်းကြပါသည်။ ထိုအခါ ဘုရားရှင်သည် တရားဟောရာတွင် ပင့်ဖိတ်သူတို့၏ စိတ်နေစိတ်ထားကို မြင်ကြည့်ရင်း သူတို့နားလည်မည့်နည်းအတိုင်း ဟောကြားပါသည်။

ထိုနည်းဖြင့် သုတ္တန်အမည်များကို လေ့လာပါက သုတ္တန်များစွာသည် သုတ္တန်အမည်တွင် ဟောကြားသည့် ပုဂ္ဂိုလ်အမည် ပါဝင်ပါသည်။ လူတိုင်းသည် နောက်ခံသမိုင်း သို့မဟုတ် နားလည်မှု တူညီသည်မဟုတ်ပါ။ ထို့ကြောင့် ရှင်းပြချက်များစွာ ရှိပါသည်။ ဤသည်မှာ အလွန်ပညာရှိပါသည်။

အစ္စလာမ်ဘာသာမှ ဗုဒ္ဓဘာသာသို့ ကူးပြောင်းသူ သိပ်မရှိခြင်း

ခရစ်ယာန်ဘာသာ သို့မဟုတ် ယုဒဘာသာတို့မှ ဗုဒ္ဓဘာသာသို့ ကူးပြောင်းလားသူများစွာ ရှိပုံပေါ်သော်လည်း အစ္စလာမ်ဘာသာမှ မကူးပြောင်းလာကြပါ။ ထိုအတွက် တွေးစရာများ ရှိပါသလား။

ပထမဦးစွာ အစ္စလာမ်ဘာသာ လူမှုအဖွဲ့အစည်းများတွင် လူတစ်ယောက် အစ္စလာမ်ဘာသာ စွန့်ပယ်ပါက အဆိုးဆုံးကိစ္စ ဖြစ်ပါသည်။ အချို့လူ့အဖွဲ့အစည်းများတွင် ထိုအတွက် ပြင်းထန်စွာ အပြစ်ပေးခံရနိုင်ပါသည်။ ဘုန်းတော်ကြီး ဒလိုင်းလားမားက မှန်ကန်သော အချက်အလက်၏ အရေးကြီးပုံကို အလေးထားပြောကြားပြီး ဘာသာအချင်းချင်း ညီညွတ်ရေး သတင်းစကားဖြန့်ဝေရန် ကျွန်ုပ်ကို အားပေးပါသည်။ ကျွန်ုပ်သည် ဗုဒ္ဓဘာသာ-အစ္စလာမ်ဘာသာ ညီညွတ်ရေးကို အဓိက အာရုံစိုက်ကာ အစ္စလာမ်ကမ္ဘာရှိ နေရာများစွာတွင် သင်ကြားပို့ချနေပါသည်။ တစ်ခါက အီဂျစ်နိုင်ငံ၊ ကိုင်ရိုတွင် ပို့ချနေစဉ် ဗုဒ္ဓဘာသာအကြောင်း သင်ခန်းစာအတွက် ကျောင်းသား ၃၀၀ ခန့် သူတို့သဘောအတိုင်း လာရောက်ခဲ့ပါသည်။ သူတို့သည် သတင်းအချက်အလက် ငတ်မွတ်နေပြီး တစ်ခုခုသင်ယူလိုသည်ဟု ဆိုကြပါသည်။

ဆရာတော်ကြီးက ကျွန်ုပ်အား အခြေခံ ဗုဒ္ဓဘာသာ တရားတော်အချို့ကို အဓိက အစ္စလာမ်ဘာသာစကားများဖြင့် ရရှိအောင် ပြုလုပ်ရန် အလွန်ပင်အားပေးအားမြှောက်ပြုပါသည်။ ယခုဆိုလျှင် အစ္စလာမ်ဘာသာ စကား ခြောက်မျိုးခန့် ဆောင်ရွက်ပြီးသလို လူအများအပြားလည်း ဖတ်ရှုခဲ့ကြပါသည်။ ကျွန်ုပ်တို့၏ ဝက်ဘ်ဆိုက်တွင် အထင်ရှားဆုံး ဆောင်းပါးများကို ဘာသာစကား အမျိုးမျိုးဖြင့် မြင်နိုင်အောင် လေ့လာနေပါသည်။ ဥပအာအားဖြင့် အာရဗီဘာသာဖြင့် “ဒေါသကို ဖြေရှင်းနည်း” အကြောင်း ဖြစ်ပါသည်။ ဤသည်မှာ အကျိုးခံစားခွင့် ရရှိရန်အတွက် ဗုဒ္ဓဘာသာဝင် ဖြစ်ရန် မလိုပါ။ ဗုဒ္ဓဘာသာတွင် ဒေါသကို ကျော်လွှားရန်၊ ကြောက်ရွံ့မှု စသည့်အရာများကို ဖြေရှင်းရန် အထောက်အကူပြုသော နည်းလမ်းများစွာ ရှိပါသည်။ အီရန်နိုင်ငံတွင် ပါရှန်ဘာသာဖြင့် အထင်ရှားဆုံး ဆောင်းပါးသည် တရားရှုမှတ်နည်း အကြောင်းနှင့် ဆိုင်ပါသည်။ ယင်းကို သူတို့အလွန် စိတ်ဝင်စားပါသည်။ မွတ်စလင်လူဦးရေးနှင့်အတူ တရုတ်ဗုဒ္ဓဘာသာဝင်ဦးရေ အလွန်များသည့် အင်ဒိုနီးရှားတွင် ဘာသာနှစ်ခုအကြား အပြန်အလှန် ဆက်သွယ်မှု ဆောင်းပါးများကို အလွန်စိတ်ဝင်စားကြပါသည်။

ဤသို့စိတ်ဝင်စားသည်မှာ ရှင်းပါသည်။ ထို့ပြင် ပါကစ္စတန်တွင် အကြမ်းဖက်မှု မှန်သမျှကို စိတ်ကုန်နေပြီး တော်လောက်ပြီဟု ခံစားနေရသည့် လူငယ်များစွာ ရှိသည်ကို တွေ့ရပါသည်။ သူတို့သည် စိတ်ငြိမ်းချမ်းမှု တစ်ခုခု ပေးမည့်အရာကို ရှာဖွေနေပါသည်။ ဗုဒ္ဓဘာသာ နည်းလမ်းများသည် အခြားသူများကို ဘာသာပြောင်းအောင် မကြိုးစားဘဲ တင်ဆက်နေသမျှ ကာလပတ်လုံး လက်ခံ၍ရပါသည်။ မည်သူမျှ အစ္စလာမ်ဘာသာ သို့မဟုတ် ခရစ်ယာန်ဘာသာကို စွန့်လွှတ်စရာ မလိုဘဲ ဗုဒ္ဓဘာသာသည် ကမ္ဘာကြီးအတွက် ပေးအပ်နိုင်သည့်အရာများစွာ ရှိပါသည်။ ကျွန်ုပ်တို့လည်း ထိုအတိုင်း ကြိုးစားနေပါသည်။ ဤသည်မှာ လူတိုင်းအတွက် အကျိုးရှိသည့် အားလုံးနှင့်ဆိုင်သော တန်ဖိုးများ လူသိများရေးအတွက် ဘုန်းတော်ကြီး ဒလိုင်းလားမား၏ ကြိုးပမ်းချက် ဖြစ်ပါသည်။

ဗုဒ္ဓဘာသာ ဆိုသည်မှာ ဤအားလုံးနှင့်ဆိုင်သော တန်ဖိုးများနှင့်သာ သက်ဆိုင်သည်ဆိုလျှင် ဗုဒ္ဓဘာသာအတွက် မတရားရာ ကျပါသည်။ ဗုဒ္ဓမြတ်စွာ၏ ဉာဏ်ပညာ၊ တိဘက်၏ ဉာဏ်ပညာသည် ကမ္ဘာ့အမွေအနှစ် တစ်စိတ်တစ်ပိုင်း ဖြစ်သလို တတ်နိုင်သလောက် ရေရှည်တည်တံ့အောင် ပြုလုပ်ရန် အလွန်အရေးကြီးပါသည်။ ကျွန်ုပ်အပါအတွင် လူအများအပြားက ထိုကြိုးပမ်းမှုတွင် ပါဝင်နေပါသည်။

ဘာမှမရှိခြင်းနှင့် အစဉ်အလာအရ အတ္တ

ယခုတရားများအတွက် ကျေးဇူးတင်ပါသည်။ ကျွန်ုပ်သည် လုပ်ဖော်ကိုင်ဖက်များနှင့်အတူ ဤတရားပွဲတက်ရောက်ရန် ရှစ်နာရီကြာ ခရီးနှင်ခဲ့ရပါသည်။ စောစောက အတ္တရှိသည်ဟု ပြောသွားပါသည်။ ပုံမှန်အားဖြင့် ပင်ကိုတည်ရှိမှု ဘာမှမရှိခြင်း၊ “ငါ” ဆိုသည့် သတ်မှတ်ချက် မရှိခြင်း စသည်တို့အကြောင်းကို ကြားဖူးပါသည်။ ခြားနားချက်ကို ရှင်းပြစေလိုပါသည်။

ဗုဒ္ဓဘာသာရှုထောင့်အရ အတ္တ ရှိပါသည်။ အတ္တမရှိဘူးဟု မပြောသော်လည်း အတ္တသည် ခန္ဓာ၊ စိတ်၊ စိတ်ခံစားချက် စသည်တို့အပေါ်တွင် တည်မှီပါသည်။ ဤအရာများက အမြဲတမ်း ပြောင်းနေပါသည်။ အတ္တသည် ခန္ဓာဖြစ်ကြောင်း သို့မဟုတ် စိတ်ဖြစ်ကြောင်း သို့မဟုတ် စိတ်ခံစားချက် သို့မဟုတ် အသိဉာဏ် စသည်တို့ဖြစ်ကြောင်း မပြောနိုင်ပါ။ သို့သော် ထိုအခြေခံဖြင့် “ငါ” ရှိသည်ဟု ပြောနိုင်ပါသည်။ ၎င်းuအခြေခံသည့် အရာအားလုံးသည် အမြဲပြောင်းလဲနေပါသည်။ ကျွန်ုပ်တို့၏ စိတ်ခံစားချက် အခြေအနေသည် ပြောင်းလဲသလို ခန္ဓာကိုယ်သည်လည်း အမြဲပြောင်းလဲနေပါသည်။ ခန္ဓာကိုယ်အား ကြည့်ပါက ဆဲလ်တိုင်းသည် မတူညီပါ။ အရာအားလုံး ပြောင်းလဲနေပြီး ကလေးဘဝက ဆဲလ်တစ်လုံးမျှ မရှိတော့ပါ။ အတ္တ ရှိသော်လည်း ခန္ဓာကိုယ်နှင့် စိတ်အပေါ် မူတည်ပြီး အခိုက်အတန့်တိုင်းတွင် ပြောင်းလဲနေပါသည်။ သို့သော် ခန္ဓာ၊ စိတ်၊ စိတ်ခံစားချက် စသည်တို့အပေါ်တွင် မှီခိုသော အတ္တမရှိပါ။ ခန္ဓာ၊ စိတ် စသည်တို့မှာ အခိုက်အတန့် တစ်ခုမှတစ်ခုသို့ ပြောင်းလဲ‌နေသောကြောင့် ထိုသို့မပြောင်းလဲသော အတ္တမရှိပါ။

ထိုအခါ မြဲသောအရာ မရှိဘူးဟု ဆိုလိုပါသလား။

အစနှင့်အဆုံး မရှိပါ။ ထို့ကြောင့် အတ္တတိုင်းသည် ထာဝရဖြစ်သော်လည်း မပြောင်းလဲခြင်း မဟုတ်ပါ။ ပြဿနာမှာ တိဘက်ဘာသာတွင် “တဂ်-ပ” ဆိုသည့် ဤစကားလုံးကို “မြဲခြင်း” ဟု ဘာသာပြန်ပြီး အဓိပ္ပာယ် နှစ်မျိုး ရှိသောကြောင့် ဖြစ်ပါသည်။ အဓိပ္ပာယ် တစ်ခုမှာ ထာဝရဖြစ်ပြီး ထိုအတွက် ဗုဒ္ဓဘာသာက မှန်ကန်သည်ဟုဆိုပါသည်။ အစနှင့် အဆုံး မရှိပါ။ ဘုရားရှင်အနေနှင့်ပင်လျှင် ထိုသို့မရှိပါ။ အခြားအဓိပ္ပာယ် တစ်ခုမှာ ၎င်းသည် လုံးဝ မပြောင်းလဲသော်လည်း အတ္တသည် အခိုက်အတန့် တစ်ခုမှတစ်ခုသို့ ပြောင်းလဲပါသည်။ ကလေးဘဝက သင်နှင့် လူကြီးဖြစ်လာသော သင်သည် အတူတူဟု ဆိုသော်လည်း လူကြီးဖြစ်လာသော သင်သည် ကလေးနှင့် အတိအကျတူသည်ဟု မပြောနိုင်ပါ။ ပြောင်းလဲလာပါပြီ။ ဤနည်းဖြင့် အတ္တသည် အမြဲပြောင်းနေသော်လည်း ထာဝရ ဆက်သွားနေသည့်အတွက် ထာဝရ ဖြစ်ပါသည်။ ဤသည်မှာ သက္ကတဘာသာမှ ပြန်ဆိုသည့် တိဘက်ဘာသာ စကားလုံးတွင် အဓိပ္ပာယ်နှစ်ခွ ဖြစ်နေသောကြောင့် ရှုပ်ထွေးမှုဖြစ်ပါသည်။

ဆူဖီဝါဒ အပေါ်တွင် ဟိန္ဒူဘာသာ သို့မဟုတ် ဗုဒ္ဓဘာသာ၏ လွှမ်းမိုးမှု

ဆူဖီဝါဒအကြောင်း ပြောသွားပါသည်။ ဗုဒ္ဓဘာသာနှင့် ပိုပြီးနှိုင်းယှဉ်နိုင်သော အချက်များ ရှိမည်ဟု ထင်ပါသည်။ ၎င်းသည် အစ္စလာမ်ဘာသာနှင့် နီးစပ်သော်လည်း ပင်မအစ္စလာမ်ဘာသာနှင့် ဆက်စပ်မှု ကွဲပြားခြင်းများ ရှိပါသည်။ လူအချို့က ပြန်လည်မွေးဖွားမှု ယူဆချက် ရှိပါသည်။ ကျွန်ုပ်သည် ဗဟိုအာရှမှ အရှေ့မြောက်ပါရှားဒေသတွင် ဆူဖီဆရာသမားတစ်ဦး ရှိပါသည်။ ထို့ကြောင့် သမိုင်းကြောင်း ဆက်စပ်မှုအချို့ ရှိပါသလားဟု သိလိုပါသည်။ အစ္စလာမ်ဘာသာသည် ထိုနယ်ပယ်နှင့် ပတ်သက်လျှင် အတော်လေး ပြင်းထန်ပါသည်။ သင်၏လေ့လာမှုအရ သမိုင်းကြောင်း ဆက်စပ်မှုအချို့ ရှိပါသလား။

ဟိန္ဒူဝါဒသည် ဆူဖီဝါဒအပေါ် လွှမ်းမိုးမှု ရှိသည်မှာ အထူးသဖြင့် အာဖဂန်၊ ပါကစ္စတန်၊ အိန္ဒိယ၊ ကက်ရှ်မီးယားဒေသတို့တွင် အနည်းငယ် ရှင်းလင်းလာသလို ရှိပါသည်။ ယောဂကဲ့သို့သော အရာများအနေနှင့် လွှမ်းမိုးမှု ရှိပါသည်။ စကားစုများနှင့် အမည်များကို ရွတ်ဖတ်ခြင်း ရှိသလို ဤသည်မှာ ဟိန္ဒူဝါဒတွင်လည်း တွေ့ရသည့် မန္တရား ရွတ်ဆိုမှုနှင့် တူသည်ဟု ပြောနိုင်ပါသည်။ လွှမ်းမိုးမှုသည် ဟိန္ဒူဘာသာမှလား၊ ဗုဒ္ဓဘာသာမှလား ဆိုသည်မှာ မေးစရာဖြစ်ပါသည်။ အထောက်အထား အရ ဟိန္ဒူဝါဒအပေါ် အနည်းငယ် ပိုမိုထောက်ပြပါသည်။ သို့သော် ဗုဒ္ဓဘာသာကို အမှတ်ရစေသော အချက်အချို့လည်း ရှိပါသည်။ သို့ရာတွင် ဆူဖီ ဆရာတော်များ၏ ဗိမာန်များအနေနှင့် ပို၍ဆက်စပ်ပါသည်။ ဤသည်မှာ စေတီတစ်မျိုး ဖြစ်သည်ဟု အချို့က ပြောပါသည်။ တရားရှုမှတ်သော နည်းများသည် ဟိန္ဒူဘာသာမှ ပို၍ဆင်းသက်လာဟန် ရှိပါသည်။

ဆူဖီဝါဒတွင် အလွန်စိတ်ဝင်စားဖွယ် အချက်များစွာ ရှိပါသည်။ မေတ္တာအကြောင်း ပြောသောအခါ ကိုရမ်ကျမ်းတွင် မတွေ့ရသည့် မေတ္တာအတွက် နောက်ထပ်စကားလုံး တစ်ခုကို အသုံးပြုပါသည်။ သို့သော် “အလှအပ” ဆိုသည့် ဆိုလိုရင်း ဖြစ်ပါသည်။ ဖန်ဆင်းရှင်ဘုရား၊ ဘုရား၏ အလှအပတို့နှင့် ပေါင်းစည်းရန် သဘာဝအရ တောင့်တမှု ရှိပါသည်။ ဤမေတ္တာ အလှအပကို တေးဂီတဖြင့် ဖော်ပြပါသည်။ ၎င်းသည် ဆူဖီဝါဒတွင် အလွန်အဓိကကျသော ကဏ္ဍမှ ပါဝင်ပါသည်။ ဗုဒ္ဓဘာသာတွင်မူ ထိုသို့မတွေ့ရပါ။ ရွတ်ဆိုမှု စသည်တို့ ရှိသော်လည်း ဘုရားနှင့် ပိုမိုနီးစပ်စေမည့်နည်းလမ်းအဖြစ် မဟုတ်ပါ။

ဆူဖီဝါဒ၏ တူညီနိုင်သော ရှုထောင့်အမျိုးမျိုးကို လေ့လာရန်လိုပါသည်။ တရားရှုမှတ်ခြင်းနှင့် မန္တရားကဲ့သို့ ရွတ်ဖတ်ခြင်း၊ ဆရာနှင့် အသိုင်းအဝိုင်းတစ်ခုတွင် နေထိုင်ခြင်းတို့ ရှိသော်လည်း ဟိန္ဒူဘာသာတွင်လည်း ယင်းတို့အားလုံး ရှိပါသည်။ ပြောရခက်သော်လည်း ဗဟိုအာရှသည် ဗုဒ္ဓဘာသာ၊ ဟိန္ဒူဘာသာနှင့် အစ္စလာမ်ဘာသာ ယဉ်ကျေးမှုများ တစ်ခုနှင့်တစ်ခု ရောစပ်နေသော နေရာဖြစ်ပါသည်။

သေခြင်းအကြောင်း နှိုင်းယှဉ်ချက်

သေခြင်းအတွက် မည်သို့ပြင်ဆင်သင့်သည်ကို ကိုရမ်ကျမ်းထဲမှ အနည်းငယ် ပြောပြနိုင်မလား။ အလင်းရောင်ကို ကြည့်နေသင့်ပါသလား။

ထိုအချက်နှင့် မရင်းနှီးပါ။ ကျွန်ုပ်သည် ကိုရမ်ကျမ်း ပညာရှင်လည်း မဟုတ်ပါ။ ယင်းမှာ ဘုရားကို အမှတ်ရခြင်းဟု ယူဆနိုင်ပါသည်။ ဗုဒ္ဓဘာသာမှ တန္တရ တရားတော်များတွင် အသေးစိတ် ဖော်ပြထားသလောက်ကိုသာ သေခြင်းအကြောင်း အမှန်တကယ် ဖြစ်သောအရာများကို လေ့လာမိပါသည်။ မမြင်ဖူးသော်လည်း မရှိဘူးဟု မဆိုလိုပါ။ မမြင်ဖူးခြင်းသာ ဖြစ်ပါသည်။

ဒူဘိုင်းတွင် ကျောင်းသားများစွာနှင့် အတူနေထိုင်ခဲ့ဖူးသည့်အတွက် ထိုသို့မေးခြင်းဖြစ်ပါသည်။ ယင်းမှာ အလွန်ပြင်းထန်သော အစ္စလာမ်ယဉ်ကျေးမှုနှင့် အတော်လေး နီးစပ်ပါသည်။ အမျိုးသမီးများအားလုံးသည် ဖခင်များကို အလုံးစုံ ကိုးကွယ်ပြီး လင်ယောက်ျားထံ လွှဲပြောင်းခံရန် အသင့်ဖြစ်ခြင်းမှအပ အခြားမတွေ့ရပါ။ ထိုစဉ်ကစပြီး ယခုအထိ ထိုသို့ ကိုးကွယ်သော ကျောင်းသားများနှင့် အခြားဆရာများ ရှိပါသည်။ သေခြင်းနှင့် ပတ်သက်လာသောအခါ မဖြေရှင်းထားပါ။ ဘဝတွင် အကောင်းဆုံးဖြစ်အောင် နေထိုင်လျှင် ကောင်းကင်ဘုံသို့ ရောက်မည်- ဆိုသကဲ့သို့ ဖြစ်ပါသည်။ ထိုသို့ရောက်ရှိရန်သည် ကိစ္စကြီးတစ်ခု ဖြစ်ပါသည်။ သေခြင်းကို မည်သို့ ပြင်ဆင်ပါသနည်း။ ကျွန်ုပ်သည် ခရစ်ယာန် မိသားစုတွင် ကြီးပြင်းခဲ့ပြီး သေခြင်းအတွက် ပြင်ဆင်ခြင်းနှင့် ပတ်သက်လျှင် ဗုဒ္ဓဘာသာက ပေးထားသည့်အချက်နှင့် နှိုင်းယှဉ်စရာ မရှိသလို ဖြစ်ပါသည်။

သေခြင်းအတွက် ပြင်ဆင်သောအခါ ဗုဒ္ဓဘာသာအရ အကောင်းဆုံး အတွေးမှာ ကိုးကွယ်အားထားရန်၊ ဗောဓိစိတ္တ ဦးတည်ချက်အတိုင်း သွားရန်၊ ဉာဏ်အလင်းရရှိမှုကို ရည်မှန်းရန်၊ ဘာသာရေး လမ်းကြောင်းတွင် ဆက်လျှောက်နိုင်အောင် တရားတော်များ၊ ဆရာသမားများ စသည်တို့နှင့် ဆက်လက်တွေ့ဆုံနိုင်အောင် ဆုတောင်းရန် စသည်တို့ ဖြစ်ပါသည်။ ဗုဒ္ဓမြတ်စွာ သို့မဟုတ် ကျွန်ုပ်တို့၏ ဘာသာရေး ဆရာသမားကို တွေးတောရင်း သေဆုံးပါသည်။ ထို့အတူ အစ္စလာမ် ဘာသာတွင် ဘုရားကို အဓိက တွေးတောကာ သေဆုံးခြင်းနှင့် အတော်လေး ဆင်တူပါမည်။

အစ္စလာမ်ဘာသာတွင် သေဆုံးပြီးနောက် ဖြစ်လာသောအရာများနှင့် ပတ်သက်၍ တိတိကျကျ တရားများ ရှိပါသည်။ အကောင်းကံနှင့် အဆိုးကံများ သိမ်းထားသည့် မှတ်တမ်း ရှိပြီး သေဆုံးပြီးသောအခါ ကြည့်ပါသည်။ ထို့နောက် အဆိုးဖြစ်စေ၊ အကောင်းဖြစ်စေ ဖြစ်လာမည့်အရာနှင့် ဆင်တူသော နေရာကို နောက်ဆုံး အကဲဖြတ်သောနေ့အထိ သွားရောက်ပါသည်။ ထို့နောက် အားလုံးသည် ဘုရားရှေ့တော်သို့ သင်္ချိုင်းမှ ထမြောက်ကာ အမှန်တကယ် နောက်ဆုံးအကဲဖြတ်ချက် ရှိပါသည်။ ထို့နောက်တွင်ကား ထာဝရ ကောင်းကင်ဘုံ သို့မဟုတ် ထာဝရ ငရဲ ဖြစ်ပါသည်။

အစ္စလာမ်ဘာသာတွင် ထိုကဲ့သို့ တွေးတောပါသည်။ မွတ်စလင်ဘာသာဝင်ကောင်း တစ်ဦးဆိုပါက အပျက်သဘော တစ်ခုခု ပြုခဲ့မိခြင်းအတွက် နောင်တရခြင်းနှင့် ဘုရား၏ ခွင့်လွှတ်မှု တောင်းခံရန် အထူးအလေးထားပါသည်။ ဗုဒ္ဓဘာသာတွင်လည်း ထိုသို့ ဆောင်ရွက်ပါသည်။ ဥပမာအားဖြင့် ဗောဓိသတ္တ သို့မဟုတ် တန္တရ ကတိကဝတ်များ ချိုးဖောက်မိပါက မသေဆုံးမီ ယင်းတို့ကို အသစ်ပြန်လည် ဆောင်ခြင်းဖြင့် သန့်ရှင်းသော ကတိကဝတ်ဖြင့် သေဆုံးသွားပါသည်။ ထိုသို့ရှိသည်မှာ သေချာပါသည်။ မသေမီ နောင်တနှင့် မိမိ၏ အစီအမံကို သန့်စင်ခြင်း စိတ်ကူးမှာ ဆင်တူပါသည်။ ရိုးသားစွာ ဘာသာရေး ကျင့်ကြံသူဆိုပါက ဗုဒ္ဓဘာသာတွင်ရော၊ အစ္စလာမ်ဘာသာတွင်ပါ ထိုအချက်ကို အတော်လေး ဆင်တူသည်ဟု တွေ့ရှိနိုင်ပါသည်။ လူအများစုက ထိုသို့မဟုတ်ပါ။ ထိုသို့ဖြစ်ပါက ဆောင်ရွက်ရသည်ကို ပြောခြင်းသာ ဖြစ်ပါသည်။

မိမိတွင် ရှိနေသောအရာကို လက်မလွှတ်ချင် သည့်အတွက် ဖြစ်လာမည့်အရာကို မမျှော်လင့်ပါ။ အာဇာနည်သူရဲကောင်း ဖြစ်မှု ရှိသော်လည်း ထိုကိစ္စက မသက်ဆိုင်ပါ။

ကျွန်ုပ်သည် အော်စလိုမြို့ရှိ ကျောင်းတစ်ကျောင်းတွင် ဆရာလုပ်ခဲ့ရာ အစ္စလာမ်ကျောင်းသား ၆၀% ခန့်ပါဝင်ပါသည်။ ထိုကျောင်းမှ ယောက်ျားလေးများ၏ ဒေါသနှင့် ပတ်သက်သော အပြုအမူအတွက် တစ်ခုခု ပြောပြပေးစေလိုပါသည်။ အစ္စလာမ်ကမ္ဘာတွင် စစ်ပွဲများစွာ ဖြစ်နေပြီး ထိုမှသည် ဒေါသအကြီးအကျယ် ထွက်ပါသည်။ ကျွန်ုပ်၏ သမီးသည် ဗလီသို့ မိန်းကလေးများနှင့် သွားရာ အတင်းအဖျင်းနှင့် ဆိုးရွားသော အပြုအမူများစွာ ရှိပါသည်။ မိမိနေရပ်နိုင်ငံတွင် မနေတော့သူများ ရှိပါသည်။ ပါကစ္စတန်၊ အာဖဂန်နစ္စတန်နှင့် ယခုအခါ ဆီးရီးယားမှ ဒုတိယမျိုးဆက် ကလေးများနှင့်အတူ ဖြစ်ပါသည်။ ကျွန်ုပ်၏ သမီးကို ဘာပြောပြရမည်နည်း။ အတော် ကြိုးစားရပါသည်။ ဤသို့ ခက်ထန်ပြီး ဒေါသဖြစ်မှုကို မည်သို့ထင်ပါသနည်း။

ကမ္ဘာကြီး၏ ထိုဒေသများမှ လာသူများအတွက် ဒုတိယမျိုးဆက် ဖြစ်လျှင်ပင် ဆင်းရဲဒုက္ခနှင့် သွေးထွက်သံယို များစွာ ဖြစ်နေသည်ကို မြင်ရသည့်အတွက် အလွန်စိတ်အနှောင့်အယှက် ဖြစ်မှာ သေချာပါသည်။ ထိုအခါ လူငယ်များကို အလွန်ဝမ်းနည်းစေပါသည်။ သူတို့သည် သူတို့စိတ်ခံစားချက်များကို ကောင်းစွာ မထိန်းချုပ်နိုင်သေးပါ။ ဤသည်မှာ ဒေါသကို လွတ်လွတ်လပ်လပ် ဖွင့်ထုတ်လိုက်ရာမှ ဖြစ်ပေါ်ပါသည်။ မွတ်စလင်ဖြစ်စေ၊ အခြားရွှေ့ပြောင်းနေထိုင်သူများဖြစ်စေ လူနည်းစုများနှင့် ပတ်သက်သည့် စိတ်ပိုင်းဆိုင်ရာ ပြဿနာတစ်ခုမှာ သစ္စာရှိမှုကိစ္စ ဖြစ်ပါသည်။ တစ်ဖက်တွင် လက်ခံသောနိုင်ငံက သူတို့နိုင်ငံ၏ တန်ဖိုးများကို သစ္စာရှိခိုင်းသော်လည်း သူတို့ကိုယ်ပိုင် ဘာသာယဉ်ကျေးမှုက ရှိပြီးဖြစ်နေရာ ထိုအတွက်သူတို့ သစ္စာရှိရမည်ဟုလည်း ခံစားရပါသည်။

အိမ်ထောင်ကွဲသည့် မိသားစုမှ ကလေးများတွင် သစ္စာရှိမှု ကွဲပြားသည့် ကိစ္စနှင့် အတော်လေးဆင်တူပါသည်။ သူတို့သည် မိခင်ကို သစ္စာရှိပါက ဖခင်ကို သစ္စာမဲ့လေမလားဟု ခံစားရသည်။ အပြန်အလှန် ထိုအတိုင်း ဖြစ်ပါသည်။ မေးစရာရှိသည်မှာ နှစ်ခုစလုံးကို သစ္စာရှိစေမည့် ညီညွတ်မှုကို မည်သို့ရှာဖွေမည်နည်း။ ဥပမာ၊ နိုင်ငံတော်ကိုသာ သစ္စာရှိသင့်ပြီး မူလ ဘာသာယဉ်ကျေးမှုကို သစ္စာမရှိပါက မသိစိတ်တွင် ဤသို့ သစ္စာရှိလိုစိတ်ကြောင့် မူလယဉ်ကျေးမှု၏ အပျက်သဘော အစိတ်အပိုင်းများကို မသိစိတ်မှ သစ္စာရှိလာပါသည်။ ခက်ထန်မှု စသည်တို့အနေနှင့် ပေါ်ထွက်လာပါသည်။

ရောဂါကုထုံး ရှုထောင့်မှဆိုလျှင် နှစ်ဖက်စလုံးကို ပဋိပက္ခ မဖြစ်ဘဲ သစ္စာရှိစေမည့် သူတို့ယဉ်ကျေးမှု နောက်ခံတွင် သစ္စာရှိနိုင်မည့် အပြုသဘော အချက်များကို အသိအမှတ်ပြုနိုင်လျှင် အထောက်အကူ ပြုပါသည်။ တစ်ခုမဟုတ်လျှင် တစ်ခုဟု ရွေးချယ်ခြင်း မဟုတ်ပါ။ လူမှုအဖွဲ့အစည်းတွင် ထိုသို့ လေ့လာရန် အမှန်ပင်လိုအပ်ပါသည်။ ဥရောပရှိ အချို့လူမှုအဖွဲ့အစည်းများတွင် အမျိုးသမီးများသည် ခေါင်းမြီးခြုံခြင်း စသည်တို့ မဝတ်ဆင်နိုင်ကြောင်း ပြောပါသည်။ ဤသည်မှာ သူတို့ရှုထောင့်မှနေ၍ ဆိုးရွားပြီး ဒေါသ ထွက်စေနိုင်ပါသည်။

ခေါင်းမြီးခြုံခြင်းနှင့် ပတ်သက်၍ တကယ့်ပြဿနာသည် အဘယ်နည်း။ သူတို့မျက်နှာကို လုံးဝဖုံးအုပ်ထားပါက ဥပမာအားဖြင့် အမေရိကန်ရှိ တရားရုံးတွင် စစ်ဆေးသောအခါ သို့မဟုတ် ကားမောင်းစဉ်တွင်သာ ခေါင်းမြီးခြုံခြင်းကို ချွတ်ထားရန် လိုအပ်သည့် အခြေအနေဖြစ်ပါသည်။

လူတို့သည် သူတို့၏မူလ ယဉ်ကျေးမှုမှ တန်ဖိုးများကို လူမှုအဖွဲ့အစည်းထဲတွင် ညီညွတ်စွာ ကိုက်ညီပြီး ပြဿနာ သို့မဟုတ် ပဋိပက္ခမဖြစ်ပေါ်စေရန် ကျွန်ုပ်တို့ လေ့လာရပါမည်။ ထိုအခါ ဤခက်ထန်မှုကို ဖြေရှင်းပေးပါသည်။ ကလေးတစ်ယောက် အတွက် နားလည်ရန် ခက်ခဲပါသည်။ သင့်သမီးကို အဆင်မပြေသော အချိန်တွင် သူစိတ်အနှောင့်အယှက် ဖြစ်ပြီး ဒေါသ ထွက်သလား မေးနိုင်ပါသည်။ သင်စိတ်ထဲရှိသည့်အတိုင်း လူတို့ကို ဆိုးဆိုးရွားရွား ပြောမိပါသလား။ သူတို့သည် ထိုသို့ မရည်ရွယ်သည်ကို သူနားလည်အောင် ကူညီပေးနိုင်ပါသည်။ လူတို့သည် ဝမ်းနည်းသောအခါ တစ်ခါတစ်ရံ ပြောတတ်ပါသည်။ ထိုအခါ တစ်ခါတစ်ရံ အထောက်အကူ ပြုသော်လည်း ကလေး၏ အသက်အရွယ်ပေါ်တွင် မူတည်ပါသည်။

ကျေးဇူးတင်ပါသည်။ အားလုံးနှင့် ဆွေးနွေးရသည်ကို ဝမ်းမြောက်မိပါသည်။ တွေးစရာတစ်ခုခု ရသွားမည်ဟု မျှော်လင့်ပါသည်။

Top