လောကဓံရှစ်ပါးနှင့် အယူအဆဆိုင်ရာ ကန့်သတ်ချက်မူဘောင်

လောကဓံရှစ်ပါး

ကျွန်ုပ်တို့ဘဝတွင် စိတ်ထဲမှ တွေ့ကြုံခံစားရမှုများအပြင် အခြားအကြောင်းရပ်များလည်း ရှိပါသည်။ ဤနေရာတွင်လည်း ယင်းတို့အားလုံးကို ပုံကြီးမချဲ့ရန် ကြိုးစားသင့်ပါသည်။ ဗုဒ္ဓဘာသာ တရားတော်များက ဘဝတွင် ယာယီဖြစ်ပေါ်သော အကြောင်းရပ် ရှစ်ခုကို ဖော်ပြထားပါသည်။ ယင်းတို့သည် အရာရာ အမြဲတမ်း အတက်အကျဖြစ်ပြီး လှုပ်ရှားနေသည့် စည်းမျဉ်းအတိုင်း လိုက်နာသော “လောကဓံရှစ်ပါး” သို့မဟုတ် “လောကီဓမ္မရှစ်ပါး” ဟုခေါ်ပါသည်။

အနိုင်ရခြင်းနှင့် ဆုံးရှုံးခြင်း

ကျွန်ုပ်တို့သည် တစ်ခါတစ်ရံ အနိုင်ရရှိပြီး တစ်ခါတစ်ရံ ဆုံးရှုံးကြပါသည်။ ငွေကြေးအားဖြင့် တစ်ခါတစ်ရံ ငွေကြေး မြတ်စွန်းပြီး တစ်ခါတစ်ရံ ငွေကြေးဆုံးရှုံးပါသည်။ တစ်ခါတစ်ရံ တစ်ခုခုဝယ်လိုက်ပြီး အလွန်ကောင်းပါသည် (မြတ်ပါသည်)။ သို့သော် တစ်ခါတစ်ရံ အလျင်အမြန် ပျက်စီးသွားသည် (ဆုံးသွားပါသည်)။ ဤနေရာတွင်လည်း ထိုအတွက် ဘာမှမထူးခြားပါ။ ဖဲကစားခြင်း သို့မဟုတ် ကလေးဆော့သော ဂိမ်းတစ်ခုနှင့် တူပါသည်။ တစ်ခါတစ်ရံနိုင်ပြီး တစ်ခါတစ်ရံ ရှုံးပါမည်။ ထို့ကြောင့် ဘာမှမထူးခြားပါ။

တကယ်တော့ ရှုံးသွားသောအခါ “နိုင်ချင်တယ်” ဆိုပြီး အော်ဟစ်သည့် ကလေးငယ်တစ်ယောက်လို မဖြစ်အောင် ကျွန်ုပ်တို့သည် မိမိကိုယ်ကို သတိပေးဖို့ လိုပါသည်။ ဘာကြောင့် အမြဲတမ်း နိုင်ချင်ပါသနည်း။ လူတိုင်းက မိမိကို နှစ်သက်ရမည်ဟု မျှော်လင့်သလို ဖြစ်နေပါသည်။ “ဘုရားရှင်ကို လူတိုင်းမနှစ်သက်ပါ။ ထို့ကြောင့် ကျွန်ုပ်တို့လည်း ဘာကိုမျှော်လင့်မည်နည်း။ အားလုံးက သူလိုကိုယ်လိုပင် မဟုတ်ပါလား” ဆိုသည့် ဗုဒ္ဓဘာသာမှ အသုံးဝင်သော ဆိုရိုးစကားတစ်ခု ရှိပါသည်။ တကယ်တော့ ထိုသို့မဟုတ်ပါ။ လူတိုင်းသည် ကျွန်ုပ်တို့၏ Facebook မှ ကြိုက်နှစ်သက်မှု ခလုတ်ကို နှိပ်မည်မဟုတ်ပါ။ ထိုအတွက် ဘာလုပ်ရမည်နည်း။ ယင်းမှာ ပုံမှန်ပင် ဖြစ်ပါသည်။

အရှုံးနှင့် အမြတ်သာ ဖြစ်ပါသည်။ တစ်ယောက်ယောက်နှင့် အချစ်ရေး ပတ်သက်မိသောအခါ နောက်ဆုံးတွင် အဆုံးသတ်သွားပါမည်။ စောစောက ပြတင်းပေါက်မှ ကျေးငှက်တစ်ကောင်ကို နမူနာပြောခဲ့ပါသည်။ ထိုငှက်သည် ခဏတဖြုတ်သာ လာပြီး လွတ်လပ်နေသည့်အတွက် ပျံသန်းသွားပါလိမ့်မည်။ ဆက်ဆံရေးတွင်လည်း ထိုအတိုင်း ဖြစ်ပါသည်။ “ခွဲမသွားပါနဲ့။ မင်းမရှိရင် မနေတတ်လို့ပါ” ဟုမည်မျှပင် ပြောသော်လည်း တစ်ဘဝလုံး အတူနေခဲ့လျှင်ပင် ထိုအတွက် ဘာမှမထူးခြားပါ။ ဘဝဆိုသည်မှာလည်း ထိုအတိုင်း ဖြစ်ပါသည်။ ထိုသူငယ်ချင်းနှင့်အတူ ရှိသောအခါ မပျော်ရွှင်ဘဲ သူနှင့်ခွဲခွာရသောအခါ ဝမ်းနည်းရမည်ဟု မဆိုလိုပါ။ ဘာကိုမှ မခံစားရခြင်းသည် “ဘာပဲဖြစ်ဖြစ်” ဆိုသော သဘောထား ဖြစ်ပါသည်။ ယင်းမှာ “ဘာမှမထူးခြားပါ” နှင့် မတူပါ။ သို့သော် ကျွန်ုပ်တို့သည် အစွန်းမရောက်ဘဲ ယင်းကို ပုံကြီးမချဲ့ရန် လိုပါသည်။

မိမိကိုယ်ကို ရှုမြင်ပြီး အနိုင်နှင့် အရှုံးကို ဘယ်လိုတုံ့ပြန်သည်ကို လေ့လာရသည်မှာ စိတ်ဝင်စားဖွယ် ကောင်းပါသည်။ ကျွန်ုပ်သည် မိမိကိုယ်ကို နမူနာအနေနှင့် အမြဲကြည့်ပါသည်။ ကျွန်ုပ်၏ ဝက်ဘ်ဆိုက်နှင့် ပတ်သက်၍ အတော်လေး စိတ်စွဲနေသောကြောင့် ဖြစ်ပါသည်။ ယင်းသည် ကျွန်ုပ်၏အတွေးများနှင့် လှုပ်ရှားမှုများကို တစ်နေ့လုံး စိုးမိုးထားပါသည်။ ကျွန်ုပ်တို့မှာ စာရင်းဇယား ပရိုဂရမ် ရှိသလို နေ့စဉ်လူမည်မျှ ဝင်ရောက်ဖတ်ရှုသည်ကို သိနိုင်ပါသည်။ အချို့နေ့များတွင် တိုးတက်လာပါက အလွန်ကောင်းသော်လည်း အချို့နေ့များတွင် ကိန်းဂဏန်းတစ်ခုအထိ သို့မဟုတ် ကျွန်ုပ်ထင်ထားသလို အတိုင်းအတာအထိ မရောက်လာပါက သိပ်မကောင်းပါ။ ထို့ကြောင့် အနိုင်နှင့် အရှုံး ဖြစ်ပါသည်။

တစ်နည်းဆိုရလျှင် ကျွန်ုပ်သည် ပျော်ရွှင်မှု သိပ်မခံစားရပါ။ ယင်းမှာ ကြေကွဲဖွယ် မဟုတ်ပါ။ လွန်ခဲ့သော သီတင်းပတ် အနည်းငယ်က တစ်ရက်တည်းနှင့် လာကြည့်သူ ၆၀၀၀ ရှိပါသည်။ “ဝိုး၊ ၆၀၀၀ တောင်မှ အများကြီးပဲ” ဆိုသော်လည်း ထိုပျော်ရွှင်မှုက အသေးအဖွဲသာ ဖြစ်ပါသည်။ ထိုအတွက် ဘာမှမဖြစ်လာသောကြောင့် အရေးတကြီး မဟုတ်ပါ။ ထိုအခါ “အင်း၊ အဲဒါကောင်းတယ်။ အခုဘယ်လိုလဲ။ ဘာများထူးခြားသွားလို့လဲ” ဟု တွေးရပါသည်။ နောက်တစ်နေ့တွင်ကား ကြည့်ရှုသူ ၄၅၀၀ သို့ ကျသွားပြီး အနည်းငယ် စိတ်ပျက်သွားပါသည်။ “အို၊ ဒီနေ့ကြည့်တဲ့သူ သိပ်မရှိပါလား။” သို့သော် ပိုပြီးထင်ရှားသည်မှာ ထိုစာရင်းဇယားကို အမြဲတမ်း ကြည့်ချင်နေလိုသည့် မိမိကိုယ်ကို အစွဲကြီးမှုဟု ဝန်ခံရပါမည်။ ဗုဒ္ဓဘာသာအရ ဤသို့ မိမိကိုယ်ကို အစွဲကြီးမှုသည် အခြားအရာများကို အစွဲကြီးမှုထက် ပိုအားကောင်းသည်ဟု ဆိုပါသည်။ အကြောင်းမှာ “ငါ” ဟုတွေးခြင်းသည် ပင်ကိုအရ ဖြစ်နေသောကြောင့် ဖြစ်ပါသည်။ မိမိကိုယ်ကို အလွန်လှကြောင်း၊ တော်ကြောင်း သို့မဟုတ် မည်သူမျှ မိမိကိုမချစ်ခင်ကြောင်း ဖော်ပြစရာမလိုဘဲ နောက်ခံအတွေးက အမြဲ ရှိနေခြင်း ဖြစ်ပါသည်။

သင်တို့၏ ကိုယ်ပိုင်အတွေ့အကြုံများကိုလည်း စဉ်းစားကြည့်နိုင်ပါသည်။ Facebook သို့မဟုတ် ဖုန်းဖြင့်စာပို့ခြင်းတို့နှင့် တွေးကြည့်နိုင်မည် ထင်ပါသည်။ ဒီနေ့စာဘယ်နှစောင် ရသလဲ။ တင်ထားတဲ့ ပို့စ်ကို နှစ်သက်မှု ဘယ်နှခု ရသလဲ။ တစ်ခုခု ဝင်လာသလား သိရအောင် အိတ်ကပ်ထဲမှ ဖုန်းကို ထုတ်ကြည့်ခြင်း သို့မဟုတ် Facebook ဝင်ကြည့်ခြင်း အကြိမ်မည်မျှ ပြုလုပ်ပါသလဲ။ ယခင်ကဆိုလျှင် ဤသို့သော အင်တာနက်ကိစ္စများ မရှိပါ။ စာပို့သမားက ထိုသို့ဆောင်ရွက်ပေးပါသည်။ “ဒီနေ့ စာပါသေးလား” ဆိုပြီး မေးခဲ့ရသည်။ စာမပါလျှင် “အိုး၊ ဘယ်သူမှ ငါ့ကိုမချစ်ကြဘူး။” သို့မဟုတ် ကြော်ငြာများသာ ရောက်လာပါကလည်း ယင်းတို့ကို မလိုချင်ပါ။ ဤသို့ “ဘာမှမထူးခြားဘူး” ဆိုသော သဘောထားဖြင့် စိတ်ခံစားချက် အတက်အကျများကို အစွန်းမရောက်အောင် ကူညီပါသည်။ အကြောင်းမှာ ကျွန်ုပ်တို့သည် ဖြစ်ပျက်နေသော အရာရာတိုင်းအတွက် စိတ်ခံစားချက်ညီမျှမှုနှင့် ဥပေက္ခာတို့ ပိုရှိလာပါသည်။ ထိုထက်ပို၍ခက်ခဲသည်မှာ သတင်းအသစ်များကို အမြဲကြည့်ချင်နေလိုသည့် စိတ်အစွဲကို ဖြေရှင်းရခြင်း ဖြစ်ပါသည်။

စိတ်သဘောထားများ ပြောင်းလဲခြင်းသည် ရှည်ကြာပြီး နှေးကွေးသော လုပ်ငန်းရပ် ဖြစ်ပါသည်။ အရာရာသည် လျင်မြန်စွာ မပြောင်းလဲဘဲ တဖြည်းဖြည်း ပြောင်းလဲပါသည်။ သင့်ကိုယ်သင် ပိုပြီးလက်တွေ့ကျသောအမြင်ဖြင့် စတင်ရှုမြင်သောအခါ စိတ်ဝင်စားစရာ ကောင်းပါသည်။ ထိုအခါ “ငါသည် ကွန်ပျူတာနှင့် ဖုန်းတို့၏ ကျွန်ဖြစ်နေပြီ။ ဘာကြောင့်လဲဆိုတော့ ဒါတွေပဲ အမြဲကြည့်နေသည်။ ငါ့ကို လူဘယ်နှယောက် တုံ့ပြန်သွားလဲ ကြည့်နေရတယ်။ ဘာကြောင့် ကျွန်လိုမျိုး ဖြစ်လာရတာလဲ” ဟု လေ့လာရပါသည်။ မြေအောက်ရထားပေါ်မှ အခြားသူများကို ကြည့်လျှင် လက်ထဲမှာ အမြဲတမ်း ဖုန်းကိုင်ထားသူ မည်မျှရှိပါသလဲ။ ဘာကြောင့်လဲ။ “တစ်ခုခု လွတ်သွားမှာစိုးလို့” ဆိုသောစိတ်ဖြင့် မိမိကိုယ်ကို တန်ဖိုးထားမှုနှင့် မလုံခြုံမှုတို့ ရှိနေပါသည်။ ဘာကြောင့်လဲ။ ဘာက အရမ်းအရေးကြီးပါသလဲ။ အချို့အရာများက အရေးကြီးပါသည်။ ဘာမှအရေးမကြီးဘူးဟု မဆိုလိုပါ။ သို့သော် အမြဲတမ်း ထိတွေ့နေလိုမှု၊ အမြဲတမ်း အွန်လိုင်းတွင် ရှိနေမှုကို ကျွန်ုပ်တို့ ပုံကြီးချဲ့ပါသည်။ မိမိကိုယ်ပိုင် စိတ်ခံစားချက် ညီမျှမှုအနေနှင့် ဒါကိုဆန်းစစ်ကြည့်သင့်ပါသည်။

ထို့ကြောင့် ကျွန်ုပ်တို့သည် တစ်ခါတစ်ရံ အနိုင်ရပြီး တစ်ခါတစ်ရံ ဆုံးရှုံးပါသည်။ ဤသည်မှာတစ်စုံ ဖြစ်ပါသည်။

အရာရာ အဆင်ပြေခြင်းနှင့် အဆင်မပြေခြင်း

ဒုတိယတစ်စုံမှာ တစ်ခါတစ်ရံ အရာရာ အဆင်ပြေပြီး တစ်ခါတစ်ရံ အဆင်မပြေခြင်း ဖြစ်ပါသည်။ ဤအချက်ကို အဆင့်အမျိုးမျိုးဖြင့် နားလည်နိုင်သော်လည်း “ဘာမှမထူးခြားဘူး” ဟူ၍သာ တုံ့ပြန်ရပါသည်။ တစ်နေ့ အဆင်ပြေသော်လည်း နောက်နေ့တွင် အခက်အခဲများ ပြည့်နေကာ အချို့လူများကို စိတ်ညစ်ရပြီး အရာရာ လွဲချော်နေတတ်ပါသည်။ ယင်းမှာ ပုံမှန်ဖြစ်ပါသည်။ မနက်ခင်းတွင် အားအင်ပြည့်နေပြီး နေ့ခင်းဘက်တွင် စိတ်အားထက်သန်မှု မရှိတတ်ပါ။ တစ်ခါတစ်ရံ ကျန်းမာပြီး တစ်ခါတစ်ရံ အအေးမိပါသည်။ ဘာမှမထူးခြားပါ။

ချီးမွမ်းခံရခြင်းနှင့် ကဲ့ရဲ့ခံရခြင်း

နောက်ထပ်တစ်စုံမှာ ချီးမွမ်းခြင်းနှင့် ကဲ့ရဲ့ခြင်း ဖြစ်ပါသည်။ အချို့သူများက ကျွန်ုပ်တို့ကို ချီးမွမ်းပြီး အချို့က ဝေဖန်ကဲ့ရဲ့ပါသည်။ ထိုအတွက် ဘယ်လိုဖြေရှင်းမည်နည်း။ လူတိုင်းက ဘုရားရှင်ကို မချီးမွမ်းပါ။ အချို့က အထူးသဖြင့် ဘုရား၏ တစ်ဝမ်းကွဲညီအစ်ကိုသည် ဘုရှားရှင်အပေါ် အလွန်ဝေဖန်ပါသည်။ ထို့ကြောင့် လူတိုင်း မိမိကို ချီးမွမ်းအောင် ဘာကြောင့် မျှော်လင့်မည်နည်း။

ကျွန်ုပ်၏ကိုယ်ပိုင် နမူနာကို ထပ်ပြောပြလိုပါသည်။ ကျွန်ုပ်၏ ဝက်ဘ်ဆိုက်အတွက် အီးမေးလ်းများစွာ ရရှိပါသည်။ အများစုက ဝက်ဘ်ဆိုက်သည် သူတို့အတွက် အလွန်အသုံးဝင်ကြောင်း ပြောပါသည်။ တစ်ခါတစ်ရံ ဝေဖန်ခံရပါသည်။ ချီးမွမ်းခြင်းကို လက်ခံရသည်မှာ လွယ်သော်လည်း ဝေဖန်ခံရသည်က ကျွန်ုပ်တို့စိတ်ကို ပို၍အနှောင့်အယှက် ဖြစ်စေနိုင်ပါသည်။

ချီးမွမ်းမှုကြောင့် မိမိသည် အလွန်တော်ကြောင်း သို့မဟုတ် “ငါက ဒါမျိုး မထိုက်တန်ဘူး။ ငါ့ကိုအမှန်အတိုင်း သိကြရင် နှစ်သက်ကြမှာမဟုတ်ဘူး” ဟူ၍ မိမိသည် အလွန်ညံ့ကြောင်း အစွန်းမရောက်သွားသင့်ပါ။ သို့သော် ချီးမွမ်းမှုကို လက်ခံရန် များစွာလွယ်ကူပါသည်။ ဝေဖန်မှုသည် ဘာကြောင့် အခံရ ခက်ပါသနည်း။ အကြောင်းမှာ ကျွန်ုပ်တို့သည် မိမိကိုယ်ကို တန်ဖိုးထားသောကြောင့် ဖြစ်ပါသည်။ စိတ်သဘောထားကို လေ့ကျင့်ခြင်းဖြင့် မိမိထက် သူတို့ကို ကြည့်လာနိုင်သောကြောင့် သူတို့ဝေဖန်အောင် မိမိပြုမူခဲ့သောအရာအကြောင်း တွေးမိလာပါမည်။ အထောက်အကူ ဖြစ်စေသောအရာ တစ်ခုခု ပြုလုပ်လိုပါက “ခင်ဗျားအတွက် အခက်အခဲ ဖြစ်သွားတယ်ဆိုတာ သိပါတယ်။ တကယ် စိတ်မကောင်းပါဘူး။ မရည်ရွယ်ပါဘူး” ဟု တောင်းပန်ခြင်းမျိုး ဖြစ်ပါသည်။ မိမိကိုယ်ကို တန်ဖိုးထားမှုမှသည် အခြားသူများကို တန်ဖိုးထားမှုသို့ တဖြည်းဖြည်း အာရုံပြောင်းလာနိုင်ပါသည်။

အခြားသူများနှင့် နေ့စဉ်ပုံမှန် ဆက်ဆံရေးတွင် ဤသို့ပြုလုပ်နိုင်ပါသည်။ တစ်ခါတစ်ရံ သူတို့သည် မိမိနှင့် ပျော်ရွှင်ပြီး တစ်ခါတစ်ရံ ပျော်ရွှင်မည် မဟုတ်ပါ။ လူအများက မိမိနှင့်အတူ ပျော်ရွှင်သောအခါ ဘာမှအခက်အခဲ မရှိပါ။ ထို့နောက် ဘဝတွင် ဆက်ဆံရခက်ခဲသူ အချို့နှင့် တွေ့ရပြီး သူတို့က မိမိကို အမြဲတမ်း ဝေဖန်ခြင်း၊ အဆိုးမြင်ခြင်း ရှိနေပါသည်။ သူတို့အတွက် ဘယ်လိုသဘောထားမည်နည်း။ သူတို့သည် အလွန်ဆက်ဆံရခက်ခဲပြီး မနှစ်မြို့ဖွယ် ကောင်းသည်ဟု သဘောထားလိုက်မလား။ သို့မဟုတ် သူတို့သည် အလွန်မပျော်ရွှင်တတ်သူမျိုး ဖြစ်သည်ဟု သဘောထားလိုက်မလား။ သင်တို့ဘဝမှာလည်း ထိုသို့သောပုဂ္ဂိုလ်များ ရှိမှာ သေချာပါသည်။ သူတို့က တွေ့ဆုံရန်နှင့် နေ့လည်စာစားရန် ချိန်းလိုက်လျှင် သူတို့အကြောင်း ငြီးငြူတော့မည်မှာ ၁၀၀% သေချာနေပါသည်။ သင်က “အင်း၊ ဒီလူနဲ့ တွေ့ပြန်ပြီ” ဟု တွေးမိပါသည်။ သို့သော် အမြဲတမ်း မအားဘူးဟု ပြော၍တော့ မရပါ။

ကျွန်ုပ်တို့၏ တုံ့ပြန်မှုမှာ သူတို့နှင့်အတူ သူတို့ငြီးငြူသမျှ နားထောင်ရခြင်းသည် အလွန်မနှစ်မြို့ဖွယ် ကောင်းသည်ဟု တွေးပြီးနောက် ဤလူသည် အမှန်ပင် မပျော်ရွှင်ဘဲ အထီးကျန်သည့်အတွက် အမြဲငြီးငြူနေသည်ဟု မိမိအမြင်ကို ပြောင်းလဲရန် ဖြစ်ပါသည်။ ငြီးငြူလေ့ရှိသူတို့သည် မည်သူမျှ သူတို့နားမကပ်သောကြောင့် ဖြစ်ပါသည်။ ထို့ကြောင့် သူတို့နှင့် အချိန်အတော်ကြာ ရှိနေပါက ပိုပြီးစာနာမိလာနိုင်ပါသည်။ “ငါ” အနေနှင့် မဟုတ်ဘဲ သူတို့ အနေနှင့် စဉ်းစားသည့်အတွက် ယင်းမှာ ဆိုးရွားသော ကြုံတွေ့ခံစားရမှု မရှိတော့ပါ။

သတင်းကောင်း ကြားရခြင်းနှင့် သတင်းဆိုး ကြားရခြင်း

စတုတ္ထတစ်စုံမှာ သတင်းကောင်းနှင့် သတင်းဆိုး ကြားရခြင်း ဖြစ်ပါသည်။ အားလုံးသည် အမြဲတမ်း အတက်အကျ ရှိသည်ဆိုသည့် စောစောကတစ်ခုနှင့် တူပါသည်။ လေးစုံစလုံးသည် အချင်းချင်း ထပ်နေပြီး “ဘာမှ မထူးခြားဘူး” ဆိုသောစည်းမျဉ်းက ဤရှစ်ခုစလုံးနှင့် သက်ဆိုင်ပါသည်။ သတင်းကောင်း သို့မဟုတ် သတင်းဆိုး ကြားရခြင်းနှင့် ပတ်သက်၍ ဘာမှမထူးခြားပါ။ လူတိုင်း၏ဘဝတွင် ထိုသို့ဖြစ်ပျက်နေပါသည်။

ယခုအခါ အချို့သူများက ဤလေ့ကျင့်မှုမျိုးကို ကန့်ကွက်ပါသည်။ သူတို့က စိတ်ခံစားချက် အတက်အကျ ရှိသည်ကို နှစ်သက်ပါသည်။ အကြောင်းမှာ အတက်အကျ မရှိပါက ရှင်သန်မှု မဟုတ်ကြောင်း ဆိုကြပါသည်။ သို့သော် ဤသည်မှာ ထားရှိသင့်သော သဘောထား ဟုတ်၊ မဟုတ် လေ့လာရန် လိုပါသည်။

ပထမဦးစွာ ကျွန်ုပ်တို့သည် စိတ်ခံစားချက် အတက်အကျ ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ရှင်သန်နေရပါသည်။ ဤသည်မှာ အတော်ဆိုးသော ကန့်ကွက်မှုဖြစ်သည်။ ထို့ကြောင့် ကျွန်ုပ်တို့ စိတ်ခံစားချက် အတက်အကျ ဖြစ်နေသောအခါ ဘာဖြစ်မည်နည်း။ တကယ်တော့ စိတ်ခံစားချက်များ လွှမ်းမိုးနေသောကြောင့် ကျိုးကြောင်းဆီလျော်စွာ မတွေးတော့ပါ။ ပိုပြီးတည်ငြိမ်ပါက ကျွန်ုပ်တို့ဘဝသည် သိပ်စိတ်မလှုပ်ရှားတော့ဘဲ အခြေအနေများကို ပိုမိုကောင်းမွန်စွာ ဖြေရှင်းလာနိုင်ပါသည်။ သင်သည် ရှင်းလင်းစွာ မတွေးဘဲ ဒေါသထွက်နေပါက နောင်အခါ နောင်တရမည့်စကားများ ပြောမိပါသည်။ မိမိစိတ်ခံစားချက်များနှင့် ပတ်သက်၍ မျှတသောစိတ်ရှိသည် ဆိုရာတွင် ထိုသို့မပြုလုပ်ခြင်းကို ဆိုလိုပါသည်။ ထို့ပြင် လူတိုင်းပျော်ရွှင်လိုသည့် အနေနှင့် ပြောရလျှင် ဤသို့သော တည်ကြည်ငြိမ်းချမ်းသည့် ပျော်ရွှင်မှုမျိုးသည် “အိုး၊ မိုက်တယ်” ဆိုသည့် စိတ်လှုပ်ရှား ပျော်ရွှင်မှုမျိုးထက် ပိုပြီးတည်ငြိမ်မှု ရှိပါသည်။

“ဘာမှမထူးခြားမှု” အတွက် အယူအဆဆိုင်ရာ ကန့်သတ်ချက်မူဘောင်

ယခုဆွေးနွေးနေသော သဘောထားအတွက် အခြေခံအချက် သို့မဟုတ် အယူအဆဆိုင်ရာ မူဘောင်ကို လေ့လာကြပါစို့။ ဤနေရာတွင် အယူအဆဆိုင်ရာ အတွေးအခေါ်ကို နားလည်ရန် အရေးကြီးပါသည်။ အယူအဆပါသော အတွေး ဆိုသည်မှာ အဘယ်နည်း။ အယူအဆပါသော အတွေးဆိုသည်မှာ အရာရာကို ရှုမြင်ကြုံတွေ့ရာတွင် “သီးသန့် ထူးခြားတဲ့အရာ” ဟူ၍ အမျိုးအစားခွဲခြား ရှုမြင်ခြင်း ဖြစ်သည်။ စိတ်အကန့် တစ်ခုခုကဲ့သို့ ဖြစ်ပါသည်။ တစ်စုံတစ်ခုကို ကြုံတွေ့ရသောအခါ စိတ်အကန့်ထဲသို့ “သီးသန့်ထူးခြားတဲ့အရာ” ဟု ထည့်လိုက်ပါသည်။

ကျွန်ုပ်တို့သည် ထိုသို့အမြဲတမ်း ပြုလုပ်ပါသည်။ အကြောင်းမှာ ထိုနည်းဖြင့်သာ အရာရာကို နားလည်ဆောင်ရွက် နိုင်သည့်အတွက် ဖြစ်ပါသည်။ “အမျိုးသမီး” ဆိုသည့် စိတ်အကန့် ရှိပါသည်။ လူတစ်ယောက်ကိုမြင်ရာ “အမျိုးသမီး” ဆိုသည့် စိတ်အကန့်ထဲသို့ ထည့်လိုက်သည်။ ထို့အတူ ကျွန်ုပ်တို့ ကြုံတွေ့ရသော ကိစ္စ၏ အစိတ်အပိုင်းမျိုးမျိုးကို စိတ်အကန့် အသီးသီးထဲသို့ ထည့်လိုက်နိုင်စွမ်း ရှိပါသည်။ ဥပမာအားဖြင့် “အမျိုးသား” သို့မဟုတ် “အမျိုးသမီး” အဖြစ် လူတစ်ဦးတည်းကို ထည့်လိုက်ပါက “လူငယ်” သို့မဟုတ် “လူကြီး” သို့မဟုတ် “ဆံပင်နီသူ” သို့မဟုတ် “ဆံပင်နက်သူ” ဟူ၍လည်း ဖြစ်နိုင်ပါသည်။ အကန့်အများကြီး ရှိပါသည်။

လက်တွေ့တွင်မူ အရာရာသည် အကန့်များဖြင့် တည်ရှိမနေပါ။ သိသာသည်ဟု ထင်ရသော်လည်း အမှန်တကယ် နားလည်ကျေညက်ရန် အလွန်ခက်ခဲနေပါသည်။ ဥပမာပြရလျှင် ကျွန်ုပ်တို့သည် တစ်စုံတစ်ယောက်ကို “ဆိုးသွမ်းသူ” ဆိုသည့် အကန့်ထဲ ထည့်သော်လည်း မည်သူမျှ ဆိုးသွမ်းသူကဲ့သို့ မတည်ရှိပါ။ အကြောင်းမှာ ထိုနည်းဖြင့် အမှန်ပင် တည်ရှိပါက အားလုံးက သူ့ကိုထိုသို့ မြင်ပါလိမ့်မည်။ သူတို့ကလည်း ကလေးဘဝကနည်းကပင် ထိုကဲ့သို့ ပြုမူနေရပါလိမ့်မည်။

ဤစိတ်အကန့်များဖြင့် ကျွန်ုပ်တို့သည် အရာရာကို ပုံဖော်မိပြီး အခြားသူများအပေါ် ကျွန်ုပ်တို့၏ သဘောထားကို ကျွန်ုပ်တို့ထည့်လိုက်သည့် စိတ်အကန့်အမျိုးအစားဖြင့် များစွာဆုံးဖြတ်ပါသည်။ ဤစိတ်အကန့်များသည် စိတ်ဖြင့် ဖန်တီးထားမှုသာဖြစ်ပြီး အမှန်တရားနှင့် မသက်ဆိုင်သည်ကို မှတ်ထားဖို့ လိုပါသည်။ လက်တွေ့တွင်လည်း အကန့်များ မရှိပါ

ဤအကန့်များကို ဖန်တီးပုံ။

ယခုအခါ အရာရာကို ထိုသို့သော စိတ်အကန့်ဖြင့် မဟုတ်ဘဲ ဤသို့သော စိတ်အကန့်မျိုးဖြင့် သတ်မှတ်ထားရှိပုံကို လေ့လာပါစို့။ ကျွန်ုပ်တို့သည် ထိုအရာ၏ အခြားအရာများနှင့် အမှန်ပင် ကွဲပြားသည်ဟု ထင်မိသည့် လက္ခဏာရပ်အချို့ကို အခြေခံပြီး ထိုသို့ဆောင်ရွက်ပါသည်။ ဘာသာရပ်ဆိုင်ရာ ဝေါဟာရဖြင့် “ထူးခြားသော လက္ခဏာ” ဆိုသည့်အရာ ဖြစ်နိုင်ပါသည်။ ရိုးရှင်းသော နမူနာတစ်ခုမှာ ကျွန်ုပ်တို့က အရာရာကို “လေးထောင့်ကွက်” တစ်ခု အနေဖြင့် အကန့်ထဲသို့ ထည့်သောအခါ ဘာက ထူးခြားသော လက္ခဏာ ဖြစ်သလဲ ဆိုသည်ကို မြင်ရန် ဖြစ်ပါသည်။ တကယ်တော့ ယင်းမှာ ဘက်လေးဘက် ရှိပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့ ဤကဲ့သို့ စိတ်အကန့်ထဲသို့ထည့်သော အရာများကို “လေးထောင့်ကွက်” ဟု ခေါ်ခြင်း ဖြစ်ပါသည်။

ဤသည်မှာ ရိုးရှင်းသော အမျိုးအစား ဖြစ်သော်လည်း “စိတ်အနှောင့်အယှက်ပေးသူ” အမျိုးအစားဆိုလျှင် မည်သို့ရှိမည်နည်း။ “သင်သည် စိတ်အနှောင့်အယှက်ပေးသူဖြစ်သည်” ဆိုသည့်အကန့်ထဲ၌ ရှုမြင်မိစေသည့် ထိုသူဘက်မှ လက္ခဏာရပ်များက အဘယ်နည်း။ သင့်မျက်နှာနားမှာ ဝဲနေသော ယင်ကောင်တစ်ကောင်နှင့် ထိုသူတို့အကြားတွင် “စိတ်အနှောင့်အယှက်ပေးသော” အကန့်ထဲသို့ ထည့်မိစေသည့် တူညီသောအချက်က အဘယ်နည်း။

ကျွန်ုပ်ဆိုလိုသည်မှာ ထိုနှစ်မျိုးစလုံးက စိတ်ခံစားချက် ညီမျှမှုနှင့် စိတ်ငြိမ်းချမ်းမှု ဆိုသည့် စိတ်တည်ငြိမ်မှုအခြေအနေကို ဆုံးရှုံးအောင် ပြုလုပ်ပါသည်။ ထို့ကြောင့် ငါ ဆိုသည့်အနေနှင့် စိတ်၏အကန့်ကို သတ်မှတ်ပါသည်။ သူတို့ အနေနှင့် မဟုတ်ပါ။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ် စိတ်အနှောင့်အယှက် ဖြစ်သည့်အရာသည် သင်စိတ်အနှောင့်အယှက် ဖြစ်သောအရာ မဟုတ်ပါ။ ထို့ပြင် ကျွန်ုပ်၏ စိတ်ငြိမ်းချမ်းမှု ဆုံးရှုံးစေသော၊ ကျွန်ုပ်လုံးဝ စိတ်ဝင်စားသည့်အရာလည်း ဖြစ်နိုင်သော၊ ကျွန်ုပ်ကို ရူးသွပ်စေသော အရာများ ဖြစ်ပါသည်။ ထို့ကြောင့် စိတ်ဝင်စားဖွယ် အချက်မှာ အရာရာကို အဓိပ္ပာယ်သတ်မှတ်ကာ အကန့်များထဲ ထည့်ပုံသည် မိမိအတွက်သာ လုံးဝအလေးထားခြင်း ဖြစ်ပါသည်။

ထို့နောက် အဆိုပါ ခံစားချက်များ ရှိလာပါသည်။ ထိုအခါ စတင် စိတ်ဝင်စားဖွယ် ဖြစ်လာပါသည် (စိတ်ဝင်စား ပြီးသားလည်း ဖြစ်နိုင်ပါသည်)။ ထို့ကြောင့် “ပျော်ရွှင်မှု” စိတ်အကန့် ရှိလာပါသည်။ “ပျော်ရွှင်မှု” အကန့်ထဲသို့ အကြောင်းကိစ္စများကို ဘယ်လိုထည့်ပါသနည်း။ ထိုအတွက် ပြောပြရန် အလွန်ခက်ပါသည်။ “ပျော်သလား” ဟုအချို့ကလေးလျှင် ဘာဖြေရမှန်းပင် မသိပါ။ မိမိကိုယ်ကို “ငါပျော်သလား” ဟု ပြန်မေးပါကလည်း ဘာကိုဆိုလိုမှန်းပင် သေချာမသိဘူး မဟုတ်ပါလား။ ထို့ကြောင့် ပျော်ရွှင်မှု၏ ထူးခြားသော လက္ခဏာရပ်က အဘယ်နည်း။ ကျွန်ုပ်တို့သည် အလွန်ပျော်ရွှင်လိုသော်လည်း ပျော်ရွှင်မှုက ဘာမှန်းပင် မသိကြပါ။ အူကြောင်ကြောင် ဖြစ်စရာ မဟုတ်ပါလား။ ပျော်ရွှင်မှု၏ အဓိပ္ပာယ်မှာ ယင်းကို ကြုံတွေ့ရသောအခါ မစွန့်လွှတ်လိုခြင်း၊ ဆက်လက်ခံစားလိုခြင်း ဖြစ်ပါသည်။ ဤသည်မှာ ဗုဒ္ဓဘာသာ စာပေကျမ်းဂန်များ၌ တွေ့ရသည့် အဓိပ္ပာယ် ဖြစ်သည့်အတွက် အတော်အတန် အထောက်အကူ ပြုပါသည်။

Facebook နှင့် ပတ်သက်လျှင် မည်သို့ရှိမည်နည်း။ “နှစ်သက်မှု” အတွက် မည်သို့ အဓိပ္ပာယ်သတ်မှတ်မည်နည်း။ ကျွန်ုပ်တို့ကို ပြုံးရွှင် ပျော်မြူးစေသောအရာ ဖြစ်နိုင်ပါသည်။ သို့သော် တစ်နေ့လုံး တခြားဘာကိုမှ မကြည့်ဘဲ ၎င်းကိုသာ ကြည့်နေရမည်ဆိုပါက လုံးဝနှစ်သက်မည် မဟုတ်တော့ပါ။ ထို့ကြောင့် ထူးဆန်းနေသည် မဟုတ်ပါလား။

အယူအဆဆိုင်ရာ အတွေး ရှိသောအခါ အမျိုးအစားကို ကိုယ်စားပြုသော စိတ်၏ပုံရိပ်က အမြဲရှိနေပါသည်။ ထို့ကြောင့် “ခွေး” ကိုတွေးပါက ခွေးဆိုသည့် စိတ်၏ပုံရိပ်မျိုး ရှိပါသည်။ ဤသည်မှာ တစ်ယောက်နှင့်တစ်ယောက် ကွဲပြားမှာ သေချာပါသည်။ လိင်ပိုင်းဆိုင်ရာ ဆွဲဆောင်မှုရှိသူ သို့မဟုတ် စိတ်အနှောင့်အယှက်ပေးသူ တို့ကို ကိုယ်စားပြုသည့် စိတ်၏ပုံရိပ်မှာလည်း ထိုအတိုင်း ဖြစ်ပါသည်။

ထို့ကြောင့် ကျွန်ုပ်နှစ်သက်သောအရာကို ဘာကကိုယ်စားပြုပါသနည်း။ ယင်းမှာ ပိုပြီးခက်ပါသည်။ ကျွန်ုပ်တို့သည် ဤကဲ့သို့ အမြဲတွေးနေသည် မဟုတ်ပါလား။ “ဒီစတိုင်လ်ကို ကြိုက်တယ်။ ဒီအစားအသောက်မျိုး ကြိုက်တယ်။ ဒီရုပ်ရှင်မျိုး ကြိုက်တယ်။ ဒီမိန်းကလေးက ငါ့ပုံစံမျိုး မဟုတ်ဘူး။ ဒီလူက ငါ့ပုံစံပဲ။” မိမိကြိုက်နှစ်သက်သည့်အရာကို ဘာက ကိုယ်စားပြုပါသနည်း။ Facebook ပေါ်က ဓာတ်ပုံဖြင့် ကျွန်ုပ်တို့ နှစ်သက်မှု ကြုံတွေ့ရသည်ကို နှိုင်းယှဉ်ကာ “နှစ်သက်မှု” အမျိုးအစားထဲ ထည့်လိုက်ပါသလား။ ဤသည်မှာ ထိုအရာဝတ္ထုမှ လာခြင်းမဟုတ်ဘဲ ကျွန်ုပ်တို့၏ စိတ်ထဲမှ လာခြင်းဖြစ်သည်ကို သတိရဖို့လိုပါသည်။ ထိုအရာဝတ္ထုထဲတွင် အမှန်တကယ် နှစ်သက်စေမှု ရှိပြီး တစ်ခုခု ပေါ်ထွက် လာသည်ဆိုပါက ယင်းကို လူတိုင်းက နှစ်သက်ရပါမည်။ ထို့ကြောင့် တစ်ဦးချင်းအပေါ်တွင်သာ မူတည်နေပါသည်။

“ထူးခြားမှု” ၏ အဓိပ္ပာယ်

နောက်တစ်ဆင့်မှာ တစ်ခုခု ထူးခြားစေသောအရာကို လေ့လာရန် ဖြစ်ပါသည်။ အရာဝတ္ထုထဲတွင် ကျွန်ုပ်တို့က မိမိဘာသာ သတ်မှတ်ထားသည့် “ထူးခြားမှု တစ်ခုခု” ဆိုသည့် စိတ်၏အကန့် ရှိနေပါသလား။ တစ်ခုခု ထူးခြားစေသော အရာကို ကြည့်သောအခါ “ဘာမှမထူးခြားဘူး” ဆိုသည့် အယူအဆအခြေခံကို စတင် နားလည်လာပါသည်။ ထိုအရာဝတ္ထုဘက်တွင် လုံးဝ ဘာမှထူးခြားမှု မရှိပါ။ “ထူးခြားမှု” ဆိုသည့် စိတ်ကူးသည် မိမိ၏ စိတ်ကူး၊ မိမိ၏ “ထူးခြားမှု” စိတ်အကန့်ထဲမှ ပေါ်ထွက်လာပါသည်။ ဒါက ထူးခြားပြီး ဒါကတော့ မထူးခြားဘူး ဆိုသည့် အရာရာကို ကျွန်ုပ်တို့ သိမြင်မှုဖြင့် စစ်ထုတ်လိုက်ခြင်း ဖြစ်ပါသည်။

ထို့နောက် ဘာကို ထူးခြားသည်ဟု သတ်မှတ်ပါသလဲဟု မိမိကိုယ်ကို ပြန်မေးနိုင်ပါသည်။ တစ်ခုခု သီးသန့်ထူးခြားနေသောအခါ “ဒါက တကယ်ထူးခြားတဲ့ ပန်းချီကားပဲ” သို့မဟုတ် “ဒါက ထူးခြားတဲ့ အစားအသောက်ပဲ” ဟု အချို့သူများက ပြောပါသည်။ သို့သော် အရာအားလုံး ထူးခြားပါသလား။ မည်သည့်အရာမျှ တစ်ခုနှင့်တစ်ခု ထပ်တူမကျပါ။ ဂေါ်ဖီထုပ်အပုံထဲမှ ဂေါ်ဖီထုပ်တိုင်းသည် သီးသန့်ထူးခြားသော ဂေါ်ဖီထုပ် ဖြစ်ပါသည်။

ထို့နောက် “ဒါဆိုရင် အရာအားလုံး ခြားနားနေရမယ်။ ထူးခြားဖို့အတွက် ခြားနားချက် ရှိရမယ်” တွေးချင် တွေးမိနိုင်ပါသည်။ သို့သော် မည်မျှ ထူးခြားဖို့ လိုပါသနည်း။ သာမန်နှင့် ထူးခြားမှုတို့အကြား ဘယ်နေရာမှာ ဘယ်လို ခွဲခြားသတ်မှတ်မည်နည်း။ မည်သို့ ဆုံးဖြတ်နိုင်ပါမည်နည်း။

ထို့နောက် ထူးခြားသော အရာသည် ဆန်းသစ်သော အရာဖြစ်ရမည်ဟု ပြောနိုင်ပါသည်။ သို့သော် ယင်းမှာ ကျွန်ုပ်အတွက် ဆန်းသစ်ခြင်းလား။ လောကကြီးအတွက် ဆန်းသစ်ခြင်းလား။ ကျွန်ုပ်တို့သည် အရာရာကို “ငါ” အနေနှင့် သတ်မှတ်ပါသည်။ ကျွန်ုပ်တို့ ကြုံတွေ့သမျှတိုင်းသည် အသစ်ဖြစ်သည် မဟုတ်ပါလား။ မနေ့က ကြုံတွေ့ရသော အရာအတိုင်း ယနေ့ ကြုံတွေ့ရခြင်း မဟုတ်ပါ။ ယနေ့သည် မနေ့က မဟုတ်ပါ။ ထို့ကြောင့် တစ်နည်းဆိုရလျှင် အားလုံးသည် ထူးခြားပါသည်။ ဆိုလိုသည်မှာ ဘယ်အရာမှ မထူးခြားပါ။ အားလုံးသည် သီးသန့်ဖြစ်ပါသည်။ အားလုံး ခြားနားကြပါသည်။ အားလုံး တစ်ခုချင်းစီ ဖြစ်ပါသည်။ ထို့ကြောင့် ထူးခြားသည်ဟု သတ်မှတ်နိုင်သောအရာ မရှိပါ။ တစ်ခုခုကို မိမိနှစ်သက်သောကြောင့် ထူးခြားသည်ဟု ဆိုပါက မိမိ၏နှစ်သက်မှုသည် အချိန်တိုင်း ပြောင်းလဲနေသည်ကို လူတိုင်းသိပါသည်။ အရမ်းများသွားပါက ထပ်ပြီးမလိုချင်တော့ပါ။ အရမ်းကြာသွားပါက ပျင်းရိလာပါသည်။

ဤသည်မှာ “ထူးခြားမှု” အကန့်ထဲသို့ အကြောင်းကိစ္စများ ထည့်လိုသည့် ကျွန်ုပ်တို့၏ စွဲလမ်းမှုကို ကျော်လွှားနိုင်အောင် ကြိုးစားခြင်း ဖြစ်ပါသည်။ “ယခု မိမိခံစားနေရသောအရာက အရမ်း အရေးကြီးတယ်” ဟုဆိုလျှင် ဘာကြောင့် ထိုသို့ဆိုသနည်း။ “အရေးကြီးသည့်” အကန့်ထဲသို့ ဘာကြောင့် ထည့်ထားပါသနည်း။ အရာရာကို မလိုအပ်သော စိတ်၏ အကန့်ထဲထည့်ပြီး မရှုမြင်ရန် ကြိုးစားရမည် ဖြစ်ပါသည်။ အသုံးဝင်ပြီး လိုအပ်သည့် အကန့်များတော့ ရှိပါသည်။ ထိုအကန့်များ မရှိဘဲ ဘာသာစကားများကို နားလည်နိုင်မည် မဟုတ်ပါ။ စကားလုံး တစ်လုံးကိုပင် လူအသီးသီးက သံနေသံထားနှင့် အတိုးအကျယ် အမျိုးမျိုးဖြင့် ပြောဆိုပါသည်။ ထိုစကားလုံးကို စိတ်၏အကန့်ထဲတွင် ရှိထားသောကြောင့်သာ ကျွန်ုပ်တို့က နားလည်ခြင်း ဖြစ်ပါသည်။

ထို့ကြောင့် ထိုအကန့်များအားလုံးကို စွန့်ပယ်၍ မရပါ။ အချို့သော စိတ်၏အကန့်များကတော့ အထောက်အကူ မပြုပါ။ အကြောင်းမှာ ယင်းတို့သည် “ထူးခြားတဲ့အရာ” ကဲ့သို့ တစ်ဦးချင်းနှင့် ဆိုင်သည့်အရာများ ဖြစ်ပါသည်။ ယင်းကို လေ့လာဆန်းစစ်သောအခါ မိမိ၏သဘောထားနှင့်သာ လုံးဝသက်ဆိုင်ပါသည်။ ထူးခြားမှုဟူ၍ မသတ်မှတ်နိုင်သည့်တိုင် ထူးခြားသည်ဟု ယုံကြည်ခြင်း ဖြစ်ပါသည်။

ဤနည်းဖြင့် မိမိကိုယ်ကို ထိန်းချုပ်မှုနှင့် စည်းကမ်းကျင့်ဝတ်တို့ဖြင့် “အရာရာကို ထူးခြားတယ်လို မမြင်တော့ဘူး” ဟု ပြောခြင်းမဟုတ်ပါ။ အကြောင်းမှာ ထိုသို့ဆောင်ရွက်ဖို့ အလွန်ခက်ခဲပါသည်။ သို့သော် နားလည်သဘောပေါက်မှုဖြင့် ဘာမှ မထူးခြားသော စိတ်ဖြင့် ဖန်တီးမှုသာ ဖြစ်သည်ကို မြင်လာနိုင်ပါသည်။

အယူအဆဆိုင်ရာ အတွေးကို နားလည်မှုမှတစ်ဆင့် စိတ်ကိုလေ့ကျင့်ခြင်း

စိတ်ကိုလေ့ကျင့်မှုမှ တစ်ဆင့် ကျွန်ုပ်တို့၏ သဘောထားများကို ပြုပြင်နိုင်သော အဆင့်များစွာ ရှိပါသည်။ အရာရာကို စိတ်၏အကန့် အမျိုးမျိုးဖြင့် သိမြင်ကာ အရာဝတ္ထုများကို အကန့်တစ်ခုမှတစ်ခုသို့ ရွှေ့ပြောင်းပြီး သိမြင်နိုင်ပါသည်။ ထို့ကြောင့် တစ်စုံတစ်ယောက်သည် “အနှောင့်အယှက်ပေးပြီး ငြီးငြူတတ်သူ” ဟု နေရာချမည့်အစား “မပျော်ရွှင်သော အထီးကျန်သူ” ဟု နေရာချလိုက်လျှင် ထိုသူနှင့်ပတ်သက်၍ ဆက်ဆံမှုတစ်ခုလုံး ပြောင်းလဲသွားပါသည်။ ထိုသူကို ဤသို့၊ ထိုသို့ ဖြစ်စေသော ပင်ကိုအကြောင်းရပ် တစ်ခုခု မရှိကြောင်း၊ သူတို့ကို ထိတွေ့ဆက်ဆံပုံအပေါ် သက်ရောက်သည့် ကျွန်ုပ်တို့က သူတို့အား သိမြင်မှု သဘောထားသာ ဖြစ်ကြောင်း သဘောပေါက်လာပါသည်။

“ထူးခြားမှု” ကဲ့သို့ စိတ်၏ အမျိုးအစား သတ်မှတ်ချက်အချို့မှာ လုံးဝ အထောက်အကူ မပြုပါ။ ထူးခြားသူများနှင့် ထူးခြားသော အခြေအနေများ စသည်ဖြင့် ရှိပါသည်။ သို့သော် မွေးနေ့ပွဲ သို့မဟုတ် နှစ်သစ်ကူးချိန်သည် အလွန်ထူးခြားသည်ဟု တွေးမိသောအခါ မည်မျှ တကွဲတပြား ဖြစ်နေပါသနည်း။ ဘာကထူးခြားစေပါသနည်း။ လူတို့က ထူးခြားသည်ဟု သတ်မှတ်ထားခြင်းသာ ဖြစ်ပါသည်။ ဇန်နဝါရီလ ၁ ရက်နေ့သည် ဘာမှထူးထူးခြားခြား မဟုတ်ပါ။ ရက်စွဲသည် အာကာသထဲမှ တစ်ခုခုနှင့် မသက်ဆိုင်ပါ။ ကမ္ဘာသည် နေကို လှည့်ပတ်နေပြီး “အင်း၊ ဒါက နှစ်တစ်နှစ်ရဲ့ ပထမဆုံးနေ့ပဲ” ဟူ၍ အစသတ်မှတ်၍ မရနိုင်ပါ။ ပထမဆုံး ဆိုသည်မှာ မရှိပါ။ ထို့ကြောင့်လည်း ယဉ်ကျေးမှုတိုင်းတွင် ကိုယ်ပိုင် နှစ်သစ်ကူးနေ့များ ရှိနေပါသည်။ ထိုအတွက် ဘာမှမထူးခြားပါ။ နှစ်သစ်ကူးပွဲတော် ကျင်းပသည့် ယဉ်ကျေးမှုတစ်ခုတွင် သင်နေထိုင်ပါက ယင်းကို ငြီးငြူပြီး မိုက်မဲသည်ဟု တွေးနေစရာ မလိုပါ။ သို့သော် အလွန်အမင်း စိတ်လှုပ်ရှားပြီး ပုံကြီးမချဲ့မိရန်လည်း လိုအပ်ပါသည်။

ဤသို့လျှင် အယူအဆဆိုင်ရာ အတွေးက စိတ်၏အကန့်များ၊ အမျိုးအစားများ၊ သတ်မှတ်ချက် လက္ခဏာများဖြင့် အလုပ်လုပ်သည့် အခြေခံ သဘောသဘာဝကို နားလည်လာသောအခါ အသုံးဝင်ချိန်တွင် ယင်းတို့ကို အသုံးချပြီး အသုံးမဝင်ပါက ဖယ်ခွာထားနိုင်ပါသည်။

နောက်ဆုံးတွင် ကျွန်ုပ်တို့၏ သဘောထားများ တိုးတက်ပြောင်းလဲရန်အတွက် စိတ်ဓာတ်စေ့ဆော်မှုအနည်းငယ်နှင့် သည်းခံမှုများစွာ လိုအပ်ပါသည်။ အပြောင်းအလဲနှင့် ရင်းနှီးအောင် အထပ်ထပ် လေ့ကျင့်သောအခါ နေ့စဉ်ဘဝတွင် ပို၍သဘာဝကျကျ ဖြစ်လာပါသည်။ မပျော်ရွှင်သောအခါ ကျွန်ုပ်တို့ ဆောင်ရွက်ရမည်မှာ “အင်း၊ ငါ၊ ငါ၊ ငါဆိုပြီး တွေးနေမိပါလား” ဟု မိမိကိုယ်ကို သတိပေးရန် ဖြစ်ပါသည်။

စိတ်သဘောထား လေ့ကျင့်ခြင်းသည် ရှည်ကြာသော လုပ်ငန်းတစ်ခုဖြစ်သော်လည်း ထိုသို့ကြိုးစားအားထုတ်ရသည်မှာ ထိုက်တန်ပါသည်။

အကျဉ်းချုပ်

ကျွန်ုပ်တို့သည် ပိုကောင်းပြီး ပိုမိုပျော်ရွှင်သော အနာဂတ်ကို လိုချင်သည်ဆိုသည့် တစ်ခုတည်းသော ရည်မှန်းချက်ဖြင့် မနက်တိုင်း နိုးထပါသည်။ “ငါ” သည် စကြဝဠာ၏ အလယ်ဗဟိုဖြစ်သည်ဟု တွေးရာတွင်လည်း ကျွန်ုပ်တို့အားလုံး တူညီကြပါသည်။ ထိုအချက်ကြောင့် မဖော်ပြနိုင်သော ပြဿနာများ ဖြစ်စေပါသည်။ မိမိကိုယ်ကို တန်ဖိုးထားမှုသည် “ငါ” ကို အလေးထားသည့်အတွက် နှစ်သက်ဖွယ် ကောင်းသည်ဟု ထင်ရသောကြောင့် မပျော်ရွှင်မှုနှင့် နီးကပ်ကာ၊ မိမိလိုချင်သော ပျော်ရွှင်မှုနှင့် ဝေးကွာလာပါသည်။ အရာရာ အမှန်တကယ် တည်ရှိပုံဆိုသည့် အမှန်တရားကို နားလည်သောအခါ ဤအရာအားလုံး ပြောင်းပြန် ဖြစ်သွားပါသည်။ ဘဝသည် အတက်အကျ ရှိပါသည်။ အမြဲလည်း ရှိနေပါလိမ့်မည်။ ယင်းကို ထိန်းချုပ်၍မရပါ။ သို့သော် အခိုက်အတန့်တိုင်းတွင် မိမိတွေ့ကြုံရသော အရာများကို တုံ့ပြန်ပုံဆိုသည့် မိမိသဘောထားကိုတော့ ထိန်းချုပ်နိုင်ပါသည်။ ကျွန်ုပ်တို့သည် အလေ့အကျင့် ရှိလာပါက မိမိဘဝကို ပျော်ရွှင်သောဘဝများအဖြစ်သို့ ပြောင်းလဲကာ ပြင်ပအခြေအနေများ မည်သို့ရှိစေကာမူ မိမိနှင့် အခြားသူများကို အမှန်ပင် အလေးထားလာနိုင်ပါတော့သည်။

Top