အမှန်မသိမှု
ဗုဒ္ဓမြတ်စွာသည် သစ္စာလေးပါးတရားကို ဟောကြားထားပါသည်။ ယင်းတို့မှာ အဆင့်မြင့် သိမြင်သဘောပေါက်ပြီးသည့် “အရိယာ” တိုင်းက အမှန်ဟု မြင်ထားသည့် သစ္စာလေးချက် ဖြစ်သည်။ အခြေခံအားဖြင့် ယင်းတို့မှာ-
- ဘဝတွင် ကျွန်ုပ်တို့အားလုံး ပြဿနာများ ရင်ဆိုင်ကြရသည်။
- ထိုပြဿနာများသည် အကြောင်းတရားများကြောင့် ဖြစ်ပေါ်လာသည်။
- ပြဿနာများ လုံးဝပြန်မပေါ်လာအောင် အပြီးတိုင် ရပ်တန့်၍ ရနိုင်သည်။
- ထိုသို့ရပ်တန့်မှုကို ပြဿနာများ၏ အကြောင်းတရားအား ဖယ်ရှားပေးသည့် နားလည်သဘောပေါက်မှုဖြင့် ရရှိနိုင်ပါသည်။
ကျွန်ုပ်တို့ ပြဿနာများ၏ အနက်ရှိုင်းဆုံး အကြောင်းတရားကို ပြောသောအခါ “မသိမှု” ဆိုပြီး ဘာသာပြန်ထားသည့် အကြောင်းရပ်ကို ပြောရပါတော့မည်။ အင်္ဂလိပ်ဘာသာတွင် “အမှန်မသိမှု” ဆိုလျှင် ပိုသင့်တော်ပါသည်။ မသိမှုက သင်သည် မိုက်မဲကြောင်း ဆိုလိုရာရောက်သည့်အတွက် ကောင်းသောစကားလုံး မဟုတ်ပါ။ ထိုစကားလုံးက ကျွန်ုပ်တို့ မိုက်မဲသည်ဟု ဆိုလိုခြင်း မဟုတ်ပါ။
အမှန်မသိမှု ပုံစံနှစ်မျိုး ရှိပါသည်။ တစ်ခုမှာ အပျက်သဘော ပြုမူဆောင်ရွက်ပါက ပြဿနာများ ဖြစ်စေမည်ဟု မိမိအပြုအမူနှင့် ပတ်သက်၍ အကြောင်းအကျိုးကို အမှန်မသိမှု ဖြစ်ပါသည်။ နောက်တစ်ခုမှာ ပို၍ နက်နဲသော အဆင့်ဖြစ်ပြီး လက်တွေ့ဖြစ်ရပ်ကို အမှန်မသိမှု ဖြစ်ပါသည်။ ကျွန်ုပ်တို့သည် ပင်ကိုတည်ရှိမှုဖြင့် အရာရာ တည်ရှိနေကြောင်း စိတ်ကူးတတ်သည့် အလေ့အထရှိလာပြီး ‘‘ကိုယ်တိုင်သတ်မှတ်သော တည်ရှိမှု’’ ဟုလည်း ဘာသာပြန် နိုင်ပါသည်။ ဤသည်မှာ ပင်ကို တည်ရှိမှုအား တွယ်တာမှု အလေ့အထ ဖြစ်သည်။ ဤအလေ့အထကြောင့် ကျွန်ုပ်တို့၏ စိတ်သည် အခိုက်အတန့်တိုင်းတွင် အရာရာကို ပင်ကိုအရ တည်ရှိနေသယောင် အလိုအလျောက် ဖန်တီးပါသည်။ ဆိုလိုသည်မှာ တစ်စုံတစ်ခုသည် အခြားအရာများအပေါ် မူတည်ခြင်းမရှိဘဲ မြင်တွေ့ရပုံအတိုင်း ၎င်း၏ ကိုယ်ပိုင် အစွမ်းဖြင့် တည်ရှိနေသယောင် ထင်ရပါသည်။ ဤသို့တည်ရှိပုံမျိုးသည် အစစ်အမှန်ဖြစ်သောအရာ တစ်ခုခုနှင့် သက်ဆိုင်မှု မရှိသည်ကို အမှန်မသိသောကြောင့် ကျွန်ုပ်တို့သည် အရာရာ ဤနည်းဖြင့် အမှန်တကယ် တည်ရှိနေသည်ဟု ယူဆပါသည်။
ဤသည်မှာ နားလည်ရန် မလွယ်ကူလှပါ။ ဤဆွေးနွေးချက်ကို အောက်ပါ ဥပမာဖြင့် ကြည့်ကြပါစို့။ ကျွန်ုပ်တို့သည် ကားမောင်းသွားရာ ကပ်လျှက်ယာဉ်ကြောမှ ဟွန်းတီးပြီး ကျော်တက်ရန် ကြိုးစားနေသူ တစ်ယောက်ရှိသည် ဆိုပါစို့။ ဤလူကို ကျွန်ုပ်တို့ မည်သို့ထင်မည်နည်း။ ဤလူသည် မိမိကို ကျော်တက်လိုသော လူမိုက်ဟုထင်ရပါသည်။ ဤလူသည် လူမိုက်ကဲ့သို့ ပင်ကိုအရ တည်ရှိနေသယောင် ထင်ရပါသည်။ တစ်ခုခုအပေါ် တည်မှီခြင်းမရှိဘဲ သူ့ဘက်မှနေ၍ လူမိုက်ကဲ့သို့ သတ်မှတ်ထားသယောင် ထင်ရပါသည်။ တစ်နည်းဆိုသော် ဤပုဂ္ဂိုလ်တွင် တစ်ခုခုမှားနေပြီး ဟွန်းတညံညံဖြင့် ကျော်တက်လိုသည့် တကယ့်လူမိုက်ကဲ့သို့ ဖြစ်နေသည်မှာ ရှင်းပါသည်။ ဟွန်းသံကိုကြားရသည်။ လူကို မြင်ရသည်။ ‘‘လူမိုက်ပဲ’’ ဟု အလိုလို တွေးမိပါသည်။ ဤလူသည် ထိုသို့ထင်ရပြီး ဤထင်ရပုံက ဒါတကယ့် လူမိုက်ပဲဆိုသည့် အမှန်တရားနှင့်ဆိုင်သည်ဟု ကျွန်ုပ်တို့ ယုံကြည်မိပါသည်။
ဘာမှမရှိခြင်း (အနတ္တ) တွင် ဘာကိုငြင်းဆိုသလဲ
ဤလူတစ်ယောက်ကို လူမိုက်အဖြစ် တည်ရှိသည်ဟု အယူအဆဖြင့် သိရှိမှုတွင် အယူအဆဆိုင်ရာ သတ်မှတ်ချက်က အဘယ်နည်း။ သိရှိမှု၏ အယူအဆဆိုင်ရာ သတ်မှတ်ချက်က လူတစ်ယောက် လူမိုက်ကဲ့သို့ အမှန်တကယ် တည်ရှိကြောင်း၊ ထိုကားထဲတွင် ပင်ကိုအရ လူမိုက်တစ်ယောက် အမှန်တကယ် ရှိကြောင်း ယူဆပါသည်။ ဥပမာ၊ တစ်ဖက်အခန်းတွင် တစ်စုံတစ်ယောက် ရှိသည်ဟု ထင်နေပါက အယူအဆဆိုင်ရာ သတ်မှတ်ချက်က တစ်ဖက်အခန်းတွင် လူတစ်ယောက် ရှိခြင်း ဖြစ်ပါမည်။ စဉ်းစားသောအရာက အမှန်တရားနှင့် ဆက်စပ်သောအရာ ဖြစ်ပါသည်။ ‘‘အယူအဆဆိုင်ရာ သတ်မှတ်ချက်’’ ဆိုသည်မှာ မဇ္ဈိမ (အလယ်အလတ်လမ်းစဉ်) လေ့လာမှုများ၌ အလွန်အရေးကြီးသော ပညာရပ် ဝေါဟာရတစ်ခု ဖြစ်ပါသည်။
အယူအဆဆိုင်ရာ သိမှုတိုင်းတွင် အရာဝတ္ထုများစွာ ပါဝင်ပတ်သက်နေပါသည်။ အယူအဆဆိုင်ရာ သိမှုအရာဝတ္ထုကို တိဘက်ဘာသာ ဝေါဟာရဖြစ်သည့် ‘‘ဇင်-ယူလ်’’ မှ ‘‘ဇင်’’ စကားလုံးကို ကြိယာအဖြစ် ‘‘တွယ်တာမှု’’ နှင့် နာမ်အနေနှင့် ဇင်-ပ သို့မဟုတ် ‘‘တွယ်တာခြင်း’’ ဟု အသုံးပြုနိုင်ပါသည်။ ထို့နောက် ကိန်းဂဏန်းအားဖြင့် အယူအဆဆိုင်ရာ သတ်မှတ်ချက်သည် အယူအဆဆိုင်ရာ သိမှုက ‘‘တွယ်တာ’’ သောအရာ ဖြစ်ပါသည်။ ၎င်းသည် အယူအဆဆိုင်ရာ သိမှုတွင် ထင်ရသောအရာက အမှန်တရားနှင့် သက်ဆိုင်သောအရာဟု သဘောထားပြီး တွယ်တာပါသည်။ ကိုယ်တိုင် သတ်မှတ်သော ပင်ကို တည်ရှိမှုကို တွယ်တာသောအခါ တစ်စုံတစ်ခု၏ တည်ရှိသည်ဟု ထင်ရပုံသည် အမှန်တရားနှင့် ဆက်စပ်ကာ အမှန်တကယ် တည်ရှိသည်ဟု ယူဆချက်အနေနှင့် ပေါ်လာပါသည်။ ကျွန်ုပ်တို့၏ နမူနာတွင် တစ်ဖက်ကားထဲမှ ဟွန်းတီးနေသူအား ပင်ကိုအရ လူမိုက်ဟု ယူဆပါသည်။ ထိုယူဆချက်ကြောင့် ထိုနေရာမှာ လူမိုက်တစ်ယောက် ရှိနေသည့်အလား ထင်ရပါသည်။ ထို့ကြောင့် ထိုနေရာမှာ လူမိုက်တစ်ယောက် အမှန်တကယ် ရှိနေသည်ဟု ယူဆပါသည်။ မိမိ၏ မှန်းဆချက်ကိုလည်း ယုံကြည်ပါသည်။ ဤသို့ အယူအဆဆိုင်ရာ သိမှု ယူဆချက်နှင့် ဤထင်မြင်မှုအရ ထိုကားထဲမှ တကယ့်လူမိုက်တစ်ယောက် ဖြစ်နေပါသည်။
ဘာမှမရှိခြင်း (အနတ္တ) သည် ကင်းမဲ့ခြင်း၊ တစ်စုံတစ်ခု မရှိခြင်း ဖြစ်သည်။ ဤနေရာတွင် လုံးဝ မရှိသည့်အရာမှာ အယူအဆဆိုင်ရာ သတ်မှတ်သောအရာ ဖြစ်ပါသည်။ ပင်ကိုအရ တကယ့် လူမိုက်ဟု ထင်ရခြင်းသည် အမှန်တရားနှင့် မဆက်စပ်ပါ။ ထိုကားထဲတွင် ကားမောင်းသူတစ်ယောက် ရှိသော်လည်း ပင်ကိုအရ လူမိုက်ကဲ့သို့ ရှိနေခြင်း မဟုတ်ပါ။ လူမိုက်ကဲ့သို့ ပင်ကိုတည်ရှိမှု ဆိုသောအရာ မရှိသည့်အတွက် မည်သူမျှ ပင်ကိုအရ လူမိုက်ကဲ့သို့ မတည်ရှိနိုင်ပါ။ ထို့ကြောင့် ထိုကားထဲတွင် ပင်ကိုလူမိုက်တစ်ယောက် မရှိပါ။ ဤသည်မှာ ယေဘုယျ စိတ်ကူး ဖြစ်ပါသည်။ သို့သော် တကယ်တိကျမှု မရှိသောကြောင့် ယင်းကို အသေးစိတ်လေ့လာရပါမည်။
ပိုပြီး ရိုးရှင်းသော်လည်း သိပ်မတိကျသော နမူနာတစ်ခု ကြည့်ကြပါစို့။ ကလေးတစ်ယောက်က အိပ်ရာအောက်တွင် သရဲကြီး ရှိသည်ဟု ထင်နေသည်ဆိုပါစို့။ အယူအဆဆိုင်ရာ သတ်မှတ်ချက်က အိပ်ရာအောက်ရှိ တကယ့်သရဲကြီး ဖြစ်ပါမည်။ ဤကလေးငယ် ကြောက်နေသောအရာက အစစ်အမှန် တစ်ခုခုကို မရည်ညွှန်းပါ။ ထို့ကြောင့် ဘာမှမရှိခြင်းအကြောင်း ပြောနေသောအချက်သည် တကယ် တိတိကျကျဆိုသောအရာ လုံးဝမရှိခြင်း ဖြစ်ပါသည်။ လုံးဝ မတည်ရှိသော တစ်စုံတစ်ခု၏ မရှိခြင်း ဖြစ်သည်။ ဤသည်မှာ လုံးဝမဖြစ်နိုင်ပါ။
သို့သော် ကျွန်ုပ်တို့သည် ဘာမှမရှိခြင်း ဆိုသည်မှာ သရဲကြီးကဲ့သို့ မဖြစ်နိုင်သော အရာဝတ္ထုတစ်ခု မရှိခြင်းအကြောင်း ပြောနေခြင်း မဟုတ်ပါ။ မဖြစ်နိုင်သော တည်ရှိပုံနည်းလမ်းအကြောင်းကို ပြောနေခြင်း ဖြစ်ပါသည်။ ဥပမာ၊ ကလေးငယ်က သရဲကြီးဟုထင်နေသည့် ကြောင်တစ်ကောင်က အိပ်ရာအောက်တွင် ရှိနေနိုင်ပါသည်။ သို့သော် ကြောင်က သရဲကြီးကဲ့သို့ မတည်ရှိပါ။ ‘‘သရဲကြီးကဲ့သို့ တည်ရှိမှု’’ ဆိုသည့်အရာမျိုး မရှိသောကြောင့် ဖြစ်ပါသည်။ ဤနေရာတွင် ဘာမှမရှိခြင်း ဆိုသည်မှာ ကြောင်၏ တည်ရှိမှုကို မငြင်းပယ်ပါ။ ကြောင်က သရဲကြီးကဲ့သို့ တည်ရှိမှုကို ငြင်းပယ်ခြင်း ဖြစ်ပါသည်။
နာမည်တပ်လိုက်ပြီး မှန်ကန်သည်ဟု သတ်မှတ်ခြင်း
လူမိုက် နမူနာအကြောင်း ပြန်ကြည့်ကြပါစို့။ အစဉ်အလာအားဖြင့် ဤလူသည် လူမိုက်ကဲ့သို့ ကားမောင်းချင် မောင်းနိုင်ပါသည်။ သို့သော် ‘‘လူမိုက်’’ ဆိုသည့် ကျွန်ုပ်တို့၏ အယူအဆဖြင့် သူ့ကို မှန်ကန်စွာ အမည်တပ်ပြီး ထိုသို့ခေါ်နိုင်သည်မှာ အဘယ်ကြောင့်နည်း။ အိန္ဒိယ ဆရာတော်ကြီး စန္ဒြကာတိ က မှန်ကန်သော အမည်တပ်မှု သုံးမျိုး ပြောထားပါသည်။
ပထမဦးစွာ အမည်တပ်မှုနှင့် ကိုက်ညီသော တည်ရှိပြီးသား၊ လက်ခံထားပြီးသား ယူဆချက်ရှိရန် လိုပါသည်။ ဂျာမနီနိုင်ငံ၌ ယာဉ်စည်းကမ်း ကျင့်ဝတ်အချို့ရှိပါသည်။ ကားတိုင်းကို အမြဲကျော်တက်စဉ် ကားမောင်းရင်း လက်က ဟွန်းတီးသည်မှာ မသင့်တော်ကြောင်း ယူဆပါသည်။ ထိုသို့ ပြုလုပ်သူတစ်ယောက်ယောက်ကို လူမိုက်ဟု ယူဆနိုင်ပါသည်။ ဤသည်မှာ နှိုင်းယှဉ်ချက်အရ ဖြစ်သည်။ အိန္ဒိယနိုင်ငံ၌ ဤသို့ကားမောင်းသည်မှာ ပုံမှန်ဖြစ်နေပါမည်။ တစ်ခါက ကျွန်ုပ်သည် အိန္ဒိယ သူငယ်ချင်း တစ်ယောက်နှင့်အတူ ဥရောပသို့ လာသည်။ သူ့အတွက်တော့ အနောက်တိုင်းသို့ ပထမဆုံး လာသည့်ခရီး ဖြစ်သည်။ ဟွန်းမတီးဘဲ ကားမောင်းကြသည်မှာ သူအထိတ်လန့်မိဆုံးအချက် ဖြစ်လေသည်။ အနောက်တိုင်းတွင် ထိုသို့မောင်းသည်မှာ လူမိုက်နှင့်တူသည်ဟု ကျွန်ုပ်တို့ ယူဆထားသည့်အတွက် ထိုရှုထောင့်မှနေ၍ ထိုသူကို လူမိုက်ဟု ခေါ်သည်မှာ မှန်ကန်ပါသည်။
ဒုတိယ အမျိုးအစားမှာ ဤအချက်ကို အပေါ်ယံ သို့မဟုတ် ရှေးရိုးစဉ်လာ မှန်ကန်မှုကို အမှန်အတိုင်း သိရှိသော စိတ်က မဆန့်ကျင်ရန် လိုပါသည်။ ဘက်မလိုက်ဘဲ ပြောရပါက ထိုသူသည် လူမိုက်ကဲသို့ ကားမောင်းသလား။ မမောင်းဘူးလားဟု မေးရပါမည်။ ကျွန်ုပ်သည် မျက်မှန်ကို သေချာတပ်ထားရဲ့လား။ နားကြားကိရိယာကိုရော မှန်မှန်ကန်န် တပ်ထားပါသလား။ အမှန်အတိုင်း မြင်တွေ့၊ ကြားသိပါရဲ့လား။ အနီးအနားက လူတိုင်းကလည်း ဤပုဂ္ဂိုလ် လူတိုင်းကို ကျော်တက်ပြီး ဟွန်းတီးနေသည်ကို မြင်ရပါသလား။ ဤအစဉ်အလာရှုထောင့်ဖြင့် မှန်ကန်စွာ မြင်တွေ့မှုကို အခြားသူများကလည်း မဆန့်ကျင်စေရန် ဖြစ်ပါသည်။
တတိယ အမျိုးအစားမှာ ဤသို့ အမည်တပ်မှုသည် အနက်ရှိုင်းဆုံးသစ္စာကို မှန်ကန်စွာ မြင်တွေ့သောစိတ်က မငြင်းဆန်သောအရာ ဖြစ်ရမည်။ ဤသည်မှာ ထိုသူက လူမိုက်ကဲ့သို့ တည်ရှိပုံကို မှန်ကန်စွာမြင်သော စိတ်ဟု ဆိုလိုပါသည်။ သူက ဘယ်လိုဘယ်ပုံ လူမိုက် ဖြစ်ရပါသနည်း။ သူက ရှေးရိုးစဉ်လာအတိုင်း လူမိုက်ဖြစ်ပါသလား။ သူကားမောင်းပုံနှင့် ကားမောင်းသော နေရာပေါ်တွင် မူတည်ပါသလား။ သို့တည်းမဟုတ် ဤလူသည် လူမိုက်ကဲ့သို့ ပင်ကိုအရ တည်ရှိသည်ဟု ကျွန်ုပ်တို့က မှန်းဆနေခြင်းလား။ ဤပုဂ္ဂိုလ်သည် အမှန်တကယ် ပင်ကိုအရ လူမိုက်ဟု ထင်ပါက ဤသည်မှာ အရာရာ အမှန်တကယ် တည်ရှိပုံကို စိတ်ကမြင်တွေ့ပုံနှင့် ဆန့်ကျင်နေပါမည်။ ဤလူသည် အစဉ်အလာအရ လူမိုက်ကဲ့သို့ ကားမောင်းပါသည်။ ဤသည်မှာ မှန်ကန်တိကျသော ယူဆချက်၊ မှန်ကန်သော နာမည်တပ်မှု၊ မှန်ကန်သော အပေါ်ယံသစ္စာ ဖြစ်သည်။ သူက လူမိုက်ကဲ့သို့ တည်ရှိပုံကို ကျွန်ုပ်တို့က ချဲ့ကားမိပါသည်။ ကိစ္စများစွာအပေါ်တွင်၊ အထူးသဖြင့် စိတ်က နာမည်တပ်မှုပေါ်တွင် မူတည်၍သာ သူက လူမိုက်ကဲ့သို့ တည်ရှိခြင်း ဖြစ်သည်။ ဤအကြောင်းကို ခဏနေလျှင် ဆွေးနွေးပါမည်။
ကျွန်ုပ်တို့သည် အပေါ်ယံ သွင်ပြင်ကို ချဲ့ကားပြီး မရှိသည့် တည်ရှိပုံနည်းလမ်းဆိုသည့် မရှိသောအရာပေါ်တွင် မှန်းဆပါသည်။ ဤသည်မှာ သိစိတ်ဖြင့် မဟုတ်ဘဲ မသိစိတ်ဖြင့် ပြုလုပ်ခြင်းဖြစ်သည်။ အရာရာ ဤနည်းဖြင့် မြင်တတ်သော ကျွန်ုပ်တို့၏ အလေ့အထကြောင့် အလိုအလျောက် ဖြစ်လာပါသည်။ ထိုသူသည် ပင်ကိုအရ လူမိုက်ကဲ့သို့ တည်ရှိသည်ဟု ချဲ့ကားပါသည်။ ထိုသို့ လူမိုက်ပမာ ပင်ကိုတည်ရှိမှုနည်းလမ်းသည် စစ်မှန်သော မည်သည့်အရာကိုမျှ မညွှန်းဆိုပါ။ ထပ်ပြောရလျှင် ကျွန်ုပ်တို့သည် မဖြစ်နိုင်သည့် တည်ရှိမှုနည်းလမ်းအနေနှင့် မရှိခြင်းအကြောင်းကို ပြောနေခြင်းဖြစ်ပြီး မဖြစ်နိုင်သော အရာဝတ္ထုကို ပြောနေခြင်း မဟုတ်ပါ။
“မွေးရာပါ” နှင့် “ပင်ကို” တို့၏ ကွာခြားချက်
ပင်ကိုတည်ရှိမှုနှင့် စိတ်ကအမည်ပေးမှုတို့က ဘာကို ဆိုလိုသည်ကို အနည်းငယ် အသေးစိတ် လေ့လာပါစို့။ ထိုအတွက် မွေးရာပါနှင့် ပင်ကိုတို့၏ ကွာခြားချက်ကို နားလည်ရန် လိုပါသည်။
ကျွန်ုပ်တို့မှာ မွေးရာပါ အရည်အသွေးများစွာ ရှိပါသည်။ ဥပမာ၊ ကျွန်ုပ်တို့၏ စိတ်အစဉ်များ၌ မွေးရာပါ ကိုယ်၊ နှုတ်၊ စိတ်၊ နားလည် သဘောပေါက်မှု၊ စိတ်ခံစားချက်များ စသည်တို့ကို ခံစားချက်ရှိသော သက်ရှိများအတိုင်း ပါဝင်ပါသည်။ ကျွန်ုပ်တို့တွင် ဗုဒ္ဓသဘောသဘာဝနှင့် ဗုဒ္ဓသဘောသဘာဝ အစိတ်အပိုင်းအားလုံး ရှိကြပါသည်။ “မွေးရာပါ” ဆိုသည့် ပညာရပ် ဝေါဟာရကို တိဘက်ဘာသာဖြင့် လျန်-စကိုင်း၊ သက္ကတဘာသာဖြင့် သဟာယ ဟု ခေါ်သလို တစ်ခါတစ်ရံ “တပြိုင်နက် ပေါ်ထွက်မှု” ဟု ဘာသာပြန်ပါသည်။ ထိုအရာများသည် သက်ရှိဖြစ်မှု၏ အစိတ်အပိုင်း ဖြစ်ပြီး စိတ်၏အခိုက်အတန့်တိုင်းတွင် တပြိုင်နက် ပေါ်ထွက်သည်ဟု ဆိုလိုပါသည်။ ကြုံတွေ့မှု အခိုက်အတန့် တိုင်းတွင် ကျွန်ုပ်တို့သည် အိပ်နေသည်ဖြစ်စေ၊ နိုးနေသည်ဖြစ်စေ ကိုယ်၊ နှုတ်၊ စိတ်တို့ ပါဝင်ပါသည်။ အိပ်နေစဉ်တွင် စကားမပြောသော်လည်း ဆက်သွယ်နိုင်စွမ်း ရှိပါသည်။ ဥပမာ၊ အခြားသူများလာကြည့်လျှင် အိပ်နေသည်ကို တွေ့ပါမည်။ အိပ်နေစဉ်တွင် မဟောက်တတ်ပါကလည်း အသက်ရှူမှုက ထူးခြားမှုရှိပြီး နှေးကွေးကာ ကျွန်ုပ်တို့ အိပ်နေသည်ဟု ဖော်ပြပါသည်။ ဤသည်မှာ ကျွန်ုပ်တို့ အချိန်တိုင်း ဆက်သွယ်နေပုံအကြောင်း နမူနာဖြစ်ပါသည်။ ဤအရည်အသွေးကို “ပြောဆိုမှု” ဟု တစ်ခါတစ်ရံ ဘာသာပြန်သော်လည်း နှုတ်ဖြင့်ပြောဆိုမှု တစ်ခုတည်းသာ မဟုတ်ပါ။ ဤသည်တို့မှာ မွေးရာပါ အချက်များ ဖြစ်ပါသည်။
“ပင်ကို” (တိဘက်ဘာသာဖြင့် ရန်-ဇင်း) ဆိုသည်မှာ အလွန်ခြားနားပါသည်။ တစ်ခုခုသည် ပင်ကိုအရ ရှိသည်ဆိုပါက မွေးရာပါဟု ဆိုလိုသော်လည်း ၎င်းကိုယ်ပိုင် အစွမ်းဖြင့် တစ်ခုခုကို တည်ရှိစေသလို ယင်းကို မြင်တွေ့ရပုံအတိုင်း တည်ရှိစေပါသည်။ ယင်းသို့ ဖြစ်စေသော အရာထဲရှိ ထင်ရှားသော လက္ခဏာရပ် သို့မဟုတ် သိသာသောအချက်ဟု တစ်ခါတစ်ရံ ပြောပါသည်။ ဤလူမိုက်တွင် သူ့မှာ တစ်ခုခု အမှန်ပင် မှားယွင်းမှု ရှိနေမည်ကို သူ့ကိုယ်ထဲ၌ အမြဲတမ်း တွေ့နိုင်ပါမည်။ ၎င်း၏ကိုယ်ပိုင်အစွမ်းဖြင့် သူ့ကို လူမိုက်ဖြစ်စေသည့်အရာ ဖြစ်ပါသည်။ “ဘေးအခန်းက တော်တော်ဆိုးတဲ့လူက အမြဲတမ်း သီချင်းဖွင့်နေတယ်...” သို့မဟုတ် “အခုပဲ တွေ့လိုက်တဲ့ လူချောလေး...” စသည်ဖြင့် ထိုသူကို ထိုနည်းဖြင့် တည်ရှိစေပြီး၊ သူ့ကိုယ်ထဲ၌ ပင်ကိုအရ အမြဲ ရှိနေသည့်အလား တစ်ခါတစ်ရံ တွေးမိတတ်ပါသည်။ စိတ်ခံစားချက် ပါဝင်သော နမူနာများကို ပြောပြခြင်း ဖြစ်သော်လည်း ဤသည်မှာ အားလုံးနှင့်ဆိုင်ပါသည်။ သင့်ကို ပင်ကိုအရ လူသားဖြစ်စေသော ပင်ကို အချက်များ သင့်ထံတွင်ရှိနေသည်ဟု ထင်ရပါသည်။
ထိုကားမောင်းသူ၏ ကိုယ်တွင်းမှ ထိုအရာသည် သူ့ကို ပင်ကိုအရ လူမိုက်ကဲ့သို့ ဖြစ်စေပြီး ၎င်းတစ်ခုတည်းသော အစွမ်းဖြင့် အခြားအရာများအပေါ် တည်မှီခြင်းမရှိဘဲ တည်ရှိအောင် ပြုလုပ်ပါသည်။ ယင်းကို ကျွန်ုပ်တို့ စူးစမ်းပါက ရှာတွေ့ပြီး ညွှန်ပြနိုင်သည့်အလား ထင်ရပါသည်။ သေချာသည်မှာ စူးစမ်းပြီး ခွဲခြားလေ့လာပါက ထိုသို့ရှိနေအောင် ပြုလုပ်သော အရာကို တွေ့နိုင်မည် မဟုတ်ပါ။ ထိုကားထဲမှ ထိုသူကို သင်စတင် လေ့လာဆန်းစစ်ပါက အက်တမ်နှင့် စွမ်းအင်စက်ကွင်း များစွာကိုသာ ရရှိပြီး သူ့ကို လူမိုက်ဖြစ်စေသောအရာဟု အခိုင်အမာ ထောက်ပြနိုင်သောအရာကို တွေ့ရှိမည် မဟုတ်ပါ။ ဤလူ၏ လှုပ်ရှားမှုများကို မိုက်ခရိုစက္ကန့်အထိ လေ့လာဆန်းစစ်ပါက လက်ချောင်းကို တစ်မီလီမီတာအထိ ဤသို့လှုပ်ရှားပြီး နောက်ထပ် တစ်မီလီမီတာတွင် ထိုသို့လှုပ်ရှားကာ နောက်ထပ်လည်း နောက်တစ်မျိုး လှုပ်ရှားပါသည်။ ထို့ကြောင့် ဤလူကို လူမိုက်ဖြစ်စေသော အရာက ဘာပါလဲ။ သူသည် လူမိုက်ဖြစ်ကြောင်း မိုက်ခရိုစက္ကန့် တစ်ခုခု၌ သင်ထောက်ပြနိုင်သော အပြုအမူ မရှိဘူး မဟုတ်ပါလား။ ဤနည်းဖြင့် ဤပုဂ္ဂိုလ်သည် လူမိုက်ဟု ထင်ရပုံပေါ်သော်လည်း ထိုသို့တည်ရှိအောင် ၎င်းတစ်ခုတည်းအစွမ်းဖြင့် တည်ရှိနေသော အရာဝတ္ထု တစ်ခုခုကို သင်ရှာမတွေ့နိုင်ပါ။
အစဉ်အလာအားဖြင့် သူကလူမိုက်ကဲ့သို့ ပြုမူပါသည်။ အပေါ်ယံ အသွင်အပြင်၏ တိကျမှုနှင့် သူက အစဉ်အလာအရ ပြုမူပုံ၏ တိကျမှုတို့ကို မငြင်းဆိုရန် သတိထားဖို့လိုပါသည်။ သူက လူမိုက်ကဲ့သို့ ပြုမူသည်မှာ မှန်ပါသည်။ ပြဿနာသည် သူကလူမိုက်ကဲ့သို့ တည်ရှိနေပုံဖြစ်သည်။ သူက အခြားအချက်များအပေါ် မူတည်ပြီး လူမိုက်ကဲ့သို့ ပြုမူပါသည်။ ၎င်းသည် သူကိုယ်တိုင်မဟုတ်သော အချက်များအပေါ် မူတည်ပါသည်။ ဤသည်မှာ သူ့ကိုယ်ထဲမှ တစ်ခုခု၏ အစွမ်းကြောင့် လူမိုက်ကဲ့သို့ ပြုမူခြင်း မဟုတ်ပါ။ ဤလူသည် အစိတ်အပိုင်းများ ပေါ်တွင် အခြေခံကာ (သူ့လက်က တစ်နည်းနည်းဖြင့် လှုပ်ရှားပုံစသည်) အကြောင်းတရားများအပေါ် တည်မှီပြီး (သူသည် ယာဉ်ကြောပိတ်နေပြီး အလျင်လိုနေခြင်းကြောင့်) လူမိုက်ကဲ့သို့ ပြုမူနေပါသည်။ ပင်ကိုအရ လူမိုက်တစ်ယောက် ဆိုပါက ကားမမောင်းလည်း သို့မဟုတ် အိပ်နေလျှင်လည်း လူမိုက်ဖြစ်နေရပါမည်။ သူက ရောက်ရှိနေသည့် အခြေအနေများအပေါ် တည်မှီပြီး လူမိုက်ကဲ့သို့ ပြုမူခြင်းဖြစ်သည်။ လူမိုက်ကဲ့သို့ ကားမောင်းစေသည့် ယဉ်ကျေးမှုဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာနှင့် ကိုယ်ရည်ကိုယ်သွေးဆိုင်ရာ အချက်အားလုံးလည်း ရှိနိုင်ပါသည်။ ယင်းတို့သည် ဤလူအား လူမိုက်ကဲ့သို့ ကားမောင်းစေသော အချက်များဖြစ်ပါသည်။
စိတ်တွင် နာမည်တပ်ခြင်း
ထို့ပြင် ပို၍အခြေခံကျစွာ ပြောရလျှင် လူမိုက်ကဲ့သို့ ကားမောင်းသူဟု သိမှုသည် “လူမိုက်” ဆိုသော အယူအဆ ပေါ်တွင် မူတည်ပါသည်။ ထိုသို့သော အယူအဆ မရှိပါက ဤလူသည် လူမိုက်ကဲ့သို့ ကားမောင်းသည်ဟု ပြောနိုင်မည် မဟုတ်တော့ပါ။ ထိုအခါ စိတ်တွင် အမည်တပ်မှုကို လေ့လာရပါမည်။
စိတ်တွင် အမည်ပေးခြင်းက အတော်လေး ရှုပ်ထွေးနိုင်ပါသည်။ ဤလူကို လူမိုက်ဟု ခေါ်လိုက်တိုင်း သူ့ကို လူမိုက်မဖြစ်စေဘူး မဟုတ်လား။ ကလေးများအချင်းချင်း “မင်းကလူမိုက်ပဲ” ဟုအော်နေခြင်းကို မပြောလိုပါ။ အမည်ပေးခြင်း၊ နာမည်တပ်ခြင်းတို့ကြောင့် မိမိခေါ်သည့်အတိုင်း ဖြစ်လာနိုင်စွမ်း မရှိပါ။ စိတ်တွင် အမည်ပေးခြင်းဆိုသည်မှာ စကားလုံးများ၊ အယူအဆများဖြင့် အကြောင်းကိစ္စများ ဖန်တီးခြင်း ဖြစ်သည်ဟု လူအများအပြားက ထင်ပါသည်။ ဗုဒ္ဓဘာသာအရ စိတ်တွင် အမည်ပေးခြင်းက ထိုသို့လုံးဝမဆိုလိုပါ။
ယခုလို စဉ်းစားကြည့်ပါ။ ဤလူကို လူမိုက်ဟု အမည်တပ်သည်ဖြစ်စေ၊ မတပ်သည်ဖြစ်စေ၊ “လူမိုက်” ဟု တွေးသည်ဖြစ်စေ၊ မတွေးသည်ဖြစ်စေ၊ လမ်းပေါ်မှ အခြားတစ်ယောက်ယောက်က ဤလူကားမောင်းသည်ကို မြင်သည်ဖြစ်စေ၊ မမြင်သည်ဖြစ်စေ သူက လူမိုက်ကဲ့သို့ ကားမောင်းနေပါမည်လား။ လမ်းပေါ်မှာ သူတစ်ဦးတည်း ရှိပြီး မည်သူမျှ သူ့ကို လူမိုက်ဟု မခေါ်ပါက သူကလူမိုက်ကဲ့သို့ ကားမောင်းနေပါမည်လား။
လူမိုက်ဆိုသည့် အယူအဆ ရှိထားသူအုပ်စုနှင့် ထိုအယူအဆ မရှိထားသော အခြားအုပ်စုအတွက် ခြားနားချက်ရှိမည်ဟု ပြောနိုင်ပါမည်။ ထို့ကြောင့် ထိုအုပ်စုနှင့် ၎င်း၏ အယူအဆဆိုင်ရာ မူဘောင်အပေါ်တွင် မူတည်ပါသည်။ သင်က ပြောနိုင်သည်မှာ ဤပုဂ္ဂိုလ်သည် ယူဆချက်အချို့အရ လူမိုက်ကဲ့သို့ ကားမောင်းနေသော်လည်း ပင်ကိုအရ လူမိုက်ကဲ့သို့ ကားမောင်းသူ လုံးဝမဟုတ်ပါ။ တစ်ယောက်ယောက် သူ့ကိုမြင်သည်ဖြစ်စေ၊ မမြင်သည်ဖြစ်စေ၊ ယင်းသည် ဥပဒေနှင့် ထုံးတမ်းစဉ်လာများပေါ်၌ မူတည်ပါသည်။ အခြားအရာများအပေါ် လုံးဝမူမတည်ဘဲ ထိုသူကားမောင်းပုံနှင့်သာ ဆိုင်သည်ဟု ပြောပါက မဖြစ်နိုင်ပါ။ ဤသည်မှာ စိတ်တွင် အမည်တပ်မှုနှင့် ပတ်သက်လျှင် လူတို့အရှုပ်ထွေးဆုံး အချက်များ ဖြစ်ပါသည်။
ထိုအခါ ‘‘ဤလူကားမောင်းပုံကို ကျွန်ုပ်တို့က ဘက်မလိုက်ဘဲ ပြောနိုင်ပါဦးမည်လား’’ ဟု တွေးမိနိုင်ပါသည်။ ဤသည်မှာ တကယ်ဆန်းစစ်သင့်သော မေးခွန်းဖြစ်ပါ၏။ အမှန်တကယ် ဖြစ်ပျက်နေသောအရာကို ဤသို့တွယ်တာမှုက ပြဿနာ ဖြစ်သည်။ သူက တကယ်ပဲ လူမိုက်ကဲ့သို့ ကားမောင်းသလား။ မမောင်းဘူးလား။ သူအမှန်တကယ် ဖြစ်တည်မှုကို လေ့လာသောအခါ ပင်ကိုတည်ရှိမှုနယ်ပယ်တွင် ကျွန်ုပ်တို့ ရှိနေပါသည်။ ဤလူက ‘‘လူမိုက်’’ အယူအဆ၊ အနောက်တိုင်း ဓလေ့ထုံးစံ စသည်တို့အပေါ် မူတည်ပြီး လူမိုက်ကဲသို့ ကားမောင်းပါသည်။ သူကလူမိုက်ဖြစ်သည်ဟု ချဲ့ကားလိုက်သည်။ ယင်းမှာ ကိုယ်တိုင်သတ်မှတ်သော ပင်ကိုတည်ရှိမှုဖြစ်ပြီး မဖြစ်နိုင်သောအရာ ဖြစ်ပါသည်။
ကျွန်ုပ်တို့ အများစုသည် အရာရာ အမှန်တကယ် ရှိနေပုံကို သိလိုပြီး ၎င်းတို့ အမှန်တကယ် တည်ရှိသောနည်းလမ်း ရှိသည်ဟု ထင်နေသောကြောင့် ဤရှုပ်ထွေးမှုက မည်မျှအရိုးစွဲနေသည်ကို ဤအချက်က စတင်ဖော်ပြနေသည်ဟု ထင်ပါသည်။ ‘‘ဒါက တကယ်ကောင်းတဲ့အိမ်ပဲ’’ သို့မဟုတ် ‘‘ဒီညနေအရမ်းကို ပျော်တယ်’’ ဟု တစ်ခုခု ပင်ကိုအရ ရှိနေသည့်အလား၊ လူတိုင်းက ထိုနည်းအတိုင်း တွေ့မြင်သင့်သည့်အလား ပြောကြသည်။ ဤသို့ အသားကျနေသောကြောင့် အရာရာက ထိုနည်းအတိုင်း ကျွန်ုပ်တို့ တွေးထင်ပုံအတိုင်း အလိုအလျှောက် ထင်မြင်လာပါသည်။ ဤသည်မှာ ‘‘လှည့်ဖြားဟန်ဆောင်ခြင်း’’ ဟုခေါ်ပြီး တစ်ခါတစ်ရံ ‘‘နှစ်ခွဖြစ်သောအသွင်’’ ဟု ခေါ်ပါသည်။ ဤနေရာတွင် နှစ်ခွဖြစ်မှု ဆိုသည်မှာ အငြင်းပွားဖွယ်ဖြစ်ပြီး တကယ်တော့ ထိုသို့မဟုတ်ပါ။ ထင်မြင်ရပုံသည် အမှန်တကယ် တည်ရှိမှုနှင့် ကိုက်ညီမှု မရှိပါ။ ဤသည်မှာ ဂယ်လဂ်-ပရာဆန္ဂိက အသုံးအနှုန်းဖြင့် နှစ်ခွဖြစ်ပုံကို ဆိုလိုပါသည်။
ဤလူက လူမိုက်ကဲ့သို့ ကားမောင်းသည့်အချက်က အဓိကကျပါသည်။ ယင်းမှာ အစဉ်အလာအရ တိကျပါသည်။ မည်သူမျှ သဘောမတူသော သို့မဟုတ် အခြားသူများက သဘောတူသော ထင်မြင်ချက်မျိုး ကျွန်ုပ်တို့မှာ ရှိနိုင်ပါသည်။ ဂျာမနီနိုင်ငံ၌ ဤလူသည် လူမိုက်ကဲ့သို့ ကားမောင်းကြောင်း အခြားသူများက သဘောတူပါမည်။ သို့သော် ထိုအချက်ကြောင့် သူကတကယ့် လူမိုက် ဖြစ်မသွားပါ။ ခွေးတစ်ကောင် ကားမောင်းနေသည့် ထင်မြင်ချက်မျိုး ရှိနိုင်သော်လည်း မည်သူမျှ သဘောတူမည် မဟုတ်ပါ။ ရူးနှမ်းသော ထင်မြင်ချက်များ ရှိသလို မှန်ကန်သော ထင်မြင်ချက်များလည်း ရှိပါသည်။
အရေးကြီးသည်မှာ အရာရာကို အစဉ်အလာအရ သိရှိရန် မှန်ကန်သော သိမှုများ ရှိသည့်အချက် ဖြစ်ပါသည်။ ယင်းမှာ အလွန်အရေးကြီးပါသည်။ တိဘက် ဗုဒ္ဓဘာသာ ဂိုဏ်းအမျိုးမျိုးတွင် ဤခြားနားချက်ကို ထူးခြားသော ရှင်းပြချက်အသီးသီး ရှိကြပါသည်။ ဂယ်လဂ် စနစ်တွင် တိကျသော သစ္စာနှင့် မတိကျဘဲ အပေါ်ယံဖြစ်သော သစ္စာ အနေနှင့် ပြောပါသည်။ တစ်စုံတစ်ခု၏ မတိကျသော အပေါ်ယံ သစ္စာက ၎င်း၏အစဉ်အလာအရ တည်ရှိမှုနှင့် မဆက်စပ်ပါ။ အစဉ်အလာအရ တစ်ခုခု ဖြစ်တည်မှုနှင့် တကယ် တည်ရှိပုံအကြားတွင် ကွာခြားချက် ကြီးမားပါသည်။
ဝါတန္တရိကနှင့် ပရာဆန္ဂိက တို့ကို ဂယ်လဂ်စနစ်တွင် မှန်ကန်စွာ အမည်တပ်ခြင်း
ထင်မြင်ချက်တစ်ခု မှန်ကန်မှုကို မည်သို့သိနိုင်ပါသလဲ။ စန္ဒြကာတိ ၏ မှန်ကန်သော အမည်တပ်မှု သုံးမျိုးကို ကျွန်ုပ်တို့ အသုံးပြုပါသည်။ ဝါတန္တရိက-မဇ္ဈိမနှင့် ပရာဆန္ဂိက-မဇ္ဈိမတို့အကြား ကွာခြားချက်ကို ဂယ်လဂ်စနစ်၏ ရှင်းပြမှုက ဤသို့ဖြစ်ပါသည်။ ကာဂယု စနစ်တွင် ဂိုဏ်းနှစ်ခုကို အနည်းငယ် ကွဲပြားစွာ ရှင်းပြပါသည်။ မဇ္ဈိမလမ်းစဉ်၏ အဓိကအချက်မှာ အရာရာသည် စိတ်၏အမည်တပ်မှုတွင် တည်မှီနေပါသည်။ စိတ်တွင် အမည်တပ်မှုက ယင်းတို့ကို ဖန်တီးသည်ဟု မဆိုလိုပါ။ မဇ္ဈိမလမ်းစဉ်က စိတ်၏အမည်တပ်မှုကို ပြောထားသည်မှာ စိတ္တမန္တရားကဲ့သို့ အိန္ဒိယနိုင်ငံ၏ သိပ်ခေတ်မမီတော့သော ဗုဒ္ဓဘာသာ ယုံကြည်ချက် ဂိုဏ်းများက စိတ်နှင့် အရာဝတ္ထုအကြား ဆက်စပ်မှုကို ရှင်းပြထားချက်ကို ပြုပြင်ထားခြင်း ဖြစ်ပါသည်။ ယုံကြည်ချက် ဂိုဏ်းများအကြောင်း သင့်တော်သော အစီအစဉ်ဖြင့် လေ့လာသည့် အဓိကအချက် တစ်ချက်မှာ စိတ်နှင့်အရာဝတ္ထုများအကြား ဆက်စပ်မှုကို ပိုပြီးအဆင့်မြင့်သော နယ်ပယ်တွင် တဖြည်းဖြည်း နားလည်လာရေး ဖြစ်ပါသည်။
ကျမ်းစာများတွင် အသုံးပြုသော နမူနာမှာ တစ်ယောက်ယောက်ကို ‘‘ဘုရင်’’ ဟု အမည်တပ်ခြင်းဖြစ်သည်။ တစ်ယောက်ယောက်သည် အယူအဆနှင့် ‘‘ဘုရင်’’ ဆိုသောစကားလုံးအပေါ် မူတည်ပြီး ဘုရင်ကဲ့သို့ တည်ရှိပါသည်။ ဘုရင်များ၏ လူမှုရေး ထုံးတမ်းစဉ်လာ မရှိပါက မည်သူမျှ ဘုရင်မဖြစ်နိုင်သည်မှာ ရှင်းပါသည်။ မေးစရာ ရှိသည်မှာ- အမည်တပ်မှုကို ဘာက မှန်ကန်စေပါသလဲ။ ဝါတန္တရိက အရ ၎င်းတို့ကိုယ်တိုင် ပင်ကို ထူးခြားသော လက္ခဏာရပ် တွေ့ရှိနိုင်သော အရာများကို ၎င်းတို့တည်ရှိပုံအတိုင်း မှန်ကန်စွာ အမည်တပ်ခွင့် ရှိပါသည်။ ဘုရင်၏ ကိုယ်ထဲတွင် သူ့ကို ‘‘ဘုရင်’’ ဟု မှန်ကန်စွာ အမည်တပ်နိုင်အောင် တော်ဝင်ဖြစ်စေသော အရာတစ်ခုခု ရှိရပါမည်။ ထိုသို့မရှိပါက ခွေးတစ်ကောင် သို့မဟုတ် အမှိုက်လှည်းသူကိုလည်း ‘‘ဘုရင်’’ ဟု အမည်တပ်ကာ ဘုရင်ဖြစ်သွားပါလိမ့်မည်။ ဤအချက်၏နောက်ကွယ်၌ နိုင်ငံရေး အတွေးအခေါ်အချို့ ရှိသည်ကို မြင်နိုင်ပါသည်။ တကယ်တော့ နောက်ပြောင်ခြင်း မဟုတ်ပါ။ ဤဒဿနသည် ဇာတ်ခွဲခြားမှု အနေနှင့် တွေးခေါ်မှုက အလွန်အရေးကြီးသော အိန္ဒိယနိုင်ငံတွင် အမှန်ပင်ဖြစ်ထွန်းခဲ့ပါသည်။ ထို့ကြောင့် တော်ဝင်ဇာတ် အမျိုးအနွယ် ဖြစ်စေသူ တစ်ယောက်တွင် ပင်ကိုတစ်ခုခု ရှိရပါသည်။ ယင်းမှာ ဝါတန္တရိက နည်းလမ်း ဖြစ်ပါသည်။
ပရာဆန္ဂိက နည်းလမ်းက ထိုသို့မဟုတ်ပါ။ သူ့ကို ဘုရင်ဖြစ်စေသည့် လူပုဂ္ဂိုလ်ဟူ၍ ရှာမတွေ့ပါ။ အစဉ်အလာအရ သတ်မှတ်ချက် လက္ခဏာများ ရှိတာမှန်ပါသည်။ တော်ဝင်အစဉ်အလာဖြင့် နိုင်ငံအုပ်ချုပ်သူက ဘုရင် ဖြစ်ပါသည်။ ဘုရင်ဆိုသည့် သတ်မှတ်ချက် လက္ခဏာတစ်ရပ် ရှိပါသည်။ အရာရာ သတ်မှတ်ချက် မရှိပါက ဆောင်ရွက်မှု ပြုလုပ်ရန် မဖြစ်နိုင်တော့ပါ။ သို့သော် အစဉ်အလာအရသာ ဖြစ်ပါသည်။ သတ်မှတ်ချက် လက္ခဏာများက အရာဝတ္ထုထဲ၌ ရှာတွေ့နိုင်သည့်အလား ၎င်း၏တစ်ကိုယ်တည်း အစွမ်းဖြင့်၊ ဥပမာ လူတစ်ယောက်ကို တော်ဝင် ဖြစ်စေအောင် အမှန်တကယ် တည်ရှိနေခြင်း မဟုတ်ပါ။
အမည်ပေးမှုက မှန်ကန်ကြောင်း ဘယ်လိုသိနိုင်ပါမလဲ။ ဤနေရာတွင်လည်း စန္ဒြကာတိ၏ အမျိုးအစားသုံးခုဆီ ပြန်ရောက်လာပါသည်။ ယင်းတို့ကို နားလည်ရန် အလွန်အရေးကြီးသည့်အတွက် နောက်ထပ်ဥပမာတစ်ခုဖြင့် ဖော်ပြကြည့်ပါမည်။ ပထမဦးစွာ သတ်မှတ်သဘောတူထားသော ယူဆချက်တစ်ခု ရှိပါသည်။ ကျွန်ုပ်တို့ မိသားစုဆီ ပြန်လာပြီး မိမိအိမ်ထောင်ဖက်အနေနှင့် လေ့လာကြည့်ပါမည်။ ဆွေးနွေးရာ၌ လွယ်ကူအောင် မိမိအိမ်ထောင်ဖက်က အမျိုးသမီးဟု ပြောပါမည်။ သူ့မျက်နှာတွင် ထူးခြားချက် အချို့ရှိသည်။ နဖူးက တွန့်နေသည်။ ပါးစပ်က ကွေးနေသည်။ သူက ဝမ်းနည်းပြီး ဒေါသထွက်နေသည့်ပုံ ပေါ်ပါသည်။ အထူးသဖြင့် အနောက်တိုင်း ယဉ်ကျေးမှုတွင် လူတို့သည် ဝမ်းနည်းသောအခါ နဖူး အရေတွန့်ပြီး ပါးစပ်က အောက်သို့ကွေးနေသည်ဆိုသော ယူဆချက် ရှိပါသည်။ မိမိအိမ်ထောင်ဖက်က လူတို့ ဒေါသထွက်သောအခါ ပြုလုပ်သည့်ပုံစံမှာ ဤယူဆချက်အတိုင်း ဖြစ်နေပါသည်။ ဤသည်မှာ ထင်မြင်မှုကို မှန်ကန်ကြောင်း ပြသော နည်းတစ်နည်း ဖြစ်ပါသည်။ ယင်းကို ယခင်က သူဝမ်းနည်းချိန်များနှင့်လည်း နှိုင်းယှဉ်ကာ သူ့အမူအရာက သူ့ကိုယူဆထားပုံနှင့် ကိုက်ညီသလား ကြည့်နိုင်ပါသည်။
ဒုတိယ အမျိုးအစားမှာ ယင်းကို အပေါ်ယံသစ္စာများအား မှန်ကန်စွာ မြင်သောစိတ်က မဆန့်ကျင်ရပါ။ မျက်မှန်တပ်၊ မီးခလုတ်ဖွင့်ပါက အမူအရာကို မှန်ကန်စွာ မြင်ရပါသည်။ မှောင်မဲနေပြီး သေချာ မမြင်ရခြင်း မဟုတ်သလို မျက်မှန် မတပ်ထားခြင်းလည်း မဟုတ်ပါ။ ဤအမျိုးအစားက အလွန်လက်တွေ့ကျသော အရာကို ရည်ညွှန်းဖော်ပြပါသည်။
ကျမ်းစာများတွင် အတိအလင်း မဖော်ပြထားသော်လည်း ဤဒုတိယအချက်ကို တစ်စုံတစ်ခုက အကျိုးရလဒ် ထုတ်လုပ်နိုင်စွမ်းကဲ့သို့သော အခြားအမျိုးအစားများနှင့် စစ်ဆေးကြည့်နိုင်ပါသည်။ ဥပမာ၊ “ဟယ်လို” ဟုနှုတ်ဆက်သောအခါ သူကဘာမှ ပြန်မပြောခြင်း ဖြစ်သည်။ ထိုအခါ သူဝမ်းနည်းနေပုံပေါ်သည်မှာ သေချာကြောင်း နောက်ထပ်သက်သေတစ်ချက် ဖြစ်ပါသည်။ သူ၏အခြား အပြုအမူများအရ သူဝမ်းနည်းသည်ဟု ကိုက်ညီပါသည်။ အကြောင်းမှာ သူဝမ်းနည်းဒေါသထွက်သောအခါ ဟယ်လိုဟု ပြန်ပြောလေ့ မရှိသောကြောင့် ဖြစ်ပါသည်။ တစ်နည်းဆိုရလျှင် ဒေါသက ပုံမှန်အကျိုးရလဒ် ထုတ်လုပ်ပါသည်။ အမှန်တကယ် သေချာလိုပါက သူဝမ်းနည်းနေသလား ဟူ၍လည်း မေးကြည့်နိုင်ပါသည်။
ဤနေရာတွင်ရပ်လိုက်ပြီး “အင်း၊ ဒီနေ့ စိတ်မချမ်းသာစရာ တစ်ခုခု ဖြစ်သွားလို့ သူဝမ်းနည်း ဒေါသထွက်တာနေမယ်။ ဒါက အချက်တွေအများကြီးအပေါ် မူတည်ပါတယ်” ဟု ပြောမိပါက မိမိ၏သိမှုက လုံးဝ မှန်ကန်ပါသည်။ အရာရာတည်ရှိပုံ၊ မိမိအိမ်ထောင်ဖက်က ဒေါသထွက်နေသကဲ့သို့ တည်ရှိပုံ၏ အနက်ရှိုင်းဆုံး အဆင့်ကို မှန်ကန်စွာမြင်သော စိတ်က ငြင်းဆန်ခြင်း မရှိပါ။
မိမိအိမ်ထောင်ဖက်က အကြောင်းမည်မည်ရရ မရှိဘဲ ဒေါသမထွက်တတ်ဟု ထင်ရပါသည်။ သို့သော် “အို၊ သူထပ်ပြီး ဒေါသထွက်ပြန်ပြီ။ သူကဒေါသကြီးတဲ့သူပဲ။ တစ်ခုမဟုတ်တစ်ခု အမြဲ ဝမ်းနည်းနေတယ်။ နားကို မလည်တော့ဘူး” ဟု တွေးပါက အနက်ရှိုင်းဆုံး သစ္စာကို မှန်ကန်စွာမြင်သောစိတ်က ငြင်းဆန်မိပါသည်။ မည်သူမျှ ပင်ကိုအရ ထိုသို့မတည်ရှိပါ။
ဤနည်းဖြင့် လူတစ်ယောက် ဒေါသဖြင့် တည်ရှိစေသည့် ပင်အချက်တစ်ခုခု ရှိရန်မလိုဘဲ ထိုသူကို ဝမ်းနည်း၊ ဒေါသထွက်သည်ဟု သက်သေပြသည်ဟု ဆိုလိုပါသည်။ ဘာမှမရှိခြင်းအကြောင်းကို ပြောသောအခါ သူက အလွန်ဆိုးသူတစ်ယောက် ဖြစ်သည်ဟုတွေးကာ ပြောပါသည်။ ဘာမှမရှိခြင်းသည် ထိုနည်းဖြင့် တည်ရှိမှု လုံးဝမရှိခြင်း ဖြစ်ပါသည်။ ထိုသူနှင့်အတူ မနေချင်စရာကောင်းလောက်အောင် အမှန်တကယ် တစ်ခုခုမှားနေခြင်းမျိုး လုံးဝ မရှိခြင်း ဖြစ်ပါသည်။ သူက ထိုနည်းဖြင့် တည်ရှိသည်ဟု ကျွန်ုပ်တို့ ယုံကြည်ပါက အနှောင့်အယှက်ပေးသော ပုံစံဖြင့် တုံ့ပြန်မိပါသည်။ သူနှင့်အတူ ဝမ်းနည်းကာ စိတ်တိုလာပါသည်။
“အခြေအနေကို ပညာဉာဏ်ဖြင့် တည်တည်ငြိမ်ငြိမ် ဖြေရှင်းမှုသည် မိမိအိမ်ထောင်ဖက် ဘာကြောင့်ဒေါသထွက်သည်ကို သိရှိမှုအပေါ်တွင်လည်း မူတည်ပါသလား” ဟု မေးနိုင်ပါသည်။ တကယ်တော့ သူဘာကြောင့် ဒေါသထွက်သည်ကို နားမလည်ပါကလည်း ယင်းသည် အကြောင်းရင်းများ၊ အခြေအနေများအပေါ်၌ မူတည်မည်ဟု နားလည်အောင်ကြိုးစားရပါသည်။ သူက ပင်ကိုအရ အမြဲဒေါသထွက်နေခြင်း မဟုတ်ပါ။ ထိုအခါ အခြေအနေကို တစ်နည်းနည်းဖြင့် ပြောင်းလဲနိုင်မည်ဟု မြင်လာပါသည်။ သို့သော် “မိမိအိမ်ထောင်ဖက်သည် ဒေါသထွက်ပြီး ဝမ်းနည်းနေသည်” ဟုပြောလျှင် တိကျပါသည်။ ဒါက အလွန်အရေးကြီးသည်။ မိမိအိမ်ထောင်ဖက်သည် ယူဆချက်များအရ ဝမ်းနည်းနေသည်ကို အသိအမှတ် မပြုပါက သူ့အတွက် ကရုဏာထားပြီး ကူညီရန် အခြေခံ ရှိတော့မည် မဟုတ်ပါ။ သူနှင့် အကျိုးရှိစွာ ဆက်စပ်မှုသည် ပြိုကွဲသွားပြီး တစ်ဖက်သတ် အစွန်းရောက်မှု ဖြစ်လာပါမည်။
တိကျသော အပေါ်ယံသစ္စာကို အသိအမှတ်ပြုရန် ဤသို့အလေးထားလိုက်ပါက ဘာမှမရှိခြင်းနှင့် ကရုဏာကို နားလည်ရန် အလွန်နီးစပ်မှု ရှိလာပါသည်။ ထိုသို့မရှိပါက အခြားသူများကို အလေးအနက် မထားတော့ဘဲ အခြားသူများ၏ ပြဿနာများတွင် အမှန်တကယ် ပါဝင်ပြီး ကူညီရန် နှောင့်ယှက်မှု ရှိလာပါသည်။ ဤသည်မှာ အလွန်နူးညံ့သိမ်မွေ့သော်လည်း အလွန်အရေးကြီးသည်ဟု ထင်ပါသည်။
အမှီအခိုကြောင့် ဖြစ်ပေါ်ခြင်းနှင့် ကံတရား
အမှီအခိုဖြင့် ပေါ်ထွက်မှုကို နားလည်ပါက အပြုသဘောနှင့် အပျက်သဘော ဆောင်ရွက်ချက်များက တကယ်တော့ အပြုသဘော၊ အပျက်သဘော ဖြစ်သည့်အချက်ကို လျစ်လျူမရှုမိတော့ပါ။ ထိုအချက်က အလွန်မှန်ပါသည်။ နှိုင်းရဆက်စပ်မှုအကြောင်း ပြောသောအခါ အရာရာကို ဘာမဆို ဖြစ်နိုင်သည် ဆိုသောအဆင့်အထိ မလျှော့ချပါ။ သူ့အသက် သတ်ခြင်းက မည်သည့်စိတ်ဓာတ်စေ့ဆော်မှု ရှိသည်ဖြစ်စေ အပျက်သဘောဖြစ်ပါသည်။ အလွန် အားကောင်းသော ကရုဏာဖြင့် သတ်ဖြတ်လျှင်လည်း အပျက်သဘော သတ်ဖြတ်မှု ဖြစ်နေပါသည်။ ဥပမာ၊ လှေပေါ်ရှိ ကုန်သည် ၄၉၉ ဦးကို သတ်ဖြတ်မည့် လှေသမားကို ဘုရားလောင်းက သတ်ခြင်းမျိုးဖြစ်သည်။ ၎င်းသည် ဆင်းရဲဒုက္ခ ကြုံတွေ့သည်အထိ ရင့်ကျက်လာကာ ဘုရားရှင်သည် ခြေထောက်တွင် ဆူးစူးပါသည်။ အားကောင်းသော ကရုဏာ၏ စေ့ဆော်မှုကြောင့် ဤဆင်းရဲဒုက္ခ၊ အပျက်သဘော အကျိုးဆက်များက အလွန်သေးငယ်ပါသည်။ သို့သော် အပျက်သဘော ဆောင်ရွက်ချက် ဖြစ်နေသေးသလို ကံ၏နိယာမနှင့် သက်ဆိုင်နေပါသည်။ အပျက်သဘော အပြုအမူက ဆင်းရဲဒုက္ခ ဖြစ်စေပါသည်။ အပျက်သဘော ဆောင်ရွက်ချက်၏ အင်အားက နှိုင်းရဖြစ်သော်လည်း အလုံးစုံ နှိုင်းရ မဟုတ်ပါ။ အပျက်သဘော ဆောင်ရွက်ချက်သည် အပြုသဘော ဖြစ်မလာနိုင်ပါ။ ဗုဒ္ဓဘာသာက စကြဝဠာတွင် နိယာမရှိသည်ကို သဘောတူလက်ခံထားပါသည်။
အစဉ်အလာအားဖြင့် သူ့အသက်သတ်ခြင်းမှာ အပျက်သဘော ဆောင်ရွက်ချက်ဖြစ်သည်။ သို့သော် ဘာက ထိုသို့အပျက်သဘော ဖြစ်စေပါသလဲ။ သတ်ဖြတ်မှုသည် ၎င်း၏ကိုယ်ပိုင်အစွမ်းဖြင့် အပျက်သဘော ဖြစ်စေသည်ကို တွေ့နိုင်သောအချက် မရှိကြောင်း ပြောနိုင်ပါသည်။ ယင်းမှာ သတ်ဖြတ်သူ တစ်ယောက်ယောက်၊ အသတ်ခံရသူ တစ်ယောက်ယောက်၊ ယင်းကို လွှမ်းမိုးသည့် စိတ်အစဉ် အပေါ်တွင် မူတည်ပြီး ရလဒ်အဖြစ် ဆင်းရဲဒုက္ခကို ကြုံတွေ့ရပါမည်။ ထိုဆောင်ရွက်ချက်မှ အပျက်သဘော ကံ၏ အင်အားက ကျူးလွန်သူ၏ စိတ်အစဉ်တွင် ဆက်လက် ပါဝင်သွားပြီး သတ်ဖြတ်မှု ကျူးလွန်သူသည် ရလဒ်အဖြစ် ဆင်းရဲဒုက္ခကို ကြုံတွေ့ရပါသည်။ အကြောင်းအကျိုးကို မတည်မှီဘဲ တစ်ခုခု “အပျက်သဘော” ဖြစ်သည့် အနေနှင့် ပြော၍မရပါ။ အပျက်သဘောက မိုးပေါ်က ကျလာခြင်း မဟုတ်ပါ။ အပျက် ဆိုသည်မှာ ကျူးလွန်သူအတွက် ဆင်းရဲဒုက္ခ ကြုံတွေ့မှုအဖြစ် ရင့်ကျက်လာသော ဆောင်ရွက်မှုတစ်ခုခုကို ဆိုလိုပါသည်။
ထိုအခါ သတ်ဖြတ်မှုကို ဘာက အပျက်သဘော ဖြစ်စေပါသလဲ။ ဆောင်ရွက်ချက်သည် ၎င်းကိုယ်တိုင် မဟုတ်သော အချက်များအပေါ်တွင် မူတည်ပြီး အပျက်သဘော ဖြစ်ပါသည်။ ဤကိစ္စတွင် ဆောင်ရွက်ချက်၏ ကံအကျိုးသက်ရောက်မှု ဖြစ်ပါသည်။ ဆောင်ရွက်ချက်က ၎င်းကိုယ်တိုင်၊ ၎င်းအထဲ၌ ရှာတွေ့နိုင်သော အရာတစ်ခုခုဖြင့် ပင်ကိုအရ အပျက်သဘော မဟုတ်ပါ။
နေ့စဉ်ကြုံရသည့် အခြေအနေများနှင့် ပိုနီးစပ်သော နောက်ထပ် ဥပမာတစ်ခု ကြည့်ကြပါစို့။ အိမ်ကခွေးကလေးသည် မီးဖိုကြမ်းပြင်ပေါ်တွင် မတော်တဆ ဖြစ်သွားရာ ကျွန်ုပ်တို့ ဒေါသဖြစ်ပြီး ထိုပြုမူမှုကိုယ်တိုင်က အခြားအရာများအပေါ် မူမတည်ဘဲ ဆိုးရွားနေသည့်အလား “တော်တော်ဆိုးတဲ့ခွေး။ ကြမ်းပြင် ညစ်ပတ်ကုန်ပြီ။ ဒီလိုဆိုးဆိုးရွားရွား လုပ်ရလား” ဟု အော်ဟစ်သည်။ ဤဥပမာ၌ ခွေးက ကြုံရမည့် ကံအကျိုးသက်ရောက်မှုထက် ဆောင်ရွက်ချက်၏ “လူကြောင့်ဖြစ်သော” ရလဒ်ကို တွေးကြည့်လျှင် ပိုမိုလွယ်ကူပါသည်။ ကံအကျိုးသက်ရောက်မှုနှင့် လူကြောင့်ဖြစ်ပေါ်မှု တို့အကြား မတူညီသည်ကို သတိပြုစေလိုပါသည်။ လူကြောင့် ဖြစ်သော သို့မဟုတ် ဤကိစ္စတွင် ခွေးကြောင့်ဖြစ်သော ဆောင်ရွက်ချက် သက်ရောက်မှုက ညစ်ပေမှုဖြစ်ပြီး ကျွန်ုပ်တို့ သန့်ရှင်းရေးလုပ်ရပါသည်။ ထိုအမျိုးအစားတွင် အခြေခံပါက ကြမ်းပြင်ပေါ်တွင် ခွေး၏ပြုလုပ်မှုသည် မသင့်တော်ပါ။
အမှီအခိုကြောင့် ဖြစ်ပေါ်ခြင်းနှင့် ရွေးချယ်မှုများ
မှန်ကန်သော အမည်တပ်မှုနှင့် ထင်မြင်ချက်အကြောင်း ဤဆွေးနွေးမှုတွင် မှန်ကန်သော ဆုံးဖြတ်ချက်ချမှတ်ရန် ဘာကို အကြံပြုထောက်ခံနိုင်ပါသလဲ။ ဆုံးဖြတ်ချက်တစ်ခုခု ချမှတ်ရာတွင် အချက်အလက်များစွာ ပါဝင်ပတ်သက်ပါသည်။ အကျပ်အတည်း တစ်ခုအတွက် အဖြေအဖြစ် တစ်ခုမဟုတ် တစ်ခုကို မှန်ကန်စွာ အမည်တပ်၍ မရပါ။ အစဉ်အလာအရ အသင့်တော်ဆုံးဖြစ်သော ဆုံးဖြတ်ချက်ကို သိရှိနိုင်အောင် ဥပမာအားဖြင့် ရလဒ်ကို လွှမ်းမိုးမည့် အချက်များကို တတ်နိုင်သလောက် များနိုင်သမျှများအောင် ထည့်စဉ်းစားကြည့်ရပါသည်။ ဖြစ်လာသမျှ အရာတိုင်းသည် ကိစ္စတစ်ခုတည်းကြောင့် ဖြစ်လာသည် မဟုတ်ပါ။ မိမိအပြုအမူနှင့် ဘာလုပ်မည်ဆိုသည့် မိမိဆုံးဖြတ်ချက်များ၏ အရေးကြီးပုံကို လိုသည်ထက်ပိုပြီး မချဲ့ကားရန် အရေးကြီးပါသည်။ ဥပမာ၊ တစ်ခုခု ပြောလိုက်၍ တစ်ယောက်ယောက် ဝမ်းနည်းသွားပါက မိမိပြောသောအရာသာမက ထိုသူ ဝမ်းနည်းအောင် ပြုလုပ်သော အခြား အချက်များစွာ ရှိနေပါသည်။
“ရည်ရွယ်ချက် ကောင်းနေသမျှ ဘာမဆို ဆုံးဖြတ်၍ အဆင်ပြေသည်” ဟု အလွယ်တကူ ပြောနိုင်သော်လည်း အင်္ဂလိပ်ဆိုရိုးတစ်ခု ရှိသည်မှာ- “ငရဲသို့ သွားရာလမ်းတွင် ရည်ရွယ်ချက်ကောင်းများဖြင့် လမ်းခင်းထားပါသည်။” ထို့ပြင် ကျွန်ုပ်တို့ ရွေးချယ်သည့် ဆောင်ရွက်ချက်လမ်းကြောင်းတွင် အစားထိုးစရာများ၏ နောက်ကွယ်မှ ရည်ရွယ်ချက်နှင့် စိတ်ဓာတ်စေ့ဆော်မှု များစွာ ရှိပါသည်။ တစ်ခုတည်း မဟုတ်သောကြောင့် အလွန် ရှုပ်ထွေးပါသည်။
“သိသိချင်း ပြုမူပါ” ဟု အချို့က ပြောသော်လည်း သိသိချင်း ဆိုသည်မှာ တစ်ခါတစ်ရံ စိုးရိမ်စွာ ဆိုသည့်အဓိပ္ပာယ် ပါဝင်ပါသည်။ မိမိကလေးငယ်က ငိုနေစဉ် ပထမဆုံး မိမိစိတ်ထဲဝင်လာသည်မှာ ရိုက်ပစ်ရန် ဆိုပါက ဤသည်မှာ ချက်ချင်း ဖြစ်ရုံမျှနှင့် အကောင်းဆုံး ဆုံးဖြတ်ချက်ဟု မပြောနိုင်ပါ။ ဆုံးဖြတ်ချက် ချမှတ်ရာတွင် ကိစ္စများစွာကို တတ်နိုင်သလောက် ထည့်သွင်းစဉ်းစားရန် လိုပါသည်။ အထူးသဖြင့် ရင်းနှီးပတ်သက်မှုတစ်ခု အဆုံးသတ်ရန်ဖြစ်စေ၊ အလုပ်ပြောင်းလိုလျှင်ဖြစ်စေ ထိုသို့သော ဆုံးဖြတ်ချက်များ ဖြစ်ပါသည်။ ဘာလုပ်ချင်စိတ် ရှိသလဲ၊ ဘာလုပ်ချင်သလဲ၊ ဘာလုပ်ရန် လိုသလဲ၊ အလိုလိုသိစိတ်က ဘာလဲ ဆိုသည်ကို ရှင်းလင်းစွာသိရန် လိုပါသည်။ ထိုလေးချက်က ကွဲပြားမှုရှိနိုင်ပါသည်။
ဥပမာ၊ အစားအသောက် ရှောင်ကြဉ်ရန်လိုသည်။ အစားအသောက် ဆင်ခြင်မှုအတိုင်း လိုက်နာလိုသည်။ သို့သော် ကိတ်မုန့်တစ်လုံး စားချင်နေပါသည်။ အလိုလိုသိစိတ်အရ စားပြီးလျှင် နောင်တရနေမည်ဟု ခံစားရပါသည်။ ဆုံးဖြတ်ချက်၏ ဤအစိတ်အပိုင်း လေးခုကို တစ်ခုချင်းအတွက် အကြောင်းရင်းများနှင့်တကွ စိစစ်ရန်လိုပါသည်။ ကိတ်မုန့်ကို လောဘကြီးသည့်အတွက် စားချင်စိတ် ပေါ်နိုင်ပါသည်။ ဘာကြောင့် ကိုယ်အလေးချိန် ကျလိုပါသလဲ။ ကျန်းမာရေး အတွက်လား။ မာနကြောင့်လား။ သို့တည်းမဟုတ် ကြင်ယာဖက်ရှာရန် ပိုပြီးချောလှချင်၍လား။ ကိုယ်လုပ်သောအချက်၏ အကျိုးဆက်များကို ချိန်ဆရန်လိုသည်။ ဆိုလိုသည်မှာ မတူညီသော အချက်အားလုံးကို ချိန်ဆပြီး မှန်ကန်သောအရာ၊ မှားယွင်းသော အရာတို့ကို လေ့လာရန် လိုပါသည်။ ဥပမာ၊ “အခုမစားချင်သေးပါဘူး။ စားချင်စိတ် မရှိသေးဘူး။ ဒါပေမဲ့ အခုမစားရင် ဒီနေ့တစ်နေ့လုံး စားရတော့မှာ မဟုတ်ဘူး။ ဒါကြောင့် အခု တစ်ခုခုစားမှဖြစ်မယ်” ဟုဆုံးဖြတ်ခြင်း ဖြစ်ပါသည်။
ဤနည်းဖြင့် မတူညီသော အချက်အားလုံးကို တတ်နိုင်သလောက် ထည့်တွက်ကာ ဆုံးဖြတ်ရန်ကြိုးစားရပါသည်။ ဤသည်မှာ အထူးသဖြင့် ခက်ခဲသော ဆုံးဖြတ်ချက်များ ချမှတ်ရာတွင် အထူးသဖြင့် အရေးကြီးပါသည်။ အင်္ကျီ အနက်ဝတ်မလား၊ အပြာ ဝတ်မလား သို့မဟုတ် စားသောက်ဆိုင် အစားအသောက်စာရင်းမှ ဘာကို ရွေးချယ်သင့်သလဲ စသည့် ဆုံးဖြတ်ချက်များတွင် တစ်ခုခု ရွေးလိုက်လည်း အရေးမကြီးပါ။ အရမ်း စိစစ်စရာမလိုပါ။ ဆုံးဖြတ်ချက် ချရသည်မှာ မလွယ်ကူပါ။
အနှောင့်အယှက်ပေးသော စိတ်ခံစားချက်နှင့် သဘောထား တစ်ခုမှာ မပြတ်သားသော ပျံ့လွင့်မှု ဖြစ်နေသည် ဆိုသည့်အချက်က အတော်လေး စိတ်ဝင်စားဖွယ် ကောင်းပါသည်။ ဤသို့သော အပျက်စိတ်ကို ကျော်လွှားရန် ကျွန်ုပ်တို့ကို တစ်ခုခု ဆောင်ရွက်စေသော ခံစားချက် သို့မဟုတ် တစ်ခုခု ဆောင်ရွက်လိုစိတ် ဖြစ်စေသော အချက်များကို ဓမ္မနည်းကျ အသေးစိတ် လေ့လာဆန်းစစ်နိုင်ပါသည်။ ကံနှင့် စိတ်၏ဆောင်ရွက်ချက်များအကြောင်း တရားတော်များက ထိုအချက်များ ပေါ်ထွက်လာပုံကို အလွန်ရှုပ်ထွေးပြီး အဆင့်မြင့်သောနည်းဖြင့် ရှင်းပြနိုင်ပါသည်။ ထိုနည်းဖြင့် တိဘက်ဗုဒ္ဓဘာသာ၏ ဂိုဏ်းအမျိုးမျိုးက ပြောထားသည့် မှန်ကန်သောအချက်နှင့် မှားယွင်းသော အချက်များကို လေ့လာဆန်းစစ်နိုင်ပါသည်။
ထို့ကြောင့် ဆုံးဖြတ်ချက် မှန်ကန်သလား ဆိုသည်ကို ဘယ်လိုသိနိုင်ပါသလဲ။ ဘုရားမဟုတ်ပါက ဆုံးဖြတ်ချက် မှန်ကန်သလား ဆိုသည်ကို လုံးဝမသိနိုင်ပါ။ မိမိဆောင်ရွက်ချက်၏ အကျိုးဆက်များကို မသိပါ။ ထို့ပြင် အထူးသဖြင့် ရင်းနှီးပတ်သက်မှုတစ်ခု အဆုံးသတ်ရန် ဆုံးဖြတ်ခြင်းကဲ့သို့ ကိစ္စတွင် ဖြစ်လာနိုင်သည့် အပြောင်းအလဲများကို လမ်းဖွင့်ထားရန်လည်း လိုပါသည်။ ခက်ခဲသည့်အလုပ်လည်း ဖြစ်ပါသည်။ တတ်နိုင်သမျှ အချက်အလက်များ ချိန်ဆပြီးသောအခါ တစ်ဖက်လူနှင့် ဆွေးနွေးကာ မည်သို့ဖြစ်လာမည်ကို ကြည့်ရပါမည်။
ဤနေရာတွင် ဘာမှမရှိခြင်းကို ဆွေးနွေးရာ၌ ဤအဆက်အစပ်အရ ဘာမှမရှိခြင်း ဆိုသည်မှာ ဆုံးဖြတ်ချက်ကို မှန်ကန်စေမည့် ထိုအခြေအနေဘက်မှ ပင်ကိုဖြစ်သော တစ်စုံတစ်ခု မရှိခြင်း ဖြစ်ရပါမည်။ ထိုနည်းဖြင့် ၎င်းသည် မတည်ရှိပါ။ အခြားအရာများစွာပေါ်၌ မူတည်ပါသည်။ ကျွန်ုပ်တို့၏ ဆုံးဖြတ်၊ ပြောဆိုမှု တစ်ခုခုသည် ၎င်းကိုယ်ပိုင်အစွမ်းဖြင့် အဖြစ်အပျက် သက်ရောက်မှုကို ဖြစ်စေမည် မဟုတ်ပါ။ အဖြစ်အပျက်မှာ ကျွန်ုပ်တို့ ဆောင်ရွက်သောအရာသာမက အကြောင်းတရား သန်းပေါင်းများစွာကြောင့် ပေါ်ထွက်လာပါသည်။
ကျွန်ုပ်တို့ အပြုအမူက ပြဿနာတစ်ခုခု ဖြစ်သွားပါက မိမိအပြုအမူသည် ပင်ကိုအရ တည်ရှိကာ ကိုယ်ပိုင်အစွမ်းဖြင့် ပြဿနာဖြစ်စေသည့်အလား ကျွန်ုပ်တို့ အပြစ်ရှိသလို ခံစားရပါသည်။ ထိုသို့ ထင်ရသည့်အပြင် ထိုအတိုင်း ယုံကြည်မိပါသည်။ ထို့ကြောင့် အပြစ်ရှိသလို ခံစားရပါသည်။ အစဉ်အလာအားဖြင့် ကျွန်ုပ်တို့ကြောင့် ပြဿနာ ဖြစ်သည်မှန်သော်လည်း မိမိဆောင်ရွက်ချက်က ၎င်းကိုယ်ပိုင်အစွမ်းဖြင့် အခြားအရာများအပေါ် မူမတည်ဘဲ ပြဿနာ ဖြစ်စေခြင်း မဟုတ်တာ သေချာပါသည်။ အကြောင်းရင်းများစွာ ရှိပါသည်။ ဗုဒ္ဓမြတ်စွာ ဟောကြားတော်မူသလိုပင် ရေတစ်ပုံး ရေပြည့်သည်မှာ ပထမဆုံး ရေတစ်စက်ကြောင့် မဟုတ်သလို နောက်ဆုံးတစ်စက်ကြောင့်လည်း မဟုတ်ပါ။ ရေစက်ရေပေါက်အားလုံး စုစည်းမှုကြောင့် ဖြစ်ပါသည်။ အကျိုးသက်ရောက်စေပြီး ဖြစ်လာသောအရာအတွက် တာဝန်ရှိသော အချက်အလက်များ အလွန်မြောက်မြားစွာ ရှိနေပါသည်။
တာဝန်ရှိမှုနှင့် အပြစ်ရှိမှု
ဥပမာအားဖြင့် ကျွန်ုပ်ကြောင့် ရေတစ်ခွက် မှောက်သွားပြီး ကြမ်းပြင် ညစ်ပေသွားသည်။ ရေခွက်ကို မှောက်လိုက်သည့်အတွက် ကြမ်းပြင်ညစ်ပေခြင်း မဟုတ်ပါ။ အကြောင်းမှာ စားပွဲအစွန်းတွင် ရေခွက်ကို ထားမိသူ၊ စားပွဲပြုလုပ်သူ၊ ဤအမြင့်တွင် ရှိနေသောအချက်၊ ကျွန်ုပ်မမြင်နိုင်အောင် အလင်းရောင် ဤသို့ပေးထားမှု စသည်ဖြင့် အချက်များစွာကြောင့် ဖြစ်ပါသည်။
စားပွဲပြုလုပ်သူ သို့မဟုတ် စားပွဲအစွန်းတွင် ခွက်ကိုထားသူက ညစ်ပေမှုအတွက် တာဝန်ရှိသည်ဟု ပြော၍မရနိုင်သည်မှာ သေချာပါသည်။ ကျွန်ုပ်မှာ တာဝန်ရှိသည်မှန်သော်လည်း အပြစ်မရှိပါ။ ကျွန်ုပ်ကြောင့် ဖန်ခွက်ကွဲသော်လည်း ထိုသို့ဖြစ်သည့်အတွက် နေရာတိုင်းတွင် ဖိတ်စင်အောင် ပြုလုပ်နေသော ပင်ကိုအရ နမော်နမဲ့ လူမိုက်တစ်ယောက်ကဲ့သို့ မဖြစ်စေပါ။ ဤကိစ္စများကို မိမိအမှတ်အသားလို ယူဆပြီး “ငါက နမော်နမဲ့ပဲ” သို့မဟုတ် “မီးလုံးကို ငါလဲလိုက်ရင် မီးလုံးကွဲသွားလိမ့်မယ်။ ကူညီကြပါဦး” ဆိုပြီး ပြောသည်။ ဤသည်မှာ အလွန်အတွေ့များသော အတွေးများဖြစ်သည်။ အားလုံးမှာလည်း ရှိကြပါသည်။ အဆင့်မြင့် ဒဿနဆိုင်ရာကိစ္စများကို ပြောနေခြင်း မဟုတ်ပါ။ နေ့စဉ်ဘဝကိုသာ ပြောနေခြင်း ဖြစ်ပါသည်။
“အပြစ်ရှိမှု” ဆိုသည်မှာ မိမိတွင် ပင်ကိုအရ တစ်ခုခု ရှိနေပြီး ယင်းကြောင့် လူဆိုးဖြစ်စေကာ မိမိပြုသမျှ ပင်ကိုအရ ဆိုးရွားသည်ဟု ဆိုလိုပါသည်။ ကျွန်ုပ်တို့ တစ်ခုခုလုပ်ပြီး ထိုအရာသည် ပင်ကိုအရဆိုးသည်ဟု သတ်မှတ်သည်။ မိမိကိုယ်ကို ပင်ကိုအရ ဆိုးသည်ဟု သတ်မှတ်ကာ ထိုအတိုင်း ဆုပ်ကိုင်ပြီး မလွှတ်တော့ပါ။ ဘာမှမရှိခြင်းကို နားလည်ပါက မည်သူမျှ၊ မည်သည့်အရာမျှ ၎င်းကိုယ်တိုင် အမှီအခိုကင်းစွာဖြင့် ရပ်တည်ပြီး ပင်ကိုအရ “ဆိုး” နေခြင်း မဟုတ်ကြောင်း နားလည်လာပါသည်။ ဤအချက်ကို နက်ရှိုင်းစွာ နားလည်သောအခါ အပြစ်ရှိမှု မခံစားရတော့ပါ။ သို့သော် ဘာမှမရှိခြင်းကို မှန်ကန်စွာ နားလည်ပါက မိမိအပြုအမူအတွက် မိမိတွင် တာဝန်ရှိသည်ကိုလည်း နားလည်ပါသည်။
အကျဉ်းချုပ်
ဘာမှမရှိခြင်းကို နားလည်ပါက မိမိဘေးမှ ကားမောင်းရင်း ဟွန်းတီးပြီး ကျော်တက်လိုသူက တကယ့်လူမိုက် တစ်ယောက်လို ထင်ရသော်လည်း ဤသည်မှာ အမှန်တရားနှင့် မသက်ဆိုင်ကြောင်း ယုံကြည်လာပါသည်။ “လူမိုက်” ဆိုသော အယူအဆနှင့် စကားလုံးပေါ် မူတည်၍ လည်းကောင်း၊ အခြားအချက်များစွာပေါ် မူတည်၍လည်းကောင်း “ဤသို့”၊ “ထိုသို့” ပေါ်ထွက်လာပုံကို မြင်လာပါသည်။ ယခုလို နားလည်လာပါက ထိုသူကို စိတ်မတိုတော့ပါ။ သူက ဂျာမန်လူမျိုးတို့၏ ယူဆချက်အရ လူမိုက်ကဲ့သို့ အစဉ်အလာအရ ကားမောင်းခြင်း ဖြစ်နိုင်သော်လည်း ပင်ကိုအရ လူဆိုးကဲ့သို့ အပြစ်ရှိသူမျိုး မဖြစ်စေပါ။