လူမှုကွန်ရက် မီဒီယာများနှင့် ဖုန်းဖြင့်စာပို့ခြင်းတို့ကို စွဲလမ်းခြင်း

သုံးသပ်ချက်

ကျွန်ုပ်တို့သည် နေ့စဉ်ဘဝ၌ ကြုံတွေ့ရသည့် စိတ်သဘောထားကို လေ့ကျင့်ခြင်း သို့မဟုတ် စိတ်ကိုလေ့ကျင့်ခြင်းနှင့် ပတ်သက်၍ လေ့လာနေပါသည်။ ကျွန်ုပ်တို့သည် ဘဝတွင် ရှင်သန်လှုပ်ရှားကာ အခိုက်အတန့်တိုင်းကို တွေ့ကြုံခံစားရပါသည်။ Facebook နှင့် Twitter တွင် ကိုယ်လုပ်သမျှ တင်နေလျှင်လည်း ယင်းကိုကြုံတွေ့နေသည်မှာ ကျွန်ုပ်တို့သာ ဖြစ်ပါသည်။

ယခုအခါ လူအတော်များများက ဖုန်းဖြင့်စာပို့ခြင်းနှင့် သူတို့ခံစားချက်များကို Facebook နှင့် Twitter တွင် တင်ခြင်းကို စွဲလမ်းနေကြသည်ဟု ထင်ရပါသည်။ အခြားတစ်ယောက်၏ နေ့စဉ်ဘဝနှင့် ပတ်သက်ပြီး ဤအကြောင်းအရာများကို ဖတ်ရှုခြင်းနှင့် မိမိကိုယ်ပိုင် နေ့စဉ်ဘဝအကြားတွင် ဘာခြားနားချက် ရှိပါသလဲ။ မိမိကိုယ်ပိုင် ဘဝအတွေ့အကြုံနှင့် အခြားတစ်ယောက်က သူတို့ဘဝကို စကားလုံး အနည်းငယ်ဖြင့် တင်ထားသည့် အတွေ့အကြုံ နှစ်ခုအကြားတွင် သိသာသော ကွာဟမှု ရှိနေပါသည်။

အခြားသူများနှင့် သူတို့ဘဝကို စာနာနိုင်သော်လည်း မိမိကိုယ်တိုင် ကြုံရသည့် ပျော်ရွှင်မှု၊ မပျော်ရွှင်မှု သို့မဟုတ် ဘာမှမခံစားရခြင်းတို့နှင့် လုံးဝတူညီမည် မဟုတ်ပါ။ အခြေခံအကျဆုံး အဆင့်တွင် ဤသည်မှာ နေ့စဉ်ဘဝတွင် ဖြေရှင်းရသည့်အရာ ဖြစ်ပါသည်။ တစ်ခါတစ်ရံ ပျော်ရွှင်သည်။ တစ်ခါတစ်ရံ မပျော်ရွှင်ပါ။ တစ်ခါတစ်ရံ ဘာကိုမှ မခံစားရသလို ရှိပါသည်။ ကျွန်ုပ်တို့သည် အမြဲတမ်း ပျော်ရွှင်လိုသည်မှာ မှန်သော်လည်း စိတ်အခြေအနေများက အမြဲတမ်း အတက်အကျ ဖြစ်နေပါသည်။ ထို့ပြင် ကျွန်ုပ်တို့ ဆောင်ရွက်နေသောအရာနှင့်လည်း သက်ဆိုင်ပုံမရပါ။ တစ်ခါတစ်ရံတွင်လည်း ကျွန်ုပ်တို့သည် မိမိစိတ်အခြေအနေအပေါ် သိပ်ပြီး ထိန်းချုပ်နိုင်ပုံမရပါ။ စိတ်သဘောထားကို လေ့ကျင့်မှုနှင့်အတူ ကျွန်ုပ်တို့သည် ဘဝ၏ အခိုက်အတန့်များကို ကျော်ဖြတ်နေစဉ် အခြေအနေတိုင်းကို မည်ကဲ့သို့ အကောင်းဆုံး အသုံးချပြီး ဖြစ်နေသောအရာများနှင့် မိမိဆောင်ရွက်နေသောအရာများကို မည်ကဲ့သို့ ကြုံတွေ့ရမည်ကို လေ့လာသွားပါမည်။

ကျွန်ုပ်တို့သည် မိမိခံစားချက်ကို အရေးကြီးသည်ဟု ပုံကြီးချဲ့ခြင်းနှင့် မိမိက အရေးကြီးသည်ဟု ပုံကြီးချဲ့ခြင်းဆိုသည့် ဘဝကို ရင်ဆိုင်ဖြေရှင်းပုံနှင့် ပတ်သက်၍ အလွန်အရေးကြီးသော အဓိကအချက်နှစ်ချက်ကို လေ့လာခဲ့ပါသည်။ ဥပမာအားဖြင့် ကျွန်ုပ်တို့သည် မပျော်ရွှင်မှုခံစားရသည်ကို ပုံကြီးချဲ့ပါသည်။ ထိုအခါ ယင်းကိုပိုဆိုးစေပါသည်။ ကျွန်ုပ်တို့ ပျော်ရွှင်သောအခါ ထိုအတွက် မလုံခြုံသောကြောင့် ယင်းကို ဖျက်ဆီးမိပါသည်။ ကျွန်ုပ်တို့ ဘာမှမခံစားရသောအခါ ကျွန်ုပ်တို့သည် အချိန်တိုင်း ဖျော်ဖြေမှုရရှိရန် လိုအပ်သည်ဟု ခံစားရသောကြောင့် ထိတ်လန့်မိပါသည်။ တည်ငြိမ်ပြီး သက်သာမှု ခံစားရသည်ကို ကျေနပ်ခြင်း မရှိသလို ရုပ်မြင်သံကြားဖြစ်စေ၊ သီချင်း ဖြစ်စေ တစ်ခုခုကို အမြဲတမ်း လိုချင်နေပါသည်။ နှိုးဆွမှု တစ်နည်းမဟုတ်တစ်နည်းသည် ဘဝ၏ အနှစ်သာရအချို့ ပေးနိုင်သည့်အလား ယင်းတို့ကို အမြဲလိုအပ်နေပါသည်။

ကျွန်ုပ်၏ အဒေါ်တစ်ယောက်သည် တီဗီဖွင့်ပြီး အမြဲအိပ်တတ်ပါသည်။ တကယ်တော့ သူသည်တီဗီကို တစ်ရက်လျှင် ၂၄ နာရီဖွင့်ထားပါသည်။ ညဘက်တွင် သူက တစ်ရေးနိုးတတ်သည့်အတွက် ထိုသို့ဖွင့်ထားရသည်ကို နှစ်သက်ပါသည်။ တိတ်ဆိတ်မှုကို သူကလုံးဝ ကြောက်လန့်ပါသည်။ ဤသည်မှာ အနည်းငယ် ထူးဆန်းနေသည်သာမက အတော်ဝမ်းနည်းစရာလည်း ကောင်းသည်ဟု ထင်ပါသည်။

မိမိ၏ခံစားချက်နှင့် ပတ်သက်၍ ဘာမှမထူးခြားပါ

ဘဝ၏ အတက်အကျများအပေါ် ကျွန်ုပ်တို့၏ သဘောထား ကောင်းမွန်လာရန်အတွက် ဘာမှမထူးခြားပါဘူး ဆိုသောအမြင်ရှိရန် အရင်ဆုံးလိုအပ်ပါသည်။ တစ်ခါတစ်ရံ ပျော်ရွှင်ခြင်း၊ တစ်ခါတစ်ရံ အဆင်ပြေခြင်း၊ တစ်ခါတစ်ရံ တည်ငြိမ်နေခြင်းတို့နှင့် ပတ်သက်၍ ထူးခြားမှု သို့မဟုတ် ဆန်းကြယ်မှု မရှိပါ။ ဤသို့ဖြစ်သည်မှာ ပုံမှန်ဖြစ်ပါသည်။ ယင်းမှာ ပင်လယ်ထဲမှ ရေလှိုင်းများလို ဖြစ်သည်။ တစ်ခါတစ်ရံ လှိုင်းကြီးသည်။ တစ်ခါတစ်ရံ လှိုင်းများကြားထဲတွင် ရောက်နေသည်။ တစ်ခါတစ်ရံ ပင်လယ်ကြီးက လုံးဝတည်ငြိမ်နေပါသည်။ ဤသည်မှာ ပင်လယ်၏ သဘောသဘာဝ ဖြစ်သလို ဘာမှအထူးအဆန်း မဟုတ်ပါ။ တစ်ခါတစ်ရံ လှိုင်းလေထန်ပြီး မုန်တိုင်းဝင်ချင်ဝင်နိုင်ပါသည်။ သို့သော် ပင်လယ်ကြမ်းပြင်မှ အပေါ်ယံရေပြင်အထိ စဉ်းစားသောအခါ နက်ရှိုင်းသော နေရာများတွင် တုန်လှုပ်မှုလုံးဝ မရှိပါ။ ရာသီဥတု စသည်တို့ကဲ့သို့ အကြောင်းတရားနှင့် အခြေအနေများစွာကြောင့်သာ အပေါ်ယံရေပြင်တွင် ဖြစ်လာသောအရာ မဟုတ်ပါလား။ ထိုအတွက် ဘာမှအံ့ဩစရာ မရှိပါ။

ကျွန်ုပ်တို့စိတ်သည်လည်း ပင်လယ်လိုပင် ဖြစ်ပါသည်။ အပေါ်ယံတွင် ပျော်ရွှင်မှု၊ မပျော်ရွှင်မှု၊ ဤခံစားချက်၊ ထိုခံစားချက် စသည့် အတက်အကျလှိုင်းများ ရှိသော်လည်း နက်ရှိုင်းသောနေရာတွင် ထိုအတွက်ကြောင့် လုံးဝတုန်လှုပ်ခြင်း မရှိကြောင်း ရှုမြင်ကြည့်ပါက အကျိုးရှိပါသည်။ သို့သော်လည်း ကျွန်ုပ်တို့သည် အမြဲတမ်း မုန်တိုင်းထန်နေသည့်အတွက် ပိုပြီးတည်ငြိမ် ပျော်ရွှင်သော စိတ်အခြေအနေ ရရှိအောင် မကြိုးပမ်းသင့်ကြောင်း ဆိုလိုခြင်း မဟုတ်ပါ။ သို့သော် အစွန်းရောက်သော စိတ်ခံစားချက်နှင့် ခံစားချက်မုန်တိုင်းများ ထန်လာပါက အားကောင်းသော ဟာရီကိန်းမုန်တိုင်း ဖြစ်သွားအောင် မပြုလုပ်ရပါ။ အမှန်တကယ် ဖြစ်နေသည့်အတိုင်း ဖြေရှင်းလိုက်လျှင် ရပါသည်။

လူအတော်များများက ဗုဒ္ဓဘာသာ နည်းလမ်းများကို ကျင့်ကြံပြီး နှစ်ကြာလာသောအခါ ဒေါသ သို့မဟုတ် မနာလိုမှုတို့ သိပ်မဖြစ်တော့ခြင်း၊ အခြားသူများအပေါ် မဆိုးသွမ်းတော့ခြင်း စသည့်ရလဒ်များ အမှန်ပင် မြင်လာရပါသည်။ ထို့နောက် နှစ်ပေါင်းများစွာ ကြာလာပြီးနောက် ထိုသူတို့သည် အမှန်ပင် ဒေါသထွက်ခြင်း၊ ချစ်ကြိုက်ခြင်း၊ အလွန်အကျူး တွယ်တာမှုနှင့် စိတ်လှုပ်ရှားခံစားမှုများ ကြုံချင်လာနိုင်ပြီး စိတ်ပျက်ကုန်ပါသည်။ ဤသို့စိတ်ပျက်ရသည့် အကြောင်းရင်းမှာ သူတို့သည် “ဘာမှမထူးခြားဘူး” ဆိုသည့် နည်းလမ်းတစ်ခုလုံးကို မေ့သွားသောကြောင့် ဖြစ်ပါသည်။ ကျွန်ုပ်တို့၏ ဖြစ်လိုစိတ်နှင့် အလေ့အထများမှာ အလွန်နက်ရှိုင်းစွာ တွယ်ငြိနေပြီး ယင်းတို့ကို ကျော်လွှားရန် အချိန်နှင့် အားထုတ်မှုများစွာ လိုအပ်ပါသည်။ ကျွန်ုပ်တို့သည် ယင်းကိုယာယီအားဖြင့် ဖြေရှင်းနိုင်သော်လည်း ဒေါသ စသည်တို့ ဖြစ်ပေါ်ရသည့် ဇစ်မြစ်အထိ မလိုက်ပါက မကြာခဏ ပြန်ပေါ်လာပါမည်။ ထို့ကြောင့် ထိုသို့ပြန်ပေါ်လာသောအခါ “ဘာမှမထူးခြားဘူး” ဟူ၍ မပျက်မကွက် တွေးကြည့်လိုက်ရပါမည်။ ကျွန်ုပ်တို့သည် လွတ်မြောက်ပြီးသူများ မဟုတ်သည့်အတွက် လောဘ၊ ဒေါသတို့က ပြန်ပြန်ပေါ်လာပါလိမ့်မည်။ ယင်းကိုပုံကြီးချဲ့ပါက ထွက်ပေါက်မရှိတော့ပါ။

ကျွန်ုပ်တို့ ကြုံတွေ့ခံစားရသမျှနှင့် ပတ်သက်ပြီး ဘာမှမထူးခြားဘူးဟု နားလည်ယုံကြည်ပါက မည်သည့်အရာ ဖြစ်လာပါစေ၊ သာမန်ထက်ထူးသော အသိအမြင် ဖြစ်နေလျှင်တောင်မှ ယင်းကိုဖြေရှင်းလိုက်နိုင်ပါသည်။ အမှောင်ထဲတွင် သင့်ခြေထောက်ကို ခုံစောင်းနှင့် တိုက်မိပြီး နာကျင်နိုင်ပါသည်။ ထိုအတွက် ဘာကိုမျှော်လင့်မည်နည်း။ ခြေမနှင့် တိုက်မိလျှင် နာကျင်မှာ သေချာပါသည်။ အရိုးကျိုးသွားသလား စစ်ဆေးနိုင်သော်လည်း ပြီးသွားလျှင် မေ့ပစ်လိုက်နိုင်ပါသည်။ ဘာမှ အကြီးအကျယ် မဟုတ်ပါ။ ခုန်ပေါက်ပြီး အမေကယ်ပါဟု အော်ဟစ်နေစရာမလိုပါ။ ထို့ကြောင့် မိမိဘဝကို ဤကဲ့သို့ လွယ်ကူသက်သာသောနည်းဖြင့် ဖြတ်သန်းရန် ကြိုးစားရပါသည်။ ထိုအခါ ဘာပဲဖြစ်နေပါစေ၊ ဘာကိုပဲ ခံစားရသည်ဖြစ်စေ ကျွန်ုပ်တို့ကို တည်ငြိမ်စေပါသည်။

မိမိနှင့်ပတ်သက်၍ ဘာမှမထူးခြားပါ

ဒုတိယအချက်မှာလည်း ပုံကြီးချဲ့ခြင်း ဖြစ်ပါသည်။ ဤနေရာတွင်လည်း ကျွန်ုပ်တို့သည် မိမိခံစားချက်မဟုတ်ဘဲ မိမိ၏အရေးပါမှုကို ပုံကြီးချဲ့ပါသည်။ ဤသည်မှာ သဘောထားကို လေ့ကျင့်မှု (စိတ်ကိုလေ့ကျင့်မှု) တရားတော်၏ အဓိက ခေါင်းစဉ် ဖြစ်သည်။ အကြောင်းမှာ ကျွန်ုပ်တို့၏ ပြဿနာများနှင့် အခက်အခဲများ စသည်တို့သည် မိမိကိုယ်ကို တန်ဖိုးထားမှုဆိုသည့် အချက်မှ ပေါ်ထွက်လာပါသည်။ ဆိုလိုသည်မှာ ကျွန်ုပ်တို့သည် “ငါ” အပေါ်တွင်သာ အမြဲ စိတ်စွဲနေပြီး မိမိသည်သာ အမှန်တကယ် အလေးထားရမည့်အရာ ဖြစ်သည်ဟု စိတ်စွဲနေပါသည်။ ယင်းမှာ အတ္တမာန၊ အတ္တဝါဒဖြစ်သလို တစ်ကိုယ်ကောင်းဆန်ခြင်း မိမိအတွက်သာဦးစားပေးခြင်းလည်း ဖြစ်ပါသည်။ ဤသဘောထားနှင့်တကွ ၎င်းနှင့် တွဲနေသောအရာများကို ဖော်ပြရန် နည်းလမ်းများစွာ ရှိပါသည်။

တစ်စုံတစ်ခု သို့မဟုတ် တစ်စုံတစ်ယောက်ကို အရေးကြီးသည်ဟု ဖန်တီးမိသောအခါ ယင်းမှာ ကျွန်ုပ်တို့ ပြဿနာများ၏ အကြောင်းရင်း ဖြစ်လာပါသည်။ “ငါက အရမ်းအရေးကြီးတယ်။ ဒါကြောင့် ငါခံစားရတာက အရမ်း အရေးကြီးတယ်” ဟုတွေးလာပါသည်။ “ငါ၊ ငါ၊ ငါ” ဟု အရမ်းအလေးထားပါက ကျွန်ုပ်တို့သည် ဤ “ငါ” ကို ပျော်ရွှင်မှု၊ မပျော်ရွှင်မှု၊ ဘာမှမခံစားရမှုတို့အတွက် စိုးရိမ်လာပါတော့သည်။

မိမိခံစားချက်များကို လူမှုကွန်ရက် မီဒီယာများပေါ်တွင် ဘာကြောင့် မျှဝေသနည်း။

ဗုဒ္ဓဘာသာသည် အစွန်းနှစ်ဖက်ကို ရှောင်ရှားရန်နှင့် အလယ်အလတ်လမ်းကို လိုက်နာရန် အမြဲသတိပေးပါသည်။ အစွန်းတစ်ဖက်မှာ “ငါ” အနေနှင့် ကြုံတွေ့ရသော အရာရာကို ပုံကြီးချဲ့ခြင်း ဖြစ်ပြီး အားလုံးက ဂရုစိုက်သောကြောင့် တစ်လောကလုံးကို ကြေငြာရမည်ဟု ခံစားရပါသည်။ တကယ်တော့ ယခုမနက် မိမိ၏မနက်စာကို ဘယ်သူမှ ဂရုမစိုက်ပါ။ မိမိနှစ်သက်မှု၊ မနှစ်သက်မှုကိုလည်း စိတ်မဝင်စားပါ။ သို့သော် ယင်းမှာ တကယ်ကို အရေးကြီးသည်ဟု ကျွန်ုပ်တို့က ထင်နေပါသေးသည်။ ထို့နောက် လူတို့က မိမိတင်ထားသည်ကို သဘောကျနှစ်သက်ကြသည်။ သို့သော် မနက်စာကို နှစ်သက်မှု မည်မျှရသည်ကို ကျွန်ုပ်တို့ ဘာကြောင့် အလေးထားပါသနည်း။ ယင်းက ဘာကိုသက်သေပြပါသနည်း။ ဤသည်မှာ တွေးကြည့်လျှင် စိတ်ဝင်စားစရာကောင်းပါသည်။

ဤသို့ဖြစ်သည်မှာ လက်တွေ့ဘဝတွင် စကားပြောဆိုမှု မရှိသည့်အတွက် အခြားသူများနှင့် မျှဝေလိုခြင်းလား။ မှန်ပါသည်။ ထိုအတွက် အထီးကျန်မှု အနည်းငယ် ခံစားရနိုင်သည်ဟု ယူဆပါသည်။ သို့သော် အခြားသူများနှင့် တကယ့် အပြန်အလှန် ဆက်သွယ်မှု ရှိရမည့်အစား သင့်ကွန်ပျူတာ သို့မဟုတ် မိုဘိုင်းဖုန်းပေါ်မှ ပိုပြီးအကာအကွယ်ရှိသည်ဟု ယူဆသည့် ပတ်ဝန်းကျင်တွင် ဆောင်ရွက်နေခြင်း ဖြစ်ပါသည်။

ဤနေရာတွင် ကျွန်ုပ်တို့ ရှုမြင်သောအရာကို အမှန်တကယ် အကြံပြုလိုသည်မှာ မိမိခံစားချက်ကို မျှဝေရမည်ဟု ဘာကြောင့်တွေးမိပါသနည်း။ တစ်ဖက်တွင် မိမိစားသုံးသော မနက်စာနှင့် မိမိ၏ နှစ်သက်မှု၊ မနှစ်သက်မှုတို့သည် အခြားသူများအတွက် အရေးကြီးပြီး သူတို့က အလေးထားမည်ဟု ထင်သည့်အတွက် ဖြစ်ပါသည်။ ဤသည်မှာ အတော်ဆိုးသော နမူနာဖြစ်သော်လည်း ထိုသို့တင်ထားသည်ကို တစ်ယောက်တလေသာ နှစ်သက်ကြပါက ကျွန်ုပ်တို့ စိတ်ဓာတ်ကျသွားပါသည်။ မိမိလုပ်ဆောင်သောအရာ၊ မိမိခံစားချက်၊ အထူးသဖြင့် အခြားသူများက ယင်းအပေါ် ထင်မြင်ချက် စသည့် “ငါ” ကို ကျွန်ုပ်တို့သည် အလွန်အကျူး အရေးပါအောင် ပြုလုပ်ထားပါသည်။ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိကာ ဘဝတွင် ရှေ့ဆက်ရမည့်အစား တစ်လောကလုံးကို ကြေညာလိုစိတ် ဖြစ်လာပါသည်။ အားလုံးက မိမိ၏သတင်းစကားကို အရေးတကြီး လာဖတ်မည်ဟု ထင်လာပါသည်။ ဤသည်မှာ မိမိ၏ အရေးပါမှုကို ပုံကြီးချဲ့ခြင်း မဟုတ်ပါလား။ ထို့ပြင် ကျွန်ုပ်တို့မှာ မလုံခြုံမှုလည်း ရှိနေရာ ယင်းမှာ ငြိမ်းချမ်းသောစိတ် လုံးဝမဟုတ်ပါ။ ထိုအခါ တစ်ခုခု လွတ်မသွားအောင် အခြားသူများကို အမြဲတမ်း စစ်ဆေးကြည့်နေပါတော့သည်။

မည်သို့ဆိုစေ၊ ကျွန်ုပ်တို့ ရှောင်ရှားရမည့် အစွန်းနှစ်ဖက်မှာ ကျွန်ုပ်တို့သည် အမြဲတမ်း အရေးအကြီးဆုံး အရာဖြစ်သည်ဟု တွေးခြင်းနှင့် ကျွန်ုပ်တို့သည် ဘာမှမဟုတ်ဘူးဟု တွေးခြင်း ဖြစ်ပါသည်။ အခြားသူများက ဂရုစိုက်သည်ဖြစ်စေ၊ ဂရုမစိုက်သည်ဖြစ်စေ ကျွန်ုပ်တို့၏ ခံစားချက်ကို လူတိုင်း သိရမည် သို့မဟုတ် ကျွန်ုပ်တို့ ခံစားချက်ကို ကျွန်ုပ်တို့က လုံးဝလျစ်လျူရှုရမည် ဆိုသည့်အတွေးများ ဖြစ်ပါသည်။

တစ်ယောက်ယောက်နှင့် အချစ်ရေးတွင် အမှန်ပင် မပျော်ရွှင်ခြင်းကဲ့သို့ ကျွန်ုပ်တို့၏ ခံစားချက်များကို ဆက်သွယ်ပြောဆိုရန် အရေးကြီးသော အခြေအနေများ ရှိသည်မှာ မှန်ပါသည်။ ထိုအခါ တစ်ယောက်ထဲ မမြိုသိပ်ဘဲ အခြားသူများကို ထုတ်ပြောလိုက်သည်က ပိုကောင်းပါသည်။ သို့မှသာ “ခုလိုကြားရတာ ဝမ်းနည်းလိုက်တာ” စသည်ဖြင့် ကျွန်ုပ်တို့ ခံစားနေရသည်ကို တစ်စုံတစ်ယောက်က သိသွားမည် ဖြစ်ပါသည်။ သို့သော် ထိုအတွက် အလွန်အကျွံ ပုံကြီးမချဲ့ရန်နှင့် မငြင်းပယ်မိစေရန် ဆိုသည့် ညီမျှမှုရှိအောင် ဆောင်ရွက်နိုင်ပါသည်။ အချစ်ရေးအကြောင်း ပြောနေပါက လူနှစ်ယောက် ပါဝင်ပြီး တစ်ဖက်လူ၏ ခံစားချက်သည်လည်း (ပုံကြီးချဲ့စရာ မလိုသည့်တိုင်) အရေးတော့ကြီးပါသည်။

စိတ်သဘောထား လေ့ကျင့်မှုအကြောင်း ပြောသောအခါ မိမိ၏သဘောထားသာမက ဤအခြေအနေတွင် ပါဝင်ပတ်သက်သူအားလုံး၏ သဘောထားလည်း အရေးကြီးပါသည်။ တစ်နည်းဆိုသော် ကျွန်ုပ်၏ရှုထောင့်သည် တစ်ခုတည်းသော ရှုထောင့်မဟုတ်နိုင်ပါ။ ဤသည်မှာ မိသားစု ပြဿနာအတွက် ကုထုံးတွင် အသုံးပြုသော အဓိကစည်းမျဉ်းတစ်ခုလည်း ဖြစ်ပါသည်။ မိသားစုဝင်တိုင်းက အိမ်တွင် သူကြုံတွေ့ရသည့်အရာကို ဆက်စပ်ရပါလိမ့်မည်။ ထို့ကြောင့် မိဘများ ရန်ဖြစ်နေပါက သားသမီးအပေါ် မည်သို့သက်ရောက်မှု ရှိသည်ကို လေ့လာနိုင်ပါသည်။ ထိုသို့မဟုတ်ပါက သူတို့လည်း သတိမပြုမိနိုင်ပါ။ သူတို့၏ ကိုယ်ပိုင်ရှုထောင့်သည် မိသားစုအတွင်း ဤအခင်းအကျင်းတွင် ဖြစ်ပျက်နေသည့် တစ်ခုတည်းသော ရှုထောင့်မဟုတ်ပါ။

မိမိကိုယ်ကို တန်ဖိုးထားမှုကို ကျော်လွှားနည်းများ

ထိုအခါ အစဉ်အလာ စိတ်သဘောထား လေ့ကျင့်မှု သို့မဟုတ် စိတ်ကိုလေ့ကျင့်မှုတွင် အဓိက ဦးစားပေးသည်မှာ “မိမိကိုယ်ကို တန်ဖိုးထားမှု” ဟုခေါ်လေ့ရှိသည့် မိမိကိုယ်ကို အစွဲကြီးမှုကို ကျော်လွှားရန်နှင့် အခြားသူများကို တွေးပေးသည်အထိ ပွင့်လင်းလာရန် ဖြစ်ပါသည်။ ဤသို့ဆောင်ရွက်ရန် နည်းလမ်းအချို့ကို ယခင်က လေ့လာဖူးပါသည်။ ဥပမာအားဖြင့် တစ်ဖက်တွင် မိမိကိုထားပြီး အခြားတစ်ဖက်တွင် အားလုံးကိုထားကာ “ဘယ်သူက ပိုအရေးကြီးလဲ။ တစ်ဦးချင်းအနေနဲ့ ငါလား။ တခြားလူတွေ အားလုံးလား” ဟူ၍ တွေးပါသည်။ ထို့နောက် “ကားလမ်းပိတ်နေတဲ့ တခြားလူတွေထက် ငါကပိုအရေးကြီးတဲ့အတွက် ငါသွားနေတဲ့ နေရာကို ရောက်ရမယ်။ တခြားလူတွေကို ဂရုမစိုက်ဘူး” ဟုတွေးသည့် ကားလမ်းပိတ်သည့် ဥပမာကို အသုံးပြုခဲ့ပါသည်။

အရေးကြီးသည့် အချက်မှာ ကားလမ်းပိတ်နေသူအားလုံးကို တွေးပေးသည်အထိ ပွင့်လင်းလာသောအခါ ယင်းမှာ အမှန်တရားအပေါ်တွင် အခြေခံပါသည်။ အမှန်တရားဆိုသည်မှာ အားလုံးသည် ကားလမ်းပိတ်နေပါသည်။ မိမိ တစ်ဦးတည်းသာ ပိတ်မိခြင်း မဟုတ်ပါ။ ထို့ကြောင့် သဘောထား တိုးတက်ကောင်းမွန်ခြင်းအကြောင်း ပြောသောအခါ အမှန်တရား အခြေခံဖြင့် ပြောနေပါသည်။ အမှန်တရားကို လေ့လာကာ ယင်းနှင့်လျော်ညီစွာ မိမိသဘောထားကို ထားရှိပါသည်။ ကျွန်ုပ်၏မိတ်ဆွေ ဗုဒ္ဓဘာသာ သင်ကြားသူတစ်ဦးက ဗုဒ္ဓဘာသာဖြင့် ချဉ်းကပ်မှုနည်းလမ်းကို စကားလုံးတစ်လုံးတည်းဖြင့် အနှစ်ချုပ်လျှင် “သရုပ်မှန်ဝါဒ” ဖြစ်သည်ဟု ဆိုပါသည်။

ဗုဒ္ဓဘာသာကို တစ်ခါတစ်ရံ တင်ဆက်ဟောပြောပုံအရ ဗုဒ္ဓဘာသာသည် ဒစ္စနေပန်းခြံကဲ့သို့ အလွန်ကောင်းသော ပုံဖော်မှုများနှင့် ကိုးကွယ်မှု အစဉ်အလာများ ပါဝင်သည်ဟု လူတို့က တစ်ခါတစ်ရံ တွေးထင်မိကြပါသည်။ သို့သော် ဗုဒ္ဓဘာသာ၏ အဓိကတွန်းအားမှာ ထိုသို့လုံးဝ မဟုတ်ပါ။ ယင်းတို့တည်ရှိနေသည်ကို ငြင်းမရသော်လည်း သရုပ်မှန်ဝါဒနှင့် ပိုပြီးကိုက်ညီအောင် ကြိုးစားသည့် နည်းလမ်း ဖြစ်ပါသည်။ ဤနည်းလမ်းများကို အသုံးချပါက အမှန်တရားနှင့် စိတ်ကူးယဉ်မှု၊ စိတ်ကူးယဉ်မှု၏ စွမ်းအားတို့အကြား ခြားနားချက်ကို နားလည်လာပါသည်။

ကျွန်ုပ်တို့သည် လူသားများ ဖြစ်သည့်အတွက် တိရစ္ဆာန်များနှင့် မည်သို့ခြားနားပါသနည်း။ ထောက်ပြနိုင်သော အချက်များစွာ ရှိသော်လည်း အဓိကအချက်မှာ ကျွန်ုပ်တို့ထံတွင် ဉာဏ်ရည်နှင့် စိတ်ကူးစိတ်သန်းတို့၏ စွမ်းအား ရှိပါသည်။ ထိုနှစ်ခုစလုံးကို အသုံးပြုကာ သင်ယူနိုင်ပါသည်။ နမူနာပြရလျှင် တစ်စုံတစ်ယောက်ကို သင်ကလိင်ပိုင်းဆိုင်ရာ အလွန်စွဲမက်နေခြင်း ဖြစ်သည်။ ဤသည်မှာ အတော်လေး အနှောင့်အယှက် ဖြစ်နိုင်ပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့၏ ဉာဏ်ရည်နှင့် စိတ်ကူးစိတ်သန်းကို အသုံးပြုကာ ယင်းကိုပြောင်းလဲနိုင်ပါသည်။

အိန္ဒိယ ဗုဒ္ဓဘာသာ ဆရာတော်ကြီး အယဒေဝက သူ၏ ဂါထာ ၄၀၀ ကျမ်း (သက္ကတဘာသာဖြင့် စတုသာတက သျှတ္တရ ကရိက) (၃။၄) တွင် ဤသို့ရေးသားထားပါသည်-

မည်သူမဆို အခြားတစ်ယောက်ကို ဆွဲဆောင်မှုရှိသည်ဟု ယူဆပြီး ထိုသူကိုချစ်ခင်ကာ ထိုသူ၏အလှတွင် သာယာမိနိုင်ပါသည်။ သို့သော် ဤသည်မှာ ခွေးများအကြားမှာပင် တွေ့ရပြီး သင်လိုလူမိုက်က ဘာကြောင့်များ အလွန်တွယ်တာနေပါသနည်း။

တစ်နည်းဆိုရလျှင် ခွေးတစ်ကောင် သို့မဟုတ် ဝက်တစ်ကောင်သည် ၎င်း၏မိတ်လိုက်ဖက်ကို အလွန်လှပသည်ဟု မြင်ပါက ကျွန်ုပ်တို့၏ ကြင်ယာဖက်သည် မည်သည့်အချက်များကြောင့် အထူးသီးသန့် ဖြစ်နေပါသနည်း။ လိင်ပိုင်းဆိုင်ရာ ဆွဲဆောင်မှု အရည်အသွေးသည် တစ်ဦးချင်းစိတ်ထဲမှ လာပါသည်။ ဆွဲဆောင်မှုရှိသောအရာ၏ ပင်ကိုရှိနေသောအရာ မဟုတ်ပါ။ ထိုသို့မဟုတ်ပါက ဝက်တစ်ကောင်သည် ကျွန်ုပ်တို့၏ကြင်ယာဖက်ကို အလွန်လှပပြီး ဆွဲဆောင်မှုရှိသည်ဟု မြင်ပါလိမ့်မည်။ ကျွန်ုပ်တို့ကလည်း ဝက်၏မိတ်လိုက်ဖက်ကို လှပသည်ဟု မြင်လာပါမည်။ အသိဉာဏ်အရ ဤအချက်က လုံးဝမှန်ကန်ပါသည်။ အဆိုပါဝက်များကို ကျွန်ုပ်တို့၏ စိတ်ကူးမှုဖြင့် စိတ်ကူးကြည့်နိုင်ပြီး အဓိပ္ပာယ် ရှိစေပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့က လှပသည်ဟု ထင်နေသူတစ်ယောက်နှင့် ပတ်သက်၍ ဘာမှမထူးခြားပါ။ ထိုသူကို ဆွဲဆောင်မှု ရှိသည်ဟု မြင်သည်။ ထိုသူက အခြားသူကို ဆွဲဆောင်မှု ရှိသည်ဟု မြင်သည်။ စားသောက်ဆိုင်တစ်ခုလို ဖြစ်နေပြီး တစ်ယောက်က မီနူးထဲမှ တစ်ခုကို စားချင်သည်။ တစ်ယောက်က အခြားတစ်ခုကို နှစ်သက်သည်။ ထို့ကြောင့် ဘာမှမထူးခြားပါ။

ဤအတွေးအခေါ်ကို ချဲ့ထွင်လိုက်သောအခါ အလွန်စိတ်ဝင်စားဖွယ် ကောင်းလာပါသည်။ အခြားသူများက မိမိဆောင်ရွက်သည့်အတိုင်း ဘာကြောင့် ဆောင်ရွက်လိုပါမည်နည်း။ ဤသည်မှာ “ငါလုပ်တာက မှန်တယ်” ဆိုသည့် အတွေးနောက်ကွယ်မှ မိမိကိုယ်ကို တန်ဖိုးထားမှု ဖြစ်ပါသည်။ ထို့နောက် အခြားတစ်ယောက်က သူတို့၏စားပွဲ သို့မဟုတ် ကွန်ပျူတာ ဖိုဒါများကို အခြားတစ်နည်းဖြင့် စီစဉ်ထားသောအခါ “ဒါကမှားနေတယ်” ဆိုပြီး ကျွန်ုပ်တို့ စိတ်ဆိုးလာပါသည်။ လိင်ပိုင်းဆိုင်ရာ ဆွဲဆောင်မှုရှိသောအရာ အမျိုးမျိုး ရှိသလိုပင် အရာရာကို ဆောင်ရွက်နိုင်သော နည်းလမ်းများစွာ ရှိသည်ကို အသိအမှတ်ပြုသင့်ပါသည်။

မိမိကိုယ်ကို တန်ဖိုးထားမှုကို ရပ်တန့်ကာ အခြားသူများကို ထည့်စဉ်းစားရန် အဓိကအသားပေးသော ဤကဲ့သို့ သဘောထား လေ့ကျင့်မှုအကြောင်း နာယူဖတ်ရှုလိုက်သောအခါ ကျွန်ုပ်တို့သည် စကြဝဠာထဲမှ သက်ရှိအားလုံးကို အကျိုးပြုရန် ကြိုးစားသည်ဟု အဆုံးစွန်အထိ တွေးစရာမလိုပါ။ ယခင်က ပြောခဲ့သလိုပင် ထိုသို့ ဆောင်ရွက်နိုင်ပါသည်။ “ငါသည် ဤကမ္ဘာပေါ်မှ လူသန်းပေါင်း ၇ ထောင်နှင့် မရေမတွက်နိုင်သော တိရစ္ဆာန်များနှင့် အင်းဆက်များအနက်မှ လူတစ်ယောက်ဖြစ်သည်။ အားလုံးက ပျော်ရွှင်မှု၊ မပျော်ရွှင်မှု၊ ဘာမှမခံစားရမှုတို့ ဖြစ်နေသောကြောင့် ငါသည်ဘာမှ မထူးခြားပါ။” ကျွန်ုပ်တို့သည် အခြားသူများ အဆက်အစပ်ဖြင့် မိမိခံစားချက်ကို စဉ်းစားပြီး ကျွန်ုပ်တို့စိတ်သည် “ငါ၊ ငါ၊ ငါ” ဟု မတွေးဘဲ ပိုပြီးပွင့်လင်းလာပါသည်။ ဤသည်မှာ ကမ္ဘာကြီး ပူနွေးလာမှုနှင့် တူပါသည်။ တစ်စုံတစ်ဦးနှင့်သာ သက်ဆိုင်ခြင်း မဟုတ်သည့်အတွက် အားလုံးအပေါ် သက်ရောက်ပုံကို ထည့်သွင်းစဉ်းစားရပါမည်။

မိမိကိုယ်ကို တန်ဖိုးထားမှုမှ အခြားသူများကို တန်ဖိုးထားမှုသို့ အကျိုးပြုသော ပြောင်းလဲမှု အမှန်တကယ် ဆောင်ရွက်ရန် ထိုမျှအထိ အားထုတ်ဖို့ မလိုပါ။ ပိုပြီးနှိမ့်ချသော အဆင့်တွင်လည်း ထိုသို့ဆောင်ရွက်နိုင်ပါသည်။ “ဒီဆက်ဆံရေးမှာ ငါတစ်ယောက်တည်း မဟုတ်ဘူး” သို့မဟုတ် “ဒီမိသားစုမှာ ငါတစ်ယောက်တည်း မဟုတ်ဘူး” စသည်ဖြင့် မိမိ၏အနီးကပ် ပတ်ဝန်းကျင်ကို ကြည့်နိုင်ပါသည်။ ဤနည်းဖြင့် ကျွန်ုပ်တို့သည် ပိုများသောအသိုင်းအဝိုင်း အနေနှင့် တဖြည်းဖြည်း အလေးထားနိုင်ပါသည်။ စကြဝဠာထဲမှ အားလုံးကို ထည့်မစဉ်းစားနိုင်သော်လည်း ဤအတိုင်းအတာမျိုးကို Facebook ပေါ်မှ နှစ်သက်မှုများကဲ့သို့ အပေါ်ယံအဆင့်တွင်သာမက အခြားသူများနှင့် ကိုယ်တိုင်တွေ့ဆုံမှုများတွင်ပါ စတင်နိုင်ပါသည်။

နေ့စဉ်ဘဝထက် လူမှုကွန်ရက် မီဒီယာပေါ်တွင် လူအများကြီးဆီ ရောက်ရှိနိုင်သောကြောင့် ထိုအချက်သည် အကန့်အသတ် ရှိသည်မှာ မှန်ပါသည်။ သို့သော် လက်တွေ့မဟုတ်သော လူမှုကွန်ရက်က လက်တွေ့ လူလူချင်း ထိတွေ့ဆက်ဆံမှုကို အစားထိုးလိုက်သောအခါ ပြဿနာ စလာပါသည်။ တစ်ယောက်ယောက်နှင့် အတူရှိနိုင်သော်လည်း ထိုနေရာကို တကယ်မရောက်ပါ။ အကြောင်းမှာ အခြားသူများကို စာပို့နေသောကြောင့် ဖြစ်ပါသည်။ ယခုအခါ ယင်းသို့ပုံမှန် ဖြစ်လာနေပါသည်။ ဆယ်ကျော်သက်များအကြားတွင်သာမက ကလေးများကပါ လျစ်လျူရှုခံရသည်ဟု ဆိုလာပါသည်။ အကြောင်းမှာ သူတို့မိဘများက အမြဲတမ်း စာပို့နေပြီး သူတို့ကို ဂရုမစိုက်သောကြောင့် ဖြစ်ပါသည်။

စိတ်ကိုလေ့ကျင့်ရန် နည်းလမ်းအမျိုးမျိုး

စိတ်လေ့ကျင့်မှုကို ဆောင်ရွက်နိုင်သော အဆင့်များစွာ ရှိပါသည်။ အဆင့်မြင့် ကျင့်ကြံမှုတစ်ခုခု ပါဝင်စရာမလိုပါ။ ကျွန်ုပ်တို့ လိုအပ်သည်မှာ လက်တွေ့ကျသည်ဟု ယူဆသောအရာအနေနှင့် မိမိအသိဉာဏ်ကို အသုံးချရန် ဖြစ်ပါသည်။ လက်တွေ့ကျသောအရာမှာ ကျွန်ုပ်တို့သည် စကြဝဠာထဲတွင် တစ်ဦးတည်း မဟုတ်ခြင်း ဖြစ်ပါသည်။ ကျွန်ုပ်တို့သည် လောကတွင် အရေးအကြီးဆုံး မဟုတ်သလို ကျွန်ုပ်တို့သည် ဘာမှမဟုတ်ပါ။ စကြဝဠာထဲမှ သက်ရှိတစ်ဦးသာဖြစ်ပြီး အစိတ်အပိုင်းတစ်ခုသာ ဖြစ်ပါသည်။ အခြားသူများ၏ အခြေအနေများနှင့် ခံစားချက်များ၊ သူတို့၏ ကြုံတွေ့ခံစားရမှုများကို နားလည်အောင် ကြိုးစားရန် စာနာစိတ်ဖြင့် မိမိစိတ်ကူးဉာဏ်ကို အသုံးပြုနိုင်ပါသည်။

ကျွန်ုပ်တို့၏ အသိဉာဏ်နှင့် စိတ်ကူးစိတ်သန်းသည် ကျွန်ုပ်တို့လက်ကိုင်ပြုနိုင်သော နည်းလမ်းကောင်းနှစ်မျိုး ဖြစ်ပါသည်။ ကျွန်ုပ်တို့၏ အသိဉာဏ်ကို ယုတ္တိဖြင့် လေ့ကျင့်ပြီး စိတ်ကူးစိတ်သန်းကို မြင်ယောင်ကြည့်မှုမျိုးဖြင့် လေ့ကျင့်ပါသည်။ မိမိအသိဉာဏ်ကို ကွန်ပျူတာကဲ့သို့ ဖြစ်လာအောင် မဟုတ်ပါ။ သို့မဟုတ် ရွှေတံဆိပ်ရသည်ကို အသေးစိတ် စိတ်ကူးယဉ်ခြင်း မဟုတ်ပါ။ မိမိဘဝ၏ အခက်အခဲများနှင့် ပြဿနာများကို ကျော်လွှားရန်အတွက် ဖြစ်ပါသည်။ ပိုမိုကျယ်ပြန့်စွာ ပြောရလျှင် အခြားသူများလည်း ထိုနည်း၎င်း ဆောင်ရွက်နိုင်အောင် ကျွန်ုပ်တို့ ကူညီရပါသည်။ အားလုံးကို သူတို့ကြုံတွေ့ခဲ့ရသော အရာအားလုံး၊ လက်ရှိသူတို့ ဖြစ်ပျက်နေသော အရာအားလုံး၊ နောင်တွင် သူတို့ဖြစ်လာနိုင်ခြေရှိသော အရာအားလုံး အနေနှင့် စာနာနားလည်နိုင်သည်အထိ အလွန်ကျယ်ပြန့်သော အတိုင်းအတာအထိ ရှိသင့်ပါသည်။ ထိုအတွက် အသိဉာဏ်နှင့် စိတ်ကူးစိတ်သန်းကောင်းများ လိုအပ်ပါသည်။

ကျွန်ုပ်တို့သည် ထိုသို့ဖြစ်အောင် နေ့စဉ်ဘဝတွင် နည်းလမ်းမျိုးစုံဖြင့် ဆောင်ရွက်နိုင်ပါသည်။ အရိုးရှင်းဆုံးအဆင့်မှာ “ဘာမှမထူးခြားပါ” ဆိုသော ခံစားချက်ရှိရန် ဖြစ်ပါသည်။ ယင်းမှာ အကောင်း၊ အဆိုး၊ ဘက်မလိုက်မှု ဘာပဲဖြစ်ဖြစ် အထူးအရေးမကြီးပါဟု နားလည်လာရေး ဖြစ်သည်။ ရှေးခေတ်ဂရိလူမျိုးများမှသည် ယခုခေတ်အထိ သမိုင်းတစ်လျှောက်တွင် အားလုံးက “ဒါက အဆိုးဆုံး အချိန်ပဲ။ လူငယ်တွေ ဆိုးဆိုးရွားရွား ယိုယွင်းပျက်စီးနေပြီ” ဟု အားလုံးက ပြောကြပါသည်။ ယခင်အချိန်က စာပေများကို လေ့လာပါက အားလုံးက ထိုသို့ပြောနေသော်လည်း လက်တွေ့မမှန်ကန်ပါ။ ဖြစ်နေသောအရာနှင့် ပတ်သက်၍ ဘာမှမထူးခြားပါ။ မိမိနှင့် ပတ်သက်၍ ဘာမှမထူးခြားပါ။ မိမိခံစားချက်နှင့် ပတ်သက်၍ ဘာမှမထူးခြားပါ။ ဤသည်မှာ မရေမတွက်နိုင်သော အကြောင်းတရားနှင့် အခြေအနေများက အချင်းချင်း ဆက်စပ်တွန်းပို့မှုကြောင့် ဆက်လက် ဖြစ်ပေါ်နေခြင်းသာ ဖြစ်ပါသည်။ မိမိနှင့် အခြားသူများကို စာနာရန် မိမိ၏ အသိဉာဏ်နှင့် စိတ်ကူးစိတ်သန်းကို အသုံးပြုခြင်းဖြင့် တတ်နိုင်သလောက် အကျိုးရှိသောနည်းဖြင့် ဖြေရှင်းရန်သာ လိုပါသည်။

အကျဉ်းချုပ်

ကျွန်ုပ်တို့ အားလုံးသည် ကမ္ဘာပေါ်ရှိ လူသန်းပေါင်းခုနစ်ထောင်အနက်မှ တစ်ဦးသာဖြစ်ပြီး မည်သူမျှ အခြားတစ်ယောက်ထက် ပိုမထူးခြားပါ။ မိမိကိုယ်ကို တန်ဖိုးထားမှုကို ကျော်လွှားရန် ကြိုးစားသောအခါ ကျွန်ုပ်တို့သည် ပိုပြီးလက်တွေ့ကျလာပါသည်။ မိမိဘေးတွင် ရှိနေသူအားလုံးထက် ကမ္ဘာပေါ်တွင် ကျွန်ုပ်တို့အားလုံး အတူရှိနေပုံကို မြင်လာပါသည်။ မိမိနှင့် ပတ်သက်၍ ဘာမှမထူးခြားပါ။ ဤသည်မှာ ကျွန်ုပ်တို့၏ စိတ်ခံစားချက် ကောင်းမွန်ရေးနှင့် အခြားသူများနှင့် ဆက်ဆံရေးတွင် အရည်အသွေး ကျယ်ပြန့်စွာ တိုးတက်စေသည့် အသိအမြင်တစ်ခု ဖြစ်ပါသည်။

Top