“စိတ်ကိုလေ့ကျင့်ခြင်း” ဆိုသည်မှာ လူ သို့မဟုတ် အခြေအနေတစ်ခုအပေါ် ကျွန်ုပ်တို့ သဘောထားပုံကို ပြောင်းလဲရန် နည်းစနစ်များ ဖြစ်ပါသည်။ သို့သော် “စိတ်ကိုလေ့ကျင့်ခြင်း” သည် စူးစိုက်မှုနှင့် မှတ်ဉာဏ်ကို လေ့ကျင့်ခြင်း ပါဝင်သလို ထင်ရသည့်အတွက် ဝေါဟာရနှင့် ပတ်သက်၍ သတိထားဖို့ လိုပါသည်။ ထိုသို့လေ့ကျင့်ခြင်းအကြောင်း ပြောနေသည် မဟုတ်ပါ။ စိတ်ကိုလေ့ကျင့်ခြင်းကို တိဘက်ဝေါဟာတွင် လို-ယုန် ဆိုရာတွင် လို ဆိုသည်မှာ “စိတ်” ကိုသာပြောခြင်း မဟုတ်ပါ။ ထိုစကားလုံးတွင် “သဘောထား” ဆိုသည့်သဘော ပိုမိုပါဝင်ပါသည်။ တိဘက်ဘာသာဖြင့် ယုန် ဆိုသည့် “လေ့ကျင့်ခြင်း” စကားလုံးတွင် အဓိပ္ပာယ် နှစ်မျိုးရှိပြီး အပျက်သဘောထားများ သန့်ရှင်းသွားအောင် “သန့်ရှင်းခြင်း” နှင့် ပိုပြီးအပြုသဘောဆောင်သော သဘောထားများ လေ့ကျင့်ရန် “လေ့ကျင့်ခြင်း” တို့ ပါဝင်ပါသည်။ ထို့ကြောင့် စိတ်ကိုလေ့ကျင့်ခြင်းဆိုသည်မှာ “သဘောထားကို လေ့ကျင့်ခြင်း” ဟုနားလည်လျှင် တစ်ခါတစ်ရံ ပိုမိုရှင်းလင်းသွားနိုင်ပါသည်။
ရှင်းလင်းရမည့် အဓိက အပျက်သဘောထားမှာ မိမိကိုယ်ကို တန်ဖိုးထားမှု သဘောထားဖြစ်ပြီး အတ္တဗဟိုပြုခြင်းနှင့် မိမိအတွက်သာတွေးသည့် တစ်ကိုယ်ကောင်းဆန်ခြင်းတို့ ပါဝင်ပါသည်။ အပြုသဘောထားဖြစ်အောင် လေ့ကျင့်ရမည်မှာ အခြားသူများကို တန်ဖိုးထားသည့် သဘောထားဖြစ်ပြီး ထိုအထဲတွင် အခြားသူများ သာယာဝပြောရေးကို မေတ္တာ၊ ကရုဏာဖြင့် အဓိကတွေးပေးခြင်း ပါဝင်ပါသည်။ စိတ်ကိုလေ့ကျင့်ခြင်း နည်းစနစ်အားလုံးတွင် အသုံးပြုသောနည်းသည် ဗုဒ္ဓမြတ်စွာ၏ “သစ္စာလေးပါး” ဆိုသည့် ယေဘုယျချဉ်းကပ်မှုနှင့် ကိုက်ညီမှုရှိပါသည်။
သစ္စာလေးပါး
ကျွန်ုပ်တို့ဘဝတွင် ပြဿနာများ မည်ကဲ့သို့ ကျော်လွှားရမည်ကို ဗုဒ္ဓမြတ်စွာက အလွန်လက်တွေ့ကျသော အဆင့်မှ ဟောကြားခဲ့ပါသည်။ တကယ်တော့ ဘုရားရှင် ဟောကြားခဲ့သမျှသည် ဤရည်ရွယ်ချက်အတွက် ဖြစ်ပါသည်။ ကျွန်ုပ်တို့အားလုံးတွင် ပြဿနာအမျိုးအစားနှင့် အကြီးအသေး အမျိုးမျိုး ရှိကြပါသည်။ အချို့မှာ ကြမ်းတမ်းပြီး အလွန်နာကျင်ရပါသည်။ ယင်းတို့ကြောင့် ကိုယ်ရောစိတ်ပါ အလွန်နာကျင်ရသည်။ အချို့မှာ အနည်းငယ် သိမ်မွေ့သော်လည်း အလွန်နာကျင်မှုကတော့ ရှိပါသည်။ ဥပမာအားဖြင့် ကျွန်ုပ်တို့သည် ဘဝတွင် ပျော်ရွှင်ခံစားသောအရာ များစွာ ရှိသော်လည်း အပြည့်အဝ ကျေနပ်မှု မရှိသည့်အတွက် စိတ်ပျက်ကြရပါသည်။ ယင်းတို့သည် ထာဝရမတည်မြဲသလို ပြောင်းလဲမှု ရှိပါသည်။ ကျွန်ုပ်တို့ဘဝတွင် အကြောင်းကိစ္စများက လုံးဝမတည်ငြိမ်ပါ။ အတက်အကျ ရှိပါသည်။ တစ်ခါတစ်ရံ အဆင်ပြေသော်လည်း တစ်ခါတစ်ရံ အဆင်မပြေပါ။ အမှန်တကယ် မတည်ငြိမ်သောအရာမှာ ကျွန်ုပ်တို့၏ ခံစားရပုံ ဖြစ်ပါသည်။ တစ်ခါတစ်ရံ ပျော်ရွှင်ပြီး တစ်ခါတစ်ရံ မပျော်ရွှင်ပါ။ တစ်ခါတစ်ရံ ဘာမှမခံစားရသလို ရှိပြီး ခဏကြာလျှင် ဘယ်လိုခံစားရဦးမည်ကို မသိနိုင်ပါ။ မိမိနှင့် အတူရှိနေသူများ၊ မိမိ ဆောင်ရွက်နေသောအရာများနှင့် သက်ဆိုင်ခြင်း သိပ်မရှိသလိုပင် ရုတ်တရက်ကြီး စိတ်အပြောင်းအလဲ ဖြစ်တတ်ပါသည်။
ကျွန်ုပ်တို့အားလုံးတွင် စိတ်ခံစားချက်ဆိုင်ရာ ပြဿနာများလည်း ရှိပါသည်။ ယင်းတို့ကြောင့် ဘဝတွင် ပြဿနာအမျိုးမျိုး ဖြစ်လာပါသည်။ အလွန်စိတ်ရှုပ်စရာကောင်းသည်မှာ ယင်းတို့သည် အထပ်ထပ်ပြန်ဖြစ်နေသလို ရှိပါသည်။ တစ်ခါတစ်ရံ အခြားသူများထံမှ ရောက်လာသလို ထင်ရသော်လည်း မိမိကိုယ်တိုင်အတွက် ပြဿနာများ ပိုမိုဖန်တီးမိသလို ရှိနေပါသည်။ သို့သော် ပိုပြီးနီးကပ်စွာနှင့် ပိုမိုရိုးသားစွာ လေ့လာပါက ကျွန်ုပ်တို့ ပြဿနာများစွာ၏ အရင်းအမြစ်သည် မိမိကိုယ်တိုင်ဖြစ်ပြီး အတိအကျဆိုရလျှင် ဘဝတွင် ဖြစ်လာသောအရာများအပေါ် မိမိ၏ အတ္တဗဟိုပြု သဘောထားများကြောင့် ဖြစ်သည်ကို တွေ့လာရပါသည်။
ဘုရားရှင်သည် ထိုအချက်အားလုံးကို မြင်ပါသည်။ သူ၏ဘဝတွင်ရော အခြားသူများ၏ ဘဝတွင်ပါ ဤအချက်ကို သိမြင်သဘောပေါက် ပါသည်။ လူတိုင်းသည် ဤအကျပ်အတည်းတွင် ရှိနေသည်ကို မြင်ပါသည်။ ယေဘုယျအားဖြင့် ကျွန်ုပ်တို့အားလုံးမှာ မွေးဖွားခြင်း၊ ကြီးပြင်းခြင်း၊ အို၊ နာ၊ သေခြင်းစသည့် ဘဝ၏ပုံမှန်အဖြစ်အပျက်များဖြင့် အခက်အခဲအားလုံး ရှင်နိုင်ရသလို ထိန်းချုပ်မရသော ခံစားချက်များကလည်း အမြဲတမ်း အတက်အကျ ဖြစ်နေပါသည်။ သို့သော် ဤအရာများကြောင့် ကျွန်ုပ်တို့ ရင်ဆိုင်ရသည့် ပြဿနာများတွင် အကြောင်းရင်းများရှိကြောင်း၊ အလိုလို ပေါ်ထွက်လာခြင်း မဟုတ်ကြောင်း ဗုဒ္ဓမြတ်စွာက ဟောပါသည်။ ယင်းတို့သည် ကျွန်ုပ်တို့ခေါ်ဆိုသည့် ပြင်ပတန်ခိုးရှင် “ဘုရားသခင်” သို့မဟုတ် ပိုပြီးပုဂ္ဂလဓိဋ္ဌာန် မကျအောင် ကံကြမ္မာ ကြိုတင်သတ်မှတ်ထားမှု စသည်ဖြင့် ပြင်ပတန်ခိုးရှင်အချို့က ကျွန်ုပ်တို့ထံ ပို့လိုက်ခြင်း မဟုတ်ပါ။ ယင်းမှာ ကျွန်ုပ်တို့ ပြဿနာများ၏ တကယ့်အကြောင်းရင်း မဟုတ်ပါ။
ကျွန်ုပ်တို့ ပြဿနာများ၏ စစ်မှန်သော အကြောင်းရင်းသည် ကိုယ်တွင်းမှာ ဖြစ်ပါသည်။ ကိုယ်တွင်းမှာဟု ပြောသောအခါ ကျွန်ုပ်တို့သည် ပင်ကိုက ဆိုးသွမ်းပြီး အပြစ်ရှိသည်ဟု မဆိုလိုပါ။ သင်သည် မွေးကတည်းက အပြစ်ဖြင့် ဆိုးရွားစွာ မွေးလာသည်ဟု ဘုရားရှင်က မဆိုထားပါ။ ကျွန်ုပ်တို့ ပြဿနာများ၏ ရင်းမြစ်သည် အမှန်တရားအပေါ် ကျွန်ုပ်တို့၏ ရှုပ်ထွေးမှုဖြစ်သည်ဟု ဟောကြားထားပါသည်။ ဤသို့ဆိုသဖြင့် ကျွန်ုပ်တို့သည် မိုက်မဲသည်ဟု မဆိုလိုသော်လည်း ကျွန်ုပ်တို့ နေ့စဉ်ကြုံတွေ့ရသော အရာများသည် အမှန်တရားနှင့် မဆိုင်သည့် မဖြစ်နိုင်သောနည်းလမ်းများဖြင့် တည်ရှိနေသယောင် ထင်ရခြင်း ဖြစ်ပါသည်။ မိမိနှင့် အခြားသူများကို ရှုမြင်ပုံနှင့် ပတ်သက်လျှင် အထူးသဖြင့် ထိုအတိုင်းဖြစ်နေပါသည်။ ထိုအခါ မိမိနှင့် အခြားသူများအပေါ် မိမိ၏သဘောထားကို ပုံဖော်လာပါသည်။ ကျွန်ုပ်တို့၏ အတ္တဗဟိုပြုမှုနှင့် မိမိကိုယ်ကို တန်ဖိုးထားမှုကြောင့် ကျွန်ုပ်တို့သည် အရေးအကြီးဆုံးပုဂ္ဂိုလ်ဟု ထင်နေရပြီး မိမိနှစ်သက်သလို အရာရာအမြဲတမ်း ဖြစ်နေသင့်ကြောင်း၊ အခြားသူများ ကြုံတွေ့ရသည်မှာ လုံးဝအရေးမကြီးကြောင်း ထင်ရပါသည်။ အခြားသူများ ခံစားချက်သည် အရေးမပါသလို ရှိလည်းမရှိကြောင်း ထင်နေရပါသည်။ ကျွန်ုပ်တို့ ကြုံတွေ့ရသမျှသည် ကျွန်ုပ်တို့၏ မှန်းဆချက်နှင့် လက်တွေ့မကျသော မျှော်မှန်းချက်များပေါ်တွင် မူတည်နေပြီး ကြုံရသည့် လက်တွေ့ အခြေအနေများပေါ်တွင် အမှန်တကယ် အခြေမခံသည်ကို ကြည့်ပါက ထိုအချက်ကို နားလည်နိုင်မည် ထင်ပါသည်။
သို့သော် ဗုဒ္ဓမြတ်စွာက ဤအခြေအနေကို အဆုံးသတ်ရန်၊ ဤပြဿနာများ နောက်ထပ်တစ်ဖန် ထပ်မဖြစ်အောင် ဤပြဿနာများကို ရပ်တန့်ရန် ဖြစ်နိုင်သည်ဟု ဆိုပါသည်။ ကျွန်ုပ်တို့သည် ဤပြဿနာများကို ထာဝရ ခံစားနေတော့မည်ဟု မဆိုလိုပါ။ တစ်ခုတည်းသော ဖြေရှင်းမှုမှာ မိမိပြဿနာများမှ နာကျင်မှု ရပ်တန့်ပြီး ခဏတော့ လွတ်မြောက်ပြီဟု အနည်းဆုံး ခံစားမိရန် မူးယစ်ဆေး၊ အရက်တို့ဖြင့် ဖြေရှင်းရမည်ဟုလည်း မဆိုလိုပါ။ ထို့ပြင် ကျွန်ုပ်တို့သည် မိမိပြဿနာများ ပြေလည်သွားမည် အထင်နှင့် ဘာကိုမှမတွေးဘဲ တရားရှုမှတ်ရန်လည်း မဟုတ်ပါ။ ဤဖြေရှင်းမှုများမှာ ယာယီသာ ဖြစ်ပြီး ကျွန်ုပ်တို့ပြဿနာများကို အမှန်တကယ် လုံးဝမဖယ်ရှားပေးပါ။ ကျွန်ုပ်တို့ ပြဿနာများကို ဖယ်ရှားလိုပါက ဤပြဿနာများ၏ အကြောင်းရင်းကို ဖယ်ရှားဖို့လိုပါသည်။ ကျွန်ုပ်တို့၏ ရှုပ်ထွေးမှုကို ဖယ်ရှားရပါမည်။ ရှုပ်ထွေးမှုကို မှန်ကန်သော နားလည်မှုဖြင့် အစားထိုးရန် လိုပါသည်။ အားလုံးသည် ပျော်ရွှင်လိုပြီး မည်သူမျှ ဝမ်းမနည်းလိုခြင်းနှင့် မည်သူမျှ ပျော်ရွှင်ရန်အတွက် အခြားသူများထက် အခွင့်အရေး ပိုမရခြင်းတွင် ကျွန်ုပ်တို့အားလုံး အတူတူဖြစ်ပါသည်။ ထို့ပြင် ကျွန်ုပ်တို့သည် တစ်ဦးတည်းသာဖြစ်ပြီး အခြားသူများမှာ မရေမတွက်နိုင်ပါ။ ဤအမှန်တရားကိုမြင်ပြီး မိမိသဘောထားကို အလိုက်အထိုက် ပြောင်းလဲနိုင်ပါက ကျွန်ုပ်တို့၏ နားလည်သဘောပေါက်မှုများ တဖြည်းဖြည်း နက်ရှိုင်းလာပြီး ကျွန်ုပ်တို့၏ စိတ်ခံစားချက် အခြေအနေများလည်း ပြောင်းလဲလာပါမည်။
စိတ်ကိုလေ့ကျင့်ခြင်း
ကျွန်ုပ်တို့၏ စိတ်ကူးယဉ် မှန်းဆသည့်ကမ္ဘာတွင် များစွာရှင်သန်ခဲ့သည့်အတွက် ကျွန်ုပ်တို့၏ ရှုပ်ထွေးမှုသည် အရာရာအပေါ် ကျွန်ုပ်တို့ ကြုံတွေ့ရမှုအပေါ် သဘောထားများကို ပုံဖော်ပါသည်။ မိမိကိုယ်ကို တန်ဖိုးထားသော သဘောထားဖြင့် ကျွန်ုပ်တို့သည် မိမိတွင် ဖြစ်လာသမျှကို အတ္တဗဟိုပြုနည်းများဖြင့် သဘောထားပြီး ထိုအခါ မိမိနှင့်အခြားသူများအတွက် နောက်ထပ် မပျော်ရွှင်မှုနှင့် ပြဿနာများ ဖန်တီးမိပါသည်။ သဘောထား ပြောင်းလဲလိုက်လျှင်မူ ကျွန်ုပ်တို့၏ ဘဝအဖြစ်အပျက်များကို ကြုံတွေ့မှုသည် တဖြည်းဖြည်း ပြောင်းလဲလာပါသည်။
ဥပမာအားဖြင့် လေဆိပ်တွင် လေယာဉ်ခရီးစဉ် နောက်ကျသည်ကို ပုဂ္ဂိုလ်ရေး အခက်အခဲတစ်ခုဟု သဘောထားမည့်အစား ယခုအခါ ထိုခရီးစဉ်အတွက် မိမိနှင့် အခြားသူများသည် ဧည့်ခန်းမဆောင်တွင် အချိန်ပိုရပြီ ဆိုသည့် အမှန်တရားကို မြင်လာနိုင်ပါသည်။ ထို့နောက် အခြေအနေအပေါ် သဘောထားပုံကို ပြောင်းလဲနိုင်ပါသည်။ နောက်ကျမှုနှင့် ပတ်သက်၍ အခြားသူများဖြေရှင်းပုံကို ယခုအခါ အလေးထားသည့် သဘောထားဖြင့် ခရီးသွားဖော် တစ်ယောက်နှင့် စကားစမြည် ပြောခွင့်ရသည်ဟု မြင်နိုင်ပါသည်။ ဝမ်းမနည်းဘဲ ရွှင်ပျစွာဖြင့် ထိုသူကို စိတ်မပျက်ရန် တည်ငြိမ်အောင် ကူညီနိုင်ပါသည်။ ကျွန်ုပ်တို့သည် ကာယလေ့ကျင့်ခန်းဖြင့် မိမိခန္ဓာကိုယ်ကို ပိုပြီးကြံ့ခိုင်၊ ပိုပြီး ခံနိုင်ရည်ရှိအောင် လေ့ကျင့်ပေးနိုင်ပါသည်။ ထို့အတူ တရားရှုမှတ်ခြင်းဖြင့် မိမိစိတ်နှင့် သဘောထားများကို ပိုပြီးကြံ့ခိုင်၊ ပိုပြီး အပြုသဘောဆန်အောင်၊ အနှောင့်အယှက်ဖြစ်နိုင်သည့် အခြေအနေများအတွက် ဝမ်းနည်းခံစားမနေဘဲ ပိုပြီးခံနိုင်ရည်ရှိအောင် လေ့ကျင့်ပေးနိုင်ပါသည်။
စိတ်ခံစားချက် ခွန်အား ရရှိခြင်း
ကျွန်ုပ်တို့သည် တစ်ခါတစ်ရံ မိမိပြဿနာများကို နားလည်နိုင်ပါသည်။ ကျွန်ုပ်တို့စိတ်သည် မိမိအကြောင်းသာ တွေးပြီး တင်းကျပ်ကျဉ်းမြောင်းနေသည့်အတွက် ဝမ်းနည်းသော စိတ်ခံစားချက်မျိုး ဖြစ်နေသည်ကို နားလည်သော်လည်း ယင်းမှာ ကျွန်ုပ်တို့၏ စိတ်ခံစားချက်များကို ပြောင်းလဲပေးနိုင်ပုံမရပါ။ ကျွန်ုပ်တို့၏ နားလည်မှုသည် ကျွန်ုပ်တို့ ခံစားနေရသည်ကို အမှန်တကယ် သက်ရောက်မှုမရှိကြောင်း ခံစားရပါသည်။ သို့သော် ဤနေရာတွင် ပြဿနာရှိသည်မှာ နားလည်မှုသည် တကယ့်လေးလေးနက်နက် မဟုတ်ပါ။ လေးနက်မှု မရှိရုံသာမက မိမိတို့သဘောထားများ ပြောင်းလဲအောင် အချိန်ကာလတစ်ခုအထိ “စိမ့်ဝင်” ပြီး ကြာမြင့်ခြင်းလည်း မရှိပါ။
၎င်းကိုဖော်ပြရန် ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို နမူနာအနေနှင့် ထပ်ကြည့်ကြပါစို့။ ကျွန်ုပ်တို့သည် ကိုယ်ကာယ အားနည်းမောပန်းကာ အမြဲလေးလံနေသည့်အတွက် အားကစားရုံ သို့မဟုတ် အားကစားအသင်းကို စတင်ဝင်ရောက်ပြီး ပုံမှန်အားကစားလှုပ်ရှားလာသည် ဆိုပါစို့။ အားကစား လှုပ်ရှားမှု စတင်သည်နှင့် ကျွန်ုပ်တို့၏ ရုပ်ပိုင်းဆိုင်ရာ ခံစားနေရသည်ကို ချက်ချင်းမပြောင်းလဲသွားပါ။ အချိန်အတော် ယူပါသည်။ မိမိကျန်းမာရေးအပေါ် သက်ရောက်မှု ရှိသည်ဟု စတင်ခံစားရဖို့အတွက် လပေါင်းများစွာ ကြာလေ့ရှိပါသည်။ သို့သော် ပိုမိုကြာမြင့်စွာ အားကစား လှုပ်ရှားသည်နှင့်အမျှ မိမိဘဝ၏ ပုံမှန်အစိတ်အပိုင်းတစ်ခု ဖြစ်လာကာ မကြာမီမှာပင် ခံစားချက် စတင်ကောင်းမွန်ခြင်း ဆိုသည့် ကျွန်ုပ်တို့၏ ခံစားချက်အပေါ် အမှန်ပင် ပြောင်းလဲလာပါသည်။ မိမိကိုယ်ကို စိတ်ကြည်လင်လာပြီး အခြားသူများနှင့် ဆက်ဆံရေးတွင်လည်း စိတ်ခံစားချက် ပိုမိုကောင်းမွန်လာပါသည်။
မိမိ၏စိတ်၊ စိတ်ခံစားချက်နှင့် သဘောထားများတွင် ဖြစ်နေသောအရာကို အနည်းငယ် နားလည်လာသောအခါတွင်လည်း အလားတူ ဖြစ်နိုင်ပါသည်။ ပိုမိုကြာမြင့်စွာ နားလည်မှုရှိပြီး ထိုအတွက် မိမိကိုယ်ကို ပိုမိုကြာမြင့်စွာ သတိပေးနိုင်လေ မိမိ၏ နားလည်မှုက ပိုမိုနက်ရှိုင်းလေ ဖြစ်ပါသည်။ ထို့နောက် စိတ်ခံစားချက် အပြောင်းအလဲသည် ချက်ချင်း မဖြစ်သည့်တိုင် ကျွန်ုပ်တို့သည် သဘောထားများ ပြောင်းလဲလာသည်နှင့်အမျှ စိတ်ခံစားချက်မျှတမှုနှင့် ခွန်အားကို စတင်ရရှိလာပါသည်။
မိမိကိုယ်ကို ပြုပြင်ရန် စိတ်ဓာတ်စေ့ဆော်မှု အဆင့်ဆင့်
အားကစားအသင်းကို သွားသည်မှာ ကိုယ်တိုင်စည်းကမ်းလိုက်နာဖို့ လိုအပင်သည်သာမက မမေ့မလျော့ သွားရမည် ဆိုသည့် သတိရှိဖို့လည်း လိုပါသည်။ ဤအချက်များ၏ နောက်ကွယ်တွင် “အလေးထားသော သဘောထား” ဆိုသည့်အရာ ရှိပါသည်။ ကျွန်ုပ်တို့သည် မိမိကိုယ်ကို အလေးထားသည်။ မိမိရုပ်အဆင်း၊ ခံစားရပုံ စသည်တို့ကို အလေးထားပါသည်။ မိမိကိုယ်ကို အလေးထားပြီး လေးစားရာတွင် မိမိသည် ပျော်ရွှင်ပြီး စိတ်ချမ်းသာရန် “အခွင့်အရေး” ရှိသည့်အလား ယူဆပါသည်။ ထို့အတူ မိမိကိုယ်ကို နားလည်မှု၊ မိမိစိတ်ခံစားချက်များ ဖြစ်ပေါ်ပုံကို နားလည်မှုတို့နှင့် ပတ်သက်လျှင်လည်း ထိုအတိုင်း ဖြစ်ပါသည်။ ယင်းတို့သည်လည်း မိမိကိုယ်ကိုနှင့် မိမိခံစားချက်များကို အလေးထားမှု အပေါ်တွင် တည်မှီနေပြီး စိတ်ခံစားချက် ပိုမိုကောင်းမွန်ရန် အခွင့်အရေးလည်း ရှိပါသည်။
ဤသို့ မိမိကိုယ်ကို အလေးထားသော သဘောထားသည် မိမိကိုယ်ကို တန်ဖိုးထားသည့် သဘောထားနှင့် အလွန် ခြားနားပါသည်။ မိမိကိုယ်ကို တန်ဖိုးထားသည်မှာ မိမိအတွက်သာတွေးပြီး အခြားသူများကောင်းကျိုးကို လျစ်လျူရှုပါသည်။ မိမိသဘောထားနှင့် အပြုအမူတို့က မိမိနှင့် ဆက်ဆံသည့် သို့မဟုတ် ဆုံစည်းမိသည့် အခြားသူများအပေါ် မည်သို့သက်ရောက်မည်ကို အလေးမထားတော့ပါ။ တစ်ဖက်တွင်မူ အလေးထားသော သဘောထား ရှိပါက ဘဝတွင် ကျွန်ုပ်တို့၏ မပျော်ရွှင်မှုနှင့် ပြဿနာများသည် မိမိ၏ အတ္တဗဟိုပြုမှုနှင့် တစ်ကိုယ်ကောင်းဆန်သော သဘောထားတို့မှ ပေါ်ထွက်လာသည်ကို သဘောပေါက်လာပါသည်။ အကြောင်းမှာ ကျွန်ုပ်တို့သည် ပျော်ရွှင်လိုပြီး ဤအခြေအနေအတွက် တစ်ခုခုဆောင်ရွက်လိုသည့် အနေအထားအထိ မိမိကိုယ်ကို အလေးထားပါသည်။ မိမိသဘောထားနှင့် အပြုအမူများကို ပြောင်းလဲရန်လည်း ကိုယ်တိုင် ကြိုးစားလာကာ မိမိရရှိအောင် လေ့ကျင့်နေသောအရာကို ကျင့်ကြံနေမှုထဲသို့ နောင်တွင် ကြိုးစား ပေါင်းထည့်ရန် သတိရှိလာပါမည်။
ယခုအခါ ဤနည်းဖြင့် မိမိကိုယ်ကို ပြုပြင်ရန် စိတ်ဓာတ်စေ့ဆော်မှု အဆင့်များစွာ ရှိပါသည်။ စိတ်ဓာတ်စေ့ဆော်မှု ဆိုသည့်အရာကို လေ့လာဆန်းစစ်ရာတွင် မိမိကိုယ်ကို ပြုပြင်မှု၏ ရည်မှန်းချက်နှင့် ထိုရည်မှန်းချက်ဆီ တွန်းပို့သော စိတ်ခံစားချက်တွန်းအားတို့ကို ပြောခြင်း ဖြစ်ပါသည်။ ကျွန်ုပ်တို့၏ ကျင့်ကြံမှုလမ်းကြောင်း အဆင့်မြင့်လာသောအခါ စိတ်ဓာတ်စေ့ဆော်မှု အဆင့်များစွာရှိကြောင်း ဗုဒ္ဓဘာသာ တရားတော်များတွင် ဖော်ပြထားပါသည်။ မိမိ၏ ဘဝအရည်အသွေး တိုးတက်ကောင်းမွန်အောင် ကြိုးစားရန် ထိုသို့အားထုတ်နိုင်ပါသည်။ အကြောင်းမှာ ဘဝအရည်အသွေးက ယခုစိတ်ကျေနပ်ဖွယ် မရှိဘဲ ထိုစိတ်ကျေနပ်ဖွယ် မရှိမှုကို ရပ်တန့်လိုသည်သာမက ပိုဆိုးမသွားအောင် ပြုလုပ်နိုင်လျှင်လည်း အလွန်ကောင်းပါသည်။ တကယ်တော့ ထိုအခြေအနေ ပိုမိုတိုးတက်လာပါက ပိုကောင်းပါသည်။ ကျွန်ုပ်တို့သည် အမှန်ပင် စိတ်မကျေနပ်ဘဲ စိတ်ကုန်လာကာ ထိုအတွက် တစ်ခုခုဆောင်ရွက်လိုသည့် အဆင့်အထိ ရောက်လာပါသည်။
ပိုပြီးအဆင့်မြင့်လာပါက ကျွန်ုပ်တို့သည် ယခုဘဝအနေနှင့်သာ တွေးခြင်းမဟုတ်တော့ဘဲ နောင်ဘဝများအတွက်ပါ တွေးလာနိုင်ပါသည်။ နောင်ဘဝများတွင်လည်း အရာရာ ပိုဆိုးမသွားစေလိုပါ။ ယခုဘဝတွင် အရာရာ ပိုမိုတိုးတက် စေလိုသည့် စိတ်ခံစားချက် အင်အားကပင် ပိုမိုရှည်ကြာသော ကာလအတွက် ရည်မှန်းပြီး တွန်းအားပေးပါသည်။ ထိုနှစ်ဆင့် အကြားတွင် အလယ်အလတ်အဆင့်ကိုလည်း ထားရှိနိုင်ပါသည်။ ယင်းမှာ မိမိ၏ မိသားစုတွင်လည်းကောင်း၊ အကြောင်းကိစ္စများကို ကျွန်ုပ်တို့၏ ဖြေရှင်းမှုတွင်လည်းကောင်း ပြဿနာများက နောင်မျိုးဆက်များအထိ သယ်ဆောင်မသွားမိရန် တွေးခြင်းဖြစ်ပါသည်။
အနာဂတ်ဘဝများအတွက် တွေးမိသည့်နောက်တွင် ကျွန်ုပ်တို့သည် စိတ်မကျေနပ်ဖွယ် ပြန်လည်မွေးဖွားမှု သံသရာတစ်ခုလုံးမှ လွတ်မြောက်ရန်အတွက် စိတ်ဓာတ်စေ့ဆော်မှု ထားရှိနိုင်ပါသည်။ သို့မဟုတ် ကရုဏာထားရှိခြင်းဖြင့် အားလုံးကို ဤပြဿနာအဆင့်ဆင့် ကျော်လွှားနိုင်အောင် ကူညီမည့်အနေနှင့် တွေးကြည့်နိုင်ပါသည်။ ထိုသို့ဆောင်ရွက်ပါက ကျွန်ုပ်တို့သည် ဘုရားဖြစ်ရန် အားထုတ်ကြိုးစားခြင်း ဖြစ်ပါသည်။
ဤသို့ပိုအဆင့်မြင့်သော စိတ်ဓာတ်စေ့ဆော်မှု အဆင့်များသို့ အမှန်တကယ် ရောက်ရှိရန် လေ့ကျင့်မှုများစွာ လိုအပ်ပါသည်။ မည်သို့ဆိုစေ၊ ကျွန်ုပ်တို့သည် မည်သည့်အဆင့်တွင် ရှိနေသည်ဖြစ်စေ၊ ဘုရားရှင်၏ တရားတော်များ ထဲတွင် အထောက်အကူပြုမည့် နည်းလမ်းများစွာ တွေ့နိုင်ပါသည်။ ဥပမာပြရလျှင် ယခုဘဝအတွက်သာ တွေးပါက မိမိအတွက် စဉ်းစားမှုများနှင့် မိမိပြဿနာများ ကျော်လွှားရန်သာမကဘဲ အခြားသူများအတွက်လည်း ကရုဏာဖြင့် တွေးလာနိုင်ပါသည်။ တစ်နည်းဆိုသော် ကျွန်ုပ်တို့၏ ပြဿနာများက ဒုက္ခပေးပြီး နားကျင်စေသည့် အတွက်သာမက ယင်းတို့သည် ကျွန်ုပ်တို့က အခြားသူများအား မကူညီနိုင်အောင် တားဆီးသည့်အတွက်လည်း ယင်းတို့ကို ကျော်လွှားရန် ရည်မှန်းခြင်း ဖြစ်ပါသည်။ ဤသည်မှာ စိတ်ကိုလေ့ကျင့်ခြင်းဖြင့် မိမိကိုယ်ကို ပြောင်းလဲခြင်း ဖြစ်ပါသည်။
ဥပမာအားဖြင့် ကျွန်ုပ်တို့သည် အရက်သမားတစ်ယောက်လို စဉ်းစားကြည့်ပါ။ ရှုထောင့်တစ်ခုအရ အရက်စွဲမှုသည် မိမိအတွက်၊ မိမိကျန်းမာရေးအတွက်၊ ယေဘုယျအားဖြင့် အရာရာအတွက် ပျက်စီးစေသောကြောင့် ယင်းကိုကျော်လွှားရန် စိတ်ဓာတ်စေ့ဆော်နိုင်ပါသည်။ မနက်ခင်းတွင် အရက်နာကျသောအခါ စိတ်ပျက်မိစေပါသည်။ သို့သော် မိမိ၏ မိသားစုအတွက် စဉ်းစားပါက ပို၍ပင် စိတ်ဓာတ်စေ့ဆော်နိုင်ပါသည်။ ဥပမာအနေနှင့် ပြရလျှင် မိမိသည် အရက်သောက်မှုကြောင့် မိဘကောင်းတစ်ယောက် မဖြစ်နိုင်သည်ကို တွေးနိုင်သလို အရက်မူးပြီး တစ်ခါတစ်ရံ ရူးနှမ်းစွာ ပြုမူသောအခါ မိသားစု၊ မိတ်ဆွေများအား အမှန်ပင် ထိခိုက်စေပုံကိုလည်း တွေးနိုင်ပါသည်။ ကျွန်ုပ်တို့၏မိသားစုက ကျွန်ုပ်တို့ကို လိုအပ်ကြောင်း၊ အရက်သမားဖြစ်နေသည့် ပြဿနာကြောင့် ထိုသို့တကယ့် လိုအပ်ချက်ကို အမှန်ပင် မဖြည့်ဆည်းနိုင်အောင် တားဆီးကြောင်း သဘောပေါက်သောအခါ အရက်စွဲမှုကို ကြိုးစားပြီးဖြတ်ရန် ပိုပြီးခွန်အားရလာပါသည်။
ထို့ကြောင့် ယခုဖော်ပြသည့် ဗုဒ္ဓဘာသာ နည်းလမ်းများကို ယခုဘဝ ကောင်းစားရေးအနေနှင့်သာ ကျင့်ကြံပါကလည်း အခြားသူများအတွက် မေတ္တာနှင့် ကရုဏာ ထားရှိရန်မှာ အလွန်အရေးကြီးပါသည်။ ဤနည်းလမ်းများစွာကို မိမိကိုယ်တိုင် ပျော်ရွှင်ရန်အတွက် အသုံးချနိုင်သော်လည်း အခြားသူများကို ပိုမိုကူညီနိုင်အောင် အသုံးချပါက ကျိန်းသေပိုမိုမြင့်မြတ်ကြောင်း အခြားသူများကို တန်ဖိုးထားရန်အတွက် စိတ်ကိုလေ့ကျင့်သော ဤနည်းလမ်းများတွင် အလေးထား ဟောကြားထားပါသည်။
ဘဝလောကဓံရှစ်ပါး (လောကအရေးရှစ်ရပ်)
ကျွန်ုပ်တို့ဘဝတွင် ခက်ခဲသောအခြေအနေ အမျိုးမျိုး ကြုံရပါသည်။ ယင်းတို့သည် နာကျင်စေသည့်အတွက် ခက်ခဲနိုင်ပါသည်။ ရုပ်ပိုင်းဆိုင်ရာအရ နာကျင်စရာ မလိုဘဲ စိတ်နာကျင်မှုလည်း ဖြစ်နိုင်ပါသည်။ ဤသို့ ခက်ခဲသော အခြေအနေများသည် ဥပမာအားဖြင့် ကျွန်ုပ်တို့ကို အနှောင့်အယှက်ပေးသော စိတ်ခံစားချက်များ အခိုင်အမာ ပေါ်ထွက်လာသည့် အကြောင်းရင်း အခြေအနေများအဖြစ် နားလည်နိုင်ပါသည်။ ဤအနှောင့်အယှက်ပေးသော စိတ်ခံစားချက်များသည် တစ်ဖက်တွင် ဒေါသဖြစ်ပြီး အခြားတစ်ဖက်တွင် ပြင်းထန်သော တွယ်တာမှုလည်း ဖြစ်နိုင်ပါသည်။ ကျွန်ုပ်တို့စိတ်တွင် ဒေါသ သို့မဟုတ် ရန်လိုမှု ပြည့်နေသောအခါ သို့မဟုတ် ကြီးစွာသော တွယ်တာမှုနှင့် လိုချင်သောဆန္ဒတို့ ပြည့်နေသောအခါ မည်မျှအဆင်မပြေသည်ကို အားလုံးသိကြပါသည်။
အချို့အခြေအနေများမှာ အထူးသဖြင့် ခက်ခဲပြီး ဗုဒ္ဓဘာသာ၌ “ဘဝလောကဓံရှစ်ပါး” ဆိုသည့် စာရင်းတွင် ဖော်ပြထားပါသည်။ ယင်းတို့ကို တစ်ခါတစ်ရံ “လောကအရေးရှစ်ရပ်” သို့မဟုတ် “လောကီဓမ္မရှစ်ပါး” ဟု ဘာသာပြန်ပါသည်။ ဘဝတွင် ယာယီသာဖြစ်ပေါ်သော အရာများဖြစ်ပြီး မတည်မြဲပါ။ ပြောင်းလဲတတ်ပါသည်။ ယင်းတို့သည် အတွဲလေးခုဖြင့် ဖြစ်ပေါ်ပါသည်-
- ချီးမွမ်းခံရခြင်းနှင့် ကဲ့ရဲ့ခံရခြင်း - ချီးမွမ်းခံရပါက ပျော်ရွှင်ပြီး တွယ်တာပါသည်။ ဝေဖန်ခံရသောအခါ ဝမ်းနည်းဒေါသထွက်လာပါသည်။
- သတင်းကောင်း ကြားရခြင်းနှင့် သတင်းဆိုးကြားရခြင်း - သတင်းကောင်း ကြားရသောအခါ စိတ်လှုပ်ရှားပြီး ယင်းကိုတွယ်တာပါသည်။ အမြဲရှိစေချင်သော်လည်း ထိုသို့လုံးဝ မရှိပါ။ သတင်းဆိုး ကြားသောအခါ ဝမ်းနည်းပြီး တစ်ခါတစ်ရံ စိတ်ဓာတ်ကျကာ ဒေါသထွက်ပါသည်။
- လာဘ်လာဘရခြင်းနှင့် ဆုံးရှုံးခြင်း - ဥပမာအားဖြင့် တစ်ယောက်ယောက်က တစ်ခုခု လက်ဆောင်ပေးခြင်းကဲ့သို့ တစ်ခုခုရရှိသောအခါ ကျွန်ုပ်တို့အားလုံး ပျော်ရွှင်ဝမ်းမြောက်ပြီး “ကောင်းလိုက်တာ” ဟုတွေးပါသည်။ ထို့နောက် တစ်ခုခုဆုံးရှုံးသောအခါ သို့မဟုတ် တစ်ခုခုပေးလိုက်ရသောအခါ သို့မဟုတ် ခွဲခွာရသောအခါ ဝမ်းနည်းကြပါသည်။ အနိုင်နှင့် အရှုံးသည် မိမိဘဝထဲသို့ လူတို့ဝင်ရောက်လာခြင်း အနေနှင့်လည်း ဖြစ်နိုင်ပါသည်။ မိတ်ဆွေ တိုးလာသည် သို့မဟုတ် ချစ်ခင်သူတစ်ယောက် ဆုံးရှုံးသည် သို့မဟုတ် ငွေကြေးအရလည်း ဖြစ်နိုင်ပါသည်။
- အဆင်ပြေခြင်းနှင့် အဆင်မပြေခြင်း - ကျွန်ုပ်တို့သည် စိတ်လှုပ်ရှားကာ တွယ်တာမိခြင်း သို့မဟုတ် စိတ်ဓာတ်ကျပြီး ဒေါသထွက်ခြင်းတို့ ရှိလာပါသည်။
ကျွန်ုပ်တို့၏ အတ္တဗဟိုပြုမှုဖြင့် ဤလောကဓံရှစ်ပါးကြောင့် ဝမ်းနည်းလာပါသည်။ မိမိအတွက်နှင့် မိမိတွင် ဖြစ်သမျှကိုသာ တွေးပြီး “တော်လိုက်တဲ့ငါ” သို့မဟုတ် “သနားစရာငါ” ဟူ၍ ခံစားရပါသည်။
ယာယီတွန်းလှန်သော အားများ အသုံးချခြင်း
ဤလောကဓံ ရှစ်ပါးကြောင့် ပေါ်ထွက်လာသည့် အနှောင့်အယှက်ပေးသော စိတ်ခံစားချက်များကို ကျော်လွှားရန် နည်းလမ်းအမျိုးမျိုးကို ဗုဒ္ဓမြတ်စွာက ဟောကြားထားပါသည်။ ယင်းတို့သည် ကျွန်ုပ်တို့ ကြုံရသောအရာကို အခြားသူများအား တန်ဖိုးထားသည့် ပိုမိုအကျိုးပြုသော သဘောထားဖြင့် ရှုမြင်နိုင်အောင် လေ့ကျင့်ပေးခြင်း ပါဝင်ပါသည်။ ထိုသို့သော နည်းလမ်းတစ်ခုမှာ အခြေအနေတစ်ခုကို ယာယီတန်ပြန်အား တစ်ခုအနေနှင့် ရှုမြင်ခြင်း ဖြစ်သည်။ ယင်းမှာ အနှောင့်အယှက်ပေးသော စိတ်ခံစားချက်များကို ထာဝရ ဖယ်ရှားပေးမည် မဟုတ်သော်လည်း အလွန်အထောက်အကူ ပြုပါသည်။
ဒေါသ၏ ဆန့်ကျင်ဘက် အင်အားဖြစ်သော မေတ္တာ
အရာရာ အဆင်မပြေဘူး ဆိုကြပါစို့။ ဘဝတွင် တစ်ယောက်ယောက်က အလွန်ဆိုးရွားပြီး မနှစ်မြို့ဖွယ် ပုံစံဖြင့် မိမိကို ဆက်ဆံနေပြီး ထိုသူကို အမြဲဒေါသထွက်နေရပါသည်။ မိမိအတွက်သာ တွေးပါက “သူ က ငါ့ ကို ဆက်ဆံပုံကို ငါ မကြိုက်ဘူး” ဟု အစွဲကြီးနေပါသည်။ ဤနေရာတွင် ဒေါသအတွက် ယာယီ ဆန့်ကျင်ဘက်အဖြစ် မေတ္တာကို အသုံးချရပါမည်။ ဤနေရာတွင် “ဒီလူကို ဒေါသမထွက်ပါနဲ့။ ချစ်ခင်ပါ” ဟု အလွန်ရိုးရှင်းစွာ ပြောနေခြင်း မဟုတ်ပါ။ ထိုသို့ပြောင်းလဲရန် ကျွန်ုပ်တို့အများစုအတွက် မဖြစ်နိုင်မှန်း သိသာပါသည်။ သို့သော် တစ်ဖက်လူကို တန်ဖိုးထားမှုတွင် အခြေခံပြီး မိမိစိတ်ခံစားချက် အခြေအနေနှင့် သဘောထားကို ပြောင်းလဲနိုင်အောင် နားလည်သဘောပေါက်ရမည့် နမူနာကောင်းတစ်ခုမှာ ဤသို့ဖြစ်ပါသည်။
ထိုသူသည် မိမိအပေါ် ဆိုးရွားစွာပြုမူပြီး သူတို့ကဘာကြောင့် ထိုသို့ပြုမူပါသလဲ။ တစ်ခုခုက သူတို့ကို နှောင့်ယှက်နေပါသည်။ သင်တို့ဘဝမှာလည်း ထိုပုဂ္ဂိုလ်မျိုး ရှိမှာ သေချာပါသည်။ ဥပမာအားဖြင့် အမြဲ ငြီးတွားနေသူ တစ်ယောက် ဖြစ်သည်။ သူတို့နှင့် အတူရှိတိုင်း တစ်ခုမဟုတ်တစ်ခုကို ငြီးတွားသည့် စကားများ ပြောပါသည်။ သူတို့အကြောင်းကိုသာ အမြဲပြောနေပြီး သူတို့နှင့်အတူရှိရသည်မှာ လုံးဝ “စိတ်ပျက်ဖွယ်” အတွေ့အကြုံ ဖြစ်နေပါသည်။ ယင်းကိုဆန်းစစ်ကြည့်ပါက ထိုသူသည် အလွန်မပျော်ရွှင်သည့်အတွက် ဤသို့ပြုမူသည်မှာ ရှင်းနေပါသည်။ ကျွန်ုပ်တို့၏ သဘောထားကို အကျိုးရှိစွာ ပြောင်းလဲရမည့်နည်းမှာ- “ဒီလူသာ ပျော်ရွှင်မယ်ဆိုရင် အမြဲငြီးတွားနေပြီး ငါ့ကိုစိတ်ပျက်အောင် လုပ်မှာ မဟုတ်တော့ဘူး” ဟု တွေးရန်ဖြစ်ပါသည်။ ဗုဒ္ဓဘာသာတွင် မေတ္တာဆိုသည်မှာ တစ်ဖက်လူကို ပျော်ရွှင်စေရန်နှင့် ပျော်ရွှင်မှု၏ အကြောင်းရင်းများ ရရှိစေရန် ဖြစ်ပါသည်။ ထို့ကြောင့် ထိုသူထွက်သွားကာ မိမိကို မနှောင့်ယှက်အောင် ဆုတောင်းမည့်အစား သူတို့ကို နှောင့်ယှက်နေသောအရာ ပပျောက်ပြီး သူတို့သည် ပျော်ရွှင်ပါစေဟု ဆန္ဒပြုလိုက်ပါက ကျွန်ုပ်တို့သည် ဝမ်းနည်းမှု လျော့သွားပါမည်။ ဤသို့ သဘောထားအပြောင်းအလဲကို တရားရှုမှတ်ရာတွင် လေ့ကျင့်ခြင်းသည် “စိတ်ကိုလေ့ကျင့်ခြင်း” ဖြစ်ပါသည်။
လိင်ပိုင်းဆိုင်ရာ အလှအပအပေါ် စွဲလမ်းမှုကို လျှော့ချခြင်း
ထို့အတူ တစ်ယောက်ယောက်ကို အလွန်စိတ်ဝင်စားနေပါက မိမိ၏စိတ်ကူးကို အသုံးပြုကာ ယာယီဆန့်ကျင်ဘက်အားကို အသုံးချရပါသည်။ အတ္တဗဟိုပြုကာ ထိုသူကို ငါ ၏ သာယာမှုအတွက် ငါ့ အတွက် အသုံးပြုရမည့်အရာတစ်ခုအလား ပြင်ပရုပ်အဆင်းအနေနှင့်သာ တွေးနေမည့်အစား သူတို့၏ ကိုယ်တွင်းမှ အစာအိမ်၊ အူ၊ ဦးနှောက် စသည့်အရာများ မည်သို့ရှိမည်ကို စိတ်ကူးကြည့်နိုင်ပါသည်။ သူတို့ဦးခေါင်းခွံ၏ ဖွဲ့စည်းပုံကို စိတ်ကူးမိအောင် သူတို့မျက်နှာကို ကြည့်လိုက်ပါက အထူးသဖြင့် အထောက်အကူပြုပါသည်။ ထို့ပြင် ဤလူ၏အရေပြားအောက်မှအရာကို ကျွန်ုပ်တို့ စိတ်ကူးကြည့်သည်မှာ အမှန်တရားပင် ဖြစ်ပါသည်။
နောက်ထပ် ထိရောက်သော နည်းလမ်းတစ်ခုမှာ သူတို့ကို ကလေးငယ်အဖြစ် စိတ်ကူးကြည့်ပြီးနောက် သူတို့သည် အလွန်အိုမင်းလာပါက မည်သို့ရှိမည်ကို စိတ်ကူးကြည့်ခြင်း ဖြစ်ပါသည်။ အထူးသဖြင့် လိင်ပိုင်းဆိုင်ရာ ဆွဲဆောင်မှုဖြစ်ပါက ကျွန်ုပ်တို့ မြင်တွေ့ရသောအရာသည် အပေါ်ယံ အသွင်အပြင်သာ ဖြစ်ပြီး လုံးဝ ရေရှည် မတည်တံကြောင်း သဘောပေါက်ကာ ဤနည်းဖြင့် မိမိ၏တွယ်တာမှုကို လျော့ပါးစေနိုင်ပါသည်။ သို့တည်းမဟုတ် သူတို့မှာ ရွံရှာဖွယ် အရေပြားရောဂါ ရှိကြောင်း သို့မဟုတ် ဝက်ခြံများ ထူပြောနေကြောင်း တွေ့ရပါက သူတို့ကို လှပသည်ဟု မြင်ပါဦးမည်လား။ ဤပုဂ္ဂိုလ်၏ အတွင်းထဲတွင် တကယ်တော့ အူများနှင့် အရိုးများသာ ရှိသည်ကို ပိုပြီးနားလည်လေ၊ မိမိသဘောထားက ပိုမိုပြောင်းလဲနိုင်ကာ စိတ်ခံစားချက် ဝမ်းနည်းမှုကို သက်သာစေနိုင်လေ ဖြစ်ပါသည်။ ထိုအခါ ကျွန်ုပ်တို့သည် ပိုပြီး တည်ငြိမ်လာပါသည်။
ထို့နောက် သူတို့အပေါ် အလေးထားသော သဘောထားမျိုး ရှိစေမည့် နည်းလမ်းများ အသုံးချနိုင်ပါသည်။ မိမိက အရူးအမူးစွဲလမ်းသည့် ခံစားချက်ရှိနေသူနှင့် ပတ်သက်၍ မိမိသည် လူတစ်ယောက်ကို ဤသို့အရူးအမူး တွယ်တာချစ်ခင်သည်မှာ သူတို့ခန္ဓာကိုယ်အပေါ်သာ အာရုံစိုက်လေ့ရှိသည်ကို မြင်လာပါသည်။ သူတို့သည် ပျော်ရွှင်လိုပြီး ဝမ်းမနည်းလိုသော၊ လိင်မှုဖျော်ဖြေသည့်အရာကဲ့သို့ သဘောမထားစေလိုသော လူသားတစ်ဦး ဖြစ်သည်ကို မျက်ခြေပြတ်သွားပါသည်။ ဤလူတွင် သူတို့ကိုယ်ပိုင် မလုံခြုံမှုများ၊ သူတို့ကိုယ်ပိုင် စိတ်ခံစားချက် ပြဿနာများ၊ သူတို့ကိုယ်ပိုင် မိသားစုပြဿနာများ ရှိနေပြီး ဤသို့ ရှုမြင်နည်းများမှာ သူတို့ကို လိင်မှုဖျော်ဖြေသည့်အရာကဲ့သို့ သဘောထားခြင်း၏ ဆန့်ကျင်ဘက်အားများ ဖြစ်ပါသည်။ ကျွန်ုပ်တို့သည် သူတို့ကို တကယ့် လူသားတစ်ယောက်လို အမှန်တကယ် ရှုမြင်ကာ သူတို့၏ပျော်ရွှင်သာယာမှုအတွက် ရိုးသားစွာ စတင်အလေးထားလာပါသည်။
သူတောင်းစားများနှင့် ကိုယ်အင်္ဂါ ချို့တဲ့သူများအပေါ် မုန်းတီးမှု သို့မဟုတ် လျစ်လျူရှုမှု မဖြစ်အောင် ရှောင်ရှားခြင်း
အတော်လေး အကျည်းတန်ပြီး မနှစ်မြို့ဖွယ် တစ်ယောက်ယောက်ကို တွေ့သောအခါတွင်လည်း ယာယီဆန့်ကျင်ဘက် အားကို အသုံးချခြင်းသည် အလွန်ထိရောက်ပါသည်။ မက္ကဆီကိုနိုင်ငံကဲ့သို့ နိုင်ငံများတွင် သူတောင်းစားများနှင့် အလွန်နိမ့်ကျသော အနေအထားမှ တရားလွန် ဆင်းရဲသူများကို တွေ့သောအခါတွင် ဤနည်းက အထူးသဖြင့် အထောက်အကူ ပြုပါသည်။ ထိုသူတို့ကို အခြားနိုင်ငံများထက် ပိုပြီးမကြာခဏ တွေ့ရသည်မှာ အိန္ဒိယနိုင်ငံတွင် ဖြစ်ပါသည်။ မျက်မမြင်၊ နားမကြား၊ လေဖြတ်နေသူများစသည့် ကိုယ်အင်္ဂါချို့တဲ့သူများအပေါ် ကျွန်ုပ်တို့သည် တစ်ခါတစ်ရံ အလွန်ကသိကအောက် ဖြစ်ပြီး မသက်မသာ ခံစားရသည့်အခါတွင်လည်း ဤနည်းကို အသုံးပြုနိုင်ပါသည်။
ကိုယ်လက်မသန်စွမ်းသူများနှင့် ပတ်သက်ပြီး ဘာလင်မြို့တွင် တစ်ခါက ပြုလုပ်သည့် ပြပွဲတစ်ခုကို အမှတ်ရမိပါသည်။ တစ်နေရာတွင် အတက်ရောဂါ ရှိသူများနှင့် ဗီဒီယို အင်တာဗျူးများ ပြထားပါသည်။ သူတို့ခြေ၊ လက်များမှာ ထိန်းချုပ်မရစွာ တုန်ခါနေပြီး ပါးစပ်မှာ ရွဲ့နေကာ စကားသံမှာ ဗလုံးဗထွေး ဖြစ်နေပါသည်။ ထိုသူတို့သည် သူတို့၏ လိင်မှုဘဝအကြောင်း ပြောနေပြီး သူတို့မှာ တူညီသောစိတ်ခံစားချက်မျိုး၊ တူညီသော လိင်မှုလိုအပ်ချက်မျိုး ရှိပြီး လူတိုင်းလိုပင် အချစ်ရေး ရရှိလိုကြောင်း ပြောဆိုနေပါသည်။ ထို့နောက် သူတို့မှာရှိသည့် ချစ်ခြင်းဆက်ဆံရေးများကို ဖော်ပြပါသည်။ တစ်မြို့လုံးက ကျောင်းသားကျောင်းသူအားလုံး ထိုပြပွဲသို့ သွားရပြီး ထိုအချက်က အလွန်ကောင်းသည်ဟု ထင်ပါသည်။ ဤလူများသည် အခြားလူများလိုပင် တကယ့်လူသားများ ဖြစ်သည်ကို ပြသနေပါသည်။ ဤသည်မှာ ဤသို့သော လူများနှင့် ရှိနေသောအခါ မိမိ၏အတ္တဗဟိုသော မနှစ်မြို့မှု သို့မဟုတ် လျစ်လျူရှုမှု သို့မဟုတ် မသက်မသာ ဖြစ်မှုတို့ကို ကျော်လွှားရန် အလွန်အထောက်အကူပြုသောနည်းလမ်း ဖြစ်ပါသည်။
နောက်ထပ်နည်းလမ်းမှာ လမ်းပေါ်တွင် တောင်းရမ်းနေသည့် သက်ကြီးရွယ်အို တစ်ယောက်ကို တွေ့သောအခါ အိမ်ရာမဲ့တောင်းရမ်းနေသော “ငါ၏မိခင်” သို့မဟုတ် “ငါ၏ဖခင်” ဟုစိတ်ကူးရန် ဖြစ်ပါသည်။ သို့မဟုတ် လမ်းပေါ်တွင် တောင်းရမ်းနေသော အိမ်ပြေးကလေးတစ်ယောက်ကို တွေ့ပါက ထိုအခြေအနေရောက်နေသော “ငါ၏သား” သို့မဟုတ် “ငါ၏သမီး” ဟုတွေးရန် ဖြစ်ပါသည်။ ဤသို့ ထိုသူအပေါ် သဘောထားပုံ အပြောင်းအလဲက ကျွန်ုပ်တို့၏ စိတ်ခံစားချက်အရ တုံ့ပြန်မှုကို လုံးဝပြောင်းလဲလိုက်ပါသည်။
ထိုသို့ကျွန်ုပ်သည် တစ်ခါမှ မပြုလုပ်ဖူးကြောင်း ဝန်ခံရပါမည်။ သို့သော် ကျွန်ုပ်အသိ နယူးယောက်မှ အနောက်တိုင်း ဇင် ဘာသာ ဟောကြားသူတစ်ယောက်သည် သူ့တပည့်များ ဆန္ဒရှိပါက ငွေကြေး၊ သို့မဟုတ် ဘဏ်ကဒ်၊ အကြွေးဝယ်ကဒ် ဘာမှမပါဘဲ လမ်းပေါ်ထွက်ပြီး တစ်ပတ်ကြာ အိမ်ရာမဲ့ တောင်းရမ်းစေခြင်းဖြင့် ထိုအတွေ့အကြုံ မည်သို့ရှိမည်ကို ကြုံတွေ့စေပါသည်။
ဤသည်မှာ ခက်ခဲသောအခြေအနေများမှ အခြားသူများအပေါ် မိမိ၏ လျစ်လျူရှုမှုကို ကျော်လွှားရန် အလွန်အားကောင်းသော “ဆေးဝါးများ” ဖြစ်ပါသည်။ ထိုသူတို့ကို ကြုံရသောအခါ သူတို့ကို ကြည့်ပင် မကြည့်လိုသည်မှာ အကြိမ်မည်မျှရှိပြီကို စဉ်းစားမိပါသည်။ ကြည့်မိလျှင် မသက်မသာ ခံစားရပါသည်။ ထိုသို့မဟုတ်ဘဲ စိတ်ကူးကြည့်ပါ။ သင်သည် ရုန်းကန်နေရပြီး မည်သူမျှ သင့်ကိုမကြည့်ချင်ကြပါ။ သင်ရှိနေသည်ကို အသိအမှတ် မပြုလိုကြပါ။ သို့မဟုတ် သင်က ခြင်တစ်ကောင်ဆိုလျှင် လိုက်ရိုက်ကြပါမည်။ မည်သို့ဆိုစေ ဤသည်မှာ ဆန့်ကျင်ဘက်အားများ အသုံးချနည်းတစ်ခု ဖြစ်သော်လည်း ယာယီသာဖြစ်ပြီး ပြဿနာ၏ ဇစ်မြစ်ဆီ ရောက်မသွားပါ။
အနက်ရှိုင်းဆုံး ဆောင်ရွက်သော ဆန့်ကျင်ဘက်အားကို အသုံးချခြင်း
ဒုတိယမြောက် စိတ်လေ့ကျင့်နည်းမှာ ယာယီဖြေဆေးမျှသာ မဟုတ်ဘဲ ပြဿနာ၏ ဇစ်မြစ်အထိ အမှန်တကယ် သွားရောက် ရှင်းလင်းပေးသော ဆန့်ကျင်ဘက်အားကို အသုံးချရန် ဖြစ်ပါသည်။ ဆိုလိုသည်မှာ ရှုပ်ထွေးမှားယွင်းနေသော စိတ်၏ အပြန်အလှန် ဆန့်ကျင်ဖယ်ရှားသည့် စိတ်အခြေအနေကို အသုံးချခြင်းဟု ဆိုလိုပါသည်။ ဆိုလိုသည်မှာ ဘာမှမရှိခြင်း (အနတ္တ) ကို နားလည်သဘောပေါက်မှု ဖြစ်ပါသည်။ လူတစ်ဦး သို့မဟုတ် အခြေအနေတစ်ခု တည်ရှိပုံကို မှားယွင်းသောနည်းဖြင့် သဘောထားမှုသည် အမှန်တရားနှင့် လုံးဝမသက်ဆိုင်ခြင်း ဖြစ်ပါသည်။ တစ်နည်းဆိုသော် ကျွန်ုပ်တို့၏ တွယ်တာမှု သို့မဟုတ် ဒေါသ၏နောက်ကွယ်တွင် အခြေခံအားဖြင့် အရာရာတည်ရှိနေပုံကို ကျွန်ုပ်တို့၏ ရှုပ်ထွေးမှု ရှိနေပါသည်။
ဘာမှမရှိခြင်းအကြောင်း ဤနေရာတွင် အကျယ်ဆွေးနွေးရန် မဟုတ်သဖြင့် အလွန်အခြေခံကျသော အဆင့်တွင်သာ ထားပါမည်။ ဥပမာအားဖြင့် ဖျားနာနေသော သင်၏ဘိုးဘွား သို့မဟုတ် မိဘများရှိရာ လူအိုရုံသို့ သွားလည်သည် ဆိုပါစို့။ သူတို့အခန်းဆီသို့ လမ်းလျှောက်သွားရာ လမ်းတွင် လက်တွန်းလှည်းပေါ်၌ ချိနဲ့နေသော အရိုးပေါ်အရေတင် အမျိုးသမီးကြီး တစ်ဦးကို ဖြတ်သွားရပါသည်။ သူ့ဘာသာလည်း ဗလုံးဗထွေး ပြောနေပြီး ပေါင်ပေါ်ရှိ ပုဝါပေါ်သို့ သွားရေများ ကျနေပါသည်။ ထိုသူကို သင်မြင်သောအခါ အလွန်မသက်မသာ ဖြစ်ပါသည်။ သူသည်အမြဲတမ်း ထိုသို့ဖြစ်နေမည်ဟု ထင်မိပါသည်။ ထို့ပြင် သူ့ကိုဖြတ်သွားရင်း သူက သူ့လက်ကို ဆန့်တန်းကာ သင့်လက်ကို လှမ်းဆွဲရန် သို့မဟုတ် လှမ်းထိရန် ကြိုးစားပါသည်။ သင်ကြောက်လန့်သွားသည်။ သင့်အတွက်သာ သင်ကစဉ်းစားနေပါသည်။
ဤနေရာတွင်လည်း သူသည်လူသား တစ်ယောက်သာ ဖြစ်သည်ကို သတိရပြီး ယာယီဆန့်ကျင်ဘက်အားကို အသုံးချနိုင်ပါသည်။ သူ့မှာလည်း ဘဝတစ်ခု၊ မိသားစု၊ ပိုင်ဆိုင်မှုရှိသလို တစ်ချိန်တစ်ခါက ငယ်ရွယ်သူ ဖြစ်ခဲ့ဖူးပါသည်။ သူသည် အမြဲတမ်း ဤသို့မဟုတ်ပါ။ လူသားအထိအတွေ့ ရလိုသည့်အတွက်သာ လှမ်းဆွဲခြင်း ဖြစ်ပါသည်။ ဤသည်မှာ ထိရောက်နိုင်သော်လည်း ပိုပြီးနက်ရှိုင်းသော နည်းလမ်းကို အသုံးပြုနိုင်ပါသည်။ သူ၏တည်ရှိပုံ၊ သူ့ကိုတွေ့ရပုံ၊ အိုမင်းမစွမ်းပုံ၊ အခြားဘာမှ မရှိပုံတို့ကို မိမိ၏စိတ်ကူးပုံသည် မဖြစ်နိုင်ကြောင်း သဘောပေါက်ရန် ဖြစ်ပါသည်။ မည်သူမျှ ရုပ်ငြိမ်ဓာတ်ပုံထဲတွင် အချိန်ရပ်တန့်နေသလို ထိုသို့မတည်ရှိနိုင်ပါ။ ထို့နောက် ကျွန်ုပ်တို့သည် “ဒါမျိုးမရှိဘူး၊ မဖြစ်နိုင်ဘူး” ဟုအာရုံစိုက်ရပါသည်။ ဤသည်မှာ မိမိ၏ မှားယွင်းယူဆချက်ကို ရပ်တန့်ကာ သူ့အပေါ် ပိုမိုလက်တွေ့ကျပြီး ကရုဏာထားသော သဘောထားမျိုး ရရှိရန် ပိုမိုအားကောင်းသောနည်း ဖြစ်ပါသည်။
နက်ရှိုင်းသော နောက်ခံသတိရှိမှုကို ဖော်ထုတ်ရန် အနှောင့်အယှက်ပေးသော စိတ်ခံစားချက်များကို ဖြေလျှော့ခြင်း
အဆင့်မြင့် တရားရှုမှတ်ခြင်းတွင် အသုံးပြုသည့် နောက်ထပ်နည်းလမ်း တစ်ခုကို “မဟာမုဒြာ” ဟုခေါ်ပြီး “အနှောင့်အယှက်ပေးသော စိတ်ခံစားချက်က အလိုလို ဖြစ်လာသည့် နက်ရှိုင်းသော နောက်ခံ သတိရှိမှုကို ရှုမြင်ခြင်း” ဖြစ်သည်။ ဤနည်းလမ်းတွင် ကျွန်ုပ်တို့၏စိတ်က အမှန်တရားကို သိရှိစေသည့် အခြေခံ စနစ်များကို အသုံးချပါသည်။ ရိုးရှင်းစွာပြောရလျှင် “ကျွန်ုပ်တို့စိတ်၏ ဆောင်ရွက်ပုံနည်းလမ်း” ဖြစ်ပါသည်။
နမူနာတစ်ခုကို ကြည့်ပါမည်။ ကျွန်ုပ်တို့သည် တစ်စုံတစ်ယောက်ကို အလွန်စိတ်ဝင်တစား စွဲမက်နေသည် ဆိုပါစို့။ ထိုစိတ်ခံစားချက် အခြေအနေတွင် တင်းကျပ်နေမှုကို ဖြေလျှော့လိုက်ပါက နောက်ကွယ်တွင် “တစ်ဦးချင်းဖြစ်သည့် နက်ရှိုင်းသော သတိပြုမိမှု” ဆိုသည့်အရာကို တွေ့ရပါမည်။ တစ်နည်းဆိုသော် ထိုသူကို ကျွန်ုပ်တို့ သတိပြုမိသည့် နည်းလမ်းအနေနှင့် အမှန်တကယ် ဖြစ်နေသည်မှာ ကျွန်ုပ်တို့သည် ထိုသူကို အခြားသူတစ်ယောက် မဟုတ်ဘဲ တစ်ဦးချင်းအနေနှင့် သီးခြားခွဲထုတ်လိုက်ပါသည်။ စိတ်၏အခြေခံ ဖွဲ့စည်းပုံအနေနှင့် ယင်းမှာ အမှန်တကယ် ဖြစ်ပျက်နေသောအရာ ဖြစ်ပါသည်။ ထို့နောက် ကျွန်ုပ်တို့သည် “သူက အထူးသီးသန့်ဖြစ်တယ်” ဟု မှန်းဆပါသည်။ အချို့ အရည်အသွေးများကို ချဲ့ကားပြီး ဆွဲဆောင်မှုနှင့် တပ်မက်မှု သို့မဟုတ် တွယ်တာမှုကို ကြုံတွေ့ရပါသည်။
လိုချင်သောဆန္ဒသည် ထိုအရာကို သင်မရရှိပါက ရချင်ပြီး၊ တွယ်တာမှုသည် ထိုအရာကို သင်ရရှိပါက လက်မလွှတ်လိုခြင်း ဖြစ်ပါသည်။ ထိုနှစ်ခုစလုံးမှာ အတ္တဗဟိုပြုသည်မှာ ရှင်းနေပါသည်။ ချဲ့ကားမှုနှင့် ဤစိတ်အခြေအနေအပေါ် တွယ်တာမှုဆိုသည့် တင်းကျပ်သော စွမ်းအင်ကို ဖြေလျှော့လိုက်ပါက ထိုအရာကို သီးသန့်ဖြစ်အောင် ပြုလုပ်သော စိတ်၏အခြေခံ စုဖွဲ့မှုသာ ကျန်ရှိပါသည်။ ထိုအတိုင်း ဖြစ်နေပါသည်။
ဤသည်မှာ အတော်လေး အဆင့်မြင့်သော်လည်း အမှန်တကယ် အသုံးချပါက အလွန်ထိရောက်သော နည်းလမ်း ဖြစ်ပါသည်။ သို့သော် မိမိစိတ်ခံစားချက် ခေါ်ဆောင်ရာသို့ မလိုက်ပါမိအောင် အနည်းငယ် ရင့်ကျက်ဖို့တော့ လိုပါသည်။ တစ်ခုခုကို ဖြေရှင်းနေသည့် သင့်စိတ်ခံစားချက် နောက်ကွယ်တွင် ဖြစ်ပျက်နေသည်ကို မြင်ရန်လိုပြီး အေးဆေးစွာ နေရပါမည်။ ထိုစိတ်ခံစားချက် နောက်ကွယ်မှ အခြေခံ သိမှုဖွဲ့စည်းပုံကို ပိုပြီးမြင်နိုင်လေ စိတ်ခံစားချက်က အလိုလို ပေါ်ထွက်လာလေ ဖြစ်ပါသည်။
အပျက်သဘော အခြေအနေများကို အပြုသဘောဖြစ်အောင် ပြောင်းလဲခြင်း။ အခြားသူများကို ရှုမြင်ပုံ
သင့်ကျင့်ကြံမှုကို မနှိုးဆွဘူးဟု ထင်သည့် အခြေအနေများကို နှိုးဆွမှုရှိသည့် အခြေအနေများအဖြစ်သို့ ပြောင်းလဲသည့် နောက်ထပ် နည်းလမ်းမှာ အစဉ်အလာ စိတ်လေ့ကျင့်နည်းကျမ်းများ၌ ဟောကြားထားသော အဓိကနည်းလမ်းတစ်ခု ဖြစ်ပါသည်။ အတိအကျ ဆိုရလျှင် လန်ဂရီတန်ပ ၏ စိတ်ကိုလေ့ကျင့်နည်း လင်္ကာရှစ်ပိုဒ် ဖြစ်ပါသည်။ အိန္ဒိယ ဆရာတော်ကြီး ရှန်တီဒေဝ၏ ဘုရားလောင်းတို့၏ ပြုမူဆောင်ရွက်မှုကို လေ့လာခြင်း တွင် ဖော်ပြထားသည့် စာပိုဒ်၌ ဤနည်းလမ်းကို ညွှန်ပြထားပါသည်။ သူက ဤသို့ရေးသားထားပါသည်။
(၆။ ၁၀) ကုစားနိုင်မည်ဆိုပါက တစ်ခုခုကို အဘယ်ကြောင့် စိတ်အနှောင့်အယှက် ဖြစ်နေမည်နည်း။ မကုစားနိုင်ပါကလည်း စိတ်အနှောင့်အယှက် ဖြစ်နေရုံနှင့် ဘာအကျိုးရှိမည်နည်း။
အခြေအနေကို ပြောင်းလဲရန် သင်တစ်ခုခု ဆောင်ရွက်နိုင်ပါက ထိုအတွက်ဘာကြောင့် ဝမ်းနည်းနေမည်နည်း။ ပြောင်းလဲလိုက်ရုံသာ ရှိပါသည်။ ထို့ပြင် ထိုအတွက် သင်ဘာမှ မဆောင်ရွက်နိုင်ပါက ဘာကြောင့် ဝမ်းနည်းနေမည်နည်း။ ဝမ်းနည်းနေ၍ အထောက်အကူ မပြုပါ။ ထို့ကြောင့် ဝေဖန်ခံရခြင်းကဲ့သို့ အခြေအနေတစ်ခုသည် ကျွန်ုပ်တို့အတွက် အလွန်ဆိုးရွား၊ အလွန်ခက်ခဲပါက သို့မဟုတ် အရာရာ အဆင်မပြေပါက အခြေအနေကို အမှန်ပင် မပြောင်းလဲနိုင်လျှင် ထိုအတွက်ဘာကြောင့် ဝမ်းနည်းနေမည်နည်း။ ထိုအတွက် သင့်သဘောထားကို ပြောင်းလိုက်ပါ။
အခြေအနေဆိုး တစ်ခုကို အကျိုးပြု အခြေအနေတစ်ခု အဖြစ်သို့ ပြောင်းလဲနိုင်သောနည်းလမ်း များစွာ ရှိပါသည်။ မိမိသဘောထားကို ပြောင်းလဲရန် နည်းလမ်းအချို့သည် အခြားသူများက မိမိအား ဒုက္ခပေးသောအခါ သူတို့အပေါ် ခြားနားသောနည်းဖြင့် ရှုမြင်ပုံနှင့် ဆိုင်ပါသည်။ အချို့နည်းများမှာ ထိုခက်ခဲသော အခြေအနေများတွင် မိမိကိုယ်ကို ရှုမြင်ပုံနှင့် ဆိုင်ပါသည်။ အခြားသူများအပေါ် မိမိသဘောထားများနှင့် သက်ဆိုင်သော နည်းလမ်းများကို ဦးစွာကြည့်ကြပါစို့။
ဒုက္ခပေးသူတို့ကို ဆုတောင်းပြည့်စေသော ရတနာကဲ့သို့ ရှုမြင်ခြင်း
ဒုက္ခပေးသူတို့အပေါ် ကျွန်ုပ်တို့၏ သဘောထားကို ပြောင်းလဲနည်းတစ်နည်းမှာ သူတို့ကို “ဆုတောင်းပြည့်စေသော ရတနာကဲ့သို့” ရှုမြင်ရန် ဖြစ်ပါသည်။ ဥပမာပြရလျှင် “ဒီတစ်ယောက်က ငါ့ကို စိန်ခေါ်နေပြီ။ ငါဖွံ့ဖြိုးတိုးတက်ဖို့၊ ဘယ်လောက် တိုးတက်ပြီဆိုတာ စမ်းသပ်ဖို့ အခွင့်အရေး ပေးနေပြီ။ သိပ်ကောင်းတာပဲ” ဟု တွေးနိုင်ပါသည်။ သို့မဟုတ် "ဒီလူက နေ့လည်စာဖိတ်ကျွေးပြီး အမြဲငြီးတွားနေတော့ သူနဲ့နေရတာ လုံးဝစိတ်ဓာတ်ကျတယ်။ ဒါလဲ ကောင်းတာပဲ။ သည်းခံခြင်းနဲ့ နားလည်ပေးခြင်းကို တကယ်ပဲ လေ့ကျင့်ခွင့် ရတဲ့အတွက် ဒီလူက ဖိတ်ခေါ်တာ ကောင်းလိုက်တာ” ဟုတွေးနိုင်သည်။ ထို့ကြောင့် သူတို့သည် ဆုတောင်းပြည့်စေသော ရတနာနှင့် တူပါသည်။ “ငါ့အိမ်နီးချင်းက သူ့ကလေး ထိန်းပေးခိုင်းတယ်။ ကလေးက တစ်ညနေလုံး အော်ဟစ်ငိုယိုနေမှာ သိတယ်လေ။ ဒါလည်း ကောင်းတာပဲ” ဟူ၍တွေးနိုင်ပါသည်။
ဤသည်ကို ရှန်တီဒေဝက အလွန်နှစ်သက်ဖွယ် ဆိုထားပါသည်။
(၆။ ၁၀၇) ထို့ကြောင့် ငါ၏အိမ်မှ ပင်ပန်းစွာ အားထုတ်စရာမလိုဘဲ ရတနာတစ်ပါးကဲ့သို့ ပေါ်ထွက်လာသည့် ရန်သူကို နှစ်သက်ရပါမည်။ အကြောင်းမူကား သူသည် ငါ၏ ဗောဓိသတ္တ အပြုအမူကို အထောက်အပံ့ ဖြစ်လာသောကြောင့် ဖြစ်ပါ၏။
အခြားသူများအားလုံး အကျိုးအတွက် ဉာဏ်အလင်းရရှိရန် ရည်သန်ထားသည့် ဗောဓိသတ္တအတွက် အကြီးမားဆုံးပီတိမှာ တစ်စုံတစ်ယောက်က တစ်ခုခု လာခိုင်းသောအချိန် ဖြစ်ပါသည်။ မည်သူမျှ သူတို့ကို တစ်ခုခု လာမတောင်းဆိုပါက သူတို့သည်အလွန် ဝမ်းနည်းကာ အသုံးမဝင်သလို ခံစားရပါသည်။ ကျွန်ုပ်တွင် ဝက်ဘ်ဆိုက်တစ်ခုရှိပြီး အီးမေးလ်များစွာ ရရှိသလို မေးခွန်းများမေးခြင်း၊ အကြောင်းကိစ္စများ ဆောင်ရွက်ရခြင်းတို့ ရှိပါသည်။ ဝင်လာသည့်ပမာဏ များလှသည့်အတွက် အလွန်စိတ်အနှောင့်အယှက်ဖြစ်ရန် လွယ်ကူလှပါသည်။ သို့သော် ဤနည်းဖြင့် လေ့ကျင့်ပါက ကျွန်ုပ်သည် ပျော်ရွှင်ရမည်ဖြစ်ပါသည်။ ပိုပြီးဝင်လာလေ၊ လူတွေကို ပိုပြီးကူညီခွင့်ရလေ ဖြစ်ပါသည်။ “ငါသည် သက်ရှိအားလုံးအကျိုးအတွက် ဖြစ်ပါစေသား” ဟု ဗုဒ္ဓဘာသာနည်းဖြင့် ဆုတောင်းကာ သတ္တဝါများစွာက ကျွန်ုပ်တို့ထံ အမှန်တကယ်လာပြီး အကူအညီတောင်းသည်မှာ ဆုတောင်းသည့်အတိုင်း ဖြစ်လာခြင်းပင် မဟုတ်ပါလား။
ရှန်တီဒေဝက ဤသို့ဆိုပါသည်-
(၇။ ၆၄) လူတို့သည် ပျော်ရွှင်မှုအတွက် ကြိုးပမ်းအားထုတ်သော်လည်း ပျော်ရွှင်မှု ရှိသလားဆိုသည်မှာ မသေချာပါ။ သို့သော် အမှန်တကယ် ပျော်ရွှင်မှု ရရှိသည့် ဆောင်ရွက်ချက်များရှိသူ (ဗောဓိသတ္တတစ်ဦး) အတွက် ထိုကိစ္စများ မဆောင်ရွက်ဘဲ မည်သို့လျှင် ပျော်ရွှင်နိုင်ပါမည်နည်း။
ဒုက္ခပေးသူများကို မိမိ၏ ဖျားနာသောသားသမီးကဲ့သို့ သဘောထားခြင်း
ကျွန်ုပ်တို့အား များစွာဒုက္ခပေးပြီး လက်တွဲရန် အလွန်မနှစ်မြို့ဖွယ် ကောင်းသူအပေါ် ထားရှိရမည့် နောက်ထပ် သဘောထား အပြောင်းအလဲတစ်ခုမှာ ဖျားနာနေသော ကလေးငယ်လို သဘောထားခြင်း ဖြစ်ပါသည်။ မိမိသားသမီး ဖျားနေပြီး ပေကပ်စွာ ငိုကြွေးနေသောအခါ သူတို့ကြောင့် စိတ်ညစ်ရပါသည်။ သို့သော် ဖျားနေသည်ဟု နားလည်ထားသောကြောင့် ကျွန်ုပ်တို့က သူတို့ကို အခြေခံအားဖြင့် အလွန်ချစ်မြတ်နိုးပါသည်။ ချော့သိပ်ရန် သို့မဟုတ် တစ်ခုခု ဆောင်ရွက်ပေးရန် လိုအပ်နိုင်ပါသည်။ ထို့ပြင် မိမိ၏ နုံးချိနေသော သားသမီးက “မုန်းလိုက်တာ။ မအိပ်ချင်ပါဘူး” ဟု ပြောပါက ဖျားနေသည့်အတွက် ထိုစကားကို ကျွန်ုပ်တို့က အလေးအနက် မထားနိုင်တော့ပါ။ ထို့နည်းတူစွာ လက်တွဲရန် အလွန်မနှစ်မြို့ဖွယ် ကောင်းသူတစ်ယောက်အပေါ် အနှောင့်အယှက်ပေးသည့် သတ္တဝါလို သဘောမထားဘဲ ဖျားနေသော သားသမီးကဲ့သို့ မိမိသဘောထားကို ပြောင်းလိုက်ရုံသာ ဖြစ်ပါသည်။ ဤနည်းဖြင့် မိမိကိုယ်ကို မဟုတ်ဘဲ သူတို့အပေါ်တွင်သာ အလေးထားလိုက်ပါသည်။
ဒုက္ခပေးသူများကို မိမိ၏ ဆရာသမားကဲ့သို့ သဘောထားခြင်း
သူတို့အပေါ် သဘောထားရမည့် တတိယနည်းလမ်းမှာ မိမိ၏ဆရာကဲ့သို့ သဘောထားရန် ဖြစ်ပါသည်။ ဤအတွက် လူသိများသော ဇာတ်လမ်းမှာ အတိဿသည် တိဘက်ကို ကြွသောအခါ သူနှင့်အတူ အိန္ဒိယလူမျိုး ထမင်းချက် တစ်ယောက်ကို ခေါ်သွားပါသည်။ ဤအိန္ဒိယထမင်းချက်က ဘယ်တော့မှ ပြောသလို မလုပ်ဘဲ ပြန်လှန်ငြင်းခုန်ပါသည်။ တိဘက်လူမျိုးများက အတိဿအား “သူ့ကို အိန္ဒိယ ပြန်ပို့လိုက်ပါလား။ အကျွန်ုပ်တို့ ချက်ပြုတ်နိုင်ပါသည်” ဟုပြောရာ အတိဿက “မဟုတ်ဘူးလေ။ သူက ငါ့ရဲ့ထမင်းချက်သက်သက် မဟုတ်ဘူး။ သည်းခံတတ်အောင် သင်ပေးတဲ့ ဆရာကွယ့်” ဟုပြောလေသည်။ ထို့ကြောင့် ကျွန်ုပ်တို့ဘဝတွင် အနှောင့်အယှက် ပေးသော ဆွေမျိုးတစ်ယောက် ရှိနေသည်ဆိုပါက ဘယ်လိုပဲဖြစ်ဖြစ် ပတ်သက်ရမည် ဖြစ်သည့်အတွက် ထိုသူကို မိမိ၏ သည်းခံတတ်အောင် သင်ပေးသောဆရာဟု သဘောထားလျှင် အလွန်အထောက်အကူ ပြုပါသည်။
တကယ်တော့ လူတို့သည် ကျွန်ုပ်တို့အား များစွာသင်ကြားပေးနိုင်ပါသည်။ ဥပမာအားဖြင့် သူတို့သည် ဆိုးရွားစွာ ပြုမူခြင်းဖြင့် ထိုသို့မပြုမူရန် ကျွန်ုပ်တို့အား သင်ပေးနိုင်သည်။ မွေးထားသည့် ခွေးတစ်ကောင်ပင် ကျွန်ုပ်တို့၏ဆရာ ဖြစ်နိုင်ပါသည်။ နေ့ဘက်တွင် သင်နှင့်အတူ ခွေးကို ခေါ်ပြီး လျှောက်သွားပါက ခွေးသည် မည်သည့်နေရာမဆို လှဲချပြီး သက်သာသလိုနေကာ အိပ်ချင်အိပ်ပျော်သွားနိုင်သည်ကို သတိပြုမိပါသလား။ ကျွန်ုပ်တို့မှာကား “အို၊ အိပ်ရာ ကောင်းဖို့လိုတယ်။ အခင်းပိတ်သားက လိုင်နင်ဖြစ်ရမယ်။ နူးညံ့ရမယ်” သို့မဟုတ် “ခပ်မာမာလေး ဖြစ်နေရမယ်” စသည်ဖြင့် တစ်ခုမဟုတ်တစ်ခု လိုအပ်နေပါသည်။ ခွေးသည်ကား ဘာမှမငြီးငြူပါ။ ဘယ်နေရာမဆို လှဲအိပ်နိုင်ပါသည်။ ထိုအချက်က ဆရာကောင်းတစ်ယောက် ဖြစ်သည်။ ဤသည်တို့မှာ အခြားသူများက မိမိကို ဒုက္ခပေးသောအခါတွင် သူတို့ကို ခြားနားစွာ ရှုမြင်နည်းများ ဖြစ်ပါသည်။ ဆုတောင်းပြည့်စေသော ရတနာ၊ မိမိ၏ ဖျားနာနေသော သားသမီး သို့မဟုတ် ဆရာသမားကဲ့သို့ ရှုမြင်ခြင်း ဖြစ်ပါသည်။
အပျက်သဘော အခြေအနေများကို အပြုသဘောဖြစ်အောင် ပြောင်းလဲခြင်း။ မိမိကိုယ်ကို သဘောထားပုံ
အခြားသူများကို အောင်မြင်မှု ပေးအပ်ခြင်း
မိမိကိုယ်ကို ခြားနားစွာ ရှုမြင်ပြီး ဤအခြေအနေများတွင် မိမိကိုယ်ကို သဘောထားကို ပြောင်းလဲနိုင်မည့် နည်းလမ်းများလည်း ရှိပါသည်။ ပထမနည်းမှာ “အခြားသူများကို အောင်မြင်မှုပေးပြီး မိမိက အရှုံးကို လက်ခံခြင်း” ဖြစ်သည်။ တစ်နည်းဆိုသော် မိမိကိုယ်ကို တန်ဖိုးထားသော သဘောထားကြောင့် ကျွန်ုပ်တို့သည် “ငါနိုင်ရမယ်။ ငါ့ပုံစံအတိုင်း သွားရမယ်။ တစ်ဖက်လူက အလျှော့ပေးရမယ်” ဟု အမြဲတွေးတတ်ပါသည်။ သို့သော် မိမိအတွက် အရှုံးကို လက်ခံပါက ငြင်းခုန်နေစရာ မလိုတော့ပါ။ ဥပမာအားဖြင့် ရိုးရှင်းသောနမူနာတစ်ခု ပေးရလျှင် သင်က သင့်မိတ်ဆွေ သို့မဟုတ် အိမ်ထောင်ဖက်နှင့်အတူ ရှိနေပြီး ဘယ်စားသောက်ဆိုင်သွားမလဲ ဆုံးဖြတ်ရသည် ဆိုပါစို့။ သင့်သူငယ်ချင်းက တစ်နေရာသွားချင်ပြီး သင်ကအခြားတစ်နေရာ သွားချင်ပါက အပြန်အလှန် စတင်ငြင်းခုန် ရပါတော့မည်။ အဆုံးတွင်ကား ဘာများထူးခြားပါသနည်း။ “ကောင်းတယ်။ အဲဒီ စားသောက်ဆိုင်ကို သွားကြမယ်” ဟု သဘောတူလိုက်ပါက ငြင်းခုန်စရာ မလိုတော့ပါ။ တစ်နည်းဆိုရလျှင် တစ်ဖက်လူကို မိမိထက် ပိုပြီး တန်ဖိုးထားကာ သူတို့ကို အနိုင်ပေးလိုက်ပါက ငြင်းခုန်စရာ မလိုတော့ပါ။
ယခုအခါ အမှန်ပင် ပြင်းထန်သော အခြေအနေများအကြောင်း ပြောပါမည်။ တစ်ဖက်လူသည် အလွန်အပျက်သဘော ဆိုးရွားသည့်အရာကို အကြံပြုနေပြီး လေးနက်သော ခြားနားချက် အမှန်တကယ် မရှိပါက ထိုသူကို အနိုင်ပေးလိုက်ပါ။ ဤနည်းဗျူဟာအတွက် ကန့်ကွက်မှုများ ရှိနိုင်သော်လည်း သင်ကအမြဲအလျှော့ပေးပြီး တစ်ဖက်လူက အသာစီးယူပါက ဤနည်းလမ်းကို အသုံးချရမည့်အချိန်အတွက် သတိထားရမည်မှာ ရှင်းပါသည်။ သို့သော် ပြဿနာကို ဖြေရှင်းရန် အကောင်းဆုံးနည်း အဖြစ် ဤနည်းလမ်းကို အသုံးချနိုင်သော အခြေအနေများစွာ ရှိပါသည်။
ကျွန်ုပ်၏ ကိုယ်ပိုင်အတွေ့အကြုံကို ပြောပြပါမည်။ ကျွန်ုပ်သည် ဘာလင်မြို့၏ လူသွားလူလာများသည့် အဓိကစားသောက်ဆိုင်များရှိသည့် ရပ်ကွက်တစ်ခုတွင် နေပါသည်။ တိုက်ခန်းထဲတွင်နေပြီး မြေညီထပ်၌ အလွန်တိတ်ဆိတ်သည့် ဧည့်ရိပ်သာတစ်ခုရှိပါသည်။ ထို့နောက် စားသောက်ဆိုင်အသစ်တစ်ခု လာဖွင့်ရာ အလွန်နာမည်ကြီးသော စပိန်စားသောက်ဆိုင် ဖြစ်နေပါသည်။ ထိုဆိုင်က မနက်ခုနစ်နာရီမှ နောက်နေ့မနက် သုံးနာရီအထိ၊ တစ်ပတ်လျှင် ခုနစ်ရက် ဖွင့်ပါသည်။ ရာသီဥတု ပူနွေးချိန်တွင် ကျွန်ုပ်နေသော အဆောက်အဦ၏ နှစ်ဖက်စလုံးတွင် စားပွဲများရှိပါသည်။ လူတို့သည် အပြင်ဘက်တွင်ထိုင်ကြပြီး ဘီယာ သို့မဟုတ် ဝိုင်ကို သောက်ကာ မနက်သုံးနာရီအထိ ကျယ်လောင်စွာ ပြောဆိုရယ်မောကြပါသည်။ စားသောက်ဆိုင်ကို စဖွင့်ခါစတွင် အပြင်ဘက် စားပွဲများမှာ ကျွန်ုပ်၏အိပ်ခန်းပြတင်းပေါက် အောက်တည့်တည့်တွင် ရှိပါသည်။ ညဘက်တွင် ထိုနေရာမှာ လဲလျောင်းပြီး အသံများကြောင့် အိပ်မရနိုင်ပါ။ စိတ်ပျက်ပြီး မိမိအတွက်သာတွေးကာ အနှောင့်အယှက် ဖြစ်သည့်အပြင် သူတို့ပျော်နေသည်ကို မတွေးနိုင်ပါ။ အမျိုးမျိုး စိတ်ကူးကြည့်ရပါသည်။ ရှေးခေတ်က ရဲတိုက်ထဲတွင် ရောက်နေပြီး ကတ္တရာစေးများ ပွက်ပွက်ဆူအောင် ကြိုကာ သူတို့အပေါ် လောင်းချသည်ဟု ပုံဖော်ကြည့်မိသည်။ သို့သော် ကျွန်ုပ်သည် “ဒီလူတွေကို တိတ်တိတ်နေခိုင်းပါ။ ဒါမှမဟုတ်ရင် ရဲကိုခေါ်လိုက်မယ်” ဟု အမြဲတမ်း အော်ဟစ်ပြောဆိုနေသည့် ခပ်ဆိုးဆိုး အဘိုးကြီးတစ်ယောက် အနေနှင့် အဖြစ်မခံနိုင်ပါ။ ဤနည်းက အလုပ်မဖြစ်ပါ။
ထို့ကြောင့် ဤပြဿနာကို ဖြေရှင်းရန် တစ်ခုတည်းသောနည်းမှာ အခြားသူများကို အနိုင်ပေးရန်ဖြစ်ပြီး ကိုယ်တိုင်က အရှုံးကိုလက်ခံရန် ဖြစ်သည်ဟု ဆုံးဖြတ်လိုက်ပါသည်။ နွေရာသီညနေခင်းကို သူတို့ခံစားနေခြင်းက ကျွန်ုပ်အိပ်ခန်းထဲမှာ အိပ်စက်နိုင်ရန်ထက် ပိုအရေးကြီးပါသည်။ ကျွန်ုပ်အိမ်တွင် လမ်းဘက်ကို မျက်နှာမမူသည့် တစ်ခုတည်းသောအခန်းမှာ မီးဖိုချောင် ဖြစ်ပါသည်။ မနက်စာ စားရန်အတွက် မြှင့်ထားသောကြမ်းပြင်နှင့်အတူ မီးဖိုချောင်က အလွန်ကျယ်ပါသည်။ နေရာလွတ်များစွာ ရှိပါသည်။ ထို့ကြောင့် နွေကာလများတွင် ထိုနေရာမှာ သွားအိပ်ပါသည်။ နေ့ဘက်တွင် မွေ့ယာကို နံရံမှာ ထောင်ထားပြီး ညဘက်တွင် မီးဖိုကြမ်းပြင်မှာ ခင်းအိပ်ပါသည်။ လုံးဝ ငြိမ်သက်မှုရှိသလို တကယ်တော့ အိမ်ထဲမှာ အအေးမြဆုံး အခန်းတစ်ခန်းလည်း ဖြစ်ပါသည်။
ကျွန်ုပ်သည် မီးဖိုထဲတွင် အိပ်ရသည်ကို အလွန်နှစ်ခြိုက်ပါသည်။ သူတို့ကို အနိုင်ပေးလိုက်ပြီး မည်မျှဆူညံသည်ဖြစ်စေ သူတို့ကို မကြားရသည့်အတွက် ဂရုမစိုက်တော့ပါ။ ဂျာမနီလူမျိုးများက ဗျောက်အိုးများအလွန် သဘောကြသည့်အတွက် နှစ်သစ်ကူးချိန် နေ့ရက်များတွင်လည်း အလွန်အဆင်ပြေပါသည်။ လမ်းပေါ်တွင် အလွန်ပင် ဆူညံနေသော်လည်း ကျွန်ုပ်၏သဘောထားကို ပြောင်းလဲကာ မီးဖိုချောင်တွင် အိပ်စက်ခြင်းဖြင့် သူတို့ကို အနိုင်ပေးလိုက်သောအခါ ပြဿနာ မရှိတော့ပါ။
မိမိ၏အဆိုးကံများ ကုန်ခမ်းသွားအောင် အပျက်သဘောကိစ္စများ ဖြစ်ပေါ်ခြင်း
ဒုတိယနည်းလမ်းမှာ မိမိကြုံရသည့် အပျက်သဘောကိစ္စများကို “မိမိ၏အဆိုးကံများ ကုန်ခမ်းသွားခြင်း” အနေနှင့် ရှုမြင်ရန် ဖြစ်ပါသည်။ ၎င်းကို ပြစ်ဒဏ်တစ်ခုလို လက်ခံရမည်ဟု မဆိုလိုသော်လည်း ဤသို့ခက်ခဲသောအရာက အဆိုးကံအချို့ကို အနည်းငယ်မျှနှင့် ပျောက်သွားစေပြီး ထိုအခါ နောင်တွင် ပိုမိုဆိုးရွားသည်ကိစ္စတစ်ခု၏ အစိတ်အပိုင်း အချို့အဖြစ် ရင့်ကျက်မလာအောင် တားဆီးလိုက်သည်ဟု တွေးခြင်း ဖြစ်ပါသည်။ ရိုးရှင်းသော နမူနာတစ်ခုမှာ- သင်သည် ကားလမ်းပိတ်နေပြီး အချိန်အကြာကြီး မရွေ့လျားနိုင်ခြင်းမျိုး ဖြစ်ပါသည်။ ထိုအခါ "ကောင်းတယ်၊ ဒါက မရွေ့နိုင်တော့ အသက်ကြီးလာရင် လေဖြတ်တာမျိုး မလှုပ်မယှက်ဖြစ်ဖို့ ကံတွေ ကုန်ခမ်းသွားတာပဲ” ဟုတွေးရပါသည်။ ထို့အတူ ဤအပျက်သဘော အရာများ ဖြစ်လာသည်မှာ နောင်တွင် ပိုကောင်းသည့်အရာများအတွက် လမ်းဖယ်ပေးလိုက်သည် ဆိုပြီး ပီတိဖြစ်နိုင်ပါသည်။
အစဉ်အလာ ဗုဒ္ဓဘာသာာဝင်တို့က နတ်ဆိုးများကို ယုံကြည်ကြပါသည်။ ၎င်းတို့တည်ရှိသည်ကို လက်ခံပါက ယခုလို သဘောထားအပြောင်းလဲအတွက် နောက်တစ်ဆင့် တက်နိုင်ပြီး နတ်ဆိုးများကို “အန္တရာယ် ထပ်ပေးပါ။ ထပ်လုပ်ပါ” ဟု တောင်းဆိုနိုင်ပါသည်။ ဤသို့သော အလွန်ကောင်းသည့် အတွေ့အကြုံကို မကြာမီက ကြုံခဲ့ပါသည်။ ဇူလိုင်လလယ်မှစပြီး နှစ်လတာခန့်ကာလသည် အရာရာ အမှားအယွင်း ဖြစ်ခဲ့ပါသည်။ အကုန် အဆင်မပြေပါ။ ခါးတွင် ထူးဆန်းသောအကျိတ်ဖြစ်သည့် ရောဂါကူးစက်မှု ခံရပြီး အားကစားအသင်းကို နှစ်လခန့် မသွားနိုင်တော့ပါ။ အကြောင်းမှာ ရောဂါကူးစက်မှု ကင်းသွားသောအခါ အကျိတ်ကို ဖြတ်လိုက်ရသောကြောင့် ဖြစ်ပါသည်။ ထို့နောက် ကွန်ပျူတာမှာ အလွန်ဆိုးသည့် ဗိုင်းရပ်စ် ဝင်ပါသည်။ ဟာ့ဒစ်စ်ကို ဖျက်ဆီးပစ်သောကြောင့် ပုံမှန်သုံးနေကျ ကွန်ပျူတာတစ်လုံး မရှိဘဲ တစ်လကြာသွားပါသည်။ ထို့နောက် ပရင်တာ ပျက်သွားပါသည်။ ဗီဒီယိုကြည့်သောစက် နှစ်ခုစလုံးသည်လည်း ပျက်သွားပြန်သည်။ ကျွန်ုပ်သည် ဗေဒင်ကို စိတ်ဝင်စားသည့်အတွက် အကြောင်းပြချက် မရှိဘဲ အခြားသူများထံမှ ရယူထားသည့် ဗေဒင်ဟောစာတမ်းအားလုံးပါသည့် အချက်အလက်များ ပျောက်သွားပါသည်။ ထိုအချက်အလက်များကို ပြန်ယူ၍ မရနိုင်တော့ပါ။ ထို့နောက် ကျွန်ုပ်အမြဲသောက်နေသည့် အနှစ်သက်ဆုံး ခွက်ကလေး ကွဲသွားပါသည်။ ဤသို့ဖြစ်နေရင်း ဒလိုင်းလားမား ဆရာတော်ကြီး၏ တရားဟောကြားမှုအတွက် ပြင်သစ်ကိုသွားရာ လေယာဉ်ပေါ်တွင် ခရီးဆောင်အိတ် ပျောက်သွားပါသည်။
ဤသည်မှာ နောက်ဆုံးဖြစ်ခဲ့သောအရာ ဖြစ်ပါသည်။ အိတ်ပျောက်သွားသောအခါ ကျွန်ုပ်ရယ်မောမိပါသည်။ လုံးဝဟာသ ဖြစ်နေပါသည်။ ထို့နောက် “နတ်ဆိုးတွေ ထပ်လုပ်လိုက်ပါဦး။ အမှားတွေ ဖြစ်အောင် ဘယ်လောက်တောင် လုပ်နိုင်မလဲ” ဟု စတင်တွေးမိပါသည်။ ထိုအခါ အတော်နေထိုင်ရကောင်းသွားပါသည်။ အနှောင့်အယှက်များကို တားဆီးရန် စိတ်ခံစားချက်နံရံများ ချမှတ်ထားမည့်အစား ယင်းတို့ကို လက်ခံကာ ပို၍ပင်ကြိုဆိုလိုက်ပါသည်။
ကျွန်ုပ်သည် လွန်ခဲ့သော နှစ်အနည်းငယ်က သွားအောက်ရှိ မေးရိုးတွင် ရောဂါပိုးဝင်ပါသည်။ ယခင်က သွားအမြစ်ကုထုံး ကုသထားသဖြင့် မေးရိုးအနည်းငယ်ကို ဖြတ်တောက်ရန် သွားခွဲစိတ်မှု ပြုလုပ်ရပါသည်။ ပြင်သစ်ကို ခရီးသွားပြီးမကြာခင် သွားဆရာဝန်ဆီကိုသွားကာ အမာရွတ်တစ်ရှူးနေရာတွင် ရောဂါပိုးဝင်လာသည်ကို ဝမ်းသာအားရ ပြောပြသည်။ အရိုးအနည်းငယ် ထပ်ဖြတ်ရန် ဒုတိယမြောက် သွားခွဲစိတ်မှု ပြုလုပ်ရပါသည်။ ဤသတင်းကို “ကောင်းတယ်။ ဒါက ငါ့ဝက်ဘ်ဆိုက်မှာ နောက်ထပ်ဘာသာစကားတွေ ထပ်ထည့်ဖို့ အခက်အခဲ မရှိအောင် အဆိုးတွေ ကုန်ခမ်းစေတာပေါ့” ဆိုသော သဘောထားဖြင့် အပြုသဘောအရာတစ်ခုအဖြစ် ပြောင်းလဲနိုင်ခဲ့ပါသည်။
ဗုဒ္ဓဘာသာ တရားတော်များအရ အပြုသဘောများကို သင်ပိုမို ဆောင်ရွက်ဖို့ ကြိုးစားလေ၊ ထိုသို့မပြုနိုင်အောင် အတားအဆီးများ ပေါ်လာလေ ဖြစ်ပါသည်။ ထို့ကြောင့် ဤအဖြစ်အပျက်များကို အတားအဆီးများ ကုန်ခမ်းသွားစေသည့် အခြေအနေကောင်းတစ်ခုကဲ့သို့ ရှုမြင်လိုက်ရပါသည်။ နတ်ဆိုးများကို “အတားအဆီးတွေ ထပ်ပေးပါ။ ပေးလိုက်စမ်းပါ” ဟု တောင်းဆိုလိုက်ရပါသည်။ ထိုသို့ပြုရာတွင် အရာရာ ပျက်စီးယိုယွင်းမှု ဖြစ်နေသည့် ကာလအတွင်း ကျွန်ုပ်သည် လုံးဝမပျော်ရွှင်ပါ။ ထို့ကြောင့် ဤစိတ်လေ့ကျင့်နည်းကို အမှန်တကယ် အသုံးချနိုင်ပါက တကယ် အလုပ်ဖြစ်ပါသည်။ အခြေအနေတစ်ခုကို အလွန်ခက်ခဲဆိုးရွားပြီး စိတ်ဓာတ်ကျစရာ ကောင်းသည်ဟု ရှုမြင်မည့်အစား သဘောထားပြောင်းလဲကာ ကောင်းမွန်သောအရာတစ်ခုကဲ့သို့ ရှုမြင်လိုက်ရပါသည်။
အခြားသူများကို ပျော်ရွှင်မှုပေးပြီး သူတို့ထံမှ ဆင်းရဲဒုက္ခများ ရယူခြင်း (တုန်လန်တရား)
ယခုဖော်ပြလိုသည့် နောက်ဆုံးနည်းလမ်းမှာ အားလုံးထဲတွင် အဆင့်အမြင့်ဆုံးနှင့် အခက်ခဲဆုံး နည်းလမ်းတစ်ခု ဖြစ်နိုင်ပါသည်။ အပေးနှင့် အယူဆိုသည့် တုန်လန် ကျင့်ကြံမှုဖြစ်ပါသည်။ ခက်ခဲသော အခြေအနေအချို့ ကြုံရသောအခါ ဥပမာအနေနှင့် သွားကိုက်သောအခါ “လူတိုင်းရဲ့ သွားနာတာတွေ ပျောက်သွားပြီး ငါ့ထံမှာ လာဖြစ်ပါစေ။ အားလုံးရဲ့ သွားနာတာကို ယူလိုက်ခြင်းအားဖြင့် ဘယ်သူမှ သွားနာတာကို ထပ်မကြုံပါစေနဲ့” ဟု တွေးရသည့်နည်းလမ်း ဖြစ်ပါသည်။ အားလုံးအပေါ် မိမိစိတ်နှလုံးကို ဖွင့်ပေးပြီး ဆင်းရဲဒုက္ခကို လက်ခံလိုစိတ်ရှိခြင်းဖြင့် “သနားစရာ ငါ” ဟုတွေးမိသည့် တင်းကျပ်မှု၊ ကြောက်ရွံ့မှုနှင့် မပျော်ရွှင်မှုတို့ကို ကျော်လွှားလိုက်ပါသည်။ တုန်လန် ကျင့်ကြံမှုဖြင့် ကျွန်ုပ်တို့သည် ဆက်လက်၍ တွေးနိုင်သည်မှာ “ငါသည် သူတို့ရဲ့ နာကျင်ခံစားမှုအားလုံးကို ကွယ်ပျောက်စေပါမည်။ ငါ၏စိတ်မှ အခြေခံ ပျော်ရွှင်မှုကို ရယူပြီး သူတို့အားလုံးဆီသို့ ထိုပျော်ရွှင်မှုကို ပို့ပေးပါမည်” ဟူ၍ဖြစ်ပါသည်။
ယခုအခါ သူရဲကောင်း ဖြစ်လိုသည့်ပုံစံမျိုးဖြင့် “ငါ သင့် အတွက် ခံစားပေးမည်” ဟူ၍ မပြုမူရန် အထူးဂရုစိုက်ရပါမည်။ ယင်းမှာ အတ္တကို ပုံကြီးချဲ့သည့်သဘော ဖြစ်ပါသည်။ ဤနည်းလမ်းကို ကျွန်ုပ်လုံးဝမကျွမ်းကျင်ကြောင်း ဝန်ခံရပါမည်။ ယင်းသို့ ရိုးသားစွာ ဆောင်ရွက်ရန်အတွက် သတ္တိများစွာရှိရန်လိုအပ်ပြီး မကြာသေးမီကမှ ကျွန်ုပ်ကြိုးစားခဲ့ပါသည်။
ကျွန်ုပ်၏မေးရိုးတွင် ဒုတိယအကြိမ် ခွဲစိတ်ရမည့်အကြောင်း ပြောခဲ့ပါသည်။ ခွဲစိတ်မှုတစ်ခုလုံးတွင် မေ့ဆေးလည်း မပေးပါ။ အတော် နှစ်လိုဖွယ် ကောင်းပါသည်။ ဆရာဝန်က သင့်ခံတွင်း တစ်ဖက်မှ သွားဖုံးတစ်ခုလုံးကိုဖွင့်ပြီး ခြစ်ထုတ်ကာ လျှပ်စစ်လွှကို အထဲထည့်ပြီး မေးရိုးတစ်စနှင့် သွားအမြစ် ထိပ်ပိုင်းနှင့် အနီးအနားမှ အသားစိတ်၏ အစိတ်အပိုင်းချို့ကို ထုတ်ယူပါသည်။ သူတို့ဆောင်ရွက်သည်မှာ ခေတ်နောက်ကျသည်ဟု ထင်ရသည်။ ထိုသို့ပထမဆုံး ကုသခြင်းဖြစ်ရာ သူတို့ဆောင်ရွက်နေသည်မှာ အလွန်စိတ်ဝင်စားဖွယ် ကောင်းသည်ဟု တွေ့ရပါသည်။ ထုံဆေးက အတော်စွမ်းသည့်အတွက် တကယ်တော့ အရမ်းမနာကျင်ပါ။ ခွဲစိတ်ရင်း ထုံးဆေးတော့ ထပ်ပေးပါသည်။ သို့သော် ဒုတိယအကြိမ် ဆောင်ရွက်ပြီးသောအခါ ရောဂါပိုး ကူးစက်မှုက ပိုဆိုးလာပြီး ထိုနေရာတွင် ထုံဆေးက တကယ်မစွမ်းတော့သောအခါ အလွန်နာကျင်ပါသည်။
မဟာမုဒြာတွင် အသုံးပြုသော နည်းလမ်းဖြစ်သည့် ဒါကအထိအတွေ့သာ ဖြစ်သည့်အတွက် ဘာမှမဟုတ်ပါ ဟူ၍လည်း ကြိုးစားကြည့်ပါသည်။ သင့်လက်ကို ကုတ်ခြင်း၊ ညှစ်ခြင်း၊ ခြစ်ခြင်း သို့မဟုတ် ရှမိခြင်း ဖြစ်ပါက ကာယအထိအတွေ့သာ ဖြစ်ပြီး ထိုထက်မပိုသည့်အတွက် ဘာမှရေးကြီးခွင်ကျယ် မလုပ်ပါနှင့်။ ယင်းမှာ အတော်အတန် အလုပ်ဖြစ်သော်လည်း ထို့နောက်တွင် တုန်လန် ကျင့်ကြံမှုကို သတိရလာပါသည်။ ထိုအချိန်က တိဘက်တွင် အထူးသဖြင့် လူမျိုးရေးခွဲခြားမှုနှင့် နှိပ်စက်မှုများစွာ ဖြစ်နေသောအချိန် ဖြစ်ပါသည်။ ထိုနေရာမှလူများ ကြုံရသည့် မယုံနိုင်ဖွယ် နာကျင်မှုကို စတင်တွေးမိပြီး ယင်းနှင့်ယှဉ်ပါက ကျွန်ုပ်ကြုံရသည်မှာ အသေးအဖွဲ၊ ဘာမှမဟုတ်ကြောင်း တွေးပါသည်။ နှစ်မိနစ်သာကြာပြီး အဆုံးသတ်သွားမည် ဖြစ်ပါသည်။
ထို့ကြောင့် “သနားစရာ ငါ ပဲ။ ဆင်းရဲဒုက္ခ ဖြစ်နေတယ်” ဟုတွေးမနေဘဲ တိဘက်မှ ထိုသူအားလုံးကို တွေးပေးရန် “သူတို့ကြုံရတဲ့ ဆင်းရဲဒုက္ခဟာ ငါကြုံရတဲ့ ဆင်းရဲဒုက္ခကလေးထက် အများကြီးဆိုးရွားတယ်” ဟု မိမိသဘောထားကို ချဲ့ထွင်လိုက်ပါသည်။ ဤနည်းဖြင့် ကျွန်ုပ်၏ ခံစားရမှုကို လုံးဝခြားနားသောအမြင်ဖြင့် ကြည့်လိုက်ပါသည်။ ထို့နောက် “သူတို့ရဲ့ ဆင်းရဲဒုက္ခနဲ့ နာကျင်မှုအားလုံး ငါ့မေးရိုးက နာကျင်မှုမှာ လာကပ်ရောက်ပါစေ။ ဒါကို တည်ငြိမ်ပျော်ရွှင်စွာ ထားရှိခြင်းဖြင့် ငါသည် သူတို့အတွက် စိတ်ငြိမ်းချမ်းမှု ပေးစွမ်းနိုင်ပါစေ” ဟု ဆက်တွေးပါသည်။
ထိုသို့ ၁၀၀% သေချာ မဆောင်ရွက်နိုင်သော်လည်း ထိုအခြေအနေကို ဖြေရှင်းရာတွင် အလွန်အထောက်အကူ ဖြစ်ပါသည်။ ယင်းကို သေချာဆောင်ရွက်ပါက သူတို့၏နာကျင်မှုကို အမှန်ပင် ရရှိလိုပြီး သင့်နာကျင်မှုက ပိုဆိုးလာပါသည်။ အမှန်အတိုင်း ပြောရလျှင် ထိုသို့ရိုးရိုးသားသား ဆောင်ရွက်ရန်မှာ အလွန်အဆင့်မြင့်ပါသည်။ စကားလုံးများဖြင့် ပြောနိုင်သော်လည်း တစ်ခုခု အဓိပ္ပာယ် မသက်ရောက်ပါ။ ထိုသို့တကယ် ဖြစ်စေလိုခြင်းမှာ နောက်ထပ်ကိစ္စတစ်ခု ဖြစ်ပါသည်။ သို့သော် သူတို့၏ဆင်းရဲဒုက္ခကို စုပ်ယူလိုက်သည့် ခံစားချက်နှင့် ဤဆင်းရဲဒုက္ခသည် သူတို့ကြုံရသည့် ဆင်းရဲဒုက္ခအတွက် လုံလောက်ပြီဟု အနည်းဆုံး ခံစားချက်က ထိုအဆင့်အတွက် ဆောင်ရွက်ရန် ဖြစ်နိုင်ပါသည်။
ယင်းကို တကယ့်အကြောင်းအရာတစ်ခုနှင့် မရှုပ်ထွေးဖို့တော့ လိုပါသည်။ တကယ့်အကြောင်းအရာက ပိုပြီးအခြေခံကျပါသည်။ အဘယ်ကြောင့်ဆိုသော် ဤနေရာတွင် သင်ထားရှိသော၊ သင်အသုံးပြုသော စိတ်အခြေအနေသည် နာကျင်မှုကို တိုက်ထုတ်ရန်မဟုတ်ဘဲ ယင်းကို ဖြေရှင်းနိုင်သည့် ကိုယ့်ကိုယ်ကို ယုံကြည်ချက်ဖြင့် ဆန္ဒအလျှောက် လက်ခံခြင်း ဖြစ်ပါသည်။ အားလုံး၏ ဆင်းရဲဒုက္ခကို ဤမျှကျယ်ပြန့်စွာ ဆောင်ရွက်ပါက သင့်ကိုယ်ပိုင် နာကျင်မှုကိုလည်း မကြောက်ရွံ့၊ မထိတ်လန့်တော့ဘဲ လက်ခံဖြေရှင်းရန် ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိလာပါတော့သည်။ ထို့ကြောင့် မှော်အစွမ်းတစ်ခု မဟုတ်ပါ။ ထိုသို့ဖြစ်ပျက်မှုကို လေ့လာဆန်းစစ်ပါက အလွန်ပင် အဓိပ္ပာယ်ရှိပါသည်။
အကျဉ်းချုပ်
ထို့ကြောင့် ဤသည်တို့မှာ မိမိကိုယ်ကို တန်ဖိုးထားမှုအား ကျော်လွှားပြီး အခြားသူများကို အဓိက အလေးထားရန်အတွက် လိုဂျုန် စိတ်လေ့ကျင့်နည်းမှ နည်းလမ်းအချို့ ဖြစ်ပါသည်။ မိမိ၏ စိတ်ဓာတ်စေ့ဆော်မှု မည်သည့်အဆင့်တွင် ရှိသည်ဖြစ်စေ ထိုသို့ သဘောထားပြောင်းလဲမှုမှာ အလွန်အထောက်အကူ ပြုပါသည်။ ဤနည်းဖြင့် ပေါ်ထွက်လာသော ကိုယ်တိုင် ပြုပြင်ပြောင်းလဲမှုသည် “ဘယ်လောက် ခက်ခဲဆိုးရွားတဲ့ အခြေအနေပဲဖြစ်ဖြစ်၊ ‘သနားစရာ ငါ’ လို့ မတွေးတော့ဘူး။ ဒုက္ခခံလိုက်မယ်။ ဒါကနေ စိတ်ဓာတ်အကျမခံတော့ဘူး” ဟုရိုးသားစွာ တွေးတောခံစားနိုင်စွမ်း ဖြစ်ပါသည်။ “ဘာပဲဖြစ်ဖြစ် ဒါကိုပြောင်းလဲနိုင်တယ်။ တခြားလူတွေအတွက် ပိုပြီး အလေးထားနိုင်အောင် အသုံးချနိုင်တယ်။ ဒါကနေ အနှောင့်အယှက် အဖြစ်မခံတော့ဘူး” ဆိုသည့် ဘဝအတွက် ယေဘုယျ သဘောထားမျိုး ရှိလာပါသည်။ ဤသဘောထားမျိုး ရှိခြင်းဖြင့် ဘဝတွင် များစွာသတ္တိရှိလာပါသည်။