Image%201

ရိုးရှင်းစွာ ဆိုရလျှင် ဗောဓိသတ္တသည် အခြားသူအားလုံးကို တန်ဖိုးထားသည့် ဉာဏ်ပညာနှင့် ကရုဏာ ရှိသူတစ်ဦး ဖြစ်ပါသည်။ ထက်မြက်ပြီး ကြင်နာတတ်သောသူ အများကြီး ရှိသည်မှာ မှန်ပါသည်။ သို့ဆိုလျှင် မည်သည့်အချက်ကြောင့် ဗောဓိသတ္တဟု ကွဲပြားသွားပါသနည်း။ အခြေခံပြောရမည်ဆိုလျှင် ဗောဓိသတ္တသည် အခြားသူများကို ကောင်းစေချင်ရုံ သာမက အခြားသူတို့၏ ဆင်းရဲဒုက္ခ အဆုံးသတ်ရေးကိုပါ အမှန်တကယ် ကူညီနိုင်သည့် ကျွမ်းကျင်သော နည်းစနစ် များကိုလည်း သိရှိကြပါသည်။ သက်ရှိအားလုံးကို အမှန်တကယ် ကူညီနိုင်ရေးအတွက်လည်း မဆုတ်မနစ် အားထုတ်ပါသည်။ ဗောဓိသတ္တများသည် ပြဿနာအားလုံး၏ အနက်ရှိုင်းဆုံး ဇစ်မြစ်ကို နားလည်ပါသည်။ သတ္တဝါတို့သည် ဘယ်ပြဿနာမျှ နောက်ထပ်တစ်ဖန် ထပ်မကြုံရအောင် ဤဇစ်မြစ်ကို ဖြတ်တောက်၍ ရနိုင်သည်ကိုလည်း မိမိကိုယ်ကိုယ် ယုံကြည်ကြပါသည်။ ဤအသိနှင့် ရည်ရွယ်ချက်ကြောင့်ပင် ဗောဓိသတ္တ၏ ကရုဏာသည် အလွန်အားကောင်းလာခြင်း ဖြစ်ပါသည်။

ဗောဓိသတ္တ ဆိုသည့်ဝေါဟာရသည် သက္ကတဘာသာဖြင့် “ဉာဏ်အလင်းရရှိမှု” ဆိုသည့် “ဗောဓိ” နှင့် “သက်ရှိ” ဆိုသည့် “သတ္တ” ဆိုသောစကားလုံး နှစ်လုံးမှ ဆင်းသက်လာပါသည်။ အစောပိုင်း ဗုဒ္ဓဘာသာ တရားတော်များတွင် ဘုရားရှင် သဗ္ဗညုတဉာဏ် မရရှိမီက ဗုဒ္ဓစကြမုနိအား ဖော်ပြရန် “ဗောဓိသတ္တ” စကားလုံးကို သုံးစွဲခဲ့ပါသည်။ ဥပမာအားဖြင့် ဘုရားရှင်၏ အတိတ်ဘဝ ဇာတ်လမ်းများထဲတွင် သူ့အား ဘုရားလောင်း ဗောဓိသတ္တဟု ဖော်ပြခဲ့ပါသည်။ ထို့ကြောင့် အသိဉာဏ်ထူး ရရှိအောင် ဘဝပေါင်း မရေမတွက် နိုင်လောက်အောင် မြောက်မြားစွာသော အားအင်စိုက်ထုတ်မှု ရှိခဲ့သည့် ဗုဒ္ဓမြတ်စွာကဲ့သို့ပင် ဗောဓိသတ္တတစ်ပါးသည် သက်ရှိအားလုံး အကျိုးရှိစေရန်အတွက် ဉာဏ်အလင်းရရှိမှု ခရီးတွင် မိမိကိုယ်တိုင် လျှောက်လှမ်းသူ ဖြစ်ပါသည်။ ထိုသို့ပြုလုပ်သည်မှာ သူတို့ထံ၌လည်း ကန့်သတ်ချက်များစွာ ရှိနေသေးသည်ကို သဘောပေါက်သောကြောင့် ဖြစ်ပါသည်။ အခြားသူများကို ကူညီရန် နည်းလမ်းများစွာ သိရှိထားသော်လည်း အလုံးစုံ တစ်ဦးချင်းအတွက် မည်သည့်နည်းစနစ်က အသင့်တော်ဆုံး ဖြစ်မည်ကိုမူ သူတို့ မသိမြင်နိုင်ပါ။ ဗုဒ္ဓမြတ်စွာ တစ်ပါးတည်းသာလျှင် ထိုသို့သိမြင်ပါသည်။ ထို့ကြောင့် အခြားသူများကို တတ်နိုင်သလောက် ကူညီနေသလိုပင် ကိုယ်တိုင်လည်း ဘုရားဖြစ်အောင် ဆက်လက်ကြိုးစားအားထုတ်နေရပါသည်။

ဗောဓိသတ္တများသည် သက်ရှိအားလုံး လွတ်မြောက်ရေးအတွက် ကြိုးစားရန် ကတိကဝတ်ပြု ဆောက်တည်ပါသည်။ သူတို့၏ အဆုံးစွန် ရည်မှန်းချက်မှာ မိမိအတွက် ဉာဏ်အလင်းရရှိမှုမျှသာ မဟုတ်ဘဲ သက်ရှိအားလုံး ဉာဏ်အလင်းရရှိမှု အတွက် ကူညီရန်လည်း ဖြစ်ပါသည်။ သူတို့၏ မဟာကရုဏာကြောင့် အခြားသူများကို ကူညီနိုင်အောင် ကိုယ်တိုင် ဉာဏ်အလင်းရရှိမှုကို ရွှေ့ဆိုင်းထားပြီး ဘာသာရေး လမ်းညွှန်သူများ၊ ကာကွယ်စောင့်ရှောက်သူများအဖြစ် ကိုးကွယ်ခံရပါသည်။

ဗောဓိသတ္တ၏ ကျင့်ကြံမှုနှင့် အရည်အသွေးများ

ဗောဓိသတ္တများသည် ဗုဒ္ဓမြတ်စွာ အပြည့်အဝ ရရှိသည့် အရည်အသွေး အများအပြားကို အတိုင်းအတာ တစ်ခုအထိ ရရှိကြပါသည်။ သူတို့သည် ယင်းတို့ကို ဆက်လက် ပြုစုပျိုးထောင်၍ ဉာဏ်အလင်းရရှိလုနီးပါးအထိ ကြိုးစားကာ အခြားသူများကိုပင် အကျိုးပြုနိုင်အောင် ထောက်ပံ့ပါသည်။ ဗောဓိသတ္တများ ပိုင်ဆိုင်သည့် အရည်အသွေး အချို့ကို အောက်တွင်ဖော်ပြထားပါသည်-

  • ကရုဏာ – ဗောဓိသတ္တများသည် အခြားသတ္တဝါ အားလုံးကို တန်ဖိုးထားပါသည်။ ကျွန်ုပ်တို့ အများစုသည် မိမိကိုယ်ကိုယ် အရင်ဆုံးဦးစားပေးသော်လည်း ဗောဓိသတ္တများက အခြားသူများကို မိမိထက် ပို၍ ရှေ့တန်းတင်ပါသည်။ သူတို့သည် မိခင်က မိမိအချစ်ဆုံး တစ်ဦးတည်းသော သားငယ်ကို ရှုမြင်သည့်ပမာ သက်ရှိအားလုံးကို ရှုမြင်ပါသည်။ ထိုသားငယ် ဖျားနာသောအခါ မိခင်သည် သားငယ် ဆင်းရဲဒုက္ခ ရောက်နေသည်ကို မကြည့်ရက်နိုင်ဘဲ တစ်ခုခုကူညီရပါတော့မည်။ ထိုနည်းတူပင် ဗောဓိသတ္တများသည် ကျွန်ုပ်တို့ တစ်ယောက်ယောက် ဆင်းရဲဒုက္ခ ရောက်နေသည်ကို မကြည့်ရက်နိုင်ပါ။ အားလုံးကို တန်းတူညီမျှ ဂရုစိုက် စောင့်ရှောက်လိုသည်သာမက ကျွန်ုပ်တို့အား အချိန်မရွေး မည်သို့ဖြစ်စေကာမူ ကူညီကြပါသည်။
  • ဉာဏ်ပညာ – ဗောဓိသတ္တများသည် အထောက်အကူ ပြုသောအရာနှင့် အန္တရာယ် ရှိသောအရာကို ခွဲခြားနိုင်စွမ်း ရှိပါသည်။ စိတ်ကူးယဉ်နှင့် အမှန်တရားကိုလည်း ခွဲခြားနိုင်ပါသည်။ ဤနက်ရှိုင်းသော နားလည်သိမြင်မှုများကြောင့် အခြားသူများ လွတ်မြောက်အောင် လမ်းညွှန်ရန် သူတို့အား အထောက်အကူ ပြုပါသည်။
  • ကျွမ်းကျင်သော နည်းလမ်း – ဗောဓိသတ္တများသည် အခြားသူများအား မည်သို့ကူညီရန် ကျွမ်းကျင်စွာ သိမြင်ပြီး ထိုသို့ကူညီနိုင်အောင် နည်းစနစ်မျိုးစုံ အသုံးပြုပါသည်။
  • ရက်ရောခြင်း – ဗောဓိသတ္တများသည် ရုပ်ဝတ္ထု ပိုင်ဆိုင်မှု အနေနှင့်ရော သူတို့၏ အချိန်နှင့်အားအင် အနေနှင့်ပါ ရက်ရောကြပါသည်။ အခြားသူများအား ကူညီရန် မိမိမှာ ရှိသမျှ အားလုံးကို ပေးလိုစိတ် ရှိပါသည်။ ထို့ပြင် မိမိပိုင်ဆိုင်မှု၊ အောင်မြင်မှုများကိုလည်း တွယ်တာခြင်း မရှိကြပါ။
  • သည်းခံခြင်း – ဗောဓိသတ္တများသည် မိမိကိုရော အခြားသူများကိုပါ စိတ်ရှည်သည်းခံပါသည်။ ဉာဏ်အလင်းရရှိမှု လမ်းကြောင်းသည် ရှည်လျားသည်ကို သူတို့သဘောပေါက်ကာ အခြားသူများအား မည်သည့်ခြေလှမ်းဖြင့် လျှောက်လှမ်းရသည်ဖြစ်စေ အချိန်ယူပြီး ကူညီလိုစိတ် ရှိပါသည်။
  • ကျင့်ဝတ်စည်းကမ်း – ဗောဓိသတ္တများသည် ကျင့်ဝတ်စည်းကမ်းနှင့်ညီရန် ကြိုးပမ်းအားထုတ်ပါသည်။ ဆိုလိုသည်မှာ အခြားသူများ အန္တရာယ် ဖြစ်စေမည့် ဆောင်ရွက်ချက်များကို ရှောင်ရှားပြီး သက်ရှိအားလုံး အကျိုးရှိမည့် ဆောင်ရွက်ချက်များကို ပြုစုပျိုး‌ထောင်ပါသည်။
  • ရဲရင့်မှု – ဗောဓိသတ္တများသည် ရဲရင့်ပြီး သတ္တိရှိကြပါသည်။ အခြားသူများအား မည်သို့ကူညီရန် အခက်အခဲနှင့် စိန်ခေါ်မှုများကို ရင်ဆိုင်လိုစိတ် ရှိပါသည်။ အခြားသူများ အကျိုးအတွက် ခက်ခဲသာ အခြေအနေများ၊ စွန့်စားရမှုများကို တွန့်ဆုတ်ခြင်း မရှိကြပါ။

ရုတ်နိုင်ငံရှိ ၄ ရာစုနှစ် မေဂျီရှန် ဂရော်တိုမှ ဗောဓိသတ္တ ဆင်းတုများ။

လက်ရှိကာလ မြင်တွေ့ရသော ဗောဓိသတ္တ

ဗောဓိသတ္တ နမူနာကောင်းတစ်ခု ပြပါဆိုလျှင် ဆယ့်‌လေးပါးမြောက် ဒလိုင်းလားမား ဆရာတော်ကြီး ဖြစ်ပါသည်။ ဆရာတော်ကြီးသည် မနက်အရုဏ်တက်မှသည် ညဉ့်နက်အထိ မမောမပန်း တရစပ် အလုပ်လုပ်သည်။ မနက်တိုင်း ၃ နာရီထပြီး နာရီပေါင်းများစွာ တရားရှုမှတ်ပါသည်။ ထို့နောက် တစ်နေ့တာ ကျန်အချိန်များကို အခြားသူများနှင့် တွေ့ဆုံခြင်း၊ ကူညီခြင်းအတွက် အချိန်ပေးပါသည်။

ဆရာတော်ကြီးသည် တစ်ခါက ခရီးရှည်တစ်ခု သွားပြီးနောက် စပါတီ သို့ ကြွလာပါသည်။ ထိုအချိန်တွင် သူသည် ရက်ပေါင်းများစွာ တရားဟောကြားထားပြီး စကားအလွန်ပြောထားရသဖြင့် အသံမထွက်တော့ပါ။ နောက်ထပ်ပို၍ မပင်ပန်းစေလိုသည့်အတွက် ကျွန်ုပ်က သူ့အား ထိုင်ခုံ၌ထိုင်ရန်နှင့် ဥုံ မဏိပဒ္ဓမေဟုမ် ကရုဏာ မန္တန်ကို ပရိသတ်အား ထုတ်လွှင့်ပေးရန် တောင်းဆိုရာ ဆရာတော်ကြီးက သဘောတူပါသည်။ သို့သော် တရားစဟောသည်နှင့် သူက ပြောသည်မှာ ကျွန်ုပ်က သူ့အား မပင်ပန်းစေရန် တောင်းဆိုသော်လည်း သူကောင်းစွာ ကျိန်းစက်ပြီးကြောင်း၊ တစ်ယောက်ယောက်၏ အချိန်ကို မဖြုန်းပစ်လိုကြောင်း၊ တရားဟောရန် ဆုံးဖြတ်ပြီး ဖြစ်ကြောင်း ပြောပါသည်။ ထို့နောက် ဆရာတော်ကြီးသည် အရည်အသွေးကောင်း အားလုံး၏ အခြေခံ တရားတော်ကို ဆက်တိုက် ဟောရာ ၃ နာရီနီးပါး ကြမြင့်ပါသည်။ ထိုကာလအတွင်း အသံပြန်ထွက်လာပါသည်။

တရားဟောပြီးနောက် သူ့အခန်းသို့ ကျွန်ုပ်က လိုက်ပါပို့ဆောင်ပါသည်။ ထိုအခါ အပြင်သင်္ကန်းကို ချွတ်ပြီး ဆိုဖာပေါ်တွင် လဲလျောင်းကာ သူအရမ်း ပင်ပန်းသောကြောင့် ကျွန်ုပ်သွားနိုင်ပြီဟု မိန့်ကြားပါသည်။ သို့သော် သူ့မျက်နှာပေါ်တွင် မောပန်းမှုအရိပ်အယောင် ကျွန်ုပ်မတွေ့ရပါ။ တကယ်တော့ အားအင်အပြည့်အဝနှင့် မျက်နှာတော်ကိုသာ ဖူးတွေ့လိုက်ရပါသည်။ အသက် ၈၀ အရွယ် သာမန်လူတစ်ယောက်ဆိုလျှင် ဤသို့လုပ်ကိုင်နိုင်မည် မဟုတ်ကြောင်း ကျွန်ုပ်ခံစားရသည်။ ဒလိုင်းလားမား ဆရာတော်ကြီးသည် အမှန်ပင် အံ့ချီးဖွယ်ဖြစ်ပါသည်။

ဤအချက်၏ နောက်ကွယ်မှ လျှို့ဝှက်ချက်ကို ကျွန်ုပ်စိတ်ဝင်စားမိပါသည်။ ကရုဏာမှလွဲ၍ အခြားမရှိပါ။ ဆရာတော်ကြီး မနားတမ်း အလုပ်လုပ်သည်မှာ အခြားသူများကို ဆင်းရဲဒုက္ခမှ အပြီးတိုင် လွတ်မြောက်အောင် ကူညီရန် ဖြစ်ပါသည်။ ကျွန်ုပ်တို့သည် ၄၊ ၅ နာရီကြာအောင် ဗီဒီယိုဂိမ်း ဆော့နိုင်သော်လည်း မမောပန်းကြပါ။ သို့သော် သူက အခြားသူများကို ကူညီခြင်းသည်သာ အကျိုးရှိသည်ဟု မြင်ပါသည်။ ထို့ကြောင့် မမောပန်းပါ။ ဗောဓိသတ္တ အရည်အသွေးများဖြစ်သည့် ကရုဏာ၊ ဉာဏ်ပညာ၊ ရဲရင့်မှု စသည်တို့ကို လေ့လာကြည့်ပါက ဆရာတော်ကြီးသည် ဗောဓိသတ္တတစ်ပါး ဖြစ်ကြောင်း ယုံမှားသံသယကင်းစွာဖြင့် ရှင်းရှင်းလင်းလင်း မြင်တွေ့နိုင်ပါသည်။  

နိဂုံးချုပ်

ဗောဓိသတ္တများသည် စွမ်းအားကြီးမားပြီး ကရုဏာရှိသော လမ်းညွှန်သူများ ဖြစ်ပါသည်။ နောက်လိုက်များကို ဉာဏ်အလင်းရရှိမှု လမ်းကြောင်းသို့ ရောက်အောင် ကူညီပါသည်။ သူတို့သည် ကိုယ်ကျိုးစွန့် ဆောင်ရွက်မှုများနှင့် တရားများဖြင့် ဗုဒ္ဓဘာသာဝင်တို့အတွက် စံပြပုဂ္ဂိုလ်များ ဖြစ်ပါသည်။ ကျွန်ုပ်တို့ကိုယ်၌လည်း အလားတူ အရည်အသွေးများ မွေးမြူရန် စိတ်အားမြှင့်တင်ပေးပါသည်။ သို့ဖြစ်ရာ ဗောဓိသတ္တများသည် ကမ္ဘာတစ်ဝန်းရှိ သန်းပေါင်းများစွာသော ဗုဒ္ဓဘာသာဝင်တို့၏ ဘာသာရေးဘဝတွင် သိသာထင်ရှားသော အခန်းကဏ္ဍမှ ဆက်လက်ပါဝင်နေပါသည်။ မိမိဘဝ၌ ပိုမိုကြီးမြတ်သော ဉာဏ်ပညာနှင့် ကရုဏာ ရရှိအောင် ကြိုးစားလိုသူတို့အတွက် စိတ်ဓာတ်ခွန်အားနှင့် လမ်းညွှန်ချက်ပေးသည့် ရင်းမြစ်လည်း ဖြစ်ပါသည်။

ပြင်ပအားဖြင့် တစ်စုံတစ်ယောက်သည် ဗောဓိသတ္တ ဟုတ်၊ မဟုတ် တပ်အပ်ပြောနိုင်ခြင်း မရှိပါ။ တကယ်တော့ ကျွန်ုပ်တို့ အားလုံးသည် ကိုယ်တိုင် ဗောဓိသတ္တ ဖြစ်နိုင်ပါသည်။ သက်ရှိအားလုံးကို ကူညီနိုင်အောင် ရည်မှန်းပြီး ဘုရားဖြစ်အောင် ကြိုးစားနေပါက ကျွန်ုပ်တို့သည်လည်း ဗောဓိသတ္တများပင် ဖြစ်ပါသည်။ ကျွန်ုပ်တို့သည် စိတ်ဆန္ဒရှိရုံသာမဟုတ်ဘဲ မိမိအချိန်နှင့် ခွန်အားကို အခြားသူများ အကျိုးအတွက် ကြိုးစားကုန်ဆုံးကာ အခြားသူများအား ကူညီနိုင်စွမ်းရှိပါက အလွန်ကောင်းပါမည်။ အခြားသူများကို အမှန်ပင် အကျိုးရှိစေလိုပါက အရင်ဆုံး ဗောဓိသတ္တ ဖြစ်ရန်လိုပါသည်။ ထို့နောက် ဘုရားဖြစ်အောင် ကြိုးစားနိုင်ပါသည်။ ထိုထက်ပို၍ ဘဝကို အဓိပ္ပာယ်ရှိစေသောအရာကား ရှိတော့မည်မဟုတ်ပါ။

Top