ပြီးပြည့်စုံရမည့် ပါရမီခြောက်ပါး အကျဉ်းချုပ်

သာမန်ထက်ထူးခြားသော သဘောထားခြောက်ရပ်သည် လွတ်မြောက်မှုနှင့် ဉာဏ်အလင်းရရှိမှု ရရှိစေသည့် စိတ်အခြေအနေများ ဖြစ်ပါသည်။ လောဘ၊ ဒေါသ၊ မနာလိုမှု၊ ပျင်းရိမှုစသည့် ကျွန်ုပ်တို့ စိတ်၏ အတားအဆီး အချို့အတွက် ဖြေဆေးဖြစ်သည့် ဤသဘောထားခြောက်ရပ်သည် အတူတကွဆောင်ရွက်ပြီး ဘဝတွင်ကြုံလာသမျှ အရာရာတိုင်းကို ဖြေရှင်းနိုင်စေပါသည်။ ဤသဘောထားများ ရရှိခြင်းဖြင့် မိမိရော၊ အခြားသူများပါ အများဆုံး အကျိုးရှိအောင် ကျွန်ုပ်တို့၏ အစွမ်းအစကို တဖြည်းဖြည်း အပြည့်အဝရရှိလာမှာ အသေအချာ ဖြစ်ပါသည်။

ဘဝတွင် ကျွန်ုပ်တို့၏ အပြုသဘော ရည်မှန်းချက်များ အောင်မြင်လိုပါက ထားရှိရမည့် အရေးကြီးသော စိတ်အခြေအနေ ခြောက်မျိုးကို ဗုဒ္ဓမြတ်စွာက ဖော်ပြထားပါသည်။ ယင်းတို့ကို “ပါရမီ” ဟု ဘာသာပြန်လေ့ ရှိပါသည်။ ဘုရားရှင်ကဲ့သို့ ယင်းတို့ကို ပြီးပြည့်စုံအောင် ပါရမီဖြည့်ပါက ကျွန်ုပ်တို့သည်လည်း လွတ်မြောက်မှုနှင့် ဉာဏ်အလင်းရရှိမှုတို့ ရနိုင်သောကြောင့် ဖြစ်ပါသည်။ ယင်းတို့၏ သက္ကတဘာသာ အမည်ဖြစ်သည့် ပါရမီ ဆိုသည်နှင့်အညီ “သာမန်ထက် ဝေးကွာသော သဘောထားများ” ဟု ခေါ်ရသည်ကို ကျွန်ုပ်က ပိုမိုနှစ်သက်ပါသည်။ အဘယ်ကြောင့်ဆိုသော် ယင်းတို့ဖြင့် ကျွန်ုပ်တို့သည် ကျွန်ုပ်တို့ပြဿနာ ပင်လယ်ကြီး၏ ဝေးကွာသော ကမ်းခြေကို ရောက်ရှိနိုင်ပါသည်။

ဤစိတ်အခြေအနေ ခြောက်မျိုးကို ကြည့်ကောင်းအောင် ဖော်ပြခြင်းမျှသာ မဟုတ်ပါ။ ယင်းစိတ်အခြေအနေတို့ကို ရောစပ်ကာ နေ့စဉ်ဘဝ၌ အသုံးပြုရန် လိုပါသည်။ လမ်-ရင်း (အဆင့်လိုက်လမ်းကြောင်း) တွင် တွေ့ရသည့် စိတ်ဓာတ်စေ့ဆော်မှု သုံးဆင့်နှင့်အညီ လက်ရှိဘဝတွင် ယင်းတို့ကို ထားရှိပါက ကြီးစွာသော အကျိုးကျေးဇူး ရရှိစေပါသည်-

  • ပြဿနာများကို ရှောင်ရှားပြီး ဖြေရှင်းနိုင်စေသည်။
  • အနှောင့်အယှက်ပေးသော စိတ်ခံစားချက်များနှင့် စိတ်အခြေအနေများ မရှိအောင် ဖယ်ရှားပေးသည်။
  • အခြားသူများကို အကောင်းဆုံး ကူညီနိုင်စေပါသည်။

ဤအပြုသဘောထားများ ထားရှိနိုင်အောင် လေ့ကျင့်သောအခါ ဤရည်မှန်းချက် တစ်ခုနှင့်အထက် ထားရှိရန် လိုပါသည်။ ထိုအခါ ယင်းတို့ကိုဆက်လက် ခိုင်မာအောင် ကြိုးစားရန် အလွန်အားတက်လာစေပါသည်။

၁။ ရက်ရောမှုဒါန

အခြားသူများကို လိုအပ်သောအရာမှန်သမျှ ပေးကမ်းလိုစိတ် ဖြစ်ပါသည်။ ၎င်း၏အကျိုးကျေးဇူးများမှာ-

  • အခြားသူများကို ဖြည့်ဆည်းပေးစရာ တစ်ခုခု ရှိသည်ဆိုသော မိမိကိုယ်ကို တန်ဖိုးထားစိတ် ရရှိကာ မိမိကိုယ်ကို တန်ဖိုးမထားမှုနှင့် စိတ်ဓာတ်ကျမှု၏ ပြဿနာများကို ရှောင်ရှား၊ ဖယ်ရှားနိုင်ပါသည်။
  • တဏှာ၊ လောဘ၊ စေးနှဲခြင်းဆိုသည့် ပြဿနာများ ပြန်ဖြစ်စေသော မပျော်ရွှင်မှု စိတ်အခြေအနေများကို ကျော်လွှားစေနိုင်သည်။
  • လိုအပ်နေသူများကို ကူညီပေးသည်။

၂။ သီလကျင့်ဝတ်

သီလကျင့်ဝတ်သည် အပျက်သဘော အပြုအမူများ၏ ဆိုးကျိုးကို သဘောပေါက်ခြင်းအားဖြင့် ယင်းတို့ကို ရှောင်ရှားခြင်းဖြစ်သည်။ ၎င်း၏အကျိုးကျေးဇူးများမှာ-

  • အန္တရာယ်ပေးသော ပြုမူ၊ ပြောဆို၊ တွေးတောမှုများကြောင့် ဖြစ်ပေါ်လာသည့် ပြဿနာအားလုံးကို ရှောင်ရှားစေနိုင်သည်။ စစ်မှန်သော ခင်မင်မှုအတွက် အခြေခံဖြစ်သည့် အခြားသူများနှင့် ယုံကြည်မှု တည်ဆောက်ရန် အခြေခံကို ဖန်တီးပေးပါသည်။
  • စိတ်လိုက်မာန်ပါ အပျက်သဘော ပြုမူမှုကို ကျော်လွှားကာ မိမိကိုယ်ကို ထိန်းချုပ်နိုင်စေသည့်အတွက် ပိုမိုအေးဆေးတည်ငြိမ်သော စိတ်ကို ရရှိစေသည်။
  • အခြားသူများကို အန္တရာယ် မပေးမိစေရန် ကာကွယ်ပေးသည်။

၃။ သည်းခံခြင်း

သည်းခံခြင်းသည် အခက်အခဲများကို ဒေါသမထွက်၊ ဝမ်းမနည်းဘဲ ခံနိုင်ရည်ရှိခြင်း ဖြစ်ပါသည်။ ၎င်း၏အကျိုးကျေးဇူးများမှာ-

  • တစ်ခုခုအမှားအယွင်း ဖြစ်သောအခါတွင်ဖြစ်စေ၊ အခြားသူများက အမှားပြုလုပ်သောအခါဖြစ်စေ ရုပ်ပျက်ဆင်းပျက် မြင်ကွင်းမျိုး မဖြစ်အောင် ရှောင်ရှားနိုင်စေပါသည်။
  • အနှောင့်အယှက်ပေးသော စိတ်အခြေအနေများ ဖြစ်သည့် ဒေါသ၊ စိတ်မရှည်မှုနှင့် သည်းမခံနိုင်မှုတို့ကို ကျော်လွှားစေပါသည်။ အခက်အခဲ ကြုံသောအခါ တည်ငြိမ်အောင် ထိန်းထားနိုင်လာပါသည်။
  • အခြားသူများကို ပိုမိုကောင်းမွန်စွာ ကူညီနိုင်စေပါသည်။ အကြောင်းမှာ သူတို့က မိမိအကြံဉာဏ်ကို မလိုက်နာခြင်း၊ အမှားလုပ်ခြင်း၊ ကျိုးကြောင်းမဆီလျော်စွာ ပြုမူ၊ ပြောဆိုခြင်း သို့မဟုတ် စိတ်ညစ်အောင်လုပ်ခြင်းတို့ ရှိလာသောအခါ သူတို့ကို ဒေါသမထွက်သောကြောင့် ဖြစ်ပါသည်။

၄။ ဇွဲလုံ့ရှိခြင်း

ဇွဲလုံ့လဆိုသည်မှာ အခက်အခဲများ ကြမ်းတမ်းလာသောအခါ လက်မလျှော့ဘဲ အဆုံးအထိ တစ်သမတ်တည်း ဆက်လက်အားထုတ် ကြိုးစားသည့် ရဲစွမ်းသတ္တိ ဖြစ်ပါသည်။ ၎င်း၏အကျိုးကျေးဇူးများမှာ-

  • မိမိစတင်ထားသောအရာကို စိတ်မပျက်ဘဲ ပြီးစီးအောင် ဆောင်ရွက်ရန် ခွန်အားရရှိစေပါသည်။
  • အသေးအဖွဲများကြောင့် အာရုံပြောင်းကာ မလုံလောက်မှုနှင့် ပျင်းရိမှုကြောင့် ရွှေ့ဆိုင်းလိုစိတ်ကို ကျော်လွှားစေပါသည်။
  • အခက်ခဲဆုံး အလုပ်များကို အောင်မြင်စွာ ဆောင်ရွက်စေနိုင်ပြီး အကူအညီပေးရန် အခက်ခဲဆုံးလူများကို လက်မလျှော့မိအောင် ကာကွယ်ပေးပါသည်။

၅။ စိတ်တည်ငြိမ်ခြင်း (စူးစိုက်ခြင်း)

စိတ်တည်ငြိမ်ခြင်း (စူးစိုက်ခြင်း) ဆိုသည်မှာ စိတ်ပျံ့လွင့်မှု၊ ထုံထိုင်းမှုနှင့် စိတ်ခံစားချက် ဝမ်းနည်းမှုတို့မှ လုံးဝကင်းလွတ်သော စိတ်အခြေအနေ ဖြစ်ပါသည်။ ၎င်း၏အကျိုးကျေးဇူးများမှာ-

  • မိမိလုပ်ဆောင်နေသော အရာမှန်သမျှကို အာရုံစိုက်စေနိုင်သည့်အတွက် အမှားအယွင်းနှင့် မတော်တဆမှုများကို ရှောင်ရှားနိုင်ပါသည်။
  • စိတ်ဖိစီးမှုနှင့် စိုးရိမ်သောက၊ အလွန်အကျွံ စိတ်လှုပ်ရှားမှု၊ သတိလက်လွတ်မှု သို့မဟုတ် စိတ်ခံစားချက် မတည်ငြိမ်မှုတို့ကို ကျော်လွှားစေပါသည်။
  • အခြားသူများ ပြောသောအရာ၊ သူတို့ပြုမူပုံတို့ကို အာရုံစိုက်နိုင်စေသည့်အတွက် ကျွန်ုပ်တို့သည် သူတို့အားမည်သို့ ကူညီရမည်ကို ပိုမိုကောင်းမွန်စွာ မြင်လာနိုင်ပါသည်။

၆။ ခွဲခြားသိရှိသောပညာ (ဉာဏ်ပညာ)

ခွဲခြားသိရှိသောပညာ (ဉာဏ်ပညာ) သည် သင့်တော်သောအရာနှင့် မသင့်တော်သောအရာ၊ မှန်ကန်သောအရာနှင့် မှားယွင်းသောအရာကို မှန်မှန်ကန်ကန်၊ သေသေချာချာ ခွဲခြားသိမြင်သော စိတ်အခြေအနေ ဖြစ်ပါသည်။ ၎င်း၏အကျိုးကျေးဇူးများမှာ-

  • အခြေအနေ တစ်ခုခုတွင် ဘာလုပ်ရမည်၊ ဘယ်လို ပြုမူရမည်ကို ရှင်းလင်းမှန်ကန်စွာ မြင်နိုင်စေပြီး နောက်ပိုင်းတွင် နောင်တရမည့် အရာကို မလုပ်မိအောင် တားဆီးပေးပါသည်။
  • ဆုံးဖြတ်ချက် မပြတ်သားမှုနှင့် ရှုပ်ထွေးမှုများကို ကျော်လွှားစေနိုင်ပါသည်။
  • အခြားသူများ၏ အခြေအနေကို တိကျစွာ အကဲဖြတ်စေနိုင်သည့်အတွက် အကျိုးအရှိဆုံး ဖြစ်အောင် ဘာကိုပြုမူ၊ ပြောဆိုရမည်ကို သိလာပါသည်။
Top